Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူမယ့် လာအိုအတွက် မြန်မာ့အရေး ဖောင်ဒေးရှင်း ချနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားပြော
================

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်အတွင်း မြန်မာနိုင်ငံရေးအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ဖောင်ဒေးရှင်းချနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရေးအခက်အခဲက တစ်နှစ်နီးပါးလောက်နဲ့ ဖြေရှင်းဖို့ မဖြစ်နိုင်ပါဘူး။ အနည်းဆုံးတော့ ၂၀၂၃ ခုနှစ်ကာလအတွင်းမှာ မြန်မာနိုင်ငံရေးအငြင်းပွားမှုတွေ ဖြေရှင်းနိုင်အောင် ဖောင်ဒေးရှင်းတော့လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို လာမယ့်နှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူမယ့် လာအိုနိုင်ငံက ဆက်လက်လုပ်ကိုင်သွားဖို့ မျှော်လင့်ပြီး မြန်မာနိုင်ငံရေးအငြင်းပွားမှုတွေမှာပါဝင်နေတဲ့ အဖွဲ့အစည်းများတွေ့ဆုံဆွေးနွေးနိုင်အောင် တံတားထိုးပေးနိုင်ဖို့ကြိုးပမ်းတာတွေက လွယ်ကူမှုမရှိခဲ့ကြောင်း ပြောကြားသွားပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ (၉)လအတွင်းမှာ မြန်မာနိုင်ငံရေးအငြင်းပွားမှုများကိုဖြေရှင်းနိုင်ရန်အတွက် တိတ်ဆိတ်သော ချဉ်းကပ်မှုမျိုးပုံစံဖြင့် လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီ၊ NUG အပါအဝင် မြန်မာနိုင်ငံရေးတွင်ပါဝင်နေသော အဖွဲ့အစည်းများ နှင့်အကြိမ်ပေါင်း ၁၄၅ ကြိမ်ဆက်သွယ်ဆွေးနွေးခဲ့ကြောင်းအင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံက လာမယ့် ရက်ပိုင်းအတွင် အာဆီယံထိပ်သီးအစည်းအဝေးကိုအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး နိုင်ငံပေါင်း ၂၂နိုင်ငံနဲ့ အဖွဲ့စည်းပေါင်း ၉ခုတက်ရောက်မှာဖြစ်ပေမယ့် စစ်ကောင်စီ တာဝန်ရှိသူများတက်ရောက်ရန်အလားလာနည်းကြောင်းသိရပါတယ်။

ချူလာလောင်ကွန်း တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနက ဒေါက်တာ Thitinan Pongsudhlrak က တော့ လာမဲ့နှစ်မှာ အာဆီယံဥက္ကဋ္ဌတာဝန်ကို လာအိုကယူမှာဖြစ်တဲ့အတွက် မြန်မာ့အရေးအတွက် သိပ်မျှော်လင့်ချက်မထားနိုင်ပေမယ့် အာဆီယံရဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးခုဟာ အခုအချိန်အထိတော့ စံသဘောမျိုး ရှိနေသေးတဲ့အပြင် ဒီငါးချက်ကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် သဘောတူညီခဲ့တာဖြစ်တဲ့အတွက် အာဆီယံ ၁၀ နိုင်ငံထဲက နိုင်ငံကြီးငါးခုလောက်ကသာ ဖိအားတွေပေးသွားမယ်ဆိုရင်တော့ တခုခုတော့ ဖြစ်လာနိုင်ခြေရှိတယ်လို့ ပြောပါတယ်။
၎င်းက ဩဂုတ်လ ၃၀ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပတဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့အစည်းတွေနဲ့ တတ်သိပညာရှင်တွေရဲ့ ဆွေးနွေးပွဲမှာ အခုလိုပြောကြားခဲ့တာပါ။
အာဆီယံနိုင်ငံတွေကြားမှာ သဘောထားတွေ ကွဲလွဲတာမျိုးမရှိဘဲ စည်းစည်းလုံးလုံးနဲ့ အားကောင်းနေတာကိုမြင်ရကြောင်း၊ အခုတော့ မြန်မာကိစ္စအပြင် အမေရိကန်နဲ့တရုတ်ကြားအားပြိုင်မှုကြားမှာ အာဆီယံလည်း အားနည်းလာပြီး မြန်မာ့အရေး ပစ်ပယ်ထားသလို ဖြစ်နေတယ်လို့လည်း ဒေါက်တာ Thitinan Pongsudhlrak က ပြောပါတယ်။

နိုင်ငံရေး လေ့လာသူတွေကတော့ အာဆီယံဟာ ဒေသတွင်းက ပဋိပက္ခတွေကို တုံ့ပြန်ရာမှာ အတွေ့အကြုံတွေ၊ စွမ်းဆောင်ရည်တွေ၊ငွေကြေးဖူလှုံမှု ရှိနေပေမယ့် ဖြေရှင်းဖို့ မူဘောင်မရှိကြောင်းနဲ့ အာဆီယံဥက္ကဋ္ဌအင်ဒိုနီရှားအပေါ် မျှော်လင့်ချက်တွေထားခဲ့ပေမယ့် သက်တမ်းကုန်ခါနီးအထိ ဘာမှ ဖြစ်မလာဘူးလို့လည်း ဝေဖန်ထောက်ပြထားပါတယ်။

ကုလလုံခြုံရေးကောင်စီရဲ့ နောက်ဆုံးထုတ်ပြန်ချက်ထဲမှာလည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံကို ရှေ့တန်းတင်ထားပေမဲ့ အများစုကတော့ အာဆီယံအပေါ်မှာ ယုံကြည်မှု လျော့ကျနေတာ ဖြစ်ပါတယ်။

အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင်နဲ့ အာဆီယံခေါင်းဆောင်များကြားရရှိထားတဲ့ အာဆီယံသဘောတူညီချက်ငါးချက်အကောင်ထည်ဖော်မှုတိုးတက်မှုမရှိသေးချိန်အထိ စစ်ကောင်စီ ခေါင်းဆောင်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကို အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့် ပေးမှာမဟုတ်ကြောင်း ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာစစ်ခေါင်းဆောင်တွေဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်းကတည်းက အာဆီယံထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ခွင့်မရခဲ့တာဖြစ်ပါတယ်။

https://youtu.be/KGsS7bYYAhU?si=aQA3BsH4O5fqRTBu

#Political News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14😁6🥴1
ထိုင်းဘက် ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည်တွေ လုံခြုံမှုမရှိဘဲ နေရပ်ပြန်မပို့ဖို့ NHRC တောင်းဆို
=======================

မြန်မာနိုင်ငံတွင်းတိုက်ပွဲတွေကြောင့် မယ်ဟောင်ဆောင်ပြည်နယ်ဘက် ထွက်ပြေး ခိုလှုံနေကြရတဲ့ မြန်မာဒုက္ခသည်တွေကို လုံခြုံမှုမရှိဘဲ နေရပ်ပြန်မပို့ဖို့ ထိုင်း လူ့အခွင့်အရေးကော်မရှင် (NHEC) က တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်ကောင်စီနဲ့ ကရင်နီတပ်တို့ကြားတိုက်ပွဲတွေကြောင့် လူပေါင်း တစ်သောင်းနီးပါး ထိုင်းနယ်စပ် မယ်ဟောင်ဆောင်ပြည်နယ်ထဲကို ထွက်ပြေးလာရတယ်လို့ ထိုင်းလူ့အခွင့်အရေးကော်မရှင်ရဲ့ ဩဂုတ်လ ၂၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကရင်နီပြည်နယ်ထဲက ထွက်ပြေးလာတဲ့ အဲဒီဒုက္ခသည်တွေဟာ မယ်ဟောင်ဆောင်ပြည်နယ်ထဲက ဒုက္ခသည်စခန်း ငါးခုမှာ နေထိုင်နေရပြီး အကူအညီတွေလိုနေတယ်လို့ ဆိုပါတယ်။

လူတွေရဲ့အခွင့်အရေး၊ ဘဝတွေနဲ့ လုံခြုံရေးအန္တရာယ်ရှိနေတဲ့ တိုင်းပြည် ကို ဒုက္ခသည်တွေနဲ့ အခြားလူတွေကို ပြန်မပို့ရဆိုတဲ့ နိုင်ငံတကာလက်ခံထားတဲ့ မူ ကို ထိုင်းနိုင်ငံတော် အဖွဲ့အစည်းတွေက လက်ခံဆောင်ရွက်ကြဖို့လည်း ကော်မရှင် က တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒုက္ခသည်တွေရဲ့ လူသားဂုဏ်ရည်ကို အာဏာပိုင်တွေကလေးစားဖို့ ထိုင်း လူ့အခွင့်ကော်မရှင်က ပြောလိုက်သလို ဘယ်နိုင်ငံသား၊ ဘယ်လိုသတ်မှတ်ချက်မျိုး ဆိုတာကို မကြည့်ဘဲ ဒုက္ခသည်တွေအားလုံးကို တန်းတူညီမျှဆက်ဆံပံ့ပိုးဖို့လည်း တိုက်တွန်းထားပါတယ်။

ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ ထိုင်း ကြက်ခြေနီနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက မြန်မာဒုက္ခသည်တွေအတွက် စခန်းမှာ နေထိုင်နေစဉ်အတွင်း နေစရာ၊ စားစရာ၊ ဝတ်စရာနဲ့ ကျန်းမာရေးအတွက် လိုအပ်တာတွေ ကို ပံ့ပိုးပေးဖို့လိုအပ်နေတယ်လို့ ကော်မရှင်က ပြောကြားထားပါတယ်။

ထိုင်းအာဏာပိုင်တွေအနေနဲ့ ဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီတွေ ပိုပေးဖို့နဲ့ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ဒုက္ခသည်တွေ ခိုလှုံနိုင်ရေး ဘေးကင်းလုံခြုံတဲ့နေရာတွေ ဖန်တီးပေးဖို့ ကိုလည်းတောင်းဆိုထားပါတယ်။

ကယားပြည်နယ်မှာ လတ်တလော လေကြောင်းတိုက်ခိုက်မှုတွေအပြင် အစားအသောက်ပို့ဆောင်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရတာကြောင့် ဒုက္ခသည်တွေပိုများလာနေတယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

https://youtu.be/PDg_Aua_4xo?si=OFPxk5Rh5oAs31xw

#Political News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.https://bit.ly/2VhJ12U
❤8👍2😢2🤮1
စစ်မျက်နှာအားလုံးမဟာဗျူဟာကျကျစွမ်းဆောင်မှဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖန်တီးနိုင်မယ် NUGယာယီသမ္မတပြော
===================

စစ်မျက်နှာအားလုံးမှာ မဟာဗျူဟာကျကျနဲ့ စွမ်းဆောင်နိုင်မှသာ ပြည်သူလူထုအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းအပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဖန်တီးပေးနိုင်မယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုလိုက်ပါတယ်။

သြဂုတ် ၂၉ ရက်နေ့က ကျင်းပတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ ၂၉ ကြိမ်မြောက် အစိုးရအဖွဲ့အ စည်းအဝေးမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုသတိပေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ယာယီသမ္မတဒူဝါလရှီးလက မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့စစ်ကောင်စီဟာ လေကြောင်းအင် အားကိုအသုံးချပြီး အရပ်သားပစ်မှတ်၊ စစ်ရေးပစ်မှတ်ခွဲခြားမှုမရှိဘဲ တိုက်ခိုက်မှုတွေနဲ့အတူ ကျေးရွာတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ဒီလိုအခြေအနေမှာ ရန်သူကိုပိုပြီးအထိနာဖို့ဆိုရင် စစ်ရေးတစ်ခုတည်းမဟုတ်ဘဲ စစ်မျက်နှာမျိုးစုံဖွင့်ပြီး တိုက်ပွဲဝင်ရမှာဖြစ်သလို ဘဏ္ဍာရေးနဲ့ နိုင်ငံတကာဆက်ဆံရေး အခန်းကဏ္ဍတွေဟာ တော်လှန် ရေးရဲ့အရေးပါတဲ့ စစ်မျက်နှာတွေဖြစ်တယ်လို့ သတိပေးခဲ့တာပါ။

ဒါ့အပြင် အမေရိကန်အစိုးရရဲ့ စစ်ကောင်စီအပေါ် ဘဏ္ဍာရေး၊ လောင်စာဆီကဏ္ဍတွေနဲ့ ပတ်သတ်ပြီး ဒဏ်ခတ်အရေးယူပိတ်ဆို့ ကန့်သတ်မှုတွေဟာ ရန်သူစစ်ကောင်စီအတွက် အထိနာအကျပ်အတည်းဆိုက်တဲ့ အခြေအနေကို သိသာထင်ရှားစွာ ရောက်ရှိနေပြီလို့ ယာယီသမ္မတဒူဝါလရှီးလက ပြောပါတယ်။

အဲဒီအစည်းအဝေးအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြည်သူကို ကာကွယ်ပေးရမယ့် တော်လှန်ရေးအဖွဲ့တွေမှာလမ်းကြောင်းလွဲလာကြမယ်ဆိုရင် တော်လှန်ရေးအတွက် ထိခိုက်မှု ရှိလာမယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုများဘက်က လက်နက်ကိုင် တပ်ဖွဲ့တွေအတွင်းမှာလည်း လက်ရှိ ဆင်နွှဲနေရတဲ့ တော်လှန်ရေးရဲ့ အရင်းအမြစ်ပြဿနာက ဘာလဲဆိုတာကို မေ့လျော့ပြီး လက်နက်ရှိလာတာနဲ့ ပြည်သူအပေါ် အာဏာပြချင်တဲ့ လူပုဂ္ဂိုလ်မျိုးတွေ၊ အနိုင်အထက်ပြုကျင့်လိုသူတွေရှိလာတယ်လို့ ဝန်ကြီးချုပ် က ထောက်ပြပါတယ်။

ပြည်သူတွေဘက်က ငြိုငြင်စရာဖြစ်ရပ်တွေ များပြားလာရင် ပြည်သူလူထုရဲ့ အားပေး ထောက်ခံမှုလည်း တစ်စထက်တစ်စ ပျယ်လွင့်သွားနိုင်တာကို ကြီးစွာသတိထားရမှာ ဖြစ်တယ်လို့ဆိုပါတယ်။
အထူးသဖြင့် လက်နက် ကိုင်ထားကြတဲ့ အစုအဖွဲ့တွေကြားက ပြဿနာတွေဆိုရင် အစိုးရအနေနဲ့ ခိုင်ခိုင်မာမာ မူဝါဒတွေ ချမှတ်ဖြေရှင်းကြရမှာ ဖြစ်တာကြောင့် သတိထားဖြေရှင်းရမယ့် ကိစ္စတွေကိုပြဿနာတွေ မကြီးထွားခင် မြန်မြန်ဆန်ဆန်ဖြေရှင်းဆောင်ရွက်ကြမှ အခက်အခဲနည်းမယ်လို့ လည်းပြောကြားခဲ့ပါတယ်။

https://youtu.be/1OkHClY6T-Q?si=AKgCGJtdl56kZbYO

#Political News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍17❤3🤮2
မြန်မာ့အရေးကို အာဆီယံရဲ့ ဥက္ကဋ္ဌဟောင်း၊ အသစ်နဲ့ လာမယ့်ဥက္ကဋ္ဌ သုံးပွင့်ဆိုင် ပူးပေါင်းဖြေရှင်းမယ်
==========================

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် ဥက္ကဋ္ဌတွေ သုံးပွင့်ဆိုင် ချိတ်ဆက်ပြီး မြန်မာ့အရေးကို ကိုင်တွယ်မယ့် အစီအမံတစ်ခု (Troika Model)ပုံစံကို ကျင့်သုံးသွားဖို့ အဖွဲ့ဝင် နိုင်ငံတွေက သဘောတူညီလိုက်ပါတယ်။

မြန်မာ့အရေးကို အာဆီယံဘက်ကနေ ကိုင်တွယ်ဖြေရှင်းဖို့ အားထုတ်မှု တစ်ခုအနေနဲ့ ''နိုင်ငံရေးဦးဆောင်ဦးရွက်သုံးဦးတွဲဖက်အဖွဲ့'' ထူထောင်ဖြေရှင်းမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြား‌ရေးဝန်ကြီး ရတ်နို မာဆူဒီက က ပြောလာတာပါ။

မြန်မာ့အခြေအနေကို ၁ နှစ်အတွင်းပြောင်းလဲအောင် ဘယ်သူမှ မလုပ်နိုင်တာကြောင့် မြန်မာပြည်သူတွေကို ဆက်ပြီးကူညီမယ့် အာဆီယံရဲ့ ကတိကဝတ်အရ ''နိုင်ငံရေးဦးဆောင်ဦးရွက်သုံးဦးတွဲဖက်အဖွဲ့'' ယန္တရားကို ဖော်ဆောင်ဖို့ ရှိပါတယ် လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို ၂၀၂၆ ခုနှစ်၊ အာဆီယံ ဥက္ကဋ္ဌနေရာ ဆက်ခံခွင့်ကနေ ဖယ်ရှားဖို့ သဘောတူခဲ့တဲ့အပြင် အခုလို သုံးပွင့်ဆိုင် ညှိနှိုင်းဖြေရှင်းမှု ပုံစံကိုပါ ပျိုးထောင် ကျင့်သုံးဖို့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ စက်တင်ဘာ ၅ ရက်က ကျင်းပတဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ သုံးပွင့်ဆိုင် အစီအမံ ကိစ္စနဲ့ မြန်မာကို အာဆီယံ ဥက္ကဋ္ဌ နေရာမပေးဖို့ ဆုံးဖြတ်လိုက်တာတွေဟာ မြန်မာ့ အကြပ်အတည်းနဲ့ ပတ်သက်ရင် အဖွဲ့ဝင် နိုင်ငံတွေကြားမှာ ပိုပြီး ညီညီညွတ်ညွတ် လုပ်ဆောင်လာနေတယ်ဆိုတာကို ပြသနေတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားဟာ မြန်မာ့အရေးပါဝင်ပတ်သက်သူတွေအားလုံးနဲ့ တွေ့ဆုံမှုပေါင်း ၁၄၀ ကျော် လုပ်ထားခဲ့တယ်လို့ သမ္မတ ဝီဒိုဒိုကိုယ်တိုင် ထုတ်ပြောထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကတော့ မကြာခင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲတာဝန်ယူတော့မယ့် လာအိုနိုင်ငံအနေနဲ့အင်ဒိုနီးရှားက တည်ဆောက်ထားတဲ့ အခင်းအကျင်းကို ဆက်လက်သယ်ဆောင်ဖို့ တိုက်တွန်းပါတယ်။

လက်ရှိ အာဆီယံဥက္ကဌသစ်ဟာ လာအိုနိုင်ငံဖြစ်ပြီးတော့ လာအိုဟာတရုတ်နိုင်ငံရဲ့ သြဇာခံနိုင်ငံမျိုးဖြစ်နေတဲ့အပြင် ၊အာဏာသိမ်းမြန်မာစစ်ဗိုလ်ချုပ်တွေကိုထိတွေဆက်ဆံမှုပြုလုပ်နေပါတယ် ။ဒါကြောင့် အခု Troika Model နဲ့ချဉ်းကပ်မယ့်ပုံစံကြောင့် လာအိုဟာ အာဆီယံ ဥက္ကဋ္ဌတာဝန်ယူထားချိန်မှာ မြန်မာအရေူအထူး ကိုယ်စားလှယ်ခန့်အပ်တာအပါအဝင် မြန်မာအရေး ချဉ်းကပ်လုပ်ဆောင်မှုတွေမှာ တစ်နိုင်ငံတည်းဆုံးဖြတ်လုပ်ကိုင်လို့မရတော့ဘဲ အာဆီယံ ဥက္ကဋ္ဌဟောင်း ၊လာမယ့် ဥက္ကဋ္ဌ နိုင်ငံတွေနဲ့ပါညှိနှိုင်းဆောင်ရွက်ရတော့မယ့်ပုံစံဖြစ်လာတယ်လို့ အာဆီယံအရေးလေ့လာသူအချို့က ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ အဲဒီ ဘုံသဘောတူညီချက်တွေကို လေးစားလိုက်နာမှု၊ လက်တွေ့ အကောင်အထည်ဖော်မှု လုံးဝ မရှိဘဲ မျက်ကွယ် ပြုထားတဲ့နောက် အာဆီယံက အဖွဲ့ရဲ့ ဆွေးနွေးပွဲ အစီအစဉ်တွေ၊ ညီလာခံတွေမှာ မြန်မာနိုင်ငံ ကိုယ်စားပြု နိုင်ငံရေး ကိုယ်စားလှယ်တွေကို မဖိတ်ကြားဘဲ ချန်လှပ်ပြီး တုံ့ပြန်ထားခဲ့ပါတယ်။

စစ်ကောင်စီကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ အာဆီယံ ပဋိညာဉ်စာတမ်းပါ ပြဌာန်းချက်တွေနဲ့ အခြေခံမူ တွေကို တိကျစွာ လေးစားလိုက်နာပြီး အဖွဲ့ဝင် နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို တခြားနိုင်ငံက ဝင်ရောက် စွက်ဖက်ခြင်းမပြုဖို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

https://youtu.be/9eVy1BhRL_Y?si=RmN90deCU-347-Dq

#Political News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁3
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး စစ်ကောင်စီအပေါ် ဖိအားပေးဖို့ အမေရိကန် ဒုသမ္မတတိုက်တွန်း
=====================

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး စစ်ကောင်စီကို ဆက်လက်ဖိအားပေးသွားမယ့်အကြောင်းနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်အောင်လုပ်ဆောင်ဖို့ အမေရိကန် ဒုသမ္မတ ကမ်မလာ ဟဲရစ် Kamala Harris က ပြောကြားလိုက်ပါတယ်။

မြန်မာစစ်ကာင်စီအနေနဲ့ ဆိုးဝါးတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ မတရားဖမ်းဆီးထားသူတွေကို လွှတ်ပေးရေးနဲ့၊ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ထူထောင်နိုင်ရေးတို့ကို ဆက်လက် ဖိအားပေးတိုက်တွန်းသွားပါ့မယ်လို့ အမေရိကန် ဒုသမ္မတ Kamala Harris က ပြောဆိုသွားတာပါ။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပနေတဲ့ အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အမေရိကန် ဒုသမ္မတ ဒေသတွင်းနိုင်ငံတွေကို အခုလိုတိုက်တွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့အရေးမှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက် ထောက်ခံသွားမယ်လို့လည်း သူက ပြောပါတယ်။
အင်ဒိုပစိဖိတ်ဒေသနဲ့ ပတ်သက်လို့ အားလုံးရဲ့ ဘုံ မျှော်မှန်းချက်တွေ ခိုင်ခိုင်မာမာ ရှိနေတာကို ကျေနပ်မိပြီး မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းရေးဖို့ ဒေသတွင်း အရေးကိစ္စတွေနဲ့ နိုင်ငံတကာ အရေးတွေမှာ လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်းနဲ့ ကျင့်ဝတ်တွေ ချမှတ်နိုင်ရေး အားလုံး တူညီတဲ့ သံန္နိဌာန်ချမှတ်ထားပါတယ်လို့လည်း ဆိုပါတယ်။

အဲဒီအစည်းအဝေးအတွင်း အာဆီယံခေါင်းဆောင်တွေက အကြမ်းဖက်မှု၊ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်ချေမှုန်းမှုတွေအတွက် အာဏာသိမ်းစစ်ကောင်စီကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်လိုက်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုအကြား ပိုပြီး နီးနီးစပ်စပ် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဝါရှင်တန်မြို့တော်မှာ အမေရိကန် အာဆီယံ စင်တာ ဖွင့်လှစ်မယ့်အကြောင်းလည်း ကမ်မလာ ဟဲရစ်က တစ်ဆက်တည်း ကြေညာလိုက်ပါတယ်။

အင်ဒိုပစိဖိတ်ဒေသ လွတ်လပ်မှု၊ အပြန်အလှန် ဆက်သွယ်နိုင်မှု၊ ကြွယ်ဝချမ်းသာပြီး လုံခြုံမှုနဲ့ အခက်အခဲတွေကြားက ကြံ့ကြံ့ခံနိုင်ရေး မျှော်မှန်းချက်တွေကို အမေရိကန်ဒုသမ္မတ Kamala Harris အလေးထားပြောဆိုသွားပါတယ်။

အင်ဒို ပစိဖိတ်ဒေသအတွင်း အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးအရ နေရာယူထားမှုဟာ ဒေသတွင်း တည်ငြိမ်ရေးအတွက် ဖြစ်တယ်ဆိုတာကို ဒုသမ္မတ ဟဲရစ်က အလေးထား ပြောဆိုသွားပါတယ်။

အာဆီယံ နိုင်ငံ့ခေါင်းဆောင်တွေတက်ရောက်တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကိုတော့ စက်တင်ဘာ ၅ ရက်နေ့ကနေ စက်တင်ဘာ ၇ ရက်နေ့အထိ ကျင်းပပြုုလုပ်နေတာလည်းဖြစ်ပါတယ်။

https://youtu.be/--2K602CK7s?si=JHHEx8ZmB_ODQ0Rn

#Political News
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁2👏1🤮1
မြန်မာစစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေကြားနာပွဲ အမေရိကန်အောက် လွှတ်တော်ကော်မတီမှာ ပြုလုပ်
=====================

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန် အောက် လွှတ်တော်ကော်မတီကြားနာပွဲတရပ် စက်တင်ဘာလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ကြားနာစစ်ဆေးမှုထဲက ပထမဆွေးနွေးခန်းမှာ အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မလီဆာ ဘရောင်း (Melissa A. Brown)၊ အမေရိကန်အစိုးရ လူသားချင်းစာနာမှု အကူအညီပေးရေး USAID အဖွဲ့ အာရှရေးရာဗျူရိုအပါအဝင် အမေရိကန်အစိုးရတာဝန်ရှိသူတွေ၊ အမေရိကန်နိုင်ငံခြားရေးဌာန၊ နိုင်ငံတကာရာဇဝတ်မှုနဲ့တရားမျှတရေးဆိုင်ရာ သံအမတ်ကြီး နဲ့ ကိုယ်တွေ့ကြုံခဲ့သူ မျက်မြင်သက်သေအချို့ရဲ့ ထွက်ဆိုချက်တွေနဲ့ ကြားနာစစ်ဆေးမှုကို ပြုလုပ်ခဲ့တာပါ။

အမေရိကန်အောက်လွှတ်တော်ကော်မတီတရပ်ဖြစ်တဲ့ Tom Lantos လူ့အခွင့်အရေးကော်မရှင်ကလုပ်တဲ့ အဲဒီကြားနာမှုမှာ မြန်မာစစ်ကောင်စီအပေါ် အမေရိကန်အစိုးရရဲ့ လက်ရှိအရေးယူကိုင်တွယ်မှုတွေကို လွှတ်တော်အမတ်တွေကို ရှင်းပြခဲ့ကြပါတယ်။
မြန်မာစစ်ကောင်စီကို နိုင်ငံရေးနဲ့ စီးပွားရေးအရ အရေးယူဒဏ်ခတ်ဖိအားပေးမှုတွေလုပ်နေသလို တဖက်မှာလည်း အာဆီယံနဲ့ကုလသမဂ္ဂတို့မှာ မိတ်ဖက်နိုင်ငံတွေနဲ့ ပူးတွဲပြီး မြန်မာစစ်ကောင်စီကို အကြပ်ကိုင်ဖိအားပေးမှုတွေ လုပ်ဆောင်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Melissa A.Brown က ရှင်းပြခဲ့ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ စစ်ကောင်စီကို စီးပွားရေးနဲ့ နိုင်ငံရေးဖိအားတွေပေးဖို့နဲ့ ဘက်ပေါင်းစုံ အလွှာပေါင်းစုံပါဝင်တဲ့ သံတမန်ရေးနည်းလမ်းနဲ့ ဆောင်ရွက်သွားဖို့၊ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အပြောင်းအလဲဖြစ်အောင် ဆောင်ရွက်နိုင်မယ့် အလားအလာ အခြေအနေတွေအကြောင်း ဆွေးနွေးတင်ပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူး (Tom Andrews) ကလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ ဥရောပသမဂ္ဂနဲ့ပူးပေါင်းပြီး မြန်မာစစ်တပ်ရဲ့ ဝင်ငွေအရင်းအမြစ်ဖြစ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့အရေးယူဖို့နဲ့ မြန်မာစစ်တပ်အတွက် လက်နက်နဲ့လေယာဉ်ဆီတွေ မရရှိအောင် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းတောင်းဆိုသွားပါတယ်။

အတိုက်အခံအင်အားစုတွေအတွက် လက်နက်မဟုတ်တဲ့ အကူအညီတွေနဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ တိုးမြှင့်ပေးအပ်ဖို့ စတဲ့အချက်တွေကို တိုက်တွန်းထားပါတယ်။
တချိန်တည်းမှာ ရိုဟင်ဂျာတွေအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ စစ်ရာဇတ်မှုတွေနဲ့ပတ်သက်လို့ နိုင်ငံတကာတရားစီရင်ရေးဖြစ်လာဖို့ ကြိုးစားနေတာတွေကိုလည်း အမေရိကန်နိုင်ငံခြားရေးဌာန တရားမျှတမှုရှာဖွေရေးဆိုင်ရာ သံအမတ်ကြီးက ရှင်းလင်းပြောဆိုပါတယ်။

မြန်မာစစ်ကောင်စီကို စီးပွားရေးနဲ့နိုင်ငံရေးအရ ပိုပြီး ဖိအားပေးအကြပ်ကိုင်ဖို့နဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ လွှတ်တော်ကအတည်ပြုထားတဲ့ Burma Act ပါ ရည်ညွှန်းဖော်ပြချက်တွေကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ကြားနာမှုကိုတက်ရောက်ခဲ့သူတွေက တင်ပြခဲ့ကြပါတယ်။

https://youtu.be/jhvMiZMElDA?si=6mc6HSmnI4ZgX2gi

#Political News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍16😁1
စစ်ကောင်စီက မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေးပြန်တည်ဆောက်
=======================

မြန်မာ့အာဏာသိမ်းစစ်ကောင်စီက တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို မြောက်ကိုရီးယားဆိုင်ရာ မြန်မာသံအမတ် ပူးတွဲခန့်အပ်ကြောင်း စက်တင်ဘာလ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါသတင်းထုတ်ပြန်ချက်မှာ စစ်ကောင်စီအနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရတဲ့ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေကို ၎င်းရဲ့ လက်ရှိတာဝန်ဝတ္တရားများအပြင် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရတဲ့ သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်လိုက်ပြီးဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ရုရှားနိုင်ငံကို မြောက်ကိုရီးယားခေါင်းဆောင် သွားရောက်နေချိန်မှာပဲ စစ်ကောင်စီက အခုလို သံအမတ်ခန့်အပ်လိုက်တာဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံတွေအလယ်မှာ တစ်နေ့တခြား အထီးကျန်ဖြစ်လာနေတဲ့ မြန်မာစစ်ကောင်စီဟာ အရင်စစ်အစိုးရ တွေလက်ထက်က ပူးပေါင်းဆက်ဆံရေး တိုးချဲ့ခဲ့တဲ့ မြောက်ကိုရီးယားနဲ့ တိတ်တဆိတ် ပြန်လည် ဆက်သွယ် နေတယ်ဆိုတဲ့ သတင်းတွေလည်း ပြီးခဲ့တဲ့နှစ်တည်းက ထွက်ပေါ်လာခဲ့တာပါ။

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ရုရှား ခေါင်းဆောင်တွေ့ဆုံနေချိန်မှာ ဒီလိုလုပ်တာဟာ မြောက်ကိုရီးယားက ရုရှားကိုကူသလို သူတို့ကိုလည်း ကူနိုင်မလားလို့ စစ်ခေါင်းဆောင်က တွေးဆနေပုံရတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ရှုမြင်ကြပါတယ်။
မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချနေတဲ့ နိုင်ငံတွေထဲမှာ ရုရှားနဲ့ ယူကရိန်းပါဝင်နေပါတယ်။

ဒါပေမဲ့ ယူကရိန်းကို လက်ရှိကူညီနေတဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုဟာ မြန်မာစစ်ကောင်စီကို ဆန့်ကျင်နေတဲ့အတွက် ယူကရိန်းအနေနဲ့ စစ်ကောင်စီကို လက်နက်တွေထပ်မံရောင်းချတော့မှာ မဟုတ်ပါဘူး။

ဒါကြောင့် စစ်ကောင်စီဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးတိုးချဲ့နေတာဖြစ်နိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။
၁၉၈၃ အောက်တိုဘာမှာ မြန်မာပြည်ကို တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှမ် လာတဲ့ ခရီးစဉ်မှာတော့ မြောက်ကိုရီးယားရဲ့ ဗုံးကွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တောင်ကိုရီးယား အစိုးရ ဝန်ကြီးတွေနဲ့ မြန်မာတချို့ သေဆုံးခဲ့ရပါတယ်။

ဒီဖြစ်ရပ်အပြီး မြောက်ကိုရီးယားနဲ့သံတမန်အဆက်အသွယ် ပြတ်တောက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ၁၉၈၈ နောက်ပိုင်း မြန်မာပြည်မှာ စစ်အာဏာသိမ်းမှု ထပ်ဖြစ်ပြီး စစ်အင်အားတိုးချဲ့ချိန်မှာတော့ မြောက်ကိုရီးယားဆီက လက်နက်ဝယ်ယူတာတွေ ရှိလာခဲ့တယ်လို့ စစ်ရေးသုတေသီတွေက ယူဆပါတယ်။

အဲဒီနောက် ၂၀၀၇ ခုနှစ် ဦးသန်းရွှေရဲ့ စစ်အစိုးရလက်ထက်မှာ မြောက်ကိုရီးယားနဲ့ သံတမန် ဆက်ဆံရေးပြန်လည်တည်ဆောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာတော့ နျူကလီးယားလက်နက်တားမြစ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုနဲ့အညီ နျူကလီးယားလက်နက်ကိုင်ဆောင်ထားတဲ့ မြောက်ကိုရီးယားနဲ့ သံတမန်ရေးထပ်မံဖြတ်တောက်လိုက်ပါတယ်။

စစ်ကောင်စီဟာ ပိတ်ဆို့အရေးယူမှုတွေကြောင့် စစ်လက်နက်နဲ့ လေယာဉ်ဆီကို တရုတ်ယွမ်ငွေအသုံးပြုပြီး မြောက်ကိုရီးယားကတဆင့် ဝယ်ယူနိုင်ဖို့ မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေး တိုးမြှင့်တာ ဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ) တွေကနေ လက်နက်ကြီးတွေနဲ့ လေယာဉ်ပေါ်ကပစ်ခတ်နိုင်တဲ့ လက်နက်တွေကို ထုတ်လုပ်နေရာမှာ တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေက စက်ရုံတွေမှာ နေထိုင်ကူညီနေတယ်လို့ ကပစမှာ ခြောက်နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM ဗိုလ်ကြီးဝင်းနိုင်စိုး က အင်တာဗျူးတစ်ခုအတွင်း ပြောကြားထားပါတယ်။

https://youtu.be/KTsWFFMaJdI?si=bYnkVu-svyEKKXO2

#Political News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🤮7❤2🔥1🖕1
ပဋိပက္ခဖြစ်ပွားမှု ကမ္ဘာ့နိုင်ငံ ၅၀ စာရင်းထဲ မြန်မာနိုင်ငံ ထိပ်ဆုံးကရပ်တည်နေ
======================

ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ပဋိပက္ခမီးတောက်လောင်နေတဲ့ ကမ္ဘာ့နိုင်ငံ ၅၀ စာရင်းကို ACLED က မကြာမီက ထုတ်ပြန်ခဲ့ရာ အဆိုပါ စာရင်းထဲမှာ မြန်မာနိုင်ငံက အဆိုးရွားဆုံး နံပါတ် (၁) မှာရှိနေတယ်လို့ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ တနှစ်အတွင်းမှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဋိပက္ခ ဖြစ်ပွားမှု အဆင့်က ယူကရိန်းထက်ကျော်ပြီး နံပါတ် (၁) နေရာမှာ ရှိနေတာဖြစ်တယ်လို့ လက်နက်ကိုင်ပဋိပက္ခတည်နေရာနဲ့ ဖြစ်ရပ်တွေကို အချိန်နဲ့တပြေးညီ မှတ်တမ်းပြုစုနေတဲ့ အမေရိကန် အခြေစိုက် ACLED သုတေသန အဖွဲ့က ပြောကြားလိုက်တာပါ။

ဒီအချက်အလက်တွေက ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်ကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာ လဝက်အထိ မှတ်တမ်းပြု တွက်ချက်ထားတာလည်းဖြစ်ပါတယ်။

Acled အဖွဲ့ဟာ သတင်းအစီရင်ခံစာတွေ၊ အရပ်သားအဖွဲ့အစည်းနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေ အပြင် ဒေသတွင်းနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးဆိုင်ရာ နောက်ဆုံးအခြေအနေ ထုတ်ပြန်ချက်တွေကို အခြေခံပြီး အချက်အလက် ကောက်ယူတာဖြစ်ပါတယ်။

အဆိုပါစာရင်းကို ပြီးခဲ့တဲ့နှစ်က ဖြစ်ပွါးခဲ့တဲ့ နိုင်ငံရေးအကြမ်းဖက်မှု ဆိုင်ရာ အဓိက အချက်အလက် အကြောင်းအရာ လေးခုအပေါ် အခြေခံပြီး စာရင်းထုတ်ပြန်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။
အကြောင်းအရာ လေးခုကတော့ အန္တရာယ်ကြီးမားမှု၊ အရပ်သားများအပေါ် ဘေးအန္တရာယ်ဖြစ်စေမှု၊ ပဋိပက္ခကြောင့် ပထဝီဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲမှုနဲ့ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းအရေအတွက် တို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ လက်နက်ကိုင်အဖွဲ့အစည်း အများဆုံးနဲ့ အလွန့်အလွန်စိုးရိမ်စရာ အခြေအနေအဖြစ် ထိပ်ဆုံးတွင် ရပ်တည်နေပြီး ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ ဆီးရီးယားနဲ့ မူးယစ်ဒုစရိုက်မှု အများအပြားဖြစ်နေတဲ့ မက္ကဆီကိုနိုင်ငံတို့တောင် မြန်မာနိုင်ငံအောက်မှာရှိနေတာဖြစ်ပါတယ်။

မြန်မာပြီးရင် ဆီးရီးယားက ဒုတိယနဲ့ မက္ကဆီကိုက တတိယနေရာမှာဖြစ်ပါတယ်။ ယူကရိန်း၊ နိုင်ဂျီးရီးယား၊ ဘရာဇီး၊ ယီမင်၊ အီရတ်၊ ကွန်ဂို နဲ့ ကိုလံဘီယာ တို့က အဆက့်(၄)မှ (၁၀) အတွင်း အလွန်စိုးရိမ်စရာ(extreme) အနေအထားတွင် ရှိပြီး ရုရှားက အကြောင်းအရာ လေးခုအနက် တစ်ခုဖြစ်သော မတည်ငြိမ်မှု ( turbulence)မှာ အဆင့် ၃၉ ရရှိနေပါတယ်။

အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ ပါကစ္စတန်တို့က အဆင့် ၁၃၊ ၁၆ နှင့် ၁၉ နေရာများတွင် ရောက်ရှိနေပြီး ဘင်္ဂလားဒေ့ရှ်က အဆင့် ၂၂ တွင် ရှိနေပါတယ်။

အနောက်အုပ်စုနိုင်ငံများအနက် အမေရိကန် တစ်နိုင်ငံတည်းက ပဋိပက္ခမီး တောက်လောင်နေတဲ့ နိုင်ငံများစာရင်းမှာ အဆင့်(၅၀)မှာရှိနေပါတယ်။

အညွှန်းကိန်းအချက်အလက်များအရ ကမ္ဘာ့နိုင်ငံအားလုံးမှာ ပဋိပက္ခများ ရှိနေပေမယ့်လည်း အမြင့်ဆုံးပဋိပက္ခတွေကို နိုင်ငံ ၅၀ မှာတွေ့ရတာဖြစ်တယ်လို့ဆိုပါတယ်။

ထိပ်ဆုံး(၁၀)နိုင်ငံက အလွန့်အလွန်စိုးရိမ်စရာ(extreme) အဆင့် သတ်မှတ်ခံရပြီး (၁၁မှ ၃၀ အထိ) နိုင်ငံ ၂၀ က မြင့်မားသော( high) အဆင့်၊ နောက်ဆုံး နိုင်ငံ ၂၀ ကို မငြိမ်မသက်အဆင့်အဖြစ် ( turbulence) သတ်မှတ် ထားတာဖြစ်ပါတယ်။

https://youtu.be/fJAAbzWbu3s?si=ZvIPl1qJLNItPgct

#Political News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍13❤1🔥1👏1
ရုရှား-မြန်မာ ဦးစီးတဲ့ အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်မှု စင်ကာပူနိုင်ငံ မတတ်ရောက်
====================

ရုရှားနဲ့ မြန်မာကာကွယ်ရေးဝန်ကြီးဌာနများ ပူးတွဲဦးဆောင်ကျင်းပတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၂၅ ရက်နေ့က ရုရှားနိုင်ငံမှာ စတင်ကျင်းပခဲ့ပါတယ်။
ADMM-Plus လို့ အမည်ပေးထားတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများနဲ့ မိတ်ဖက်နိုင်ငံများ ပူးတွဲအစည်းအဝေးမှာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ကာကွယ်ရေးအရာရှိများ၊ ဆွေးနွေးဖက် ၈ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှားနဲ့ တောင်ကိုရီးယားတို့မှ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများ တက်ရောက်လေ့ရှိပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့အတွက် တရုတ်နဲ့ အိန္ဒိယကလွဲရင် အမေရိကန်၊ ဩစတေးလျ၊ တောင်ကိုးရီးယား၊ ဂျပန်နဲ့ နယူးဇီလန်တို့က မနှစ်ကရော ဒီနှစ်မှာပါ အဆိုပါလေ့ကျင့်မှုကို မတက်ရောက်ဘဲ သပိတ်မှောက်ထားပါတယ်။
အာဆီယံထဲက စင်္ကာပူနိုင်ငံကတော့ ဒီနှစ်လေ့ကျင့်မှုကို အာဏာသိမ်း မြန်မာစစ်တပ်က ရုရှားနဲ့အတူ ဦးဆောင်ပြုလုပ်တာမို့ မတက်ရောက်ဘဲ သပိတ်မှောက်ထားပါတယ်။

ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေ ပါဝင်ဆင်နွှဲနေကြောင်း သိရပါတယ်။
နိုင်ငံတကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၂၅ ကနေ ၃၀ ရက်နေ့ထိ ရုရှားနိုင်ငံ ပရီမော့စကီး (Primorsky) ဒေသမှာ ပြုလုပ်နေပြီး အာဆီယံနိုင်ငံတွေနဲ့ ဆွေးနွေးဖက်နိုင်ငံတွေက အထူးကျွမ်းကျင်စစ်သား ခုနစ်ရာခန့် ပါဝင်ဆင်နွှဲနေကြောင်း ရုရှားအစိုးရပိုင် Tass သတင်းဌာနက စက်တင်ဘာ ၂၆ ရက်နေ့က ဖော်ပြထားပါတယ်။

အဲဒီ စစ်သည် ခုနစ်ရာနဲ့အတူ တိုက်ခိုက်ရေး လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေ၊ မောင်းသူမပါတဲ့ လေကြောင်းတိုက်ခိုက်ရေးယာဉ်တွေ၊ တင့်ကားတွေနဲ့ သံချပ်ကာ ကားတွေလည်း ပါဝင်ပါတယ်။

ပြီခဲ့သည့် သြဂုတ်လဆန်းပိုင်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံများနဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယတို့ ပါဝင်တဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးပွဲကိုလည်း စင်ကာပူနိုင်ငံက တက်ရောက်ခြင်းမရှိပါဘူး။

ဒီစစ်ရေးလေ့ကျင့်မှုမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ စစ်ကောင်စီကို ထောက်ပြဝေဖန်လေ့ရှိတဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားအပါအဝင် အာဆီယံနိုင်ငံအားလုံး ပါဝင်ဆင်နွှဲနေတာဟာ အာဆီယံပဋိညာဉ်ကို ချိုးဖောက်တာလို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားထားပါတယ်။

စစ်ကောင်စီကို အာဆီယံရဲ့ ဘယ်လိုအစီအစဉ်မျိုးမှာမှ တက်ရောက်ခွင့်မပေးဘဲ ပြတ်ပြတ်သားသား ဆန့်ကျင်သင့်တယ်လို့ ဆိုပါတယ်။
Justice for Myanmar အဖွဲ့ကလည်း ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ မြန်မာပြည်သူတွေ အပေါ် တိုက်ခိုက်၊ သတ်ဖြတ်၊ အကြမ်းဖက်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရေး စွမ်းရည်တွေ ပိုကောင်းအောင် လုပ်ပေးနေတာကြောင့် ကန့်ကွက်ရှုတ်ချကြောင်း ဩဂုတ်လကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကို တက်ရောက်တဲ့ အာဆီယံနိုင်ငံတွေဟာ မြန်မာနိုင်ငံအတွင်း စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများဖြစ်ပေါ်စေဖို့ ကူညီပေးနေခြင်းဖြစ်တယ်လို့ Justice For Myanmarအဖွဲ့ ကပြောပါတယ်။

https://youtu.be/jH5SnacBqRg?si=OSA-dXYuloqE1bDC

#Political News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍9😁2
စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၅၀၀ခန့်အသက်ဆုံးရှုံးခဲ့ရ
========================

စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ငါးရာနီးပါး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကာလတစ်လျှောက်လုံး ကလေးငယ် ၄၉၁ ဦးကို သတ်ဖြတ်ခဲ့ပြီး အဆိုပါ သတ်ဖြတ်မှုတွေဟာ စစ်ရာဇဝတ်မှု မြောက်ကြောင်း ဦးအောင်မျိုးမင်းက အောက်တိုဘာလ ၄ ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုပြီးနောက် စစ်တပ်က ပုံစံအမျိုးမျိုးဖြင့် သတ်ဖြတ်ခဲ့ပြီး လေကြောင်း တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရန်သူကဲ့သို့ သတ်မှတ်ပြီး သတ်ဖြတ်ခြင်း များရှိကြောင်း၊ အဆိုပါ သတ်ဖြတ်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်ပြီး တရားစွဲနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသွားမယ်လို့လည်း ၎င်းက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၁၁၉ ကျောင်းပျက်စီးခဲ့ရပြီး စက်တင်ဘာလ ၂၇ ရက်နေ့မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာမရွာက စာသင်ကျောင်းမှ ဆရာမ တစ်ဦးနဲ့ ကလေး ၂၁ ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့ကြောင်း ၊ စစ်တပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေ ကြောင်း အသုံးပြုတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအသုံးပြု တိုက်ခိုက်မှု ၂၃၅၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုအား အရေးယူနိုင်မယ့် နိုင်ငံတကာ၊ ဒေသဆိုင်ရာနဲ့ တစ်နိုင်ငံချင်းတရားစွဲဆိုအရေးယူရန်အတွက် ကြိုးပမ်းလုပ်ဆောင်ကြဖို့ အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ပြန်တဲ့ NUG ရဲ့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

ဒါ့အပြင် အာဆီယံအဖွဲ့ရဲ့ လမ်းပြဘုံသဘောတူညီချက် ၅ ချက်၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် အမှတ် ၂၆၆၉ စတာတွေကို စစ်ကောင်စီက လုံးဝ လေးစားလိုက်နာမှုမရှိတဲ့အပြင် ကလေးသူငယ်တွေကို သတ်ဖြတ်ခြင်း၊ ထိခိုက်ဒဏ်ရာရစေခြင်းနဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးနှင့်လူသားချင်းစာနာမှု ဥပဒေတွေနဲ့ စာချုပ်စာတမ်းတွေ ၊စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်နေကြောင်း NUG ကဆိုပါတယ်။

နောက်ဆက်တွဲအဖြစ် အကြမ်းဖက်စစ်အုပ်စုကို ပိုမိုထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုများ၊ လေယာဉ်ဆီအပါအဝင် စစ်လက်နက်များတင်ပို့ရောင်းချမှုများအား ပိတ်ဆို့မှုတို့ပါဝင်တဲံ ဆုံးဖြတ်ချက်သစ်နဲ့ အရေးယူဆောင်ရွက်မှုတွေ ထွက်ပေါ်လာအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ အချိန်ကျရောက်နေပြီဖြစ်ကြောင်းကိုလည်း NUG ရဲ့ ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အဆိုပါကျူးလွန်မှုတွေမှာ ပါဝင်တဲ့ တာဝန်ရှိသူ၊ လက်ရောက်ကျူးလွန်သူ နဲ့ အားပေးအားမြှောက်ပြုသူများအားလုံးကို ပြည်တွင်းတရားစီရင်ရေးစနစ်ဖြင့် ဖမ်းဆီးအရေးယူပြစ်ဒဏ်ချမှတ်နိုင်ရေး ဆောင်ရွက်သွားမယ်လို့လည်း အသိပေးထုတ်ပြန်တားပါတယ်။

စစ်ကောင်စီကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုမြောက်တာကြောင့် နိုင်ငံတကာရာဇဝတ်ခုံရုံးကို ICC ကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တိုက်တွန်းထားပါတယ်။

https://youtu.be/aTqsZkGidXw?si=zg1Y7skok7JOO1vZ

#Political News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🤬3😢2❤1🔥1