Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
The octogenarian architect flood-proofing Pakistan
======================

At 82 years old, architect Yasmeen Lari is forging the way in fortifying Pakistan's rural communities living on the frontline of climate change. Lari, Pakistan's first woman architect, has ditched a lifetime of multi-million dollar projects in the megacity of Karachi to develop pioneering flood-proof bamboo houses.

https://youtu.be/p0pdUmtGja4

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2🔥2
မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့ကင်းစခန်း တိုက်ခိုက်ခံရ၊ နှစ်ဖက် ထိခိုက်မှုရှိ
=======================

ဂျူချန်း
(မဇ္ဈိမ)။ ။ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲ-လွိုင်ကော်လမ်းမကြီးပေါ်ရှိ စစ်ကောင်စီကင်းစခန်းနှစ်ခုအား မေလ ၂၇ ရက်နေ့က ကာကွယ်ရေးပူးပေါင်းတပ်များမှ သွားရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
မိုးဗြဲမြို့နယ်၊ လယ်ထွန်ကျေးရွာတောင်ဘက် စောင်ကမ်းလမ်းခွဲရှိ စစ်ကောင်စီတပ်စခန်းနှင့် မိုးဗြဲမြို့၊ ညောင်းဝိုင်းရပ်ကွက်ရှိ ကင်းစခန်းတို့ကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

မိုးဗြဲ-လွိုင်ကော်လမ်းပိုင်း၊ စောင်ကမ်းလမ်းခွဲရှိကင်းစခန်းအား ယင်းနေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် ဖယ်ခုံ PDF တပ်ရင်း(၂)၊ KNDF-B-02 ၊ KNDF-B-03 ၊ URF မြို့ပြတော်လှန်ရေးတပ်ဖွဲ့တို့က သွားရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါကင်းစခန်းအားသိမ်းပိုက်လုနီးပါးတွင် စခန်းပတ်လည်၌ထောင်ထားသည့် မိုင်းများအားနင်းမိခြင်း၊ လေကြောင်းသုံး တိုက်ခိုက်ခံရခြင်းများကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်တဦး ကျဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂) ရဲဘော်တဦးထံမှ သိရ သည်။
“ခြေပြတ်တာတော့ KNDF က နှစ်ယောက်ပြတ်တယ်။ ကျနော်တို့ဘက်ကလည်း တယောက်ပြတ်တယ်။ ပြီးတော့တယောက်ကျတယ်။ ဒဏ်ရာအကြီးအကျယ်ထိတာ ငါးယောက်ရှိတယ်။ အသေးအမွှားတွေ လည်းခုနစ်ယောက်၊ ရှစ်ယောက်လောက်ရှိတယ်။ သေနတ်သုံးလက်လည်း ဆုံးရှုံးခဲ့တယ်”ဟု ၎င်းကပြော သည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိထားသည့် ပြည်သူ့ကာကွယ်ရေးတပ်သားများအား ကုသပေးလျက်ရှိရာ ဆေးဝါးများနှင့် လက်နက်ကျည်ဆံများ လိုအပ်လျက်ရှိသည်ဟု ၎င်းကဆိုသည်။
“ကိုယ့်လူတွေ၊ ကိုယ့်သူငယ်ချင်းတွေ ကျသွားတာကိုမြင်နေရတာ ကျနော်ကတော့ သွေးမအေးဘူး။ တယောက်တည်းကျန်လည်း တစ်ယောက်တည်း တိုက်မယ်” ဟု အဆိုပါရဲဘော်က ပြောသည်။
အလားတူ မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်တွင် တပ်စွဲထားသည့် စစ်ကောင်စီကင်းစခန်းအား ယင်း‌နေ့ နံနက် ၅ နာရီခန့်တွင် မိုးဗြဲ PDF ၊ KNDF နှင့် မြို့ပြတော်လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းဖြင့် ရှစ်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမတ (၄၂၂) မှလည်း လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သဖြင့် အသက်သုံးနှစ်အရွယ်ကလေးငယ်တဦးနှင့် အသက် ၄၀ အရွယ် အမျိုး သားတဦးသေဆုံးခဲ့ကာ လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်းအပါအဝင် လူနေအိမ်အမြောက်အမြားလည်း ထိခိုက်ပျက်စီးခဲ့ရ ကြောင်း မိုးဗြဲ PDF တာဝန်ခံ ကိုနေကောင်းက ပြောသည်။

မေလ ၂၇ ရက်နေ့တွင်ပင် အမတ(၄၂၂) တပ်ရင်းအနီးရှိ တောင်ယာသို့သွားသည့် အသက် ၃၀ နှစ် အရွယ် အမျိုးသားတဦး သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးခဲ့သေးသည်။

မေလ ၂၈ ရက် နံနက် ၄ နာရီခန့်တွင်လည်း မိုးဗြဲမြို့အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတခုအား စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် အမျိုးသား နှစ်ဦး နှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်သုံးလုံး ပျက်စီးခဲ့ကြောင်း သိရသည်။

မေလ ၂၉ ရက် ည ၉ နာရီဝန်းကျင်ကလည်း မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီ၏ အမြောက်တပ် (၄၂၂) တပ်ရင်းမှ လက်နက်ကြီး ၁၀ လုံးထက်မနည်းပစ်ခတ်ခဲ့ရာ နေအိမ်ပျက်စီးမှုများရှိကြောင်း ကိုနေကောင်း က ပြောသည်။

လက်ရှိတွင် မိုးဗြဲမြို့ပေါ်မှ ပြည်သူအများစုမှာ စစ်ဘေးရှောင်နေကြပြီး အချို့လည်း ဆက်လက်နေထိုင်ဆဲ ဖြစ်ကြောင်း သိရသည်။
ရှမ်း-ကရင်နီနယ်စပ်တွင် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲများ မကြာ ခဏဖြစ်ပွားလေ့ရှိရာ တိုက်ပွဲဖြစ်သည့် အကြိမ်တိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းသုံး ကာ တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။
အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၃ ခုနှစ် ဧပြီလအထိ ရှမ်း-ကရင်နီနယ်စပ်တွင် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှု ၃၆၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

https://youtu.be/uZ5Mc7gFtVc

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ရှမ်း-ကရင်နီနယ်စပ်
#မိုးဗြဲ-လွိုင်ကော်လမ်းပိုင်း
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🔥2😢2❤1👏1
Media is too big
VIEW IN TELEGRAM
သံနှင့်သံမဏိလုပ်ငန်းများ ဒေါ်လာအစား ယွမ်ငွေအသုံးပြု တင်သွင်းပါက လိုင်စင်ဦးစားပေးမည်ဟုဆို

Watch more detail - https://youtu.be/hIs4yvYU3ps

#reels
#shorts
#BusinessRoundUp
#MizzimaTV
🔥4👍1😁1
​​စစ်ကောင်စီလက်ထက် ပုဂ္ဂလိကပညာရေး (ဆောင်းပါး)
================

ဗညားစံရွှေ
ဒီနှစ်ဆန်းကကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပညာရေးဝန်ကြီးဌာန အနေနဲ့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာ အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုတွေနဲ့ အခြား မလိုလားအပ်တဲ့ သင်ကြားမှုတွေကို ထိရောက်တဲ့ ဥပဒေပုဒ်မတွေနဲ့ ထိရောက်စွာ ဟန့်တား အရေးယူ ဆောင်ရွက်ရမယ်လို့ ပြောကြားခဲ့တဲ့ အကြောင်း သက်ဆိုင်ရာ မြို့နယ်ပညာရေး မှူးရုံးတွေကို ဖြန့်ဝေတဲ့ ညွှန်ကြားချက်တစ်စောင် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ပုဂ္ဂလိကကျောင်းတွေမှာ ပါတီနိုင်ငံရေး ဆိုင်ရာ အကြောင်းအရာတွေ၊ နိုင်ငံရေး ကိစ္စတွေကို ဟောပြောပို့ချတာ၊ ထည့်သွင်းပြောဆိုတာ၊ သင်ကြားတာ၊ ဆွေးနွေးတာတွေကို တားမြစ်ထားပြီး ဒါကို ကျူးလွန်ရင် ထောင်ဒဏ် ခြောက်လကနေ တစ်နှစ်အထိ ချမှတ်ခံရမယ်၊ ငွေဒဏ် အနည်းဆုံး ကျပ်သိန်း ၃၀ ကနေ အများဆုံး ကျပ်သိန်း ၅၀ ထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

“ပုဂ္ဂလိကပညာရေးဥပဒေ” ဟာ အရင်အစိုးရ လက်ထက်တွေကတည်းက အချိန်ယူဆွေးနွေးနေဆဲ ဥပဒေတစ်ရပ် ဖြစ်ပါတယ်။ ပညာရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေတစ်ရပ်ဟာ တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ဥပဒေ၊ အနာဂတ်မျိုးဆက်တွေနဲ့ ပတ်သက်တဲ့ ဥပဒေဖြစ်လို့ နယ်ပယ်အသီးသီးက ပညာရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေနဲ့ အကြေအလည်ညှိနှိုင်းပြီးမှာ ရေးဆွဲပြဋ္ဌာန်းရတဲ့ ဥပဒေမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ အစိုးရလက် ထက်မှာ ပြည်သူ့လွှတ်တော်ရဲ့ ပညာရေးမြှင့်တင်မှု ကော်မတီက အာဏာမသိမ်းခင် တစ်လ အလိုမှာ ပုဂ္ဂလိက ပညာရေးဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ လေ့လာဆန်းစစ်မှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါ သေးတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်မှာ အင်အန်အယ်လ်ဒီ အစိုးရ လက်ထက် ရေးဆွဲနေတဲ့ ပုဂ္ဂလိကပညာရေး ဥပဒေကြမ်းဟာလည်း နိဂုံးချုပ်သွားခဲ့ရပါတယ်။

အခန်း ၁၆ ခန်း၊ ပုဒ်မပေါင်း ၈၂ ခုပါဝင်တဲ့ စစ်ကောင်စီရဲ့ ပုဂ္ဂလိကပညာရေးဥပဒေမှာ စစ်ကောင်စီ လက်အောက်ခံ ဗဟိုအဆင့်ကြီးကြပ်ရေးအဖွဲ့နဲ့ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့တွေက ပုဂ္ဂလိကကျောင်းနဲ့ ဆက်စပ်တဲ့ အရာအားလုံးကို ထိန်းချုပ်သွားမှာဖြစ်ပါတယ်။ ဒီအခြေအနေဟာ စစ်ကောင်စီအနေနဲ့ လွတ်လပ်တဲ့ ပုဂ္ဂလိကပညာရေးရဲ့ အခန်းကဏ္ဍကို တင်းကျပ်လိုက်တာဖြစ်ပြီး လူငယ်တွေရဲ့ နိုင်ငံရေး အသိအမြင် ကျယ်ပြန့်မှုကို ပိတ်ပင်တားဆီးလိုတဲ့ ရည်ရွယ်ချက်ဆိုတာ သိသာပါတယ်။ ပြီးတော့ အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ ဆရာ၊ ဆရာမတွေရဲ့ အခန်းကဏ္ဍကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ ကြိုးစားလာတဲ့ ခြေလှမ်းဖြစ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်းအာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အထဲမှာ အခြေခံပညာအဆင့်၊ အဆင့်မြင့် ပညာအဆင့်နဲ့ ပုဂ္ဂလိကကျောင်းတွေပါ ပါဝင်လာခဲ့ပါတယ်။ ပညာရေးဌာနက ဆရာဆရာမ အများအပြား အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ခဲ့ကြပါတယ်။ ဒီလိုအနေအထားတွေကြောင့် စစ်ကောင်စီဟာ ပညာရေးဌာနက CDM ဆရာ ဆရာမတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့ပါ တယ်။

အရပ်သားအစိုးရ လက်ထက် နောက်ဆုံးပညာသင်နှစ်ဖြစ်တဲ့ ၂၁၀၉ -၂၀၂၀ ပညာသင်နှစ်မှာ နိုင်ငံတစ်ဝန်း ပညာရေးဝန်ထမ်း လေးသိန်းနီးပါး ရှိတဲ့အနက် ၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း CDM မှာ ပါဝင်နေကြတဲ့ ပညာဝန်ထမ်း နှစ်သိန်းခွဲနီးပါး ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်တွေ အရ အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၂ ခု စက်တင်ဘာလ ၁၉ ရက်နေ့အထိ CDM မှာ ပါဝင်ကြတဲ့ နိုင်ငံ တစ် ဝန်းက ဆရာ၊ ဆရာမ ၂၂၅ ဦး ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတယ်လို့သိရပါတယ်။ အာဏာသိမ်း ၁၉ လတာအ တွင်း ရန်ကုန်၊ မကွေး၊ စစ်ကိုင်း၊ မန္တလေးနဲ့ ကချင်ပြည်နယ်တွေမှာ ပညာရေးဝန်ထမ်း ၂၇ ဦး သေဆုံးခဲ့တယ် လို့လည်း AAPP ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ အင်န်အယ်လ်ဒီပါတီကို ထောက်ခံတဲ့ ပုဂ္ဂလိက ကျောင်းတွေကိုလည်း ကျောင်းဖွင့်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်က နေပြည်တော်ကောင်စီနယ်မြေ (၈) မြို့နယ်ထဲမှာ ဖွင့်ထားတဲ့ ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်း (၁၈) ကျောင်းကို ကျောင်းဖွင့်ခွင့် ပိတ်လိုက် တာက ထင်ရှားတဲ့ သာဓကဖြစ်ပါတယ်။
ပညာရေးဟာ နိုင်ငံရေးဆိုတဲ့ အဆောက်အအုံတစ်လုံးရဲ့ ပင်မရေသောက်မြစ်ဖြစ်ပါတယ်။ နိုင်ငံရေးဟာ ပညာရေးနဲ့ တွဲနေပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်း မှာထင်ရှားတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု စတဲ့ ခေါင်းဆောင် တွေဟာ တက္ကသိုလ်ပညာရေးက ပေါက်ဖွားလာတဲ့ သူတွေပါ။ ဒါကြောင့် ပညာရေးမှာ နိုင်ငံရေး မပါရဘူး၊ ပညာရေးမှာ ပါတီနိုင်ငံရေး ဆိုင်ရာ အကြောင်းအရာတွေ၊ နိုင်ငံရေးကိစ္စတွေကို ဟောပြောပို့ချတာ၊ ထည့်သွင်းပြောဆိုတာ၊ သင်ကြားတာ၊ ဆွေးနွေးတာတွေကို မလုပ်ရဘူးဆိုတာကတော့ ဟောင်းနွမ်းဆွေးမြေ့ နေတဲ့ အတွေးအခေါ်တစ်ရပ်သာ ဖြစ်ပါတယ်။
👍8😁6
This media is not supported in your browser
VIEW IN TELEGRAM
တိုင်ဖွန်းမုန်တိုင်း (Mawar)ကြောင့် ရန်ကုန် အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးကြီးနိုင်

Watch more detail - https://youtu.be/hIs4yvYU3ps

#reels
#shorts
#BusinessRoundUp
#MizzimaTV
🔥5👍3
​​ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ်လှည်းတုတ် ဘဝရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ | သတင်းသုံးသပ်ချက်
==============

စစ်ကောင်စီအနေနဲ့ လက်ရှိအချိန်မှာ စစ်သားနဲ့ရဲ စုဆောင်းမှုမှာ အခက်အခဲများစွာရှိနေပြီး သူတို့အရင်က လူသစ်စုဆောင်းလို့ အများဆုံးရခဲ့တဲ့ မြန်မာပြည်အလယ်ပိုင်းနဲ့ အညာဒေသဟာ ခုခံတွန်းလှန်စစ်မှာ အတက်ကြွဆုံး ပါဝင်လာတာ တွေ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG က ဆိုပါတယ်။
ဒါ့အပြင် အာဏာသိမ်းမှုကိုလက်မခံဘဲ CDM လုပ်လာတဲ့ စစ်သားနဲ့ ရဲ တစ်သောင်း သုံးထောင်ကျော်အထိ ရှိနေပြီလို့လည်း သိရပါတယ်။

အခုအချိန်မှာ စစ်ကောင်စီရဲ့ တပ်သားအင်အားဟာ တိုက်ခိုက်ရေးတပ်တွေနဲ့ လက်ရုံးတပ်တွေ ပေါင်းမှ ၂ သိန်း ၂ သောင်းကနေ ၂ သိန်း ၄ သောင်း ကြားမှာပဲ ရှိတယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ခန့်မှန်း ထားပါတယ်။

ပြည်တွင်းပြည်ပက လေ့လာသူတွေကတော့ စစ်ကောင်စီရဲ့ တပ်အင်အားဟာ ၃ သိန်းကနေ ၅ သိန်းအကြား ရှိနေတယ်လို့ ခန့်မှန်းပေမယ့် NUG ကတော့ အဲဒီလောက်အထိ ရှိမနေဘူးလို့ ယူဆထားပါတယ်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာတဲ့ အချိန်မှာ တပ်ရင်းတစ်ရင်းရဲ့ ဖွဲ့စည်းပုံကို စစ်သည်အင်အား ၈၅၇ ဦးကနေ အင်အား ၂၀၀ ပဲပါတဲ့ ဖွဲ့စည်းပုံမူကြမ်းအဆိုပြုချက်တွေ တိတ်တဆိတ် ထွက်ပေါ်လာခဲ့တယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်ကျော်က တိုက်ပွဲတွေမှာ စစ်ကောင်စီ ဘက်က သုံးသောင်းဝန်းကျင် သေဆုံးခဲ့တယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ တစ်လတည်းမှာတင် စစ်ကောင်စီတပ်သား ၅၀၀ ကျော် သေဆုံးခဲ့တယ်လို့လည်း မြေပြင်အခြေအနေကို ကိုးကားပြီး NUG က ဆိုထားပါတယ်။

စစ်တပ်ကို လေ့လာစောင့်ကြည့်သူ တစ်ဦးဖြစ်တဲ့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုရဲ့ ဧည့်ပညာရှင် ဦးရဲမျိုးဟိန်းကတော့ မြန်မာစစ်ကောင်စီတပ်ရဲ့ လက်ရှိအင်အားဟာ တစ်သိန်းခွဲဝန်းကျင်ပဲ ရှိနိုင်တယ်လို့ မေလထဲမှာ ထုတ်ပြန်တဲ့ သူ့စာတမ်းမှာ ဖော်ပြထားပါတယ်။ အဲဒီအထဲက ၇ သောင်းနီးပါးကပဲ တိုက်ခိုက်ရေး စစ်သားတွေလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ သူ့ဘက်က စစ်အင်အားနဲ့ ကျဆုံးမှုစာရင်းကို ထိပ်တန်းလျှို့ဝှက်အဖြစ် ထားထားပြီး ထုတ်ပြောလေ့မရှိပါဘူး။
အခုနောက်ပိုင်း စစ်ကောင်စီဘက်က သေဆုံးမှုတွေမှာ တပ်သားအဆင့်တွေတင် မကဘဲ အရာရှိ အဆင့်တွေလည်း ပါနေတာ တွေ့ရပါတယ်။ ဒါ့အပြင် CDM လုပ်လာတဲ့အထဲမှာလည်း အရာရှိအဆင့်တွေ ပါဝင်နေတာဖြစ်ပါတယ်။

သတင်းဖော်ပြချက် တွေနဲ့ အမည်မဖော်လိုသူ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ တိုက်ခိုက်ရေးအတွေ့အကြုံနည်းသေးတဲ့ သူတွေကိုပါ စစ်ကောင်စီက ရာထူးတွေတိုးမြှင့်ပေးပြီး တိုက်ခိုက်ရေးမှာ ဦးဆောင်ခိုင်းနေတာ ရှိတယ်လို့လည်း သိရပါတယ်။

ဒီအခြေအနေတွေဟာ ဘာကို ပြဆိုနေသလဲဆိုရင် စစ်ကောင်စီအနေနဲ့ လေကြောင်းမှ မရှိရင် ဘယ်လိုမှ PDF နဲ့ တိုင်းရင်းသား ပူးပေါင်းတပ်တွေကို မယှဉ်နိုင်တာ သိသာနေပါတယ်။

CDM ဗိုလ်ကြီးတွေရဲ့ အဆိုကို ကိုးကားပြောရရင် စစ်ကောင်စီတပ်သားတွေ အနေနဲ့ ရည်ရွယ်ချက်မရှိဘဲ တိုက်ခိုက်နေရသလို ဖြစ်နေတဲ့အတွက် စိတ်ဓာတ်အင်အားက တစ်ဖက် အင်အားကို ဘယ်လိုမှ မယှဉ်နိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

လူတစ်ယောက်ဟာ ရောဂါတစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ ရန်သူကို၊ အခက်တစ်ခုကို ကျော်လွှားဖို့ အရေးအကြီးဆုံး အချက်က စိတ်ဓာတ်အင်အားပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်အင်အားက ၅၀ ရာခိုင်နှုန်း၊ လုပ်ဆောင်နိုင်မှုက ၅၀ ဖြစ်ပါတယ်။

လက်နက် ဘယ်လိုပဲရှိရှိ၊ လုပ်ဆောင်နိုင်စွမ်း ဘယ်လောက်ရှိရှိ စိတ်ဓာတ်ကျနေရင် အခက်အခဲကို ကျော်လွှားဖို့ အောင်မြင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

မြန်မာစစ်ကောင်စီ တပ်တွေဟာ စိတ်ဓာတ်ကျဆင်းနေတဲ့ အပြင် အထက်က တစ်သွေးတစ်သံ တစ်မိန့်ကိုပဲ နားထောင်ပြီး စက်ရုပ်လို အလုပ်လုပ်နေရတာပါ။ ထိပ်ပိုင်း ခေါင်းဆောင်တွေ လောက်ပဲ ချမ်းသာပြီး အောက်ခြေစစ်သားတွေက စားဝတ်နေရေးကအစ ခက်ခဲကြပ်တည်းနေကြတာလည်း အများအသိ ဖြစ်ပါတယ်။
တပ်မိသားစုတွေကို ပြန်ပေးဆွဲသလို တပ်ထဲမှာ ပိတ်ထားပြီး တပ်သားတွေကို ဘယ်အချက် သေမယ်မှန်း မသိရတဲ့ ရှေ့တန်းကို မနားမနေထွက်ခိုင်းနေတဲ့ စစ်ကောင်စီ တပ်သားတွေ အနေနဲ့ ဘယ်လိုမှ စိတ်ဓာတ် အင်အား မကောင်းနိုင်ဘူးဆိုတာ သိသာထင်ရှားနေပါပြီ။

မြန်မာနိုင်ငံအနှံ့အပြား ဘက်ပေါင်းစုံက ဝင်လာနိုင်တဲ့ အန္တရာယ်ကြားက CDM မလုပ်တဲ့ စစ်ကောင်စီ တပ်သားတွေရဲ့ ဘဝဟာ ရှေ့တိုးလည်း ထမ်းပိုး၊ နောက်ဆုတ်လည်း လှည်းတုတ်ဆိုတဲ့ အနေအထားမှာ ရှိနေပြီ ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

#စစ်ကောင်စီ
#CDM
#PDF
#အမျိုးသားညီညွတ်ရေးအစိုးရ
ပုံစာ - ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားတစ်ဦး (ပုံဟောင်း)
👍18🤣3❤1
Media is too big
VIEW IN TELEGRAM
ပဲတီစိမ်းနဲ့ ပဲမျိုးစုံကို ရွှေလီအကောက်ခွန်က မကြာမီလေလံချပေးဖို့ရှိ

Watch more detail - https://youtu.be/hIs4yvYU3ps

#reels
#shorts
#BusinessRoundUp
#MizzimaTV
👍4🔥1
CDM တွင် ပါ၀င်ထားသည့် ဆင်ထိန်းနှင့် ဆင်များ စားဝတ်နေရေး ခက်ခဲနေ
==================

ရောင်နီ (မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)၌ ပါ၀င် ထားသည့် ဆင်ထိန်းနှင့်ဆင်များ စား၀တ်နေရေး အခက်အခဲဖြစ်နေကြောင်း ကျောက်လုံးကြီး (KLG) တပ် မဟာမှတာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။
အာဏာသိမ်းပြီးနောက် ကနီမြို့နယ်အတွင်းရှိ ဆင်ဦးစီးအိမ်ထောင်စု ၃၂ စု၊ စုစုပေါင်း လူဦးရေ ၁၀၀ ကျော်သည် ၎င်းတို့ထိန်းသိမ်းစောင့်ရှောက်ထားသည့် ဆင် ၃၆ ကောင်နှင့်အတူ CDM ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

“အဓိကက စား၀တ်နေရေး အခက်အခဲဖြစ်နေတာ။ အရင်က ၀န်ကြီးဌာနက ထောက်ပံ့တာရှိတယ်။ အခု နောက်ပိုင်းမှာတော့ ဘယ်အဖွဲ့အစည်းကမှ ထောက်ပံ့တာမရှိဘူး။ ဆင်တွေ ကျန်းမာရေးမကောင်းရင် တော့ ဆေးဝါးကုသဖို့အဆင်မပြေဘူး။ ဆေး၀ယ်ဖို့ ပိုက်ဆံမရှိကြဘူး”ဟု ကျောက်လုံးကြီးတပ်မဟာမှ တာ၀န်ရှိသူကိုအေပီက မဇ္စျိမကို ပြောသည်။

CDM ၀င်ရောက်ထားသည့် ဆင်ဦးစီးများနှင့် ဆင်များကို ယခင်က အမျိုးသားညီညွတ်ရေးအစိုးရနှင့် သက် ဆိုင်ရာ အဖွဲ့အစည်းများက ထောက်ပံ့မှုများရှိခဲ့သော်လည်း ယခုအခါ ထောက်ပံ့မှုများ မရရှိတော့သည့် အတွက် အခက်အခဲကြုံတွေ့နေရခြင်းဖြစ်သည်ဟု သိရသည်။

ထို့ပြင် ဆင်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ဆေးဝါးကုသမှု လုံလောက်စွာ မပေးနိုင်သည့်အတွက် သေဆုံးမှုများလည်း ရှိနေကြောင်း သိရသည်။

“အာဏာသိမ်းပြီးကတည်းက CDM ၀င်ထားတဲ့ဆင်တွေအပြင် ဒီရောက်မှထပ်မွေးတာ နှစ်ကောင်ရှိ တယ်။ ဆင်ရိုင်းကနေ ဆင်ယဥ်ဖြစ်အောင် ပြန်ပြီးလေ့ကျင်ထားတာတွေရှိတယ်။ ဆေးဝါးကုသမှု အလုံ အလောက် မပေးနိုင်လို့ သေဆုံးသွားတဲ့ ဆင်တွေလည်း ရှိပါတယ်” ဟု KLG တပ်မဟာ တာ၀န်ရှိသူက ဆိုသည်။

လက်ရှိအချိန်တွင် ဆင်ဦးစီးများမှာ ၎င်းတို့၏ စား၀တ်နေရေးအတွက် တောင်ယာလုပ်ကိုင်စားသောက် ခြင်းများရှိသကဲ့သို့ အချို့မှာလည်း လက်နက်ကိုင်တိုက်ပွဲများတွင်ပါ၀င်ကာ စစ်ကောင်စီတပ်ဖွဲ့ကို ခုခံ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

CDM ၀င်ရောက်ထားသည့် ဆင်များသည်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ အကူအညီတောင်းခံမှုရှိပါက ပစ္စည်းသယ်ယူပို့ဆောင်ပေးခြင်းများကို ပြုလုပ်ပေးလျက်ရှိနေကြောင်း သိရသည်။
“ဆင်ဦးစီးတွေမှာ စားဖို့အတွက် အခက်အခဲတွေ ဖြစ်နေတယ်။ အဲ့ဒါအဆင်ပြေသွားရင် ဆင်တွေကိုပဲ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ပေးသွားမှာပါ။ ရိက္ခာတွေ ကူညီထောက်ပံ့ပေးစေချင်ပါတယ်” ဟု KLG တပ်မဟာ တာ၀န်ရှိသူ ကိုအေပီက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ဆင်များကို ထိန်းသိမ်းစောင့်ရှောက်နေသည့် ဆင်ဦးစီးမျာ၏ စား၀တ်နေ ရေး အခက်အခဲကို ဖြေရှင်းပေးနိုင်ရန်ဝိုင်း၀န်းကူညီပေးကြပါရန်လည်း ကျောက်လုံးကြီး KLG တပ်မဟာ က ပြည်သူများကို မေတ္တာရပ်ခံထားသည်။

https://youtu.be/hOB7bHkU_YE

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကနီမြို့နယ်
#CDM
#ဆင်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😢3🥰2🤣2
​​ဒိုက်ဦးမြို့ရှိ ကျိုက်စကောထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသား ၂၄ ဦး ပြင်းထန်စွာနှိပ်စက်ခံနေရ
================

ရွှေနွယ်
(မဇ္ဈိမ) ။ ။ပဲခူးတိုင်း၊ ဒိုက်ဦးမြို့ရှိ ကျိုက်စကောထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသား ၂၄ ဦးကို ပြင်းထန် စွာရိုက်နှက်ပြီး ထမင်းမကျွေးဘဲတိုက်ပိတ်ခံထားရသည်ဟု စိတ်ချယုံကြည်ရသည့် အကျဉ်းထောင်နှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။
မေလ ၂၉ ရက်နေ့အထိရရှိထားသော သတင်းအချက်အလက်များအရ ၎င်းတို့ကို ရိုက်နှက်ပြီး ထမင်း မကျွေးဘဲထားသည်မှာ လေးရက်နှင့် တိုက်ပိတ်ထားသည်မှာ ခြောက်ရက်ရှိပြီဖြစ်ကြောင်း စုံစမ်း သိရှိရ သည်။

“ရိုက်တာမှ သေလောက်အောင် ရိုက်နေတာပါ။ တော်တော် ဆိုးဆိုးဝါးဝါး ဖြစ်နေတာပါ။ ကလေးတွေမှာ သူတို့အရိုက်ခံရမယ့်အလှည့်ကို စောင့်နေရသလိုဖြစ်နေတယ်။ သံခြေကျင်းတွေနဲ့ အစာလည်း မစားကြ ရဘူး။ ကူညီနိုင်တဲ့နည်းလမ်းနဲ့ ကူညီနိုင်သူတွေ ကူညီပေးကြပါဦး” ဟု ကျိုက်စကောထောင်နှင့် နီးစပ် သည့် သတင်းရင်းမြစ်က မေလ ၃၀ ရက် နံနက်ပိုင်းတွင် မဇ္ဈိမသို့ ပြောသည်။
၎င်းတို့ကို ပြင်ပရှိလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ခြင်း၊ အဆက်အသွယ်ပြုလုပ်ခြင်းများ ရှိနေသည်ဟုစွပ်စွဲကာ နှိပ်စက်နေခြင်းဖြစ်သည်ဟု သတင်းအရင်းမြစ်က ဆိုသည်။

အဆိုပါ အကျဉ်းသား ၂၄ ဦးအဖွဲ့အား အမှောင်ချတိုက်ပိတ်ထားသည့်ကြားမှ တစ်ဦးချင်းခေါ်ထုတ်၍ ရိုက်နှက်၊ စစ်ဆေးမေးမြန်းနေခြင်းဖြစ်ကာ စစ်ကောင်စီတပ်၏ ရိုက်နှက်မှုကြောင့် သုံးဦးသေဆုံးပြီးဖြစ် ကြောင်း သတင်းရင်းမြစ်က ပြောသည်။

“ကျွန်မတို့ ကလေးလည်း ကျိုက်စကောထောင်မှာပါ နိုင်ငံရေးမှုပါပဲ။ ကျွန်မတို့ထောင်ဝင်စာလည်း တခါမှ တွေ့ခွင့်မရဘူး။ အခုဒီလိုတွေကြားရတော့ ကျွန်မအရမ်းစိတ်ပူတယ်။ အဆက်အသွယ်လည်းမရဘူး။ ကျွန်မတို့ကလေးတွေကို ကူညီပေးကြပါဦး” ဟု ကျိုက်စကောထောင်အတွင်း အကျဉ်းကျခံနေရသော နိုင်/ကျဉ်းတစ်ဦး၏မိခင်က မေတ္တာရပ်ခံသည်။

ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့တွင် ကျိုက်စကောထောင်အတွင်းမှ ကိုသန့်ဇင်ဝင်းအပါအဝင် နိုင်ငံရေး အကျဉ်းသားသုံးဦးအား စစ်ဆေးစရာရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်မှ လာရောက်ခေါ်ထုတ်ခဲ့သည်။

မေလ ၂၆ ရက်နေ့တွင် ကိုသန့်ဇင်ဝင်းသေဆုံးသွားကြောင်းနှင့် မေလ ၂၇ ရက်နေ့တွင်လည်း အကျဉ်း ထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားအချို့အား ထပ်မံခေါ်ထုတ်သွားကြောင်း မေလ ၂၇ ရက်နေ့က ပဲခူး ပ.က.ဖ မှ သတင်းထုတ်ပြန်ထားသည်။

ကိုသန့်ဇင်ဝင်းသည် ပဲခူး ပ.က.ဖ လေ့ကျင့်စုဆောင်းရေးတာဝန်ခံတဦးဖြစ်ခဲ့ပြီး ဖမ်းဆီးခံရပြီးနောက် ပုဒ်မ ၅၄ ၊ ၅၀၅ ၊ ၅၁ ၊ ၅၂ အပါအဝင် အခြားသောပုဒ်မများဖြင့် ထောင်ဒဏ် နှစ် ၈၀ ချမှတ်ထံထားရပြီး ၎င်းသေဆုံးသည့်အချိန်အထိ စွဲဆိုခံရသည့်အမှုများအား ရင်ဆိုင်ခဲ့ရသည်။

ပဲခူး ပ.က.ဖ မှမဇ္ဈိမသို့ဖြေဆိုထားသည့်အချက်အလက်များအရ ခေါ်ထုတ်သွားသူများအနက်မှ ၁၃ ဦး၏ အချက်အလက်တချို့ကိုသာသိရှိရပြီး ကျန်သူများမှာ သတင်းအစအနလိုက်မရဘဲ ဖြစ်နေကြောင်း သိရ သည်။

ကျိုက်စကောထောင်အတွင်းရှိသော နိုင်/ကျဉ်းအရေအတွက်၊ စစ်ကောင်စီတပ်မှ ခေါ်ထုတ်သွားသော အကျဉ်းသားအရေအတွက်နှင့် ၎င်းတို့အားမည်သည့်နေရာတွင် ထားရှိထားကြောင်းတို့ကို လက်ရှိအချိန် တွင် အတည်မပြုနိုင်သေးပေ။

ထို့အတူ သေဆုံးသွားသူများမှာ မည်သူများဖြစ်ကြောင်းကိုလည်း မဇ္ဈိမအနေဖြင့် နီးစပ်ရာသတင်းရင်း မြစ်များတဆင့် စုံစမ်းနေဆဲဖြစ်သည်။

ထိုကဲ့သို့ ထောင်တွင်းအကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်နေသူများကို အပြစ်ပေးအရေးယူနိုင်ရေး အတွက် ကျူးလွန်ရာတွင်ပါဝင်ခဲ့သူများ၏ အချက်အလက်များကိုပေးပို့ကြရန်လည်း ပဲခူး ပ.က.ဖ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ မေလ ၂၉ ရက် ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍ ၂၀၂၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့ထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၂,၇၃၆ ဦးရှိပြီး ထိုအထဲမှ ၁၈,၄၁၆ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၆,၁၀၇ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရပြီးဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ဒိုက်ဦးမြို့နယ်
#ကျိုက်စကောအကျဉ်းထောင်
#ပဲခူးတိုင်း
#နိုင်ငံရေးအကျဉ်းသား
#ရိုက်နှက်သတ်ဖြတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9👍4👏2💔2
This media is not supported in your browser
VIEW IN TELEGRAM
ကမ္ဘာ့စနစ်မှာ အမေရိကန်ဒေါ်လာအသုံးပြုမှု နည်းပါးလာနေပြီး အမေရိကန်ကြွေးမြီးများ ပိုမိုများပြားလာ

Watch more detail - https://youtu.be/hIs4yvYU3ps

#reels
#shorts
#BusinessRoundUp
#MizzimaTV
🔥3❤1👍1😁1
​​CDF- Mindat ထိန်းချုပ်နယ်မြေအတွင်း လက်နက်ခဲယမ်းများ ရောင်းဝယ်ဖောက်ကားခြင်း မပြုရန်အသိပေး
================

ကိုခင်မောင်
(မဇ္ဈိမ)။ ။ ချင်းပြည်နယ်တောင်ပိုင်းရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) ထိန်းချုပ်နယ်မြေအတွင်း၌ Chin Defence Force- Mindat ၏ ခွင့်ပြုချက်မရှိဘဲ လက်နက်ခဲယမ်းများ ရောင်းဝယ်ဖောက်ကားခြင်းမပြုလုပ်ရန် ယင်းအဖွဲ့မှ မေလ ၂၈ရက်နေ့ ရက်စွဲဖြင့် သတိပေးထုတ်ပြန်သည်။

လက်နက်ခဲယမ်းထိန်းချုပ်ရေးနှင့် ပြည်သူလူထုကို လက်နက်ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်း အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ကာ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့( မင်းတပ်)က ဆိုသည်။

“CDF-Mindat နယ်မြေအတွင်း စစ်သုံးမောင်းပြန်များအသုံးပြုပြီး မလိုလားအပ်တဲ့ အခြားလူမှုရေးပြသနာများကို ဖြေရှင်းကြပြီး CDF-Mindat ရဲ့ ပုံရိပ်ကို ထိခိုက်လာနိုင်လို့ ပါ။ အချို့နေရာတွေမှာ ရောင်းဝယ်နေတာမျိုးရှိနိုင်ပါတယ်။” ဟု သတင်းပြန်ကြားရေးနှင့်မှတ်တမ်းဌာနမှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည။

လက်နက်အမျိုးအစားများတွင် တိုက်ခိုက်ရေးမောင်းပြန် ရိုင်ဖယ်၊ စစ်သုံးကျည်ဆံအမျိုးမျိုး၊ ဖောက်ခွဲရေးပစ္စည်းအမျိုးမျိုး၊ စကားပြောစက်အမျိုးမျိုး၊ ဒရုန်းနှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး ဟုဆိုပြီး အမျိုးအစား ငါးမျိုးခွဲကာ အသိပေးတားမြစ်ချက်ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ထို့အပြင် CDF-Mindat ၏ အမိန့်ပေးစနစ်သည် စနစ်တကျ ဖြစ်စေရန်နှင့် ကိုယ်ကျိုးအတွက် လက်နက်ခဲယမ်းများ ရောင်းဝယ်၊ ဖောက်ကားမှု မဖြစ်စေရန် တားမြစ်ထားခြင်းဖြစ်သည်ဟု ၎င်းတာဝန်ရှိသူမှ ဆက်ရှင်းပြသည်။

မင်းတပ်မြို့နယ်ရှိ CDF-Mindat ထိန်းချုပ်နယ်မြေအတွင်း ဖြတ်သန်းသယ်ဆောင်၊ ရောင်းဝယ်ခြင်းကို စနစ်တကျ သိရှိနိုင်ရန်လည်း ယခုလိုဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့( မင်းတပ်) အနေဖြင့် အဖွဲ့အစည်းပိုမိုကျစ်လျစ်ခိုင်မာရေးနှင့် စည်းကမ်းပြည့်ဝပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်သည့် လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်လာရန် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လျှက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ချင်းကာကွယ်ရေးတပ်ဖွဲ့
#ချင်းပြည်နယ်
#ဖောက်ခွဲရေးပစ္စည်း
#ရောင်းဝယ်ဖောက်ကား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤2🔥2😁1
​​ဖိလစ်ပိုင် ကာစီနိုမှ ကယ်ထုတ်ခဲ့သော ဗီယက်နမ်နိုင်ငံသား ၆၀ ကို နိုင်ငံရင်း ပြန်ပို့ 
====================

ဖိလစ်ပိုင်နိုင်ငံက ကာစီနိုတစ်ခုတွင် လိမ်လည်အလုပ်စေခိုင်းခံရသော နိုင်ငံသား စုစုပေါင်း ၄၃၇ ဦးမှ ၆၀ ကို ဗီယက်နမ်နိုင်ငံက နိုင်ငံရင်းဆီ ပြန်လည်ခေါ်ဆောင်ပြီ ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2
KNU တပ်မဟာ (၅)အတွင်းသို့ စစ်ကောင်စီတပ်နှင့် BGFများ စစ်ကြောင်းထိုးလျက်ရှိ
👍10🔥1😁1
KNU တပ်မဟာ (၅)အတွင်းသို့ စစ်ကောင်စီတပ်နှင့် BGFများ စစ်ကြောင်းထိုးလျက်ရှိ
=======================

YT
(မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU)​၊ တပ်မဟာ (၅)နယ်မြေ၊ မူတြော်ခရိုင် (ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်)အတွင်းသို့ စစ်ကောင်စီတပ်သားများနှင့် ၎င်း​၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်(BGF) များက စစ်ကြောင်းထိုးလျက်ရှိနေကြောင်း တပ်မဟာ (၅) KNLA သတင်းအရင်းအမြစ်တစ်ဦးထံက သိရသည်။

၂၀၂၃ ခုနှစ်၊ မေလနောက်ဆုံးအပတ်မှစတင်၍ တပ်မဟာ(၅) နယ်မြေ၊ ကမမောင်းမြို့အတွင်း စစ်ကောင်စီတပ်သားများနှင့် BGF တပ်သား ၁၀၀ နီးပါးရောက်ရှိနေပြီး ဖာပွန်မြို့ အထက်ဘက်တွင်လည်း စစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းရှိနေကာ တပ်မဟာ (၅) KNLA တပ်ဖွဲ့များနှင့် နေ့စဉ်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

" ပြောက်ကျား​ ပစ်ခတ်မှုကတော့ နေ့တိုင်း အမြဲရှိတယ်။ အရင်ရှိပြီးသား စခန်းအထိုင်တွေနဲ့ ရောနေပြီလား။ မိမိဖက်က ပစ်ပြီး ဘေးကင်းနေရာပြန်လာနေတော့ သူတို့လုပ်ရှားမှု အတိကျမရဘူး" ဟု တပ်မဟာ (၅) KNLA သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် ဖာပွန်မြို့အထက်ဘက်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းသည် လယ်တိုးစစ်ကောင်စီတပ်စခန်းနှင့် မယ်ခါးထာ့အကြား စခန်းချရန် အစီအစဥ်ရှိသည်ဟု သတင်းရထားကြောင်း တပ်မဟာ (၅) KNLA သတင်းအရင်းအမြစ်က ဆိုသည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့၊ နံနက် ၆ နာရီ ၁၃ မိနစ်အချိန်က ဝါးဒူးကျေးရွာနှင့် လယ်ကွဲကျေးရွာကြားရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် ကင်းစောင့်၍ လုံခြုံရေးယူနေသော BGF တပ်ရင်း(၁၀၁၃) မှ တပ်သားများအား တပ်မဟာ (၅) KNLA တပ်ရင်း(၁၀၂ )မှ ရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ BGF ဘက်မှ ငါးဦးသေဆုံးခဲ့ကြောင်း KNU- မူတြော်သတင်းစဉ်က မေလ ၂၈ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲအတွင်း BGF များ​၏ M-၁၆ AR လေးလက်၊ ကျည်ဘောက် လေးချပ်၊ ကျည်တောင့် ၃၂၀ တောင့်၊ M-၇၉ လောင်ချာတစ်လက်၊ M-၇၉ ကျည် ၁၇ လုံး၊ ၉-မမ ပစ္စတိုတစ်လက်၊ စစ်ဝတ်စုံလေးစုံ၊ စကားပြောစက်တစ်လုံး၊ ကျောပိုးအိတ်ခြောက်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့ကလည်း လယ်မူပလောမြို့နယ်၊ ယိုဒိုခိုနှင့် ယူဂိုလော် ဒေသကြားရှိ စစ်ကောင်စီတပ်နှင့် BGF တပ်စခန်းများအား တပ်မဟာ (၅) KNLA လက်အောက်ရှိ တပ်ရင်းရဲဘော်များက ပြောက်ကျားစစ်ဖြင့် ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း KNU မူတြော်သတင်းစဉ်က မေလ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကောင်စီတပ်
#BGF
#တြော်ခရိုင်
#KNU
#ကရင်ပြည်နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥2👏1
​​မော်လမြိုင်တွင် ဖမ်းဆီးခံခဲ့ရသည့် UG များ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရ
====================

ဂျူချန်း
(မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ မော်လမြိင်မြို့၊ ဇေယျာသီရိရပ်ကွက်၊ ဇေယျာ(၃) လမ်းရှိ နေအိမ်တစ်အိမ်တွင် ပစ်ခတ်ပိတ်ဆို့ကာ ဖမ်းဆီးခံခဲ့ရသည့် မြေအောက်တော်လှန်ရေးတပ်ဖွဲ့ဝင် လေးဦးအပါအဝင် မော်လမြိုင်မြို့တွင် ဖမ်းဆီးခံခဲ့ရသည့် မြေအောက်တော်လှန်ရေးရဲဘော် ခြောက်ဦးသည် နှစ်ရှည်ထောင်ဒဏ် အသီးသီး ချမှတ်ခံထားရကာ ထိုခြောက်ဦးအနက် သုံးဦးသည် အမှုဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။

မော်လမြိုင်မြို့ ဇေယာသီရိရပ်ကွက်၊ ဇေယျာ(၃) လမ်းရှိ မြေအောက်တော်လှန်ရေးတပ်ဖွဲ့ဝင်များ နေထိုင်သည့် နေအိမ်တစ်အိမ်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၄ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ရဲများက အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ကာ ပစ်ခတ် ဖမ်းဆီးခဲ့သည်။

အဆိုပါ ပိတ်ဆို့ ပစ်ခတ်ဖမ်းဆီးမှုတွင် ဖမ်းဆီးခံခဲ့ရသည့် လူငယ် လေးဦးသည် ပြီးခဲ့သည့် ဧပြီလအတွင်း၌ မော်လမြိုင်ခရိုင်တရားရုံးမှ အမိန့်ချမှတ်ခဲ့ပြီး လက်ရှိတွင် ကျိုက်မရောအကျဉ်းထောင်၌ အကျဉ်းချခံထားရကြောင်း သိရသည်။

ဖမ်းဆီးခံခဲ့ရသည့် လူငယ်လေးဦးအနက် ဇော်ထက်အောင်(ခ) ဆံရှည် သည် အကြမ်းဖက်မှု ဥပဒေပုဒ်မများဖြစ်သည့် ပုဒ်မ ၅၀(က)၊ ၅၁(ဂ)၊ ၅၄၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ(၃၀၂) တို့ဖြင့် ထောင်ဒဏ် တစ်သက် နှင့် ၃၃ နှစ် ချမှတ်ခံထားရကာ လက်ရှိတွင် ဖောက်ခွဲမှုပုဒ်မ(၃) အား အမှုဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

ကျန်သုံးဦးဖြစ်သည့် ထက်လင်းအောင်သည် ပုဒ်မ ၅၀(ဃ)၊ ၅၀(ဈ)၊ ၅၁(ဂ)ပုဒ်မ၅၄ တို့ဖြင့် ထောင်ဒဏ် တစ်သက်နှင့် ၁၅နှစ် ချမှတ်ခံထားရပြီး ကျော်သက်ဦးနှင့် ဖြိုးကိုအောင် (ခ) ငသီ တို့သည် ပုဒ်မ ၅၁(ဂ) နှင့် ပုဒ်မ ၅၄ တို့ဖြင့် ထောင်ဒဏ် တစ်သက်နှင့် ငါးနှစ် အသီးသီးချမှခံထားရကြောင်း သတင်းရင်းမြစ်မှ သိရသည်။

အလားတူ ၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ တွင် မော်လမြိုင် သံလွင်ဥယျာဉ်အနီး၌ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဆွေမျိုးတော်စပ်ပြီး ဒလန်ဆိုသူ ဦးမျိုးမင်းထွဋ်အား သေနတ်ဖြင့် ပစ်ခတ်ရင်း ဖမ်းဆီးခံခဲ့ရသည့် ဘိုဘိုအောင် (ခ) အောင်အောင် (၂၁နှစ်) သည် ပုဒ်မ ၅၀(ဈ)၊ ၅၀(က)နှင့် ပုဒ်မ ၃၀၂ တို့ဖြင့် ထောင်ဒဏ် ၇၀နှစ် ချမှတ်ခံထားရကာ လက်ရှိတွင် ပုဒ်မ ၅၄ အား ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် မော်လမြိုင်မြို့ရှိ စားသောက်ဆိုင်တစ်ခု၌ ဖမ်းဆီးခံခဲ့ရသည့် ကိုရန်နိုင်ဖြိုး (ခ) ကိုဖြိုး (၃၃နှစ်) သည် ပုဒ်မ ၅၀(ဈ)၊ ၅၁(ဂ)၊ ၅၂(ဃ)နှင့် ပုဒ်မ ၃(ခ) တို့ဖြင့် ထောင်ဒဏ် ၁၀၃ နှစ် ချခံထားရပြီး လက်ရှိတွင် ပုဒ်မ ၅၄ ဖြင့် အမှုရင်ဆိုင်ရဆဲ ဖြစ်ကြောင်း သိရသည်။

အမှုရင်ဆိုင်နေရဆဲဖြစ်သည့် မြေအောက်တော်လှန်ရေး တပ်ဖွဲ့ဝင်များသည် ယခင်က လုပ်ဆောင်ခဲ့သည်များနှင့် ဆက်စပ်ကာ လက်ရှိတွင် အဆိုပါ ခြောက်ဦးအနက် သုံးဦးသည် ချမှတ်ပြီးသည့် အမှုများအပြင် နောက်ထပ်အမှုတွဲများကို ဆက်လက်ရင်ဆိုင်နေရကြောင်း သတင်းရင်းမြစ်က ပြောသည်။

“သူတို့က အရင်တုန်းက အလုပ်(တိုက်ခိုက်မှု)အတူတူ လုပ်ခဲ့တယ်ဖြစ်မယ်။ အထဲရောက်တော့ အမှုတွဲတွေက ပြန်ပြီးတော့ တူကုန်တယ်။ အမှုတွဲတွေဖြစ်ပြီးတော့ ပြန်ရင်ဆိုင်နေရတယ်။ ၅၄ ရင်ဆိုင်နေရတဲ့သူတွေဆို နောက်ထပ်ကျစရာ ဘာအမှုမှလည်း မရှိတော့ပါဘူး” ဟု သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် ၎င်းတို့ ခြောက်ဦးစလုံးသည် ကျိုက်မရောအကျဉ်းထောင်တွင် အကျဉ်းချခံထားရပြီး ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများသည် မိသားစုဝင်များနှင့် တွေ့ခွင့်မရရှိကြဘဲ တရားရုံးခေါ်ထုတ်သည့် နေ့တွင်သာ ၁၅ မိနစ်ခန့် တွေ့ခွင့်ရကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“မိသားစုနဲ့ တွေ့ခွင့်မရဘူး။ ထောင်ဝင်စာလည်း တွေ့ခွင့်မရှိနေဘူး။ တစ်ယောက်မှ တွေ့ခွင့်မရှိတာ။ ရုံးထွက်တဲ့အချိန်မှာတော့ တွေ့ခွင့်ရတယ်။ ဒါပေမယ့် အချိန်ပိုင်းပဲပေါ့” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် မော်လမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် စွန်ရဲမြို့ပြပြောက်ကျား ပူးပေါင်းတပ်ဖွဲ့၏ အခြေစိုက်စခန်း စီးနင်းခံခဲ့ရကာ ရဲဘော် လေးဦး ဖမ်းဆီးခံခဲ့ရသေးသည်။

မော်လမြိုင်မြို့တွင် စစ်ကောင်စီဒေါက်တိုင်များအား တိုက်ခိုက်လေ့ရှိသည့် မြေအောက်တော်လှန်ရေး အဖွဲ့အစည်း အားလုံးနီးပါး ဖမ်းဆီးခံခဲ့ရပြီးနောက် မော်လမြိုင်မြို့ပေါ်တွင် ပစ်ခတ်တိုက်ခိုက်မှုများ မရှိသလောက် လျော့နည်းခဲ့သော်လည်း ခိုးမှု နှင့် ဓားပြတိုက်မှုများ တိုးများလာကြောင်း မြို့ခံများမှ သိရသည်။

အကြမ်းဖက်မှု ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံရသည့် နိုင်ငံရေး အကျဉ်းသားများအား ကျိုက်မရော ဗဟိုအကျဉ်းထောင်သို့ ပို့လေ့ရှိရာ ကျိုက်မရော ဗဟိုအကျဥ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ဝန်းကျင်ခန့်ရှိပြီး နိုင်ငံရေးအကျဉ်းသူ ၁၅၀ ခန့် ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#နိုင်ငံရေးအကျဉ်းသား
#ကျိုက်မရော
#ဗဟိုအကျဉ်းထောင်
#မော်လမြိင်မြို့
#ဇေယျာသီရိရပ်ကွက်
👍6🔥3👏1😢1
Media is too big
VIEW IN TELEGRAM
ဗီယက်နမ်ကြက်မွေးမြူရေးသမားများ အရှုံးပေါ်နေတာကြောင့် အစိုးရထံ အကူအညီတောင်းခံ

Watch more detail - https://youtu.be/hIs4yvYU3ps

#reels
#shorts
#BusinessRoundUp
#MizzimaTV
❤3👍2🔥2
​​လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာမလုံလောက်မှု ပိုမိုမြင့်တက်လာနိုင်
==========================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာမလုံလောက်မှု ပိုမို မြင့်တက်လာနိုင်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)နှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)တို့က ထုတ်ပြန်ထားသည်။

လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည့်နေရာများတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီ များကင်းမဲ့နေခြင်း၊ အိုးအိမ်စွန့်ခွာရခြင်းနှင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းများကြောင့် စားနပ်ရိက္ခာမလုံ လောက်မှုသည် ပိုမိုလာနိုင်သည်ဟု ဆိုသည်။

အထူးသဖြင့် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် ဒေသများတွင် စစ်ရေးပဋိပက္ခများ ပိုမို ကျယ်ပြန့်လာနိုင်ပြီး စားနပ်ရိက္ခာပြဿနာကို ပိုရင်ဆိုင်ရနိုင်ကြောင်း WFP ကခန့်မှန်းသည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်အတွင်းမှ မြို့နယ် ၃၇ မြို့နယ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။

စစ်ကောင်စီက စစ်အုပ်ချုပ်‌ရေးကြေညာထားသည့်နေရာများတွင် ယခင်ကထက် စားဝတ်နေရေးပြဿ နာများကို ပိုမိုရင်ဆိုင်နေရပြီးဖြစ်ကြောင်း အဆိုပါမြို့နယ်များရှိ ‌ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရ သည်။

စစ်အုပ်ရေးမြို့နယ်အဖြစ်ကြေညာခံထားရသည့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များ နှင့် ပြည်သူများ၏ စားနပ်ရိက္ခာအခက်အခဲနှင့်ပတ်သက်ပြီး “ကျနော်တို့ စစ်ဘေးရှောင် မီးဘေးသင့် ပြည် သူတွေမှာက နေ့စဉ် ဝင်ငွေမရှိကြဘူး။ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေဖြစ်နေကြတာပေါ့” ဟု ခင်ဦးသတင်းမှန်ပြန်ကြားရေးမှတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေသည့်ဒေသများတွင် စားနပ်ရိက္ခာပြဿနာအပြင် သောက် သုံးရေပြတ်လပ်ခြင်း၊ နေအိမ်မီးရှို့ခံရခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းနှင့် ဆေးဝါးပြဿနာများလည်းဖြစ်ပွားနေသည်ဟု ဒေသခံများထံမှသိရသည်။

ထိုသို့ကဲ့သို့ဖြစ်ပွားနေခြင်းသည် စစ်အာဏာသိမ်မှုကြောင့်ဖြစ်သည့်အတွက် စစ်ကောင်စီကို အမြစ်ဖြတ် ဖြုတ်ချဖို့အတွက် အမြန်ဆုံးကြိုးစားသင့်ကြောင်း တော်လှန်ရေးအဖွဲ့များကတိုက်တွန်းသည်။
အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA)မှ ပြန်ကြားရေးတာဝန်ရှိသူ ကိုလင်းနွေ “ကျနော်တို့ တော်လှန်ရေးကို အချိန်ကြာအောင် ဆွဲလို့မရဘူး။ ကြာလာလေ လူထုရော အဖွဲ့တွေပါ ရပ်တည်ဖို့မလွယ် တော့ဘူး” ဟု ဆိုသည်။

စစ်အာဏာသိမ်းပြီးနှစ်နှစ်ကျော်လာချိန်တွင် မြန်မာနိုင်ငံတွင် လူဦးရေ ၁၇.၆ သန်းသည် လူသားချင်း စာနာထောက်ထားမှု အကူအညီလိုအပ်နေပြီး အဆိုပါပမာဏ၏ သုံးပုံတစ်ပုံမှာ ကလေးသူငယ်များဖြစ် သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA Myanmar) ကထုတ်ပြန်ထား သည်။

Photo- CJ( ကရင်ပြည်နယ်အတွင်းက စစ်ဘေး‌ရှောင်စခန်းတစ်ခု)
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စားနပ်ရိက္ခာမလုံလောက်မှု
#လက်နက်ကိုင်ပဋိပက္ခ
#စစ်အုပ်ချုပ်ရေး
#စစ်ဘေးရှောင်ဒုက္ခသည်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥2😁1