Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​စက်သုံးဆီအကန့်အသတ်ဖြင့်ရောင်း၊ ဆီမရှိသည့်အခါ ရပ်နားထားရဟုဆို
====================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ပုသိမ်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီ အလုံအလောက်မရသည့်အတွက် အကန့်အသတ်ဖြင့်သာ ရောင်းချရသည့်အပြင် ဆီရောင်းရန်မရှိသည့်အခါ ရပ်နားထားရသည်ဟု ဆီဆိုင်ပိုင်ရှင်များက မဇ္စျိမကိုပြောသည်။

"ဆီကခွဲတမ်းနဲ့ပဲရနေတော့ အခုရောက် အခုရောင်းရင် အခုကုန်မယ့်ပုံစံဖြစ်နေတယ်။ အဲ့ဒီတော့ ဆီဝယ်သူအားလုံး မဟုတ်ရင်တောင်၊ အားလုံးနီးပါးရအောင် ထိန်းရောင်းနေရတဲ့သဘောပါ။ တချို့ဆိုင်တွေကတော့ ရှိတာရောင်းပြီး ဆီကုန်ရင်မရောင်းတော့ဘဲ၊ ဆီရမှ ပြန်ရောင်းကြတယ်။ အဓိက ဝယ်အားကောင်းနေတာက 92 နဲ့ 95 ပါ။ ဒီဇယ်ကတော့ လုံးဝပြတ်သွားတာမျိုး မရှိသေးပါဘူး"ဟု စက်သုံးဆီဆိုင်ပိုင်ရှင်တဦးက ပြောသည်။

ဓာတ်ဆီနှင့် ဒီဇယ်အမျိုးအစားများအားလုံးကို တပတ်လျှင်နှစ်ကြိမ်သာ သီလဝါဆိပ်ကမ်းမှ ဆီထုတ်ရောင်းပေးနေပြီး တကြိမ်ထုတ်ရောင်းပေးလျှင် သုံးရက်စာရောင်းရန်အတွက်သာ ထုတ်ရောင်းပေးနေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

"တပတ်မှာ အင်္ဂါနေ့တခါ သောကြာနေ့တခါ ဆီထုတ်ရောင်းပေးတယ်။ ဆီသွားထုတ်ရင်လည်း ဆိုင်အကြီးအသေးနဲ့ ရောင်းအားပေါ်မူတည်ပြီး အကန့်အသတ်နဲ့ရတာဆိုတော့ ပြန်ရောင်းဖို့ လုံလုံလောက်လောက်မရဘူးပေါ့။ ဥပမာပြောရရင် ဆိုင်တဆိုင်မှာ ဂါလံ ၃,၂၀၀ ဆီကန်ကြီးရှိသာရှိနေတာ၊ သူတို့ဘက်က သုံးရက်တကြိမ် ဆီထုတ်ရောင်းပေးတာက ဂါလံ ၈၀၀ လောက်ပဲဖြစ်နေတဲ့သဘောပါ။ တချို့ဆိုင်တွေဆိုရင် တခါထုတ်ရင် ဂါလံ ၄၀၀ လောက်ပဲရတယ်"ဟု ပုသိမ်မြို့နယ်အတွင်းမှ ဆီဆိုင်ပိုင်ရှင်နောက်ထပ်တဦးက ဆိုသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးများက စက်သုံးဆီအရောင်းဆိုင်များထံသို့ သွားရောက်ကာ ရောင်းအားစာရင်းများကို တောင်းယူခဲ့သည်ဟု သိရသည်။

လက်ရှိတွင် ၎င်းတို့တောင်းယူထားသည့် စာရင်းများအရ ရောင်းအားကောင်းသည့်ဆိုင်နှင့် ရောင်းအားနည်းသည့်ဆိုင်ဟူ၍ ခွဲခြားကာ သီလဝါဆိပ်ကမ်းမှ ဆီထုတ်ရောင်းပေးနေခြင်းဖြစ်သည်ဟု ပုသိမ်မြို့ပေါ်ရှိ ဆီဆိုင်ပိုင်ရှင်အချို့က ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ အခြားမြို့နယ်များတွင်မူ စက်တပ်ယာဥ်များအားလုံးအတွက် စက်သုံးဆီဝယ်ယူ၍ ရနေသေးကြောင်း ဂါလံပုံး၊ ဆီပေပါများဖြင့် ဝယ်ယူ၍မရကြောင်း မြို့နယ်အသီးသီးရှိ ဒေသခံများက ပြောသည်။

"လက်ရှိတော့ ဆိုင်ကယ်တွေ ဆီသွားထည့်ရင် အပြည့်ထည့်လို့ရနေသေးတယ်။ ဆီစျေးထပ်ကျရင်တော့ အလုပ်လုပ်ရတာ ပိုအဆင်ပြေတာပေါ့။ ဆီစျေးတက်မှာစိုးလို့ ပုံးတွေဘာတွေနဲ့သွားဝယ်ရင်တော့ တချို့ဆိုင်တွေကပေးမရောင်းကြဘူး "ဟုသိမ်မြို့မှ ဆိုင်ကယ် တက္ကစီ(Taxi)မောင်းနှင်သူတဦးက ပြောသည်။

လက်ရှိတွင် ပုသိမ်မြို့၌ ဓာတ်ဆီ 92 တလီတာလျှင် ၂,၀၁၀ ကျပ်နှင့် 95 တလီတာလျှင် ၂,၁၂၀ ကျပ်နှုန်း စျေးပေါက်နေသည်ဟု ဆီဆိုင်ပိုင်ရှင်များ၏ပြောပြချက်အရ သိရသည်။

ပုသိမ်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်က 92 တလီတာလျှင် ၂,၂၂၀ ကျပ်နှင့် 95 တလီတာလျှင် ၂,၃၁၅ ကျပ်စျေးပေါက်ခဲ့သည်ဟုသိရပြီး လက်ရှိစျေးနှုန်းများနှင့် နှိုင်းယှဥ်လျှင် စျေးကျသွားသည်ကို တွေ့ရှိရသည်။

ဓာတ်ပုံ-ပုသိမ်မြို့မှ ဆီဆိုင်တစ်ဆိုင်(ပုံဟောင်း)
.,
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ဧရာဝတီတိုင်း
#ပုသိမ်မြို့
#စက်သုံးဆီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤3🔥1
​​ထီးချိုင့်တိုက်ပွဲ ပြင်းထန် ၊ စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ
===================

ကိုခင်မောင်
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပျဉ်းစုကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ထိတွေ့ ပစ်ခတ်မှုပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၃ရက် နံနက် ၇နာရီမှစ၍ နေ့လယ် ၁၂နာရီအချိန်ထိ ငါးနာရီကျော်ကြာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အထိနာ၍ ဂျက်ဖိုက်တာတစင်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

“ အဲဒီစစ်ကြောင်းက ဆားတွင်းရွာနဲ့ ရွှေလီရွာကနေ ကွဲထွက်လာတဲ့လာတာပေါ့လေ။ အဲဒါထန်းကုန်းရွာမှာစစ်ကြောင်း နှစ်ခုပြန်ပေါင်းပြီးတော့ဒီဘက်က ပျဥ်းစုရွာဘက်ကို ဝင်လာတော့ ကျွန်တော်တို့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီဘက်က အကျအဆုံးကတော့ များနိုင်ပါတယ်။ အကျအဆုံးကိုတော့ အတိအကျမသိနိုင်ပါဘူး။ သူတို့(စစ်ကောင်စီတပ်)ဘက်က အထိနာနေတော့ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲသွားတာပါ။” ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

အောက်တိုဘာ ၁၁ရက်မှစ၍ ထီးချိုင့်မြို့မှ ထွက်လာသော အင်အား ၁၈၀ နီးပါးပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ထန်းကုန်းရွာမှ ပျဥ်းစုရွာဘက်သို့ ထွက်လာစဥ် ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် KIA တပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတာဝန်ရှိသူထံက သိရသည်။

စစ်ကောင်စီတပ်ဘက်မှ ဂျက်ဖိုက်တာတစီးဖြင့် နှစ်ကြိမ်တိတိ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ဗုံးများသည် ပျဥ်းစုရွာအနီးပတ်ဝန်းကျင်နှင့် လယ်ကွင်းထဲများသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်မရှိဟု လည်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းသည် ထီးချိုင့်မြို့နယ် ၊ ထန်းကုန်းရွာအတွင်း တပ်စွဲနေဆဲဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၁၄ရက် နံနက် ၈နာရီအချိန်တွင်လည်း ထန်းကုန်းရွာအနီးတွင် ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ကာ ထိခိုက်သေဆုံးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။

ထိုသို့ တိုက်ပွဲများဖြစ်ပွားနေမှုများကြောင့် ထီးချိုင့်မြို့နယ်မှ ထန်းကုန်းရွာ၊ ပျဥ်းစုရွာ၊ ဆားတွင်းရွာ၊ ရွှေလီရွာစသော ကျေးရွာများရှိ ဒေသခံများသည် စစ်ဘေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်းမှာ တိုက်ပွဲနောက်ဆုံးဖြစ်ပွားခဲ့ပြီး ထိုကာလနောက်ပိုင်း စစ်ရေးအခြေအနေ ငြိမ်သက်နေရာမှ ယမန်နေ့ အောက်တိုဘာလ ၁၃ရက်တွင် တကျော့ပြန် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ထီးချိုင့်မြို့နယ်
#လေကြောင်းတိုက်ခိုက်
#ပြည်တွင်းသတင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥2👏2🤬2😢1
​​မြောက်ဥက္ကလာမြို့နယ်က မိုက်တီးဘီယာဆိုင် ကာကွယ်ရေးတပ်ဖွဲ့ ဖောက်ခွဲတိုက်ခိုက်
=====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မိုက်တီးဘီယာဆိုင်အား ယမန်နေ့ အောက်တိုဘာ ၁၃ ရက် ည ၇ နာရီ ၂၅ မိနစ် အချိန်တွင် ဖောက်ခွဲတိုက်ခိုက်လိုက်သည်ဟု တိုက်ခိုက်မှုပြုလုပ်သည့်အဖွဲ့ တာဝန်ရှိသူထံက သိရသည်။

“ဒီဆိုင်က မြောက်ဥက္ကလာပြည်သူ‌တွေ တိုင်တန်းတာများလာလို့ ပြုလုပ်ရတာပါ။ စစ်ကောင်စီလူကြီးပိုင်းတဦး ပိုင်တဲ့ဆိုင်ဆိုတာလည်း သိထားရတာကြောင့် အခုပထမအကြိမ် သတိပေးတဲ့အနေနဲ့ အပြင်က ကားပါကင်မှာပဲ ဖောက်ခွဲခဲ့တာပါ”ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ (၂) မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ပြည်သူများတိုင်တန်းရသည့် အကြောင်းအရင်းမှာ မိုက်တီးဘီယာဆိုင်သည် ည ၁၁ နာရီ ဝန်းကျင်ထိ သီချင်းသံများ ဆူညံနေခြင်းကြောင့် ဖြစ်ကာ နောက်ထပ် ပြည်သူတိုင်တန်းမှုပိုများလာပါက ဆိုင်အတွင်းထိ ဝင်ရောက်တိုက်ခိုက်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

မစ်ရှင်အား အဝေးထိန်းမိုင်းဖြင့် ဆောင်ရွက်ခဲ့ပြီး ၎င်းဆိုင်၏ ကားပါကင်မှ ကားနှစ်စီး ပျက်စီးခဲ့ကာ ဆိုင်လုံခြုံရေးဝန်ထမ်း အသေးစားဒဏ်ရာရခဲ့ကြောင်း ယနေ့ မွန်းလွဲ ၁ နာရီတွင် အဖွဲ့တာဝန်ရှိသူ၏ပြောပြချက်အရ နောက်ဆက်တွဲအခြေအနေအား သိရသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်သည့် နေရာများနှင့် ဝေးရာတွင်နေပြီး တော်လှန်ရေးတွင် ပါဝင်ကူညီအားဖြည့်ပေးပါရန်နှင့် အသိပေးထားသည့်ကြားမှ ဖောက်ခွဲတိုက်ခိုက်ထားသည့် ဆိုင်တွင် ဆက်လက်အားပေးနေပါက ဖြစ်လာမည့်ကိစ္စများကို တာဝန်ယူမည်မဟုတ်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ (၂) တာဝန်ရှိသူက ပြောသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ရန်ကုန်တိုင်း
#မြောက်ဥက္ကလာပမြို့နယ်
#ဖောက်ခွဲတိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15👏3😁2
​​လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် စော်ကားမှုများအား ထိရောက်သော အရေးယူမှုများ ရှိစေရန် တော်လှန်ရေးအင်အားစုများ တောင်းဆို
=====================

001
(မဇ္စျိမ)။ ။ တော်လှန်ရေးကာလအတွင်း လိင်အကြမ်းဖက်မှုများနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများအား ထိရောက်တိကျသည့် အရေးယူမှုများရှိစေရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများကို တော်လှန်ရေးအင်အားစုများက တောင်းဆိုလိုက်သည်။

လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN)၊ Blood Money Campaignတို့အပါအဝင် စုစုပေါင်း အဖွဲ့အစည်း ၂၀ ကျော်က အောက်တိုဘာလ ၁၂ ရက်တွင် ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

လက်ရှိတွင် “လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုခြင်းဆိုင်ရာ အကာအကွယ်ပေးရေးမူဝါဒ”ကို ရေးဆွဲအတည်ပြုထားသော်လည်း လက်တွေ့အကောင်အထည်ဖော်နိုင်မှု အားနည်းချက်များကြောင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများကို အပြစ်ပေး အရေးယူနိုင်ခြင်းမရှိသည့်အပြင် နစ်နာသူများအား အကာအကွယ်ပေးနိုင်ခြင်းမရှိသေးသည်ကိုလည်း တွေ့ရကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN)၊ အလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် မနယုန်မိုးသွေးက” ထိရောက်တဲ့ အရေးယူမှုမရှိလို့လည်း ဒီဆင့်ပွားပြီးတော့မှ ဒီလိုအမှုကိစ္စတွေက ထပ်ထပ်ပြီး ကြားနေရတာဖြစ်တယ်။ Case တွေက အများကြီးရှိတယ်။ ရှေ့မှာဆိုရင် လွန်ခဲ့တဲ့နှစ်တွေကနေပြီး ကျူးလွန်ခံရတဲ့ ချောင်းဦးဘက်က မုဒိန်း Case လိုဟာမျိုးတွေ ပြီးရင် မကွေးတိုင်းမှာလည်း ကြားရတယ်။ မဲဆောက်ဘက်မှာလည်း ကြားလိုက်ရတယ်။ ဒီကြားလိုက်ရတဲ့ အမှုကိစ္စတွေအကုန်လုံးက ဒါတောင်မှ လူမှုကွန်ရက်မှာ အများသိလိုက်ရတဲ့အဖြစ်တွေပေါ့။ ဒီလိုမျိုးလူထုကြားထဲ ကျယ်ကျယ်ပြန့်ပြန့်သိလိုက်ရတဲ့ကိစ္စတွေတောင် ထိထိရောက်ရောက်ဖြေရှင်းနိုင်တယ်ဆိုတဲ့ဟာမျိုးကို မကြားရဘူးဆိုတော့ လူမသိသူမသိကျူးလွန်ခံရတဲ့ Case တွေဆိုရင် ပိုပြီးဆိုးသွားနိုင်တယ်”ဟုဆိုသည်။

ထို့ကြောင့် NUG အနေဖြင့် လက်ရှိ ကြားကာလတွင်သာမက နောင်အသွင်ကူးပြောင်းရေးကာလတွင်လည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်း၊ မဖွယ်မရာပြုခြင်းခံရသူများအား အကာအကွယ်ပေးခြင်း၊ ကျူးလွန်စော်ကားသူများကို ထိရောက်စွာ အပြစ်ပေးအရေးယူခြင်းနှင့် ထိုကဲ့သို့သော ဖြစ်ရပ်များနောင်တွင်မဖြစ်ပွားစေရေး ထိန်းကျောင်းရန် လိုအပ်ကြောင်း တော်လှန်ရေးအင်အားစုများက တိုက်တွန်းသည်။

ကျူးလွန်သူသည် တော်လှန်ရေးအဖွဲ့အစည်းများမှသော်လည်းကောင်း၊ ကြားကာလအုပ်ချုပ်ရေးယန္တရားများမှ သော်လည်းကောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်သားသော်လည်းကောင်းဖြစ်နေပါကလည်း ခြွင်းချက်မရှိ ထိရောက်စွာ အရေးယူနိုင်ရန်မှာ ၎င်းရှိနေသော အဖွဲ့အစည်း၌သာမက တော်လှန်ရေးအင်အားစုများအားလုံး၌ တာဝန်ရှိကြောင်း ထောက်ပြထားသည်။

NUG အပါအဝင် အဖွဲ့အစည်းအသီးသီးအနေဖြင့် လူမှုကွန်ရက် စာမျက်နှာ ၊ ပြင်ပသို့ ပျံ့နှံ့လာသည့် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်း၊ မဖွယ်မရာ ပြုခြင်းများအပြင် နောက်ထပ် မပျံ့နှံ့သေးသော အလားတူဖြစ်စဉ်များကို ဖုံးကွယ်ပြီး လျစ်လျူရှုထားခြင်းမှာ မသင့်တော်ဟုလည်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

“ပူးပေါင်းဆောင်ရွက်ရမယ့် အနေအထားတွေ နယ်မြေတွေမှာဆိုရင်လည်း ပူးပေါင်းဆောင်ရွက်ဖို့ မတုံ့ဆိုင်းသင့်ဘူး။ NUG အပါအဝင် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေလည်း အများကြီးရှိတယ် ဆိုတော့ အားလုံးပူးပေါင်းဆောင်ရွက်လို့ရတဲ့အနေအထားမှာ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိတဲ့သူတွေရော ပူးပေါင်းဆောင်ရွက်ဖို့ ဒီအမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ ထိထိရောက်ရောက်ဆောင်ရွက်ဖို့ တိုက်တွန်းချင်ပါတယ်”ဟု မနယုန်မိုးသွေးက ပြောသည်။

ထို့ပြင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများကို လူမှုရေးပြစ်ဒဏ်ပေးခြင်း၊ ကျူးလွန်ခံရသူများအနေဖြင့် နှုတ်ဆိတ်မနေဘဲ ရဲဝင့်စွာပြောနိုင်ရန် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းနှင့် ဆွေးနွေးပွဲများကို အခါအားလျော်စွာ ပြုလုပ်ပေးခြင်း၊ အဆိုပါဖြစ်စဉ်များကို တိုင်ကြားနိုင်ရန် အကာအကွယ်ရေး ပလက်ဖောင်းတရပ် ၊ ကော်မတီတရပ်ဖွဲ့စည်းခြင်း၊ စိတ်ချလုံခြုံရသော Hotline တခုဖန်တီးပေးခြင်းတို့ ပြုလုပ်ရန်လည်း လိုအပ်သည်ဟု တော်လှန်ရေးအင်အားစုများက အကြံပြုထားသည်။

လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခြင်းအမှုများနှင့် ပတ်သက်၍ ထိရောက်စွာ အရေးယူမှုရှိ၊ မရှိကို တာဝန်ရှိသူများအနေဖြင့် ပြည်သူလူထုထံသို့ ချပြန်ရန်လည်း တောင်းဆိုထားသည်။

Photo - ပြီးခဲ့သည့် ရှစ်လေးလုံးနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် အမျိုးသမီးအချို့အားတွေ့ရစဥ် (ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
စာတည်း ။ ။အောင်ကျော်ဖြိုး

#Mizzima
#အမျိုးသမီး
#လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု
#NUG
👍20😁2
​​CDM ဝန်ထမ်းများနေရာတွင် အစားထိုးခန့်အပ်သော ပြန်တမ်းဝင်အရာရှိစာရင်းကို စစ်ကောင်စီမှ ထုတ်ပြန်ကြေညာ
==================

ငြိမ်းချမ်း(MMIT)
မဇ္ဈိမ။ ။ CDM ဝန်ထမ်းအများစု နေရာတွင် အစားထိုးခန့်အပ်မည့် ပြန်တမ်းဝင်အရာရှိစာရင်းကို စစ်ကောင်စီ၏ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီးဌာနမှ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၃ရက် နေ့စွဲဖြင့် ကြေညာသည်။
ကြော်ငြာစာအမှတ်(၃/၂၀၂၃)ဖြင့် ဝန်ကြီးဌာန/ အဖွဲ့အစည်း ၂၁ ခုမှပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် လစ်လပ်ရာထူး ၄၇၇ ဖြင့် ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင် ၊ စက်မှုဝန်ကြီးဌာန တို့မှပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး ၃၁​ နေရာ၊ စုစု​ပေါင်းရာထူး ၅၀၈​နေရာတို့အတွက်​ ရွေးချယ်ခံရသူများစာရင်း​ ကြေညာခြင်းဖြစ်ကြောင်း CDM အရာထမ်း တဦးမှ Mizzima ကိုပြောသည်။

ကြေညာထားချက်အရ ပြန်တမ်းဝင်အရာရှိ စတင်ခန့်အပ် လစ်လပ်ရာထူး ၅၀၈ နေရာအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ခေါ်ယူခဲ့ပြီး လျှောက်ထားသူ ကျား ၁,၂၂၅ ဦး၊ မ ၁,၄၂၄ ဦး စုစုပေါင်း ၂,၆၄၉ ဦးရှိခဲ့ကြောင်း သိရသည်။

ယင်းတို့အနက်မှ ရေးဖြေနှင့် လူတွေ့စစ်ဆေးအောင်မြင်သူ ၂၂၉ ဦးကိုလစ်လပ်နေရာအလိုက် ခန့်အပ်မည်ဟုဆိုသည်။ ၂၂၉ ဦးအနက် ဝန်ထမ်းများမှ ဖြေဆိုအောင်မြင်သူ ၁၄၄ ဦးရှိကာ ပြင်ပမှ ဖြေဆိုအောင်မြင်သူ ၈၅ ဦးရှိကြောင်းသိရသည်။

“CDM လုပ်ခဲ့တဲ့ လူတွေရဲ့ ပေးဆပ်မှုကို ပြည်သူတွေ မေ့ကုန်မှာစိုးတယ်၊ ကျွန်တော်တို့ ဆေးလောကကတော့ အလွယ်တကူ အစားထိုးဖို့ မလွယ်သလို ၊အရှက်မရှိ လျှောက်တဲ့သူလည်း နည်းတယ်၊ ကျန်တဲ့ဌာနတွေကတော့ ရွံစရာကောင်းတယ်ဗျ၊ ပြန်တမ်းဝင် အရာထမ်းဖြစ်ဖို့က မလွယ်ကူခဲ့ကြဘူး။ ခွေးတိုးပေါက်က အလွယ်ဝင်လာသူတွေကို ပြည်သူတွေက စောင့်ကြည့်ထားစေချင်တယ်” ဟု ရန်ကုန်မှ CDM အရာထမ်း တဦးက Mizzima ကိုပြောသည်။
“ ရာထူးတိုး၊ ပင်စင်ယူတွေကြောင့် နေရာလစ်လပ်တာက နည်းပါတယ်၊ CDM နေရာ လွတ်ကုန်တာက ၉၅ ရာခိုင်နှုန်း မကဘူး၊ အမှုထမ်းဘဝကနေ အရာထမ်းဖြစ်ဖို့ အချိန်အများကြီး ပေးခဲ့ရတာပါ။ အမှန်တရားဘက်က ပြည်သူနဲ့ ရပ်ခဲ့တဲ့ ကျွန်မတို့ကို မေ့မထားကြဖို့ ပြည်သူနဲ့ NUG ကို ပြောချင်ပါတယ်” ဟု မန္တလေးမှ CDM အရာထမ်း တဦးကလည်း Mizzima ကို ပြောသည်။

“ပြည်သူ ရှုံးလို့မရဘူး၊ ဒီတခါ ပြည်သူရှုံးရင် ဘယ်တော့မှ မြန်မာပြည်မှာ တရားမျှတမှုတို့ အမှန်တရားတို့ ၊ဒီမိုကရေစီတို့ ရှိလာတော့မှာ မဟုတ်ဘူး၊ သွေးမအေးကြပါနဲ့၊ ပြည်သူဘက် ရပ်ခဲ့တဲ့ သူတွေကို ပြည်သူကမှ မကြည့်ရင် ဘယ်လိုလုပ်မလဲ၊ CDM လုပ်တဲ့အမှုထမ်း၊ အရာထမ်းတွေ ဒုက္ခရောက်မယ်ဆိုတာ သိသိနဲ့ ပြည်သူ့ဘက်မှာ ရပ်တည်ခဲ့တာပါ။ တော်လှန်ရေးကို သွေးမအေးကြဘဲ အမြဲစိတ်ထဲထည့်ပြီး နိုင်တဲ့နေရာက ကူပေးကြဖို့ ပြောချင်တယ်” ဟု နေပြည်တော်မှ CDM အရာထမ်းတဦးကလည်း Mizzima ကို ပြောသည်။

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီးဌာနမှကြေညာချက်အရ လျှောက်ထားသူ မရှိသော လစ်လပ်နေရာများ ရှိပြီး၊ လျှောက်ထားသူများရှိသော်လည်း ရွေးချယ်ခံရသူမရှိသော လစ်လပ်နေရာများလည်း ရှိနေသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊စွမ်းအင်ဝန်ကြီးဌာန ၊စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ နိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ၁၀ ခုတို့အတွက် ရွေးချယ်ခံရသူ ၁၁၅ ဦးတို့သည် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ ဖွင့်လှစ်မည့် အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ် (၁၁) သို့ မပျက်မကွက် တက်ရောက်ကြရမည်ဟု ကြေညာချက်တွင်ပါရှိသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊သယံဇာတနှင့် သဘာဝဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် လျှပ်စစ်ဝန်ကြီးဌာန ရှစ်ခုတို့အတွက် ရွေးချယ်ခံရသူ ၁၁၄ ဦးတို့သည် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)တွင် ၂၀၂၃ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ ဖွင့်လှစ်မည့် အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ် (၁၂) သို့ မပျက်မကွက် တက်ရောက်ကြရမည်ဟု စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ကြေညာချက်တွင်ပါရှိသည်။

စာမူတည်းဖြတ် - သန့်ဇော်(သန်လျင်)

#mizzima
#CDM
#ပြန်တမ်းဝင်အရာရှိ
#နိုင်ငံ့ဝန်ထမ်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🤮9❤2😁1🖕1
​​တောင်သာထွေ/အုပ်ရုံး ဗုံးဖြင့်တိုက်ခိုက်ခံရ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲမှူး ဗုံးစထိမှန်ဒဏ်ရာရ
=======================

007
(မဇ္ဈိမ) ။ ။ တောင်သာမြို့နယ်တွင် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ထွေ/အုပ်ရုံး ဗုံးဖြင့် တိုက်ခိုက်ခံရပြီး မြို့နယ်အဆင့်အုပ်ချုပ်ရေးမှူးနှင့် ရဲမှူးတို့၊ ဗုံးစထိမှန်ပြီး မစိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီခန့်တွင် မန္တလေးတိုင်း ၊ တောင်သာမြို့နယ် ၊ တန်းမြင့်ကျောင်းရပ်ကွက်ရှိ တောင်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အတွင်း အစည်းအဝေးပြုလုပ်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ထွေ/အုပ်ရုံးထဲဗုံးကျတယ်။ အဲဒါကို စကစတွေ က လာစစ်တယ်။ အဲဒီအချိန်မှာ နောက်ထပ် ဗုံးနှစ်လုံးထပ်ကျပြီး ပေါက်ကွဲတာ ရဲမှူးနဲ့ နယ်ပိုင်ကြီး(မြို့နယ်ထွေ/အုပ်ဦးစီးမှူး)၊ နှစ်ယောက်စလုံးဗုံးစမှန်တယ်။ မစိုးရိမ်ရပါဘူး။ စိုးရိမ်ရတဲ့ ဒဏ်ရာတွေ မဟုတ်ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံသတင်းရင်းမြစ်တဦးက ပြောသည်။

ရုံးဝင်းအနီး Drop Bomb နှစ်လုံး ကျရောက်ပေါက်ကွဲမှုကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့နှင့်တာဝန်ရှိသူများအား နောက်ထပ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အဝန်းက သိရသည်။
မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်ခြင်းဖြစ်ကြောင်း မသိရသေးသော်လည်း PDF လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီထောက်ခံသည့် ဌာန သတင်းများကဆိုသည်။

ယခုနှစ်အတွင်း စစ်ကိုင်းတိုင်းမှ ပုလဲ၊ ဘုတလင် ၊ ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်၊ ကရင်ပြည်နယ်မှ ကမောင်းမြို့နယ်နှင့် ပဲခူးတိုင်းမှ ပဲခူးနှင့် ကျောက်ကြီးမြို့နယ်၊ မကွေးတိုင်းမှ ရေစကြိုနှင့် မြိုင်မြို့နယ်၊ မွန်ပြည်နယ် ပေါင်မြို့နယ်၊ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ်တို့မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး(ထွေ/အုပ်) များကို ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#တောင်သာမြို့နယ်
#ထွေအုပ်ရုံး
#ပြည်တွင်းသတင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏8👍5❤3😁2
​​KNU တပ်မဟာ(၆)နယ်မြေတွင် ၁ လအတွင်း တိုက်ပွဲ ၅၁ ကြိမ်ဖြစ်ပွား
======================

YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်တွင် တလအတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၅၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU ဗဟို​က ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ ၅၁ ကြိမ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တစ်လအတွင်း KNU တပ်မဟာ (၆) နယ်မြေ၌ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများ ဖြစ်သည်။

“ တပ်မဟာ (၆)အတွင်းသို့ အာဏာသိမ်း စစ်ကောင်စီတပ်များမှ အင်အားဖြည့်တင်း၍ နယ်မြေကျူးကျော် စစ်ကြောင်းများ ထိုးလာသည်နှင့်အမျှ KNLA၊ KNDO၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှလည်း ၎င်းတို့အား စီးနင်းတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခြင်း၊ စနိုက်ပါဖြင့် ချောင်းမြောင်း ပစ်ခတ်ခြင်း စသည်များ နေ့စဥ်နှင့်အမျှ လုပ်ဆောင်လျက်ရှိသည်" ဟု KNU က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်၌ ခရိုင်ရဲအုပ်မှူးတဦး၊ ရတ ခလရ (၁၇၅) ယာယီ တပ်ရင်းမှူးတဦး၊ ရဲအုပ်တဦး၊ ထွေအုပ်အကြီးတန်းစာရေးတဦး၊ တပ်ကြပ်တဦး၊ တပ်ခွဲအရာခံဗိုလ်တဦး နှင့် တပ်ခွဲ ဒု-အရာခံဗိုလ်တဦး အပါအဝင် ၇၉ ဦး သေဆုံးခဲ့ပြီး ခရိုင် ဒု-ရဲမှူးနှစ်ဦး၊ ရဲ ဒု-တပ်ကြပ်သုံးဦး၊ ဒုရဲအုပ်သုံးဦး နှင့် ရဲတပ်သားနှစ်ဦး အပါအဝင် ၄၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း KNU က ဆိုသည်။

စက်တင်ဘာလ တိုက်ပွဲများအတွင်း KNLA၊ KNDO၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်တွင်လည်း နှစ်ဦး ကျဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထို့ပြင် KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်များသည် ပြည်သူလူထုအား ဖမ်းဆီးနှိပ်စက်ခြင်း၊ ပြည်သူ၏နေအိမ်အား ဝင်ရောက် ဖျက်ဆီးပြီး ဒေသခံများ​၏ ပစ္စည်းများကို ယူဆောင်ခြင်း၊ ဒေသခံများနေထိုင်ရာ ကျေးရွာများအတွင်း လက်နက်ကြီးများ ပစ်ခတ်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်လျက်ရှိကြောင်း ဆိုသည်။

စစ်ကောင်စီတပ်​၏ အရပ်သားပစ်မှတ်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် တိုက်ပွဲများကြောင့် KNU တပ်မဟာ (၆) နယ်မြေတွင် စစ်ဘေးရှောင်ပြည်သူ ၁၂၉,၉၆၉ ဦး ရှိကြောင်း KNU ဗဟိုထံက သိရသည်။

ပုံအညွှန်း - KNLA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓါတ်ပုံ- KNU)
စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#KNU
#တိုက်ပွဲ
#လူ့အခွင့်အရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U
👍8👏8❤1🔥1🤯1
​​ကော့ကရိတ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ ကျောင်းသူ သေဆုံး၊ ၃ ဦး ဒဏ်ရာရ
========================

YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အ.လ.က (၃) စာသင်ကျောင်းရှေ့တွင် ယမန်နေ့ အောက်တိုဘာလ ၁၃ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကျောင်းသူတဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။

နေ့လယ်ကျောင်းဆင်းချိန်တွင် အ.လ.က (၃) ဝင်းကြီးကျောင်းရှေ့၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာ ကျောင်းရှေ့တွင် ရှိနေသည့် ကျောင်းသူများကို ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
"လက်နက်ကြီး လာကျမှပဲ ကျမှန်းသိတာ၊ ဘယ်တပ်က ပစ်လဲတော့ သေချာမပြောတတ်ဘူး။ ပုံမှန် လှိုင်ဝနဲ့ ခလရ (၉၇) က ရမ်းထုနေကျဆိုတော့ အဲ့ဒီတပ်တွေကပဲဖြစ်မယ်" ဟု ကော့ကရိတ်မြို့ခံတဦးက မဇ္ဈိမကိုပြောသည်။

လက်နက်ကြီးကျည် ထိမှန်သေဆုံးသွားသည့် ကျောင်းသူမှာ လေးတန်းကျောင်းသူ မမိုးအေးဖြစ်ပြီး ဒဏ်ရာရသူများမှာ မစုရင်အေး၊ မခူခူဖောနှင့် ပထမတန်းကျောင်းသူ မဝေဝေနှင်းတို့ဖြစ်ကာ မစုရင်အေးနှင့် မဝေဝေနှင်းတို့ နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

"ဒဏ်ရာရတဲ့အထဲက ကလေးနှစ်ယောက်ကတော့ အခု ဘားအံဆေးရုံမှာ" ဟု ကော့ကရိတ်မြို့ခံတဦးက မဇ္ဈိမကိုပြောသည်။
အဆိုပါ ဖြစ်ရပ် မဖြစ်ပွားမီ ယမန်နေ့ အောက်တိုဘာလ ၁၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ်နှင့် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ခလရ (၉၇) တပ်ဝင်းထဲသို့ တော်လှန်ရေးအင်အားစုများက လက်နက်ကြီးဖြင့် နှစ်ကြိမ် သွားရောက်ပစ်ခတ်ခဲ့ခြင်းရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

"ကလေးတစ်ယောက်သေသွားတယ်လို့ကြားတယ်။ ခလရ (၉၇) က ပစ်တာ၊ သူတို့ကိုပစ်လို့ သူတို့ဘက်က ရမ်းသန်း ပြန်ပစ်တာ" ဟု အဆိုပါ တော်လှန်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
ကော့ကရိတ်မြို့နယ်အတွင်းရှိ ခလရ (၉၇) နှင့် လှိုင်ဝ အမြောက်တပ်မှ စစ်ကောင်စီတပ်သားများသည် လူထုနေထိုင်ရာ ကျေးရွာ၊ ရပ်ကွက်များအတွင်း လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်လေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက် ညပိုင်းကလည်း စစ်ကောင်စီလက်အောက်ခံ ခလရ (၉၇)တပ် ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့နယ်၊ မြို့တော်ဦးရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ- ဒဏ်ရာရ ကျောင်းသူတစ်ဦး (ဓါတ်ပုံ- SBM)
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ကရင်ပြည်နယ်
#ကော့ကရိတ်မြို့နယ်
#လက်နက်ကြီးပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9😢2👍1😁1
​​အိန္ဒိယက အာဖဂန်နစ္စတန်တွင် ဖွံ့ဖြိုးရေးအကူအညီနှင့် စီမံကိန်းများ ပြန်လည်စတင်
========================

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်များ အာဏာပြန်ရလာပြီးနောက် လုပ်ပိုင်ခွင့်အာဏာ အပြောင်း အလဲများကြောင့် တစ်ကမ္ဘာလုံးက ရင်တမမဖြင့် စောင့်ကြည့်ခဲ့ရပြီး နိုင်ငံနှင့်ပြည်သူများအတွက် မသေချာ မရေရာမှုနှင့် မတည်ငြိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
တာလီဘန်များ အာဏာပြန်ရလာခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လသည် နိုင်ငံ၏သမိုင်းအတွက် အရေးပါသည့် အခိုက်အတန့်တစ်ခု ဖြစ်သည်။ အဆိုပါအခြေအနေသည် ဒေသတွင်းသာမက ကမ္ဘာ့ဇာတ်ခုံကိုပါ တုန်လှုပ် သွားစေခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁2🔥1
ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလို့ ဒေသခံ ၁ဝဝဝဝ ထက်မနည်းတိန်းရှောင်နေရ (ရုပ
KMN (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ပုလဲမြို့နယ်မှာ အောက်တိုဘာလဆန်းကစပြီး စစ်ကောင်စီတပ်က စစ်ကြေ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FCnLoyRoe-r8&h=AT0QYvrJJbBjW1dGEjgCDwFvF1ve9ajWVBOhNwVG30d3K2n4wIyL_9_OpkZPWZU8iVDmnxPiwbhF9EeFzwGs40kTXN0LFS47PRAiv1xwgBo5Zk5A04u329ltV9FBMX-5&s=1
🔥3👍1😁1🤬1
ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလို့ ဒေသခံ ၁ဝဝဝဝ ထက်မနည်းတိန်းရှောင်နေရ (ရုပ်၊သံ)
KMN (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ပုလဲမြို့နယ်မှာ ...
https://www.youtube.com/watch?v=CnLoyRoe-r8
👍2🔥2😢2😁1🤬1