Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အမေရိကန် နိုင်ငံခြားရေးဌာနနှင့် သမ္မတအိမ်ဖြူတော်ရှေ့သို့ မြန်မာ့အရေး တောင်းဆို ဆန္ဒပြချီတက်

မဇ္ဈိမ
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ သမ္မတ အိမ်ဖြူတော်၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရှေ့တို့တွင် မြန်မာ့အရေးလှုပ်ရှားသူများက ယနေ့ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်အစောပိုင်းက မြန်မာ့အရေး တောင်းဆိုချီတက် ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြတောင်းဆိုသူများက မြန်မာနိုင်ငံတွင် လေယာဉ်မပျံသန်းရဇုန် No Fly Zone သတ်မှတ်ရန်၊ စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူရန် တောင်းဆိုခဲ့ကြသည်။
ဝါရှင်တန်ဒီစီ ဧရိယာရှိ မြန်မာ့အရေးလှုပ်ရှားသူများနှင့်အတူ နယူးယောက် အင်ဒီယားနား မေရီလန်း ဗာဂျီးနီးယား မြောက်ကယ်ရိုလိုင်းနား တင်နက်စီ ကင်တက်ကီ အမေရိကန်ပြည်ထောင်စုတဝှမ်းရှိ ပြည်နယ်အများအပြားမှ မြန်မာပြည်ဖွား တိုင်းရ်ငးသားပေါင်းစုံ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဆန္ဒပြ ချီတက်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ဒေသစံတော်ချိန် နေ့လည်၁နာရီမှ ညနေ ၅နာရီထိကျင်းပခဲ့ပြီး ချီတက်ပွဲနှင့်အတူ No Fly Zone သရုပ်ပြအစီစဉ်များကိုလဲ ထည်သွင်းကျင်းပခဲ့သည်။
#စစ်အာဏာရှင်
#ဆန္ဒပြ
#အမေရိကန်မြန်မာ့အရေး
❤16👍11👏1😁1🤮1
​​လျှပ်စစ်သုံးယာဥ်နှင့် ဆက်စပ်လုပ်ငန်းများအား ဦးစားပေးရင်းနှီးမြှုပ်နှံမှုကဏ္ဍအဖြစ် သတ်မှတ်ထား

မေဘယ်လ်သူ
မဇ္ဈိမ။ ။လျှပ်စစ်သုံးယာဥ်နှင့် ဆက်စပ်လုပ်ငန်းများအား စစ်ကောင်စီလက်အောက်ခံ အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ဦးစားပေးရင်းနှီးမြှုပ်နှံမှုကဏ္ဍအဖြစ်သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင် (MIC)က ဆိုသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၄၃ နှင့် ပုဒ်မ ၁၀၀ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး သတ်မှတ်ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထုတ်ပြန်ထားသည်။
အဆိုပါကဏ္ဍတွင် လျှပ်စစ်သုံးယာဉ်အမျိုးမျိုး တပ်ဆင်/ ထုတ်လုပ်/ ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှု လုပ်ငန်းများ၊ အားဖြည့်သွင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဘက္ထရီထုတ်ခြင်းနှင့် ဆက်စပ်ဝန် ဆောင်မှုလုပ်ငန်းများ၊ လျှပ်စစ်သုံး ဘတ်စ်ကားပြေးဆွဲခြင်း၊ လျှပ်စစ်သုံးအငှားယာဉ် (Taxi)နှင့် ကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် လျှပ်စစ်သုံးယာဉ် ကိုယ်ထည်အစိတ်အပိုင်း၊ ဆက်စပ်ပစ္စည်းနှင့် စက်ကိရိယာများ၊ ပြုပြင်ထိန်း သိမ်းခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ နှစ်ဘီးတပ်ယာဉ်အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်း / စက်ကိရိယာများ၊ လျှပ်စစ်နှင့် ဒီဇယ်-လျှပ်စစ် မီးရထားစက်ခေါင်း၊ အားသွင်းခြင်းဆိုင်ရာစသည့် ဆက်စပ်ပစ္စည်းစက် ကိရိယာ အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းလည်း ပါဝင်ကြောင်း သိရသည်။
လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle –BEV) တင်သွင်းရောင်းချမည့် ကုမ္ပဏီများအနေဖြင့် ကျပ်သိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက် တင်ပြရမည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#လျှပ်စစ်သုံးယာဉ်
#စစ်ကောင်စီ
#ရင်းနှီးမြှုပ်နှံမှု
👍6🤩1
မြစ်ငယ်မီးရထားရဲတပ်ဖွဲ့မှ ဒုရဲမှူး ပစ်သတ်ခံရ

007
မဇ္ဈိမ။ ။ မန္တလေးမြို့တွင် ယမန်နေ့ညနေပိုင်းက မြစ်ငယ်မီးရထားရဲတပ်ဖွဲ့မှ ဒုရဲမှူးအဆင့်ရှိသူတစ်ဦး ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဋ)ရပ်ကွက်၊ ၄၄ လမ်းနှင့် ၁၃၆ လမ်းထောင့်အနီးရှိ၊ အိမ်ခြံမြေပွဲစား အမျိုးသမီးတစ်ဦး၏နေအိမ်သို့ အလည်ရောက်ရှိနေစဉ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ် ခန့်တွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
“အသတ်ခံရတဲ့ရဲမှူးက အဲဒီအိမ်ကို မကြာခဏလာလေ့ရှိတယ်။ သူတို့က သီးသီးသန့်သန့်နေကြတာဆို တော့ သူတို့အကြောင်း သိပ်မသိကြဘူး။ အဲဒီအိမ်ကအစ်မက မြေပွဲစားဆိုတာလောက်ပဲသိတယ်။ မနေ့က ညမိုးချုပ်စလေးပဲရှိသေးတယ် သေနတ်သံသုံးလေးချက်ဆက်တိုက်ကြားရပြီး၊ နောက်တော့သိရတာက အဲဒီအိမ် အလည်လာတဲ့ရဲမှူး အသတ်ခံရတာတဲ့၊ ပွဲချင်းပြီးသေတာပါ” ဟု ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
အသတ်ခံရသည့်ဒုရဲမှူးသည် အမှတ်(၆)မီးရထားရဲတပ်ဖွဲ့(မြစ်ငယ်)မှ တပ်ခွဲမှူးအဆင့်ရှိသော ဒုရဲမှူး ဝင်းမင်းသန့်ဆိုသူဖြစ်ကြောင်း သိရသည်။
❤5👍4🥴3
၎င်းအသတ်ခံရမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်သွားသည်ကို မသိရသေးဘဲ စစ်ကောင်စီ၏ဝါဒဖြန့်သတင်းများတွင် ဓားပြတိုက်မှုဖြစ်ကြောင်း၊ အမည်မသိ လူရှစ်ဦးက သေနတ်အတို တစ်လက်နှင့် ဓားများကိုင်ဆောင်ကာ နေအိမ်အတွင်း ဝင်ရောက်ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း ဖော်ပြ သည်။
၎င်းအား သေနတ်ဖြင့်သုံး ချက်ပစ်သွားခြင်းဖြစ်ပြီး၊ ဦးခေါင်းငယ်ထိပ်ကျည်ဆန်ဖောက်ဝင်ဒဏ်ရာ၊ ဝဲ ခါး စောင်းမှဖောက်ဝင်ဒဏ်ရာ၊ ဦးခေါင်းနောက်စေ့မှဖောက်ဝင်ဒဏ်ရာတို့ဖြင့်၊ နေရာမှာပင်သေဆုံးသွားခြင်း ဖြစ်ကြောင်း၊ ၎င်းကိုင်ဆောင်သည့် ပစ္စတိုသေနတ်တစ်လက်နှင့် ကျည် ၁၈ တောင့်နှင့် စကားပြောစက် တစ်လုံးယူဆောင်သွားကြောင်း အဆိုပါသတင်းများက ဆိုသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးမြို့
#မြစ်ငယ်မီးရထားရဲတပ်ဖွဲ့
#ဒုရဲမှူး
👍7🔥2❤1👏1
❤2👍2🔥1😁1
ကနီနှင့် မြိုင်တွင် ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ကျဆုံးခြင်း ၁ နှစ်ပြည့် ပြုလုပ်

ဂန္ဒမာ(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နှင့် မကွေးတိုင်း၊ မြိုင်မြို့နယ်တို့တွင် ဖေဖော်ဝါရီလ ၂၅ ရက် နေ့က အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ဥက္ကဋ္ဌဟောင်း ကိုညီမင်းသူ ကျဆုံးခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြိုင်မြို့နယ်တွင်ပြုလုပ်သော စစ်အာဏာရှင်စနစ်ဆန့်ကျင့်ရေးလှုပ်ရှားမှု၌ ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများဖြစ်သော မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အခြေခံ ပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)နှင့် ဒေသခံလူထုတို့ပူးပေါင်းပါဝင်ခဲ့ကြပြီး ကနီမြို့နယ်တွင် ကျောင်းသားများသမဂ္ဂ (ဗကသ များအဖွဲ့ချုပ်)က ပြုလုပ်ကြောင်း သိရသည်။
ကိုညီမင်းသူသည် မရမ်းကုန်းမြို့နယ်ရှိ Safe House တစ်ခုတွင် စစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်း ခြင်းခံခဲ့ရပြီး နေရာတွင်ပင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#မကွေးတိုင်း
#ကနီမြို့နယ်
#မြိုင်မြို့နယ်
#ဗကသများအဖွဲ့ချုပ်
👍8🔥1😁1
​​အရာတော်မြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့နေ၍ ဒေသခံ ၅,၀၀၀ ခန့် ထွက်ပြေးနေရ

MTO
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တောင်ပိုင်းရှိကျေးရွာများအား စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေသဖြင့် ဒေသခံ ၅,၀၀၀ ခန့် စစ်ရှောင်နေရကြောင်း သိရသည်။
အရာတော်မြို့နယ်တောင်ပိုင်းရှိ မလဲသာ၊ ကံရင်း၊ ညောင်ပင်စသည့်ကျေးရွာများအနီးတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်မှ အင်အား ၁၂၀ ကျော်ခန့်ကို ရဟတ်ယာဉ်ဖြင့်လာရောက်ပို့ဆောင် သွားပြီး ကျေးရွာများအား စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံ ပြည်သူ ၅,၀၀၀ ခန့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ မလဲသာ၊ ကံရင်း၊ ညောင်ပင် ကျေးရွာအနားကို Mi 17 ရဟတ်ယာဉ်နဲ့ အင်အား ၁၂၀ ကျော် လာချသွား တယ်။ အဲဒီစစ်ကြောင်းဟာ မြင်းမူ-အရာတော်နယ်စပ်က ပဒတ္ထိုင်းရွာကို မီးရှို့နေတယ်။ အဲဒီနားက ရွာသုံး ရွာနဲ့ မြင်းမူ-အရာတော်အစပ်ကရွာတွေက ဒေသခံ ၅,၀၀၀ လောက်ဘေးလွတ်ရာကို ပြေးနေရတယ်” ဟု ၎င်းကပြောသည်။
အရာတော်မြို့နယ်အတွင်း စစ်ကြောင်းနှစ်ခုခွဲကာစစ်ကြောင်းထိုးနေပြီး အရာတော်မြို့အထိုင်စစ်ကြောင်း ကလည်း မြို့နယ်အတွင်းမှကျေးရွာများဖြစ်သည့် ကျောက်ပျောက်၊ နွားမသင်း၊ သခွပ်ပင်လယ်နှင့် မင်းရွာ များ ဘက်သို့ စစ်ကြောင်းထိုးနေကြောင်း သိရသည်။
ယင်းစစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်း နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းတွင် မင်းရွာအနီး၌ နှစ်နာရီကြာတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့မှ ၁၂ ဦး သေဆုံးခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ မှ ခေါင်းဆောင်ကိုသက်ကြီးက ပြောသည်။
“ကျောက်ပျောက်ဘက်ကနေ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကတည်းက စစ်ကြောင်းထိုးနေတာ။ မနေ့က ညနေပိုင်းမှာ မင်းရွာနားအရောက်မှာ တပ်ပေါင်းစုနဲ့ ဝင်တိုက်ခဲ့တာ” ဟု ၎င်းကပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့သည် မင်းရွာအတွင်းသို့ဝင်ရောက်မီးရှို့ခဲ့ပြီး ကျေးရွာအတွင်း ကပြည်သူတစ်ဦးကို သတ်ဖြတ်သွားကြောင်း သိရသည်။
“မီးလောင်တဲ့အိမ်ခြေအရေအတွက်ကိုတော့ မသိရသေးဘူး။ အိမ်ခြေတော်တော်များတော့ ပါသွားတယ်။ မင်းရွာက အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ ရွာကြီးဗျ အခုကတော့ တစ်ရွာလုံးနီးပါးရှို့ခံထားရတယ်လို့ပဲ သိရ သေးတယ်” ဟုပြောသည်။
အရာတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ များအကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်များဘက်က တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်သည်အထိ တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#အရာတော်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား
👍12🔥2😁1
​​စစ်ဘေးရှောင်၊ မီးဘေးသင့်ပြည်သူများအတွက် မလေးရှားတွင် ရောင်နီလာရာလမ်းရုပ်ရှင်ပြသမည်

YT
မဇ္ဈိမ။ ။မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ တရုတ်တန်းခန်းမ၌ လာမည့် မတ်လ ၁၂ ရက်နေ့တွင် "ရောင်နီလာရာလမ်း" ရုပ်ရှင်ပြသသွားမည်ဖြစ်ပြီး အဆိုပါအခမ်းအနားတွင် စစ်ဘေးရှောင်၊ မီးဘေးသင့် ပြည်သူများအတွက် ဆုတောင်းပွဲ ပြုလုပ်သွားမည်ဟု သိရသည်။
“မလေးရှားမှာ ရောင်နီလာရာလမ်းရုပ်ရှင်ကို ပထမဆုံးပြသသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီပွဲကို ပြုလုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က စစ်ဘေးရှောင်တွေ မီးဘေးသင့်ပြည်သူတွေကို အကူအညီပေးဖို့ အတွက်၊ အထူးသဖြင့် ကရင်ပြည်နယ်မှာရှိတဲ့သူတွေကို ကူညီပေးဖို့ ရည်ရွယ်ပါတယ်” ဟု NLD (OCI) မလေးရှားဌာနခွဲ-ဥက္ကဋ္ဌ ကိုစောမူးမူးက မဇ္ဈိမကိုပြောသည်။
ယခုပွဲအား မလေးရှားရောက် NLD (OCI) Malaysia အဖွဲ့နှင့် ဒေါကလူကွန်ရက်( Dawkalu Network) မှ ပထမဆုံးအကြိမ် ဦးဆောင်၍ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး KNU ထိန်းချုပ်နယ်မြေ၊ ကရင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်၊ မီးဘေးသင့် ဒေသခံပြည်သူများအတွက် အဓိကရည်ရွယ်ကြောင်း သိရသည်။
“စစ်ဘေးရှောင် မီးဘေးသင့်ပြည်သူများအတွက် ဆုတောင်းပွဲ” လက်မှတ်တစ်စောင်လျှင် မလေးရှား ရင်းဂစ် ၅၀ သတ်မှတ်ထားပြီး လက်မှတ်ဝယ်ယူသူတိုင်းအား KNU ၏ သူးလေထီတစ်စောင် မေတ္တာ လက်ဆောင်ပေးသွားမည်ဖြစ်ကာ ဆုတောင်းပွဲလက်မှတ်ဝယ်ယူခြင်းဖြင့် ရုပ်ရှင်ကြည့်ခွင့်အတွက်ပါ တပါ တည်းရရှိမည်ဖြစ်သည်ဟုလည်း သိရသည်။
ယခု ပွဲတွင် ဒါရိုက်တာကိုပေါက်ရိုက်ကူးထားသည့် “ရောင်နီလာရာလမ်း” ရုပ်ရှင် ပြသခြင်းအပြင် Trinity Music Band ၏ ဖျော်ဖြေတင်ဆက်မှုများ ပါဝင်ကြောင်း သိရသည်။
ဒါရိုက်တာကိုပေါက်အနေဖြင့် ဒေါကလူကွန်ရက်ကဦးဆောင်သည့် “ရောင်နီလာရာလမ်း” ရုပ်ရှင်ပြသ၍ ရလာသော ရန်ပုံငွေများအား ရောင်နီလာရာလမ်းကော်မတီမှ လက်ခံခြင်းမရှိဘဲ မိခင် KNU အဖွဲ့အစည်း သို့သာ အားလုံးပေးအပ်လှူဒါန်းမည်ဟု ပြောထားကြောင်း ဒေါကလူကွန်ရက် ဥက္ကဋ္ဌထံမှ သိရသည်။
ဒေါကလူကွန်ရက်သည် ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တော်လှန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်အားဖြည့်ပေးသည့် KNU ၏ ထောက်ပို့အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။
“မလေးရှားမှာရှိကြတဲ့ ညီအစ်ကိုမောင်နှမများအားလုံး ရောင်နီလာရာလမ်းရုပ်ရှင်ပြမယ့်ဒီပွဲကို လာကြည့် ပေးကြပါ။ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းဖို့ အားလုံးစုစုစည်းစည်းနဲ့ဝန်းရံပေးကြပါဦး”ဟု NLD (OCI) Malaysia ဥက္ကဋ္ဌက မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအား ဖိတ်ခေါ်ထား သည်။
KNU ထိန်းချုပ်နယ်မြေ၊ ကရင်ပြည်နယ်နေရာအနှံ့အပြားတွင် စစ်ကောင်စီတပ်ဖွဲ့၏မြေပြင်မှ စစ်ကြောင်း ထိုးတိုက်ခိုက်မှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများကြောင့် မီးဘေး သင့်၊ စစ်ရှောင်ဦးရေ ၄၅၀,၀၀၀ ကျော်ရှိနေပြီး အဖက်အဖက်က အကူအညီများလိုအပ်နေကြောင်း သိရ သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#မလေးရှားနိုင်ငံ
#ကွာလာလမ်ပူမြို့
#ရောင်နီလာရာလမ်း
#ဆုတောင်းပွဲ
👍15👏2🤮2😁1