Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
လောင်းလုံးမြို့မှာ လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှု ပြုလုပ်

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ စျေးတစ်ခုတွင် ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းက ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)၊ စည်းရုံး လှုံ့ဆော်ရေးပ်ကော်မတီမှ ဦးဆောင်ပြီး လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရ သည်။
အဆိုပါ လှုပ်ရှားမှုတွင် ပြည်သူလူထုအနေဖြင့် နိုင်ငံ‌ရေးအံတုမှုများ အပေါ် ပိုမိုယုံကြည်လာပြီး လက်နက်မဲ့ လူထုတိုက်ပွဲတွင် လက်တွေ့ကျကျ ပူးပေါင်းပါဝင်ကြရန်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးဒေါက်တိုင်များ ပြိုကျရေးအတွက် PTTEP နှင့် PTT အမှတ်တံဆိပ် ထုတ်ကုန်များအား ဆန့်ကျင်သပိတ်‌မှောက်ကြရန် စည်းရုံးဟောပြောခဲ့သည်ဟု ဦးဆောင်သူများထံမှ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima,
#နိုင်ငံ‌ရေးအံတုမှု
#ထားဝယ်ခရိုင်
#လောင်းလုံးမြို့နယ်
#DDMSC
❤5👍5🔥2😁2
​​ထန်တလန်မြို့တွင်းနှင့် CNA စခန်းငယ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
--------------------------------------------------------------------
ပါခွီး
မဇ္စျိမ ။။ ချင်းပြည်နယ် ၊ ထန်တလန်မြို့အတွင်းနှင့် ချင်းအမျိုးသားတပ်မတော် (CNA) စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၂ရက် နံနက်ပိုင်းတွင် ထန်တလန်မြို့တွင်းရှိ CNA နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF)များ နေထိုင်နိုင်သည့် နေရာများကို နေလယ် ၁၂နာရီ ၃၀မိနစ်နှင့် ည ၁၂နာရီအချိန်တို့တွင် ထန်တလန် မြို့နယ် ဘွားလ်ပီးစခန်းရှိရာသို့ တိုက်လေယာဉ်များဖြင့် ဗုံးကြဲခြင်းဖြစ် ကြောင်းသိရသည်။
“ဂျက်နှစ်စီးနဲ့ ထန်တလန်မြို့ထဲနဲ့ ဘွားလ်ပီကမ့်မှာ ဗုံးလာချတယ် ၊ စခန်းအဆောင် တချို့ပျက်စီးတယ် ၊ လူတွေထိခိုက်မှုမရှိဘူး” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ ကပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် ဘွားလ်ပီးစခန်းရှိ အဆောက်အဦအချို့ပျက်စီးခဲ့သည်မှအပ လူများထိခိုက်မှုမရှိကြောင်းနှင့် ထန်တလန်မြို့တွင် စစ်ကောင်စီတပ်အင်အား မတိုးချဲ့နိုင်သေးသောကြောင့် ယခုကဲ့သို့ လေတပ်ကို အားကိုးနေခြင်းဖြစ်ကြောင်းသုံးသပ်ပြော ဆိုသည်။
ထန်တလန်မြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းသို့ ရဟတ်ယာဉ်များ ဆင်းသက်ပြီး ဒဏ်ရာရသူများသယ်ဆောင်ကာ လက်နက်ခဲယမ်းများ ဖြည့်တင်းထားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၈ရက် ည ၉နာရီတွင် အင်အား ၄၀ခန့်ရှိသော ထန်တလန်မြို့ရဲ စခန်းနှင့် အင်းအား တပ်စိတ် တစ်စိတ်ရှိသော ထွေအုပ်ရုံးများရှိ စစ်ကောင်စီတပ်သားများကို CNA နှင့် CDF – Thantlang တို့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး လက်နက် ၄၀ကျော်နှင့် ခဲယမ်းများ သိမ်းဆည်းရခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီလ ၁ရက်နေ့ကလည်း ထန်တလန်မြို့ CB Bank တွင်အခြေကုတ်ယူထားသည့် စစ်ကောင်စီတပ်သားများကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လျှပ်တပြက် ဝင်ရောက်စီးနင်းပြီး စစ်ကောင်စီတပ်သားခြောက်ဦးကို လက်နက်များနှင့်တကွ ဖမ်းဆီး ခဲ့သေးသည်။
ယင်းကဲ့သို့ မြေပြင်တိုက်ပွဲများတွင် အရေးနိမ့်ပြီးနောက် ထန်တလန်မြို့တွင် စစ်ကောင်စီတပ်မှ ၎င်းတို့ တပ်စွဲထားသည့် တပ်ကုန်းတစ်ခုသာကျန်တော့ပြီး လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ထန်တလန်မြို့
#ချင်းအမျိုးသားတပ်မတော်
#စစ်ကောင်စီတပ်
#လေကြောင်း
👍7🔥2👏2
​​ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာအနီးတိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်မှရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာ ရ

လွှမ်းမိုး
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ ဇီးဖြူကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မွန်းလွဲနာရီ ၁ နာရီခန့်က နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သခင်ဒေါင်းညိုတပ်ဖွဲ့မှ သိရသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှထိခိုက်သေဆုံးမှုရှိနိုင်ပြီး ဒေသကာကွယ်ရေးတပ်မှ ရဲဘော် သုံးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ရဲဘော်ဒေါင်းညိုကဆိုသည်။
“ ဇီးဖြူကုန်း ပျူရွာကနေထွက်လာတဲ့ စစ်သားတွေနဲ့ထိတွေ့မှုဖြစ်တာပါ။ ငါးမိနစ်ခန့် လက်နက်ငယ်တွေ နဲ့အပြန်အလှန်ပစ်ခတ်ပြီးတဲ့နောက်မှာ ဇီးဖြူကုန်းရွာကနေ စစ်သားနဲ့ ပျူတွေက တပ်ကူထပ်ရောက်လာ တယ်။ တိုက်ပွဲကြာချိန် မိနစ် ၃၀ လောက်မှာ ကျနော်တို့ ပြန်ဆုတ်ခွာလာခဲ့ကြတယ်။ ကျနော်တို့ ရဲဘော် သုံးဦး ထိခိုက်ဒဏ်ရာခဲ့တယ်။ စစ်ကောင်စီတပ်ဘက်က အထိခိုက် အသေဆုံးကိုတော့ အသေးစိတ် မသိရ သေးဘူး”ဟု ၎င်းက မစ္ဇျိမကို ပြောသည်။
ထိုတိုက်ပွဲကို သခင်ဒေါင်းညိုတပ်ဖွဲ့ဦးဆောင်၍ ကျားသစ်နက်၊ People Special Force၊ ပုံတောင် ဂဠုန် အဖွဲ့ ၊ PIDF ၊ Tiger Fighter အဖွဲ့နှင့် ပုံတောင်ညီနောင်အဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ဇီးဖြူကုန်းကျေးရွာမှ စစ်ကောင်စီတပ်သားများနှင့်ပျူများသည် ရွာအနီးဝန်း ကျင်တွင် နင်းမိုင်းများခင်း၍ ခံစစ်စခန်းများ ပြန်လည်ပြုပြင်နေကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ပုလဲမြို့နယ်
#ဇီးဖြူကုန်းကျေးရွာ
#တိုက်ပွဲ
👍9❤3🔥2👏1
👍4🔥1
ကုက္ကိုစုတပ်စခန်းအား ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ဦး သေ

ဂျူနို
မဇ္စျိမ ။ ။မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုလ်စုကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချ ရာတပ်စခန်းအား ဒေသခံကာကွယ်ရေးအဖွဲ့များက ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်းသိရသည်။
“ တိုက်ပွဲက သုံးနာရီကျော်ကြာပါတယ်။ ကျွန်တော်တို့က ရန်သူအထိနာအောင်တိုက်ခိုက်ခဲ့ကြသလို စခန်းသိမ်းဖို့ ပြင်ဆင်နေချိန်မှာပဲ စစ်ကောင်စီဘက်က Mi35 ရဟတ်ယာဥ်တစ်စီး စစ်ကူရောက်လာပြီး ၁၀ မိနစ်ကြာ ပစ်ခတ်ခံရတာမို့ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်” ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး( PRF) ၊ ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံ ရဲဘော်လွန်းညီက မဇ္ဈိမကို ပြောသည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီး‌သေဆုံးမှုကို မျက်မြင်တွေ့ရှိခဲ့ရပြီး ဒဏ်ရာရရှိသူ အများအပြားရှိနိုင်ကြောင်း PRF က သတင်းထုတ်ပြန်ထားသည်။ ကာကွယ်ရေးပူးပေါင်းတပ်ဘက်မှ လည်း ရဲဘော်နှစ်ဦး ပြောင်းကွဲဒဏ်ရာနှင့် မိုင်းစထိမှန်ဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ခန့်မှန်းအင်အား ၅၀ ဝန်းကျင်ရှိသည့် အဆိုပါတပ်စခန်းကို ပြည်သူ့တော်လှန်ရေးတပ်ဦး (ပခုက္ကူ လှုပ်ရှား စစ်ဒေသ) ရဲဘော်များအပါအဝင် ပခုက္ကူတပ်ရင်း (၁၆)၊ ခွဲ (၂) ဗိုလ်မီးခဲအဖွဲ့၊ PPDF ၊ MUGDF ၊ M7 ၊ God of Myaing အဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အာဏာသိမ်းစစ်အုပ်စုမှ ပြည်သူလူထုကိုနည်းမျိုးစုံဖြင့် ဖိနှိပ်အနိုင်ကျင့်သတ်ဖြတ်မှုများ၊ ပြည်သူ့များ၏ နေအိမ်စားနပ်ရိက္ခာ မီးရှို့ဖျက်ဆီးခြင်းများ မကြာခဏပြုလုပ်လေ့ရှိ၍ စစ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းနိုင် ရေး တိုက်ပွဲဝင်နေကြခြင်းဖြစ်ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး (ပခုက္ကူလှုပ်ရှားစစ်ဒေသ) Pakokku Revolution Front က အသိပေးထားသည်။
ပြည်သူ့တော်လှန်ရေးတပ်ဦး (ပခုက္ကူလှုပ်ရှားစစ်ဒေသ) မှာ ၂၀၂၁ ခုနှစ် မေလတွင် ရှမ်းမြောက်ဒေသ၌ စစ်ရေးလေ့ကျင့်မှုသင်တန်းများကို သင်ယူခဲ့ပြီး ဇူလိုင်လတွင် Pakokku Revolution Front အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ကာ စက်တင်ဘာလတွင်သင်တန်းဆင်းပြီးနောက် စစ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင် ခဲ့ ခြင်းဖြစ်သည်။
ယခု ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် အဖွဲ့အစည်းတည်ထောင်ခြင်း နှစ်နှစ်ပြည့်မည်ဖြစ်ပြီး စစ်ရေးလှုပ်ရှားမှု အနေဖြင့် လာမည့် အောက်တိုဘာလတွင် နှစ်နှစ်ပြည့်မည်ဖြစ်ကြောင်း အဖွဲ့တာဝန်ခံက ဆိုသည်။
လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်ဖွဲ့နိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ကုက္ကိုစုတပ်စခန်း
#တိုက်ခိုက်
#ပခုက္ကူ
#PRF
👍8❤3😁1🥱1
​​ကျိုက်ထိုမြို့မရဲစခန်းနှင့် ကြံ့ခိုင်ရေးရုံးအနီးဗုံးသီးတွေ့သည်ဟုဆိုကာ စစ်သား၊ရဲများက အနီးပတ်ဝန်းကျင်သို့ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ဟုဆို

YT
မဇ္ဈိမ။ ။မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ကျိုက်ထိုမြို့မရဲစခန်းနှင့် မြို့နယ်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ရုံးအနီး၌ လက်လုပ်ဗုံးသီးတွေ့သည်ဟုဆိုကာ စစ်ကောင်စီတပ်မှ အနီးအနားပတ်ဝန်းကျင်သို့ သေနတ်ဖြင့် အချက် ၄၀ ကျော် ပစ်ခတ်ခဲ့သည်ဟု သိရသည်။
ကျိုက်ထိုမြို့၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်ခန့်နှင့် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက သေနတ်အချက်ပေါင်း ၄၀ကျော် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။
" ရဲစခန်းနဲ့ ကြံ့ခိုင်ရေးရုံးနားမှာ ဗုံးတွေ့လို့ဆိုပြီး ပစ်တာလို့ သိရတယ်။ရမ်းသမ်းပစ်တာ။ သေနတ်သံဆူညံနေတာပဲ" ဟု မြို့ခံတဦးကမဇ္စျိမကို ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၁၁ နာရီခန့်တွင်လည်း ကျိုက်ထိုမြို့ထဲ၌ သေနတ်သံများ ကြားရကြောင်း သိရသည်။ ထိုပစ်ခတ်မှုများအတွင်း အရပ်သားများအားထိခိုက်မှုမရှ်ိဟု မြို့ခံများကပြောသည်။
" ရဲစခန်းမှာ ပစ်တာက ဖေဖော်ဝါရီလ ၂၁ ရက်နေ့ညက ။ မနေ့ညကလည်း မြို့ထဲမှာ သေနတ်ပစ်တယ်၊ ည ၁၁ နာရီလောက်မှာပစ်တာ ၁၅ ချက်ကျော်တယ်။ နှစ် ရက်ဆက်တိုက်ရှိပြီ မြို့ထဲမှာ သေနတ်သံတွေကြားရတာ" ဟု ဒေသခံတဦးက ယနေ့ ဖေဖော်ဝါရီလ၂၄ရက်နံနက်တွင် ပြောသည်။
ကျိုက်ထိုမြို့နယ် ရဲစခန်းနှင့် USDP ရုံးရှေ့တွင် ဗုံးသီးတွေ့ရှ်ိပြီးနောက် စစ်ကောင်စီက ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဘန်ကာအများအပြားချထားကာ ဆိုင်ကယ်များအား စစ်ဆေးမှု စတင်ပြုလုပ်နေသည်ဟု မြို့ခံများကပြောသည်။ ကျိုက်ထီးရိုးပြတိုက်ကွေ့နှင့် DenKoဆီဆိုင်ရှေ့တွင်လည်း စစ်ဆေးနေကြောင်း သိရသည်။
ထို့အပြင် ကျိုက်ထိုမြို့နယ် ကင်မွန်းစခန်းကျေးရွာ၊ ကင်မွန်းစခန်းရဲစခန်းအနီးတွင် နေထိုင်သော ဒေသခံပြည်သူများကိုလည်း အမြန်ဆုံးပြောင်းရွှေ့ရန် စစ်ကောင်စီက စေခိုင်းနေကြောင်း သိရသည်။ ပြောင်းရွှေ့ခိုင်းသည့်အကြောင်းရင်းကို အတိအကျမသိရသေးကြောင်း ဒေသခံများကပြောသည်။
ကျိုက်ထိုမြို့နယ်သည် စစ်ကောင်စီက ညနေ ၆ နာရီမှ နံနက် ၄နာရီအထိ မထွက်ရအမိန့်ထုတ်ထားသော မြို့နယ်ဖြစ်သည်။ ထို့အပြင် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းများ မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရကာ KNU တပ်မဟာ (၁)၊ တပ်ရင်း (၃) KNLAနှင့် PDFများက စစ်ကောင်စီကိုမကြာခဏတိုက်ခိုက်နေသည်။
စာတည်း - မောင်ကြီး
#မွန်ပြည်နယ်
#ကျိုက်ထိုမြို့
#လက်လုပ်ဗုံးသီးတွေ့
👍9👏2❤1
​​စစ်ကောင်စီတပ် ဖင်္မးဆီးသွားသော ဓါတ်ပုံဆရာ နာရီပိုင်းအတွင်းသေဆုံး

008
(မန္တလေး/မဇ္ဈိမ) မန္တလေးမြို့နေ ဓါတ်ပုံဆရာတစ်ဦးမှာ ဖေဖော်ဝါရီ ၁၉ရက်၊ ညနေက စစ်ကောင်စီတပ်ဖွဲ့၏ အကြမ်းဖက်ဖမ်းဆီးခံရပြီးနောက်ပိုင်း နာရီပိုင်းအတွင်းမှာပင် သေဆုံးသွားသည်။
မဟာအောင်မြေမြို့နယ်၊ ၈၂ လမ်းနှင့် ၄၄လမ်း၊ မဟာမုနိဘုရားကြီးအနီးရှိ နေအိမ်တွင် ညနေ ၆နာရီခန့်က ဓါတ်ပုံဆရာ ကိုအောင်ဝင်းထွဋ်(ခ)ကိုအောင်(ဆောင်းနှင်းဖြူ)ကို စစ်ကောင်စီမှ သေနတ်ပစ်ဖောက် ရိုက်နှက် ဖမ်းဆီးသွားခဲ့သည်။ ည ၉နာရီ၌ သေဆုံးသွား​၍ အလောင်းလာထုတ်ယူရန် မိသားစုထံ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
"ဘာကြောင့် ဖမ်းတယ်ဆိုတာမသိရဘူး။စစ်ကားနဲ့လာပြီး သေနတ် နှစ်ချက်ဖောက် ဖမ်းသွားတာပဲ။အလောင်းကို ဆေးရုံကြီးပို့လိုက်ပြီး အ​ဲဒီမှာ အလောင်းသွားထုတ်ပါလို့ အကြောင်းကြားတယ်။"ဟု မိသားစုနှင့်နီးစပ်သူ တစ်ဦးကပြောသည်။
သေဆုံးသူနှင့်လုပ်ဖော်ကိုင်ဘက် တစ်ဦးကလည်း"ပျော်ပျော်နေတတ်တဲ့သူ တက်ကြွတဲ့သူ။သူဟာ သူ့အလုပ်သူ ရိုးရိုးသားသား လုပ်နေသူ။ဒီလိုလူကို ဖမ်းပြီး သတ်လိုက်တာ ပြောဖို့ စကားမရှိတော့ဘူး။သိပ်ဝမ်းနည်းဖို့ကောင်းတယ်။"ဟုပြောသည်။
သေဆုံးသူ အဖမ်းခံရသည့် ညမှာပင် မဟာမုနိဘုရားကြီး အနီးရှိ ရပ်ကွက် များမှ လူငယ်တစ်ချို့လည်း ဖမ်းဆီးခံခဲ့သည်။
သေဆုံးသွားသူ ကိုအောင်ဝင်းထွဋ်၏ အလောင်းကို ဆေးရုံကြီးမှ ထုတ်ယူပြီး ဖေဖော်ဝါရီ ၂၁ရက်၊မွန်းလွဲပိုင်းတွင် သင်္ဂြ ိုလ်ခဲ့ကြောင်းသိရသည်။
သေဆုံးသွားသူ ကိုအောင်ဝင်းထွဋ်သည် မန္တလေးတက္ကသိုလ် ကျောင်းသားဟောင်းဖြစ်ပြီး ဓါတ်ပုံ၊ဗီဒီယိုရိုက်ကူးခြင်းဖြင့် အသက် မွေးဝမ်းကြောင်းနေသူဖြစ်ကြောင်းသိရသည်။
ဓါတ်ပုံ- သေဆုံးသူ ကိုအောင်ဝင်းထွဋ်(ခ)ကိုအောင်(ဆောင်းနှင်းဖြူ)
😢25🤬5👍3🔥1
​​ဖားကန့်မှာ ကျောက်အရောင်းအဝယ်သမား သေနတ်ဖြင့်ပစ်သတ်ခံရ

အဂမ်
မဇ္ဈိမ။ ။ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကျောက်အရောင်းအဝယ်သမား အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရသည်ဟု ဒေသခံတွေက ဆိုသည်။
ကချင်ပြည်နယ် ဖားကန့်မြို့ မော်ဝမ်းရပ်ကွက် (၅)၊အိမ်အမှတ် (၁၀၉) မှ အိမ်ရှင်အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်တစ်စုမှ ယမန်နေ့ နေ့လယ် ၁ နာရီခန့်တွင် လာရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ယခုလိုပြောသည်။
``လူငယ် ငါးယောက်လာခဲ့တာဟုတ်တယ်။ သုံးယောက်က တစ်စီးနဲ့ နှစ်ယောက်က တစ်စီးဟုတ်တယ်။ လူသုံးယောက်စီးတဲ့ဆိုင်ကယ်က အပြင်မှာစောင့်နေပြီး၊ နှစ်ယောက်ပဲစီးတဲ့ ဆိုင်ကယ်သမားတွေက အိမ်ထဲအထိ ဝင်ပစ်သွားတာပါ´´ဟု မျက်မြင်တွေ့ရှိသူ သတင်းရင်းမြစ်က ပြောသည်။
သေနတ်ပစ်သတ်ခံရသူသည် အသက် ၄၉ နှစ်အရွယ်ရှိ ဦးသန်းစိုးနိုင် ဆိုသူဖြစ်ပြီး ဦးခေါင်းတွင်ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် နေအိမ်မှာပဲ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူ ဦးသန်းစိုးနိုင်သည် ၎င်းနေအိမ်တွင် မိသားစုနဲ့အတူတကွ နေထိုင်ပြီး၊ ကျောက်အရောင်းအဝယ် လုပ်ကိုင်နေသူ တစ်ဦးလည်း ဖြစ်သည်။
ဦးသန်းစိုးနိုင်အား လာရောက်ပစ်သတ်သွားသည့်အဖွဲ့သည် မည်သည့်အဖွဲ့အစည်းမှဖြစ်ကြောင်း မသိရသေးသည့်အပြင် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများက ပြောသည်။
ဖားကန့်မြို့တွင် ယခုလို လူသတ်မှု လုယက်မှု လူသေမှုများသည် ကချင်ပြည်နယ်၌ အများဆုံးဖြစ်ပွားနေပြီး၊ ယခုနှစ်အတွင်း အသတ်ခံရသူ လေးဦးထိ ရှိလာနေပြီဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဖားကန့်မြို့
#လက်နက်ကိုင်
#လုယက်မှု
#လူသတ်မှု
👍3👏1
​​ဘဏ္ဍာနှစ် ၁၀ လအတွင်း ရေနံထုတ်ကုန် အများဆုံး တင်သွင်း 

၂၀၂၂-၂၃ ဘဏ္ဍာနှစ်၏ ပထမ ၁၀ လအတွင်း မြန်မာနိုင်ငံသည် ရေနံထုတ်ကုန် အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၂၆ ဘီလီယံဖိုး တင်သွင်းခဲ့သည်။
အခြားသော သွင်းကုန်ကုန်စည်များထက် ရေနံအပေါ် အများဆုံး သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်သော စာရင်းများအရ သိရသည်။
ရေနံထုတ်ကုန်များမှာ ဓာတ်ဆီ၊ ဒီဇယ်နှင့် လေယာဉ်ဆီတို့အပါအဝင် ရေနံအခြေပြု လောင်စာဆီများ အကျုံးဝင်သည်။
မြန်မာနိုင်ငံတွင် လက်ရှိဘဏ္ဍာနှစ်၌ ရေနံထုတ်ကုန် ဈေးနှုန်းများ မတည်မငြိမ် ဖြစ်နေသည်။ လက်ရှိ၌ လောင်စာဆီ ဈေးနှုန်းသည် ဈေးမြင့်တက်နေပြီး တစ်လီတာလျှင် ကျပ် ၂,၀၀၀ ဝန်းကျင် ရှိသည်။
ရုရှနိုင်ငံက ၎င်း၏ ရေနံထုတ်လုပ်မှုကို ငါးရာခိုင်နှုန်း လျှော့ချမည်ဟု မတ်လအတွင်းက ကြေညာထားရာ တစ်နေ့ ရေနံစည်ပေါင်း ၅၀၀,၀၀၀ ထုတ်လုပ်မှု လျှော့ချရန် ရှိခြင်း ဖြစ်သည်။ ယင်းကြောင့် မြန်မာလောင်စာဆီ ဈေးကွက်ကို တိုက်ရိုက်သက်ရောက်မည် မဟုတ်သော်လည်း ကမ္ဘာ့ရေနံဈေး မြင့်တက်ခြင်း ဖြစ်လာနိုင်ရာ မြန်မာပြည်တွင်းဈေးကွက်အပေါ် သက်ရောက်လာနိုင်သည်။
👍4😁1
ဖေဖော်ဝါရီလ ၂၃ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

01:08-မြန်မာအရေး ဘုံသဘောတူညီချက် ၅ချက်ကို တရုတ်ထောက်ခံမှု အာဆီယံကြိုဆိုပေမယ့် အနောက်နိုင်ငံတွေကတော့ အာဆီယံရဲ့နည်းလမ်းဟာ အလုပ်မဖြစ်ဘူးလို့ပြောတဲ့ သတင်း

04:32-နိုင်ငံကူးလက်မှတ်ကို အွန်လိုင်းဘွတ်ကင်စနစ်သစ်နဲ့ လျှောက်ထားနိုင်ကြောင်း စစ်ကောင်စီ ကြေညာတဲ့ သတင်း

05:51-ထန်တလန်မြို့တွင်းနဲ့ CNA စခန်းငယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့ သတင်း

07:04-စစ်ကောင်စီကိုအကြောင်းပြပြီးတော့ EXXON FILM Investment အက်ပလီကေးရှင်း ငွေထုတ်မှု ယာယီရပ်ဆိုင်းပြီး ရင်းနှီးမြုပ်နှံမှုကိုတော့ ဆက်လက်ခွင့်ပြုတယ်ဆိုတဲ့ သတင်း
👍4😁1🤮1
​​အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း မြန်မာတွင် မြေမြှုပ်မိုင်းကြောင့် သေဆုံး၊ ဒဏ်ရာရမှုများ မြင့်တက်လာဟု ကုလ ပြော

မြန်မာနိုင်ငံတွင် ယမန်နှစ်က မြေမြှုပ်မိုင်းနှင့် စစ်ကျန် ခဲယမ်းမီးကျောက်များ ပေါက်ကွဲမှုကြောင့် တစ်နေ့လျှင် လူတစ်ဦးနှုန်းခန့် သေဆုံး သို့မဟုတ် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂက ပြောပြီး သေဆုံး၊ ထိခိုက်မှုများသည် ၂၀၂၁ ခုနှစ်ကနှင့် နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်း ပိုများခဲ့သည်ဟု ထောက်ပြသည်။
၂၀၂၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းခဲ့ခြင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ တစ်ဖန်ပြန်လည်ပေါ်ပေါက်ခဲ့သလို နိုင်ငံတွင် ယခင် ဆယ်စုနှစ်များအတွင်း မထိမခိုက်ဘဲ ရှိနေခဲ့သော ဧရိယာများတွင် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်သည့် “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ” ထူထောင်ဖွဲ့စည်းမှုများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။
လူသတ်မိုင်းများကို အသုံးပြုခြင်း၊ သိုမှီးခြင်း သို့မဟုတ် ထုတ်လုပ်ခြင်းအပေါ် ပိတ်ပင်တားမြစ်သည့် ကုလသမဂ္ဂ သဘောတူညီချက်တွင် မြန်မာသည် ပါဝင်လက်မှတ်ထိုးထားခြင်း မရှိပေ။
၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းများ သို့မဟုတ် စစ်ကျန်ခဲယမ်းမီးကျောက်များ ပေါက်ကွဲမှုကြောင့် လူ ၃၉၀ ဦး သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က ဖေဖေါ်ဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့ပြီး ယင်းသည် ယခင် အစောပိုင်းနှစ်နှင့် ယှဉ်ပါက ၄၀ ရာခိုင်နှုန်းနီးပါး ပိုများလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဖြစ်စဉ်များ၏ သုံးပုံ နှစ်ပုံခန့်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်တပ်တို့အကြား တိုက်ပွဲများဖြစ်ထားခဲ့သည့် ဧရိယာများနှင့် သစ်၊ ကျောက်စိမ်းနှင့် မူးယစ်ဆေးဝါး ကုန်သွယ်မှုကဲ့သို့ ရင်းမြစ်များကို ထိန်းချုပ်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်ပတ်သက်ပြီး ဆယ်စုနှစ်များကြာ အချင်းချင်း တိုက်ခိုက်ထားခဲ့သည့် ဧရိယာများတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သေဆုံး၊ ဒဏ်ရာရမှုများ၏ ငါးပုံ တစ်ပုံနီးပါးသည် စစ်ကိုင်းတိုင်း မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဒေသသည် စစ်အာဏာမသိမ်းမီက အများအားဖြင့် တည်ငြိမ်အေးချမ်းခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်တော်လှန်သည့် အချက်အချာနေရာအဖြစ် ထွက်ပေါ်လာခဲ့သည်။
စစ်အာဏာသိမ်းမှု မတိုင်ခင် ၂၀၂၀ ပြည့်နှစ်က မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၂၅၄ ဦး ရှိခဲ့ကြောင်း ယူနီဆက်ဖ်က ပြောသည်။
မြန်မာစစ်တပ်သည် ဆယ်စုနှစ်များစွာကြာ ပြည်တွင်း ပဋိပက္ခအတွင်း ကြမ်းကြုတ်ယုတ်မာသော လုပ်ရပ်များနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ကြောင်း ထပ်တလဲလဲ စွပ်စွဲခံထားရသည်။
အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့များသည် ၎င်းတို့ကို ဆန့်ကျင်တိုက်ခိုက်သည့် တပ်ဖွဲ့များနှင့် ရင်ဆိုင်ရလျက် ရှိစဉ် ဘုရားကျောင်းများ ဝန်းကျင်နှင့် စပါးခင်းများသို့ သွားရာ လမ်းကြောင်းများပေါ်တွင် အပါအဝင် မြေမြှုပ်မိုင်းများကို အကြီးအကျယ် ထောင်ထားခဲ့ကြောင်း ယမန်နှစ်က နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ပြောသည်။
ယူနီဆက်ဖ်၏ ကိန်းဂဏန်းများတွင် အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တော်လှန်သည့် တိုက်ခိုက်ရေးသမားများက “ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့များ” ကို ပစ်မှတ်ထားခြင်းကြောင့် ဖြစ်ပေါ်သည့် သေကျေ၊ ဒဏ်ရာရမှုများကို ထည့်သွင်းထားခြင်း မရှိဟု အေဂျင်စီက ပြောသည်။
အာဏာသိမ်းမှုနှင့် ယခုနှစ် ဇန်နဝါရီအကြားတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တိုက်ခိုက်ရေးသမားများနှင့် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြောင့် လူ ၅,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း စစ်ကောင်စီက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များက လူ ၃,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့သလို စစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုအတွင်း လူ ၁၉,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း ပြည်တွင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုက ပြောသည်။
(ကိုလူအေး ဘာသာပြန်သည်)
👍7❤2
​​ကြို့ပင်ကောက်မြို့တွင် အရပ်သားကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီပစ်ခတ်

ရွှေနွယ်
မဇ္ဈိမ။ ။ ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ် လက်ပံပင်စုကျေးရွာအုပ်စု သာစည်ရွာတွင်နေထိုင်သူတစ်ဦးအား Mytel တာဝါတိုင်သို့ဖောက်ခွဲရန်လာသည့် PDF ဟု စွပ်စွဲကာ ဖေဖော်ဝါရီ ၂၁ ရက်၊ နံနက် ၀၀ နာရီ ၃၀ အချိန်ခန့်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်ခံရသူမှာ အသက် ၆၀ နှစ်အရွယ် ဦးသန်းဦးဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်ခင်အေးသန်းနှင့် ဗားကရာဘုန်းကြီးကျောင်းဘုရားထီးတင်ပွဲသို့ ဆိုင်းပွဲသွားကြည့်ရာမှ အုတ်ဖုတ်သည့်တဲသို့ တစ်ဦးတည်းပြန်လာစဉ်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။
"မိသားစုလိုက် ဘုရားထီးတင်ပွဲကိုသွားကြပြီး အပြန်မှာ ဆိုင်ကယ်တစ်စီးတည်းဆိုတော့ လူမဆန့်လို့ သူတစ်ယောက်တည်း ခြေလျင်လျောက်ပြန်လာတာပါ၊ အုတ်ဖုတ်တဲ့နေရာကိုအဝင်မှာ နေရာမှားပြီး သူက Mytel တာဝါတိုင်ရှိတဲ့ဘက်ကို ဝင်မိတာမှာ အစောင့်စစ်သားတွေက ပစ်လိုက်တာပါ၊ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားပါတယ်” ဟု ကြို့ပင်ကောက်မြို့နေ ဒေသခံတစ်ဦးမှ မဇ္ဈိမကို ပြောသည်။
သာစည်ကျေးရွာရှိ Mytel တာဝါတိုင်တွင် စောင့်နေသောစစ်သားများမှ ပထမတစ်ချက်လှမ်းပစ်ပြီး မေးမြန်းရာတွင် ဦးသန်းဦးမှ ပြန်လည်မဖြေကြားသည့်အတွက် နောက်ထပ်တစ်ချက်ထပ်မံပစ်ခတ်ရာတွင် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
ဦးသန်းဦးသည် အနည်းငယ် စိတ်ချို့ယွင်းသူဖြစ်သည့်အတွက် မေးမြန်းရာတွင် ပြန်မဖြေဆိုနိုင်ခဲ့ခြင်း ဖြစ်နိုင်သည်ဒေသခံမှ သုံးသပ်သည်။
ထိုသို့ပစ်ခတ်သတ်ဖြတ်မှုနှင့်ပတ်သတ်၍ စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် Mytel တာဝါတိုင်သို့ ဖောက်ခွဲရန်လာသည့် PDF ဖြစ်သောကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။
“PDF နဲ့လုံးဝသက်ဆိုင်မှုမရှိတဲ့ အရပ်သားပြည်သူပါ၊ သူတို့ကတော့ PDF လို့ပြောပြီး ပစ်လိုက်တာပါ၊ ဒါပေမယ့် သူဟာ PDF နဲ့ လုံးဝသက်ဆိုင်မှုမရှိပါဘူး” ဟု ကြို့ပင်ကောက်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးမှ မဇ္ဈိမကိုပြောသည်။
ထိုသို့ပစ်သတ်ခံရပြီးနောက်တွင် အလောင်းကို စစ်ကောင်စီတပ်များမှ ပြည်မြို့ကုတင် ၁၀၀ ဆေးရုံသို့သယ်ယူသွားသည်ဟု သိရသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့တွင်လည်း နတ်တလင်းမြို့နယ်၊ တာပွန်စစ်ဆေးရေးဂိတ်တွင် အသက် ၂၀ ကျော်အရွယ်လူငယ်တစ်ဦးကို ဆိုင်ကယ်မရပ်ပေးသည့်အတွက် စစ်ကောင်စီတပ်များမှ သေနတ်နှင့်ပစ်သတ်ခဲ့သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကြို့ပင်ကောက်မြို့နယ်
#PDF
#စစ်ကောင်စီတပ်
#Mytel
🤬8❤2👍2