Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကောင်စီတပ်က ရွှေကူမှာ ၁ ရက်အတွင်း သုံးကြိမ်ထက်မနည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
🤬9👍1🔥1👏1
​​စစ်ကောင်စီတပ်က ရွှေကူမှာ ၁ ရက်အတွင်း သုံးကြိမ်ထက်မနည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
===================

အဂမ်
(မဇ္ဈိမ)။ ။ ကချင်ပြည်နယ် ၊ ရွှေကူမြို့ (ဆယ်မိုင်ကျော်အကွာ)ရဲ့ အရှေ့ခြမ်းမှာရှိသည့် ကျေးရွာများတစ်လျှောက်ကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် တစ်ရက်အတွင်း သုံးကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကျေးရွာ သုံးရွာ မီးလောင်ပြာကျမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်က လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် မြေပြင်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်ခဲ့သဖြင့် ကျေးရွာ သုံးရွာ မီးလောင်ပြာကျသွားခြင်းဖြစ်ဟု ဆိုသည်။

“ တစ်မနက်လုံး ထိတွေ့တိုက်ပွဲတွေဖြစ်နေခဲ့တာ။ မနက်ပိုင်း ၉ နာရီကျော်လောက်တော့ စီမူလေးရွာနဲ့ စီမူကြီးရွာကနေ မီးခိုးတန်းတွေကို တွေ့ရတော့ နေအိမ်တွေမီးရှို့နေပြီပဲဆိုပြီး ဒီအတိုင်းကျနော်တို့ ကြည့်နေရတယ်။ ညနေ ၄ နာရီကျော်လောက်တော့ အဲ့ဘက်ကို လေယာဥ်တွေသွားလိုက်တာ တွေ့လိုက်ရတယ်၊ သိပ်မကြာဘူး၊ အသံတွေကြားရတော့တာပဲ။ စီသာရွာကိုပဲ သုံးကြိမ်ကြဲတာ။ စီတာရွာကတော့ အကုန်လုံးပါသွားပြီ။ ကျန်တဲ့ရွာတွေလည်း မီးလောင်နေပြီ ရွာလုံးကျွတ်နီးပါးပဲ” ဟု ပြောင်းရွေ့ခဲ့ရတဲ့ ဒေသခံသတင်းရင်းမြစ်က အခုလိုဆိုသည်။

ရွှေကူမြို့အရှေ့ခြမ်းရှိ ဝင်ဝ၊ နောင်လတ်ကြီး၊ ငှက်တံတား၊ စီသာ၊ စီမူလေး၊ စီမူကြီး၊ မံဝိန်း ကျေးရွာများဘက်တွင် ယမန်နေ့မနက်ပိုင်းကတည်းက တိုက်ပွဲများဖြစ်ပွားခဲ့ပြီး၊ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းဖြင့် သုံးကြိမ် ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်သွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် စီမူလေး၊ စီမူကြီး၊ စီသာကျေးရွာ သုံးရွာစလုံး ရွာလုံးကျွတ် မီးလောင်ပျက်စီးသွားပြီး၊ အဆိုပါ ကျေးရွာများနှင့် အနီးကပ်ရှိသည့် ကျေးရွာများလည်း မြေပြင်တွင် မီးရှို့ဖျက်ဆီးခံနေရကာ၊ ထို ထိခိုက်ပျက်စီးမှုကို ရွှေကူပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDF နဲ့ ကေအိုင်အေတပ်ရင်းဘက်မှ အတည်ပြုနေဆဲ ဖြစ်သည်။

ကေအိုင်အေ တပ်ရင်း (၁၂) ထိန်းချုပ်နယ်မြေဖြစ်သည့် ရွှေကူမြို့နယ်နှင့် နယ်မြေဆက်စပ်မှုရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်တို့မှာ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်မှ ယမန်နေ့ညနေပိုင်း ၄ နာရီနှင့် ၅ နာရီကြားတွင် သုံးကြိမ်ထက်မနည်း လာရောက် ဗုံးကြဲခဲ့ပြီး၊ ထိုဒေသတွင် တိုက်ပွဲများစတင်ဖြစ်ပွားကတည်းက ထိုဒေသရှိကျေးရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေသည့်အတွက် ထိုသို့ ကျေးရွာအတွင်း လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးမှု မရှိခဲ့တာဖြစ်တယ်လို့ စုံစမ်းသိရှိရသည်။

ယမန်နေ့ စီသာကျေးရွာသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည့် စစ်ကောင်စီတပ်မှာ “တပ်မ (၈၈ )လက်အောက်ခံ ခလရ (၁၀)၊ ခလရ (၇၇)၊ ခလရ (၈၈ )နှင့် ထပ်မံဖြည့်တင်းထားသည့် စစ်ကြောင်းများ” ဖြစ်သည်ဟု ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှ သတင်းထုတ်ပြန်ထားသည်။

ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း ပြီးခဲ့သော မတ် လ ၂၃ ရက်နေ့မှစပြီး ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးလှုပ်ရှားလာခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့များကို ကေအိုင်အေ ဦးဆောင်သည့် ရွှေကူမြို့နယ် PDF ပူးပေါင်းတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့မှ သွားရောက်ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခဲ့ကာ မတ်လ ၂၅ ရက်နေ့မှာ တစ်ကြိမ် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် စီသောင်၊ မံဝိန်းနှင့် စီမူလေးကျေးရွာများတွင် ဗုံးကြဲချခဲ့သဖြင့် လူနေအိမ်အချို့ပျက်စီးခဲ့ရသေးသည်။

ထိုတိုက်ခိုက်မှုမှာလည်း ကျေးရွာပြည်သူများ၏ နွားများသေဆုံးခဲ့သလို၊ မတ်လ ၃၀ ရက်နေ့မှာလည်း တစ်ကြိမ် လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့၍ မံဝိန်းကျေးရွာအတွင်းမှ လူနေအိမ် နှစ်လုံး မီးလောင်ပျက်စီးခဲ့၍ မံဝိန်းနှင့် စီမူကြီးကျေးရွာရှိ လယ်တဲများလည်း မီးလောင်ပျက်စီးခဲ့ရသေးသည်။

မဇ္ဈိမအနေဖြင့်လည်း အဆိုပါဒေသရဲ့ တိုက်ပွဲအခြေ အနေများကို ဆက်လက်မေးမြန်းစုံစမ်းနေဆဲ ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီတပ်
#ရွှေကူ
#လေကြောင်း
#ဗုံးကြဲတိုက်ခိုက်
Photo: ရွှေကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7❤3👍3😢2👏1
​​မဲဆောက်တွင် အဖမ်းခံရသည့် PDF အဖွဲ့၀င် ၃ ဦးကို သင်္ယန်းညီနောင်ဗျူဟာတွင် စစ်ဆေးနေ
=======================

သွင်ထူးဈာန် (ကော်သူးလေ)
(မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် အဖမ်းခံရသည့် PDF တပ်ဖွဲ့ဝင် သုံးဦးသည် စစ်ကောင်စီထံ လွှဲပြောင်းခံရပြီးနောက် လက်ရှိတွင် သင်္ဃန်းညီနောင်ဗျူဟာ၌ ချုပ်နှောင်စစ်ဆေးခံနေရကြောင်း ၎င်းတို့လွတ်မြောက်ရန် ကူညီဆောင်ရွက်ပေးနေသည့် ခိုင်မာသော သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

“သူတို့က သင်္ယန်းညီနောင်ဗျူဟာမှာ အချုပ်ခံထားရတယ်။ ဒီသတင်းက လူမသိရင် စစ်ကောင်စီဘက်က လက်စဖျောက်သွားမှာကိုစိုးရိမ်တယ်။ ကျွန်တော်ပြောချင်တာက သူတို့လိုဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်ရအောင် ထိုင်းဘက်ကို ဖိအားပေးဖို့လိုတယ်” ဟု အဖမ်းခံရသူများကို လိုက်ပါကူညီပေးနေသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

မဲဆောက်တွင် ဆေးကုသမှု ခံယူရန်ရောက်ရှိနေသည့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် သုံးဦးကို ထိုင်းအာဏာပိုင်များက ဧပြီလ ၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။၎င်းတို့သည် ဆေးခန်းပြပြီး အပြန်တွင် ဘန်ကောက်မြို့သို့သွားသည့် လမ်းမကြီးပေါ်သို့ လမ်းမှားရောက်သွားသဖြင့် ထိုင်း လ.ဝ.က ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း နီးစပ်သူများထံက သိရသည်။

“ထိုင်းလဝက ကဖမ်းတယ်။ အဲ့ဒီညနေမှာပဲ လဝကရုံးကို ပို့လိုက်တယ်။ ကျွန်တော်တောက်လျှောက်လိုက်ထုတ်တယ်။ ထိုင်းစစ်တပ်ဘက်က ကူညီပေးတယ်။ သူတို့လိုက်ထုတ်ပေးတယ်။ ၃ ရက်နေ့ ညနေလောက်မှာ ထိုင်းစစ်တပ်ဘက်က လိုက်ထုတ်ပေးတယ်ပေါ့နော်။

အဲ့မှာ ၄ ရက်နေ့မှာ လာထုတ်ပါလို့ ထိုင်းလဝက ကပြောလိုက်တယ်။ အဲ့တော့ နောက်နေ့ နံနက် ၁၁ နာရီမှာ သွားထုတ်တော့ သူတို့ကပြောလိုက်တယ်။ မနက် ၁၀ နာရီ ကတည်းက ဟိုဘက်ကမ်းကို သွန်( ပို့ ) လိုက်တယ်လို့ ပြောတယ်”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

ဖမ်းဆီးခံရသူ သုံးဦးမှာ အသက် ၃၈ နှစ်အရွယ် ကိုသီဟ၊ အသက် ၃၁ နှစ်အရွယ် ထက်နေဝန်းနှင့် အသက် ၂၆ နှစ်အရွယ် စောဖြိုးလေးတို့ ဖြစ်သည်။ အဆိုပါ အဖမ်းခံရသူများကို ထိုင်းလူဝင်မှုကြီးကြပ်ရေး (လ.ဝ.က ) မှ အင်ကြင်းမြိုင် BGF ဂိတ်ကို ပို့ဆောင်ခဲ့ပြီးနောက် အဖမ်းခံရသူများမှာ ထွက်ပြေးသဖြင့် BGFအဖွဲ့၀င်များက ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦးမှာ ရင်ဘတ်ကျည်ထိမှန်ကာ တစ်ဦးမှာ ပေါင်ကိုထိမှန်ခဲ့ကြောင်းသိရသည်။

ဖမ်းဆီးခံရသူများကို BGF ဗိုလ်မှူးနိုင်မောင်ဇော်က ဦးခေါင်းတွင် အိတ်အမဲစွပ်ကာ စစ်ကောင်စီလက်ထဲသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့သုံးဦးနှင့် နီးစပ်သော စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့်မတ်လက စတင်ကာ မြန်မာလူမျိုးများ နေထိုင်သည့် နေအိမ်၊ တန်းလျားများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး ဓာတ်ပုံအချို့ကို ပြကာ မေးမြန်းမှုများရှိကြောင်း သိရသည်။ပြီးခဲ့သည့် လပိုင်းကလည်း မဲဆောက်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် CDM အချို့ကို ဖမ်းဆီးပြီး ထိုင်းအစိုးရက မြန်မာစစ်တပ်ဘက်ကို လွှဲပြောင်း ပေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#သင်္ဃန်းညီနောင်ဗျူဟာ
#မဲဆောက်PDFသုံးဦးအဖမ်းခံ
#ထိုင်း
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬11🔥3👍2👏1
​​ဘုတလင်မြိုနယ် ဒါန်းတိုင်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီနင်း ဒေသခံသေဆုံး ၃ဦးဒဏ်ရာရ
=======================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ၊ ဒါန်းတိုင်ကျေးရွာကို စစ်ကောင်စီတပ်မှ ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ရာ ဒေသခံ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိထားကြောင်း PDF Lion Ingar Budalin တပ်ဖွဲ့ထံမှ သိရသည်။

ဧပြီလ ၅ရက် နံနက် ၃နာရီ ၃၀မိနစ်အချိန်တွင် အင်အား ၆၀ကျော်ပါဝင်သည့် စစ်ကောင်စီတပ်မှ ရွာကို ပတ်ပတ်လည်ဝိုင်းထားပြီး လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

“အမျိုးသားတစ်ယောက် သေဆုံးပြီး မိန်းကလေးတစ်ယောက်နဲ့ အမျိုးသားနှစ်ဦး ဒဏ်ရာရထားပါတယ်၊ အားလုံးကို လုံခြုံတဲ့နေရာမှာ ဆေးကုသပေးနေပါတယ်” ဟု LIB PDF ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်သည် ရုတ်တရက်ဝင်ရောက်လာသည့်အတွက် ပြည်သူများ ရှောင်တိမ်းချိန်မရရှိခဲ့ဘဲ အမျိုးသားတစ်ဦး အိမ်ထောင်ရှိ (လုံခြုံရေးအရအမည် မဖော်လို) သေဆုံးခဲ့ပြီး ဒဏ်ရာရသည့်အမျိုးသမီးတစ်ဦး ခြေထောက်ဒဏ်ရာ အသားအစားထိုးကုသလျက်ရှိကာ အမျိုးသားနှစ်ဦးတွင် တစ်ဦး လက်ပြင်ကို လက်နက်ကြီးအစမှန်၍ အခြားတစ်ဦးမှာ မစိုးရိမ်ရသော ဒဏ်ရာရ၍ လုံခြုံသောနေရာတွင် ဆေးကုသပေးလျက်ရှိကြောင်းဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ရွာထဲသို့ဝင်ရောက်ပြီး ပြည်သူများကို ဖမ်းဆီးကာ ရွာဦးဘုန်းကြီးကျောင်းတွင် ခေတ္တဝင်ရောက်တပ်စွဲခဲ့ကာ ဓားစာခံ ခုနစ်ဦးကို ဖမ်းဆီးခေါ်ဆောင်၍ ဘုတလင်မြို့ စစ်ကောင်စီတပ်စခန်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
ထပ်မံသိရှိရသော သတင်းများအရ ဖမ်းဆီးခေါ်ဆောင်သွားသူထဲမှ သုံးဦးလွတ်မြောက်လာပြီး လေးဦးကို ဘုတင်လင် ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း ပြန်ကြားရေးတာဝန်ရှိသူက ဆက်ပြောသည်။

ယင်းသို့ စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်စီးနင်းခဲ့သဖြင့် ဒေသခံများဘေးလွတ်ရာ တိမ်းရှောင်နေရပြီး LIB PDF တပ်ဖွဲ့မှ မိုင်းရှာဖွေခြင်းနှင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်းဆိုသည်။

ဒါန်းတိုင်ကျေးရွာသည် အိမ်ခြေ ၂၀၀ ခန့်ရှိပြီး လူဦးရေ ၁,၀၀၀နီးပါး နေထိုင်သော ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဘုတလင်မြို့နယ်
#ဒါန်းတိုင်ကျေးရွာ
#စစ်ကောင်စီတပ်
#ဝင်ရောက်စီးနင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥3🤬2👏1
ဖွားဖွားတွေကန်တဲ့ ဘောလုံးပွဲ | VOA On Mizzima
================

တောင်အာဖရိကနိုင်ငံက Vhakhegula ဘောလုံးအသင်းက အသက် ၅၅ နှစ်နဲ့. အထက် အမျိုးသမီးတွေအတွက် ဘောလုံးပြိုင်ပွဲတခုကို ကျင်းပခဲ့ပါတယ်။ ဒီကလပ်အသင်းကိုတော့ အသက်အရွယ်ကြီးရင်တဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေး တိုးတက်ကောင်းမွန်ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၀၇ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး၊ ဒေသတွင်းက အသင်းတွေနဲ့ အမှတ်ပေးပြိုင်ပွဲတွေကလည်း အားကျခဲ့ကြပါတယ်။ ရိုက်တာ သတင်းဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

https://youtu.be/t13a6NXqq5U

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4😁4❤3
​​ကစထမှူးများ အပြောင်းအလဲပြုလုပ်ခြင်းအပေါ် တုန်လှုပ်စရာမရှိကြောင်း ပဒိုစောတောနီးပြော
=========================

YT
(မဇ္ဈိမ)။ ။ KNU နယ်မြေများဖြစ်သည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့၌ တာဝန်ကျနေသော ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး-၄ (ကစထ-၄) အပါအဝင် စစ်ဌာနချုပ်တိုင်းမှူးများ အပြောင်းအလဲပြုလုပ်ခြင်းကိစ္စအပေါ် တုန်လှုပ်စရာမရှိကြောင်း KNU ဗဟိုပြောခွင့်ရသူ ပဒိုစောတောနီးက ပြောကြားသည်။

ဧပြီလ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့သော " မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများကြောင့် ရှင်သန်မှုပျောက်ဆုံးနေသော လူသားဘဝများ " အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲ၊ အမေးအဖြေကဏ္ဍတွင် သတင်းထောက်များ၏မေးမြန်းမှုကို ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

" မတ်လ ၂၇ ရက်နေ့က ကျွန်တော်တို့ကို အပြတ်ချမယ်ဆိုကတည်းက ကျွန်တော်တို့ ဘာမှတုန်လှုပ်စရာအကြောင်းမရှိဘူး။ သူပြောတဲ့တစ်ချိန်တည်းမှာပဲ သူ့လက်အောက်မှာရှိတဲ့ ဒေသဆိုင်ရာ တပ်မှူးကြီးတွေကို ခဏခဏ ပြန်ပြောင်းနေတာ။ ဒါက ဘာလဲဆိုတော့ သူလုပ်တဲ့အရာ ဘာမှမအောင်မြင်ဘူး၊ သူ့လူတွေ ဖြုတ်လိုက် ထုတ်လိုက်နဲ့ပဲ ချာလပတ်လည်နေတယ်ဆိုတာကို ပြလိုက်တာပဲလေ။ အဲ့ဒါကြောင့် ဒီအပိုင်းမှာ ကျွန်တော်တို့တုန်လှုပ်စရာအကြောင်းမရှိဘူး၊ ကျွန်တော်တို့လုပ်စရာရှိတာကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်" ဟု ပဒိုစောတောနီးက ပြောသည်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ရှိ KNU နယ်မြေများကို ကိုင်တွယ်ရသော ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး-၄ (ကစထ-၄) ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်နေရာတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေအား ပြောင်းလဲခန့်အပ်ခဲ့သည်။

ထို့အတူ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနေရာတွင် အမှတ် (၁၁) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်စိုးမင်းတို့အား စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောင်းလဲခန့်အပ်ထားခြင်းဖြစ်သည်။

ကစထမှူး၊ တိုင်းမှူးများ အပြောင်းအလဲပြုလုပ်ခြင်းသည် KNU အပေါ် မည်သို့မှ သက်ရောက်မည် မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် လုပ်စရာရှိသည်များအား ဆက်လက်လုပ်ဆောင်သွားမည့်အကြောင်း ပဒိုစောတောနီးက ပြောကြားခဲ့သည်။

" ကျွန်တော်တို့ရဲ့အတွေ့အကြုံအရ ကမ္ဘာပေါ်မှာ အင်မတန်မှပဲ ဗလောင်းဗလဲနိုင်လှတဲ့လူဆိုတာ ဒီလူ (မင်းအောင်လှိုင်)ပဲလို့ ပြောရမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နဲ့ အပြတ်ချမယ်လုပ်လိုက်၊ ကျွန်တော်တို့နဲ့ အပစ်အခတ် ရပ်စဲရေးလုပ်ပြီးတော့ ငြိမ်းချမ်းရေးလုပ်မယ် လုပ်လိုက်နဲ့ ဖင်တစ်ပြန် ခေါင်းတစ်ပြန် ပြောနေတဲ့လူဟာ ဒီကနေ့ ဒီကာလမှာ ကျွန်တော်တို့ ရင်ဆိုင်တွေ့နေရတဲ့ သူပဲဖြစ်ပါတယ်" ဟု ပဒိုစောတောနီးက ပြောကြားခဲ့သည်။

KNU မှ ထုတ်ပြန်ခဲ့သော " မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများကြောင့် ရှင်သန်မှုပျောက်ဆုံးနေသော လူသားဘဝများ" အစီရင်ခံစာသည် စစ်ကောင်စီအာဏာသိမ်းအပြီး နှစ်နှစ်တာကာလအတွင်း KNU နယ်မြေများတွင် စစ်ကောင်စီတပ်မှ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုမြောက် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၁,၅၀၀ နီးပါးအား မှတ်တမ်းတင်စာရင်းပြုစုထားသော အစီရင်ခံစာဖြစ်သည်။
အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၃ ခုနှစ်အထိ KNU နယ်မြေများတွင် အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ ၅၀၀,၀၀၀ ကျော်ရှိနေကြောင်းလည်း သိရသည်။

စာတည်း ။ ။Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ကစထမှူး
#KNU
#ပဒိုစောတောနီး
#ကရင်ပြည်နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19😁2👎1💩1🥴1
လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော စီသာတိုက်နယ်ဆေးရုံ မြင်ကွင်း
===================

မဇ္ဈိမ
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် စီသာကျေးရွာကို ဧပြီလ (၅) ရက်နေ့ ညနေပိုင်း ၄ နာရီနှင့် ၅ နာရီကြားတွင် စစ်ကောင်စီတပ်၏ လေကြောင်းပစ် ခတ်မှုကြောင့် ပျက်စီးသွားသည့် ရွှေကူမြို့နယ်၊ စီသာတိုက်နယ်ဆေးရုံမြင်ကွင်းများ ဖြစ်သည်။

ဓာတ်ပုံ - CJ

#စီသာတိုက်နယ်ဆေးရုံ
#လေကြောင်းတိုက်ခိုက်
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬13👍2🔥2😁1
​​ကြို့ပင်ကောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို စစ်ကောင်စီဖမ်းဆီး
======================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမင်းသိန်းအား စစ်ကောင်စီတပ်က ဧပြီလ ၄ ရက်နေ့ နေ့လည်ပိုင်းတွင် ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။

ဦးဌေးမင်းသိန်းကို ကြို့ပင်ကောက်မြို့နယ်၊စျေးချိုတောင်ရပ်ကွက်၊ပွဲစားတန်းလမ်းရှိ ၎င်း၏နေအိမ်တွင် စစ်‌ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့က မဇ္ဈိမကိုပြောသည်။

"သူ့ကိုနေအိမ်မှာပဲ လာဖမ်းသွားတယ်။ အရပ်ဝတ်နဲ့စစ်သားတွေကဖမ်းသွားတာပါ။ ပြည်ဒကစ(ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) ဘက်ကိုခေါ်သွားတယ်ကြားတယ်" ဟု ဒေသခံတဦးကပြောသည်။
ဦးဌေးမင်းသိန်းသည် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ကိုယ်စားပြုပြီး ကြို့ပင်ကောက်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကာ ရွေးကောက်ခံထားရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။

၎င်းသည် စစ်အာဏာသိမ်းစကာလ ၂၀၂၁ ဖေဖော်ဝါရီလတွင် ခေတ္တတိမ်းရှောင်ခဲ့သော်လည်း နောက်ပိုင်းတွင် ကြို့ပင်ကောက်မြို့ရှိ ၎င်း၏နေအိမ်တွင် ပြန်လည်နေထိုင်ခဲ့ကြောင်း သိရသည်။
"ကိုဌေးမင်းသိန်းက အာဏာသိမ်းစနှစ်လလောက်မှာ တိမ်းရှောင်သေးတယ်။ သူနဲ့လည်း အဲ့ကာလတွေမှာ အဆက်အသွယ်ရှိတယ်။

၂၀၂၁ လေးလပိုင်းလောက်ထိ အဆက်အသွယ်ရှိသေးတယ်။ နောက်ပိုင်းမှာ သူအိမ်ပြန်သွားတယ်။အိမ်မှာ ပြန်နေနေတယ်လို့ သိရပြီးတဲ့နောက်မှာ ဒီဘက်ကလည်း ဂရုတွေထဲက ထုတ်လိုက်ကြတယ်ပေါ့။ အဲ့နောက်ပိုင်းကတည်းက အဆက်အသွယ်မရှိကြတော့တာပါ" ဟု ပဲခူးတိုင်းမှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တဦးက မဇ္ဈိမကိုပြောသည်။

ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်အချို့တွင် ဦးဌေးမင်းသိန်းကဲ့သို့ပင် စစ်ကောင်စီထံတွင် ခံ၀န်လက်မှတ်ထိုးထားသည့် NLD ကိုယ်စားလှယ်အချို့လည်းရှိနေပြီး ဦးဌေးမင်းသိန်းကို စစ်ကောင်စီက ဘာအကြောင်းကြောင့်ဖမ်းဆီးလိုက်သည်ကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

"သူက အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက အာမခံနဲ့ သူ့အိမ်မှာသူပဲနေနေတာ။အခုမှ ဘာကြောင့်ထဖမ်းရတယ်ဆိုတာ တိတိကျကျမသိရသေးဘူး” ဟု ကြို့ပင်ကောက်မြို့ဒေသခံတဦးကပြောသည်။
စစ်ကောင်စီသည် နိင်ငံတော်အာဏာသိမ်းပြီးနောက် မတ်လ ၂၉ရက်အထိ ပါတီဝင် ၁၂၃၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ပါတီဝင်၂၆ ဦးသည် စစ်ကြောရေးစခန်းများနှင့် ထောင်တွင်းတွင် ကျဆုံးခဲ့ရပြီး
အကြောင်းမဲ့သတ်ဖြတ်ခံရသူ ၆၃ ဦး ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး
#ကြို့ပင်ကောက်မြို့နယ်
#ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
#စစ်ကောင်စီ
#ဖမ်းဆီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤬7❤1🔥1👏1
​​တပ်မ(၄၄)လက်အောက်ခံ ခမရ(၂)မှ တပ်ကြပ်ကြီး ၁ ဦး ပစ်သတ်ခံရ
====================

ဂျူချန်း
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာတွင် တပ်မ(၄၄)လက်အောက်ခံ ခမရ(၂)မှ တပ်ကြပ်ကြီးတစ်ဦး ပစ်သတ်ခံရကြောင်း KYAIKHTO REVOLUTION FORCE(KRF) အဖွဲ့နှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

ပစ်သတ်ခံရသူမှာ တပ်မ(၄၄) လက်အောက်ခံ ခမရ (၂) မှ တပ်ကြပ်ကြီး ကျော်ဆန်း ဖြစ်သည်။ ၎င်းသည် ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ လက်ပံပင်သုဿန်အနီးမှ ထက်ဆီဆိုင်နားတွင် ဧပြီလ ၅ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရ သည်။

“ကွမ်းယာလာဝယ်တုန်း အပစ်ခံလိုက်ရတာ ဦးခေါင်းမွသွားပြီး နေရာမှာတင် ပွဲချင်းပြီးပဲ။ ပစ်ခတ်ခံရပြီး တဲ့နောက် ဆေးရုံခေါ်သွားတယ်။ ဆေးရုံမှာတော့ စစ်သားတွေ ခြေရှုပ်နေတယ်” ဟု (KRF) အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

တပ်ကြပ်ကြီးကျော်ဆန်းအား ပစ်ခတ်ခံရပြီးနောက် ကျိုက်ထိုဆေးရုံသို့ပို့ဆောင်ခဲ့ကာ ဧပြီလ ၅ ရက် မွန်းလွဲပိုင်းတွင် တောင်ကလေးသုဿန်၌ သဂြိုလ်ခဲ့ကြောင်း ၎င်းက ပြောသည်။
အဆိုပါ ပစ်ခတ်မှုကို KNLA နှင့် KYAIKHTO REVOLUTION FORCE (KRF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သူက(၄၄)လက်အောက်ခံ ခမရ(၂)က လက်နက်ကြီးတာဝန်ခံတပ်ကြပ်ကြီး၊ ရွာတွေထဲကို လက်နက် ကြီးနဲ့ပစ်ဖို့ သူအမိန့်ပေးတာ။ လက်ပံပင်က လက်နက်ကြီးထိုင်ထားတယ်လေ၊ ရွာတွေထဲကို အဲဒီကနေ ပစ်တာ။ မိုးဘော၊ နတ်စင်၊ မဲရုံးကြီး၊ မဲရုံးလေး အဲဒီဘက်ရွာဦတွေထဲကို ပစ်ခိုင်းတာ။ လက်နက်ကြီး တာဝန်ခံဆိုတော့ သူ့အမိန့်နဲ့ပေါ့” ဟု (KRF) အဖွဲ့နှင့် နီးစပ်သူက ပြောသည်။

သေဆုံးသူ တပ်ကြပ်ကြီးကျော်ဆန်းထံမှ လက်ပစ်ဗုံး၊ ဆိုင်ကယ်၊ ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
စစ်အာဏာရှင်စနစ်ပြုတ်ကျသည်အထိ စစ်ကောင်စီထောက်တိုင်များအား ဆက်လက်တိုက်ခိုက်သွားမည် ဖြစ်ပြီး ပြည်သူလူထုအပေါ် ထိခိုက်နစ်နာစေမည့် ဖောက်ခွဲပစ်ခတ်မှုများကို လုပ်ဆောင်မည်မဟုတ် ကြောင်း KRF မှ ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#KRF
#တပ်ကြပ်ကြီးပစ်သတ်ခံရ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁2👏1🥴1
မြန်မာပြည်အနှံ့ တိုက်ပွဲများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၈သန်းခန့်ရှိလာဟု ကုလထုတ်ပြန်
====================

မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူဦးရေ ၁ ဒသမ ၈သန်းနီးပါးထိရှိလာပြီလို့ UNOCHA Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံပြည်နယ်နဲ့ တိုင်းဒေသကြီးအများအပြားမှာ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ ပူပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၄ သန်းကျော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာ ဖားကန့်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ၊ မိုးညှင်းမြို့နယ်အတွင်း ပေါက်ကွဲမှုတွေနဲ့ ဖားကန့်၊ ရွှေကူနဲ့ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးတာတွေ နဲ့ အရပ်သား ဖမ်းဆီးစစ်ဆေးမှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့ပြင် ဖားကန့်၊ ရွှေကူနဲ့ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ဖမ်းဆီးစစ်ဆေးမှုများရှိနေပြီး ရွှေကူမြို့အတွင်းရှိ ကျေးရွာအများအပြားက အရပ်သား ၁၃၀၀ကျော်သည် မတ်လအစောပိုင်းကတည်းက အိုးအိမ်စွန့်ခွာတိမ်းရှောင်နေကြရတယ်လို့ ဆိုထားပါတယ်။

ထိုအိုးအိမ်စွန့်ခွာသူများသည် ယာယီစခန်း ၁၀ခုနဲ့ အနီးအနားက တောတောင်တွေထဲမှာ နေထိုင်လျက်ရှိပြီး စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ မရှိမဖြစ်လိုအပ်တဲ့ အခြားလူ့အသုံးအဆောင်ပစ္စည်းများ လိုအပ်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။

https://youtu.be/HTvhzjMHLoM

#PolitiecalNews
#VideoNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁2😢1
ဒီပဲယင်းမြို့နယ် ပျံကျ ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ ဦးခန့် သေဆုံး
========================

လွှမ်းမိုး(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ် ၊ ပျံကျ ကျေးရွာ အနီးတွင် စိုင်ပြင်ရဲစခန်းမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဧပြီ ၁ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ပြောက်ကျားနည်းဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း F.B.G.A တပ်ဖွဲ့ ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ကိုးဦးခန့် သေဆုံးပြီး ဒေသကာကွယ်ရေး ရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း F.B.G.A တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးက ဆိုသည်။

“ စစ်ကောင်စီတပ် စစ်ကြောင်း မိုင်းကွင်းထဲကို ဝင်လာတာ တော်တော်လေး အထိနာ သွားခဲ့တယ်။ ထို့နောက် ကျနော်တို့ဘက်က လက်နက်ကြီး ပစ်ကူတွေနဲ့ အတူ လက်နက်ငယ်တွေ နဲ့ တစ်နာရီခန့်အကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဗျ။ စစ်ကောင်စီတပ်သား ကိုးဦး သေဆုံးပြီး တော်တော်များများ ထိခိုက်ဒဏ်ရာ ရရှိသွားတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား သေဆုံးမှုများနှင့် ပတ်သက်၍ မဇ္ဈိမမှ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

တိုက်ပွဲကြာချိန် တစ်နာရီ ကြာပြီးနောက် စစ်ကောင်စီတပ်က Mi-35 ရဟတ်ယာဉ်ဖြင့် ၄၅ မိနစ်ခန့်အကြာ လာရောက်ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆက်၍ ရှင်းပြသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်း နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ သုံးကြိမ်တိုင် ပြင်းထန်စွာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သုံးကြိမ်တိုင် လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲကို Fighter Brotherhood Guerilla Army ၊ DRPA ၊ Black Shadow PDF နှင့် ဒေသခံ မဟာမိတ် တပ်ရင်း ၊ တပ်ဖွဲ့ များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင် ၊ ဆားလင်းကြီး ၊ ပုလဲ စတဲ့ ဒေသများကိုလည်း စစ်ကြောင်းထိုးခဲ့ပြီး လေကြောင်းသုံး တိုက်ခိုက်မှုများ အကြိမ်ရေ များစွာ ပြုလုပ်လျှက်ရှိသည်။

https://youtu.be/hHKHI_n0iMc

စာတည်း - သန့်ဇော်(သန်လျင်)
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8❤6🥱2🔥1