Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မတူပီမြို့တွင် အရပ်ဝတ် စစ်ကောင်စီတပ်သားများက ဓားပြတိုက်
=================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ မတူပီမြို့၊ လောင်ဗန်းရပ်ကွက် ၊ ဆောက်လုပ်ရေးအောက်ဘက်ခြမ်းတွင် စစ်ကောင်စီတပ်သား နှစ်ဦးက အရပ်ဝတ် ဝတ်ဆင်ပြီး ပြည်သူတစ်ဦး၏ နေအိမ်ကို ဓားပြတိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၈ရက် ည ၉နာရီ ကျော်တွင် ဦးဘွဲ့စန်းသည် ၎င်း၏ နေအိမ်တွင် မိသားစုနှင့်အတူ နေထိုင်စဥ် ဓားပြတိုက်ခံခဲ့ရခြင်းဖြစ်သည်။

“အမျိုးသားက ခြေထောက်မှာ ဓားနဲ့ခုတ် ဓားနဲ့ထိုးခံထားရတဲ့ ဒဏ်ရာတွေရှိတယ်။ အမျိုးသမီးကတော့ သေနတ်ဒင်နဲ့ထုခံရလို့ ခေါင်းမှာဒဏ်ရာရပြီး နှစ်ယောက်စလုံး ဆေးရုံမှာ ကုသနေကြရတယ်” ဟု အမည်မဖော်လိုသည့် မတူပီမြို့ခံတစ်ဦးက မဇ္စျိမ ကိုပြောသည်။

ဓားပြတိုက်သူများမှ ဦးဘွဲ့စန်း နေအိမ်အနီး ဆောက်လုပ်ရေးဝန်းတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားများ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။ ဓားပြတိုက်သူများမှာ မြန်မာစကား ပီသစွာပြောဆိုခြင်း၊ စစ်ကောင်စီတပ်သားများ ကိုင်ဆောင်လေ့ရှိသည့် သေနတ် ကိုင်ဆောင်ထားခြင်းတို့ကြောင့် ထိုသို့ ပြောဆိုရခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးကပြောသည်။

“ အဲ့နှစ်ယောက်က ဗမာအစစ် စကားနဲ့ပြောတာ ။ ဒီမြို့နယ်မှာ အဲ့ဒီလို ဗမာစကား အသံပီပီ ပြောနိုင်တဲ့ ဒေသခံမရှိဘူး “ ဟု ၎င်းကဆိုသည်။

ထိုဓားပြများသည် ဦးဘွဲ့စန်းနှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ယာလ်နီအား အိမ်အောက်တွင် နှစ်နာရီခန့်ကြာအောင် ရိုက်နှက်ကာ အိမ်ပေါ်ရှိ ၎င်းတို့၏ ကလေးများကိုလည်း နှိပ်စက်မည်ဟု ချိန်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။ ဓားပြများသည် ဒေါ်ယာလ်နီထံက နားကပ်နှင့် ရွှေဆွဲကြိုးကို ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
မတူပီမြို့တွင် စစ်ကောင်စီတပ်က ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ပိတ်ထားခဲ့ပြီး ပြည်သူများအပေါ် မတရားအနိုင်ကျင့်ခြင်း၊ နှိပ်စက်ညှဥ်းပမ်းခြင်းနှင့် ဖမ်းဆီးမှုများ မကြာခဏပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#အရပ်ဝတ် စစ်ကောင်စီတပ်သားများ
#ဓားပြတိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬20👍5❤2😁2🔥1
ကရင်နီနဲ့ စစ်ကိုင်းတိုင်း ဘာတွေတူညီပြီး ဘာတွေခြားနားသလဲ
=====================

မယ်စဲ့မြို့မှာ ကရင်နီတွေထူးထူးခြားခြား အောင်ပွဲရခဲ့ပါတယ်။ ကရင်နီမှာ ဘာတွေအားကောင်းသလဲ။ ကရင်နီကနေ ဘာတွေလေ့လာသင်ယူနိုင်မလဲ။ ကရင်နီနဲ့ စစ်ကိုင်းတိုင်း ဘာတွေတူညီပြီး ဘာတွေခြားနားသလဲ။

https://youtu.be/_PC02xaaZ5Y

#မယ်စဲ့မြို့
#ကရင်နီ
#စစ်ကိုင်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍25😁2🔥1
ဇူလိုင်လ( ၁ )ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ပြီးခဲ့တဲ့နှစ်တွေအတွင်း စစ်ကောင်စီက ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ သိသိသာသာ ပိုများလာတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) က ဇွန်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ ချင်းပြည်နယ် ၊ ထန်တလန်မြို့ကို စစ်ကောင်စီလေတပ်က ဇွန်လ ၂၈ရက် နေ့လယ်ပိုင်းမှာ တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိသလို အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။

https://youtu.be/XNtAQlvdKMk

#Morningradio
#Mizziradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15🔥1😁1
"ငါတို့အလှည့်လာပြီ" စာတန်းကိုင်စွဲပြီး ကြံခင်းမြို့နယ်မှာ ဆန္ဒပြ
=================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

စကြဝတေးမင်းကြီး သပိတ်ကောင်မတီအဖွဲ့ဝင်များက "ငါတို့အလှည့်လာပြီ"စာသားပါ ဘန်နာအားကိုင်ဆွဲကာ ကြံခင်းမြို့တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သ ပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၁၁၇)ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။

#Mizzima
#ဆန္ဒပြ

http://www.mizzimaburmese.com/article/130268
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25❤10😁3
အညာ သမီးပျိုရဲ့ ဒီမိုကရေစီ ခရီးကြမ်း
=================

ဂျူချန်း (မဇ္ဈိမ)။ ။ အလုပ်အကိုင်အတည်တကျနဲ့ လွတ်လပ်စွာ သွားလာနေထိုင်ခဲ့တဲ့ မအမရာဟာ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ဘဝတိုးတက်ရေး အခွင့်အလမ်းတွေကို လက်လွှတ်ပြီး ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် အညာဒေသမှာ စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန် တိုက်ပွဲဝင်နေပါတယ်။

သူ့အနေနဲ့ ပထမဦးဆုံး သေနတ်ကိုင်ရတဲ့ အချိန်တုန်းက စိတ်လှုပ်ရှားရသလို တစ်ခုခုတိမ်းစောင်းချွတ်ချော်သွားလို့ တော်လှန်ရေးခရီး လမ်းခုလတ်မှာ ကျဆုံးသွားရမှာကိုလည်း စိုးရိမ်မိတယ်လို့ ဆိုပါတယ်။

တော်လှန်ရေး ပြီးဆုံးသွားတဲ့အခါမှာ သူ့အနေနဲ့ လစ်ဟင်းခဲ့တဲ့ မိသားစုတာဝန်တွေကို ကျေပွန်အောင် ပြန်ပြီးထမ်းဆောင်သွားမယ်လို့ ပြောပါတယ်။

အညာဒေသမှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးတဲ့အခါ ကျေးရွာထဲပိတ်မိနေတဲ့ အမျိုးသမီးတွေကို လက်နက်ခဲယမ်း၊ ရိက္ခာတွေ သယ်ခိုင်းတာမျိုးရှိသလို စစ်ကောင်စီအထိုင်ချတဲ့ စခန်းတွေမှာ ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေကို ထမင်းဟင်းချက်ခိုင်းတာမျိုးလည်းရှိတယ်လို့ သူက ဆိုပါတယ်။

ဒီလိုလူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ရှုတ်ချစာထုတ်တာအပြင် လက်တွေ့ထိရောက်စွာ ကူညီပေးဖို့ မအမရာက တောင်းဆိုထားပါတယ်။

https://youtu.be/NXdk0rFBlpU

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#အင်တာဗျူး
#စစ်ကောင်စီ
#တော်လှန်ရေး
#လူ့အခွင့်အရေး

#weeklyinterview
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍23❤5😁2
​​ဗန်းမော်မြို့မှာ အသက် ၁၁ အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်
=======================

အဂမ်
(မဇ္ဈိမ)။ ။ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် အသက် ၁၁ အရွယ် မိန်းကလေးငယ် တစ်ဦးကို နှိပ်စက်ကာ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုကြသည်။

ဗန်းမော်မြို့ ၊ ကုက္ကိုတောရပ်ကွက် (ရှမ်းဝိုင်း) မှာ ၂၀၂၃ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ ညနေကျောင်းဆင်းပြီး အိမ်ပြန်ရောက်ချိန်တွင် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ဦးလေးတော်စပ်သူက အခန်းထဲဆွဲယူပြီး ပါးစပ်ပိတ် လည်ပင်းညှစ်ကာ နှိပ်စက် အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်များက ယခုလိုဆိုသည်။

“ တစ်ကိုယ်လုံး ဖောရောင်နေတော့ မြွေကိုက်ထားတယ်ထင်တာ၊ ဆေးရုံရောက်လို့ စစ်ဆေးကြည့်တော့မှ အဓမ္မပြုကျင့်ခံရတယ်ဆိုတာ သိရတာ ” ဟု သတင်းရင်းမြစ်က ပြောသည်။

အဓမ္မပြုကျင့်သူမှာ အသက် ၃၇ အရွယ် အင်ခွန်မာယော် ဆိုသူဖြစ်ပြီး၊ ကလေးတစ်ယောက်ဖခင်ဖြစ်ကာ အိမ်ထောင်ကွဲနေသူဖြစ်တယ်လို့ သိရသည်။

မိန်းကလေးငယ်ကို အဓမ္မမပြုကျင့်မီ နှိပ်စက်ခဲ့သည့်အတွက် နှာခေါင်းရိုးများကျိုးကာ ခြေ၊ လက်အရိုးများကျိုးကြေပြီး သေဆုံးသွားရသည့် ဒဏ်ရာလက္ခဏာများကို မိန်းကလေးငယ်၏ခန္ဓာကိုယ်ပေါ်တွင် တွေ့ရသည်ဟု စုံစမ်းသိရှိရသည်။

အဓမ္မပြုကျင့်သူမှာ သေဆုံးသူ မိန်းကလေးငယ်၏အလောင်းကို အိမ်အနောက်ဘက် ဝါးရုံပင်တွေအောက်၌ စွန့်ပစ်ဝှက်ထားခဲ့ရာမှ ဇွန်လ ၂၈ ရက်နေ့တွင် ရှာဖွေတွေ့ရှိရပြီး ယမန်နေ့ ဇွန် ၂၉ ရက်နေ့တွင် သင်္ဂြိုဟ်လိုက်ပြီလို့ သတင်းရင်းမြစ်များက ဆိုသည်။

ကျူးလွန်ခဲ့သူအား မိန်းကလေးငယ်ကိုသင်္ဂြိုဟ်ပြီးနောက်ပိုင်း ဗန်းမော်မြို့မရဲ့စခန်းတွင် (ပ) ၁၀၁/၂၀၂၃၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၇၆/၅၁၁ အရ အမှုဖွင့်ကာ စစ်ဆေးနေတယ်လို့ ဗန်းမော်ရဲစခန်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက အတည်ပြုထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)
ဓာတ်ပုံ- သေဆုံးသွားသည့် အမျိုးသမီးငယ် (CJ)

#mizzima
#ဗန်းမော်မြို့
#မိန်းကလေးငယ်
#အဓမ္မပြုကျင့်
#နှိပ်စက်
🤬29👍2🥰1😁1
​​Pact-Myanmar ချေးငွေလုပ်ငန်း မြန်မာနိုင်ငံကထွက်ခွာခဲ့ခြင်းမှာ PDF များကြောင့်ဆိုသည့် သတင်းအမှား
=======================

ZZ
(မဇ္ဈိမ) ။ ။ Pact-Myanmar (ပက်မြန်မာ) ချေးငွေလုပ်ငန်း မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ခြင်းမှာ PDF များကြောင့်ဟုဆိုသည့် သတင်း လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းအဆိုမှာ မှားယွင်းနေသည်။

"စစ်သွေး" တယ်လီဂရမ် ချန်နယ်မှ ဇွန်လ ၂၇ ရက်နေ့တွင် “သူခိုးက လူပြန်ဟစ်တယ်ဆိုတာ ဒါမျိုးပေါ့..." ဟုဆိုကာ Pact-Myanmar ထွက်ခွာရခြင်းမှာ မတ်လ ၄ရက်နေ့က မင်းဘူးမြို့တွင် PDF များမှ ချေးငွေကောက်ခံသူများအား စစ်ကောင်စီနှင့်ဆက်စပ်၍ ဖမ်းဆီးကာ ငွေကြေးများအား သိမ်းဆည်းခြင်း၊ အသက်အန္တရာယ်အား ခြိမ်းခြောက်ခြင်းတို့ကြောင့် မြန်မာပြည်က ထွက်ခွာရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်ဟု ဆိုကာ ရေးသားဖြန့်ဝေထားသည်။

ထိုအကြောင်းသည် အခြား တယ်လီဂရမ် ချန်နယ် ၁၉ ခုတွင်လည်း ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူ ၈၀,၀၀၀ ကျော်ရှိနေပြီ ဖြစ်သည်။
ဖေ့ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိနေသည်။

အမေရိကန် အခြေစိုက် ချေးငွေလုပ်ငန်းဖြစ်သည့် Pact Global Microfinance Fund (PGMF) မြန်မာနိုင်ငံမှ ထွက်ခွာရခြင်းနှင့်ပတ်သက်၍ PDF များကြောင့် ဟုတ်မဟုတ် မဇ္ဈိမအချက်အလက် စစ်ဆေးသူများမှ အချက်အလက် စစ်ဆေးခဲ့သည်။

PGMF ၏ ဝက်ဆိုဒ်မှ ထုတ်ပြန်ချက်တွင် စစ်ကောင်စီမှ ၎င်းတို့အဖွဲ့အား ပြန်လည်မှတ်ပုံတင်ခိုင်းခြင်း၊ အမြတ်အချို့အား မျှဝေခိုင်းခြင်း၊ ထို့နောက်တွင် လုပ်ငန်းတစ်ခုလုံးအား စစ်ကောင်စီထံ လွှဲပြောင်းပေးရန် တောင်းဆိုချက်များကြောင့် ရပ်နားခဲ့ရခြင်း ဖြစ်ကြောင်းကို ဇွန်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ PDF များ၏ ခြိမ်းခြောက်မှုကြောင့်ဟု မပါဝင်ချေ။ လင့် - https://bit.ly/3NROF4i

အလားတူပင် PGMF နှင့် ဆက်စပ်သည့် Pact Myanmar မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ကို လွတ်လပ်သည့် သတင်းဌာနများတွင်လည်း သတင်းဖော်ပြခဲ့ကြသည်။ ထိုဖော်ပြမှုများတွင် မြန်မာအာဏာပိုင်များက အသင်းအဖွဲ့ ပြန်လည်မှတ်ပုံတင်ခိုင်းခြင်း၊ အမြတ်အချို့ကို မျှဝေပြီးနောက်ပိုင်း လုပ်ငန်းတစ်ခုလုံး လွှဲပြောင်းပေးရန် တောင်းဆိုခြင်းများကြောင့် ချေးငွေလုပ်ငန်းကို ရပ်နားလိုက်ရကြောင်း တညီတညွတ်တည်း ဖော်ပြကြသည်။
လင့် - https://bit.ly/3CRxJoc , https://bit.ly/3PEg5fo , https://bit.ly/3NBygiS

အချက်အလက် စစ်ဆေးသည့်အဖွဲ့တစ်ခုဖြစ်သည့် Fact Crescendo Myanmar မှလည်း ဇွန်လ ၃၀ ရက်နေ့တွင် Pact Myanmar လုပ်ငန်းပိတ်သိမ်းခြင်းသည် NUG၊PDF များကြောင့်ဆိုသည်မှာ သတင်းမှားသာဖြစ်ကြောင်း ဖော်ပြထားသည်။ လင့် - https://shorturl.at/djxV2

စစ်သွေး မှ ဖြန့်ဝေထားသည့် မတ်လ ၄ ရက်နေ့က ဖြစ်စဉ်မှာ မင်းဘူး မြို့နယ်တွင် PDF အနောက်ပိုင်းတိုင်း တပ်ခွဲမှ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်နေသော ငွေချေးလုပ်ငန်းများဖြစ်သည့် Pact Myanmar နှင့် BG Microfinance ငွေချေးလုပ်ငန်းများအား စစ်ဆေးမေးမြန်းခဲ့ပြီး စာရွက်စာတမ်း၊ ဖုန်းကဒ်၊ ဖုန်းနှင့် ငွေကျပ်သိန်း ၅၀ ကျော်ကို သိမ်းဆည်းခဲ့သည့်ဖြစ်စဉ် ဖြစ်သည်။

မင်းဘူး မြို့နယ်တွင် စစ်တပ် ထုတ်ကုန်များ၊ စစ်တပ်နှင့် ပတ်သက်မှုရှိသည့်‌ ချေးငွေလုပ်ငန်းများကို ပြည်သူများ ခက်ခဲနေချိန် တော်လှန်ရေးကာလအတွင်း ပိတ်ပင်ထားပြီး မလိုက်နာသည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးရခြင်းဖြစ်ကြောင်း မဲခေါင်သတင်းမှာ ဖော်ပြထားသည်။
လင့် - https://bit.ly/3Xx6IQl

ဒေသခံကာကွယ်ရေးတပ်များ၏ ဖမ်းဆီးမှုမှာ မင်းဘူး မြို့နယ်တွင်ဖြစ်ပြီး တော်လှန်ရေးကာလအတွင်း ချေးငွေကောက်ခံခြင်းကို ပိတ်ပင်ခြင်းဖြစ်သည်။

PGMF ၏ ထုတ်ပြန်ချက်တွင် PDF များကြောင့်ဟု မပါဝင်ဘဲ စစ်ကောင်စီ၏ တောင်းဆိုချက်များကြောင့်ထွက်ခွာရခြင်းဖြစ်သည်။ ထို့ကြောင့် PDF များကြောင့် Pact Myanmar လုပ်ငန်းများ မြန်မာနိုင်ငံမှ ထွက်ခွာရခြင်းမှာ သတင်းအမှားသာ ဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာမူတည်းဖြတ် ။ ။ သန့်ဇော်

#Misinformation_Buster
#Fake_News
#Pact_Myanmar
#Microfinance
http://www.mizzimaburmese.com/article/130270
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25😁7🖕2
ဒီတစ်ပတ်ရဲ့ My india အစီအစဉ်မှာ
=============

ဒီတစ်ပတ်ရဲ့My india အစီအစဉ်မှာ

-နေက ကမ္ဘာကိုတစ်ပတ်လည်တဲ့ နှစ်တစ်နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ ဘိုင်ဆာခီပွဲတော်ကို အိန္ဒိယတွင်ကျင်းပ

-အိန္ဒိယလူမျိုးများနဲ့ ကမ္ဘာလှည့်ခရီးသည်များက တာ့ဂျ်မဟာ အပါအဝင် အထင်ကရ အဆောက်အအုံများသို့ လာရောက်ကြကာ ကမ္ဘာ့အမွေအနှစ်နေ့ကို ဆင်နွှဲခဲ့ကြ

-Apple ရဲ့ CEO တင်မ်ကွတ်ခ်က ကုမ္ပဏီရဲ့ ပထမဆုံး လက်လီအရောင်းဆိုင်ကို အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ဖွင့်လှစ်ခဲ့

-အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာကောင်စီက ယဉ်ကျေးမှုဝန်ကြီးဌာန၊နိုင်ငံခြားရေးဝန်ကြီးဌာနများနှင့် ပူပေါင်းကာ အိန္ဒိယနိုင်ငံရဲ့ မြို့တော်မှာ ၂ရက်ကြာ ထိပ်သီးဆွေးနွေးပွဲကိုကျင်းပ

-ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတတ်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ
အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။

https://youtu.be/IcVbWy0I5ZU

#myindia
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15🔥1
​​“လမ်းများအားလုံးနေပြည်တော်သို့” စစ်ဆင်ရေးအစိတ်အပိုင်းအဖြစ် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အတွင်းမှ လမ်းများ သွားလာခွင့် NUG ကန့်သတ်
========================

ရွှေနွယ်
(မဇ္ဈိမ)။ ။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်း စစ်ဒေသခွဲ က “လမ်းများအားလုံးနေပြည်တော်သို့” စစ်ဆင်ရေးအစိတ်အပိုင်းအဖြစ် ပြည်သူများကို ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ လမ်းများ သွားလာခွင့်ကန့်သတ်ကြောင်း ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

တောင်ပိုင်းတိုင်း စစ်ဒေသခွဲ၊ စစ်ဒေသခွဲအမှတ် (၂) အတွင်းရှိ အဓိက လမ်းပိုင်းများဖြစ်သည့် ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်−မန္တလေးလမ်း လမ်းဟောင်း၊ ရန်ကုန်−မန္တလေး အမြန်လမ်း၊ ပဲခူး−စစ်တောင်းလမ်းပိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ ရန်ကုန်−မုတ္တမ၊ ရန်ကုန်−ဘားအံလမ်းပိုင်းများအား နေ့စဉ် ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာခွင့်ကန့်သတ်လိုက်ခြင်းဖြစ်သည်။

"ကျွန်တော်တို့ကတော့ ဝန်ကြီးလည်းပြောထားတဲ့အတိုင်းပဲ "လမ်းများအားလုံးနေပြည်တော်သို့" စစ်ဆင်ရေးအတိုင်း ဆောင်ရွက်နေတာပါ။ လမ်းသွားလာခွင့် ကန့်သတ်လိုက်တာဟာလည်း စစ်ရေးအရှိန်မြင့်လာဖို့ ရှိနေတာကြောင့်ပါ။ နေပြည်တော်နဲ့ ထိစပ်နေသောမြို့နယ်တွေ ပဲခူးတိုင်းအရှေ့ခြမ်းက မြို့နယ်တွေက ပြည်သူတွေအနေနဲ့လည်း သတိထားသွားလာနိုင်ကြဖို့အတွက် အသိပေးထုတ်ပြန်တာပါ" ဟု တောင်ပိုင်းတိုင်း စစ်ဒေသခွဲတွင်ပါဝင်သော ပဲခူးတိုင်း စစ်ဒေသခွဲ၏ ပြန်ကြားရေးတာဝန်ရှိသူ ကိုဝေယံက မဇ္ဈိမကိုပြောသည်။

စစ်ရေးအရှိန်တိုးမြှင့်ဆောင်ရွက်ရာတွင် ပြည်သူများ ပြည်သူများထိခိုက်နစ်နာမှုမရှိရစေရန် သတိပေးထုတ်ပြန်ရခြင်းဖြပြီး လိုက်နာရန် ပျက်ကွက်ပါက နောက်ဆက်တွဲအကျိုးဆက်များအား တာဝန်ယူမည်မဟုတ်ဟု ဆိုသည်။

ပဲခူးတိုင်းအတွင်းရှိ ကန့်သတ်သတ်မှတ်ချိန်ပြင်ပဖြစ်သော နေ့အချိန်များတွင်လည်း မော်တော်ယာဉ်များ ခရီးသွားလာရာတွင် မှန်ချမောင်းနှင်ရန်နှင့် တာဝန်အရစစ်ဆေးခြင်းများကို ကြည်ဖြူစွာလက်ခံရန် ထုတ်ပြန်ချက်တွင် သတိပေးပန်ကြားထားသည်။
စစ်ကောင်စီဘက်ကလည်း ပဲခူးတိုင်းအရှေ့ခြမ်းမြို့နယ်များတွင် စစ်အင်အားတိုးမြှင့်ထားကြောင်း ဒေသခံများက ပြောသည်။

“ဖြူးမြို့နယ်မှာလည်း အမြန်လမ်းတစ်လျှောက်နဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ နေရာချထားတယ်။ ကျောက်တံခါးမြို့နယ်မှာလည်း စစ်အင်အားတိုးလာတယ် ။ ကျေးရွာဘုန်းကြီးကျောင်းတွေနဲ့ အမြန်လမ်းတစ်လျှောက် ကင်းပုန်းတွေနဲ့ တပ်အထိုင်ချထားတာတွေရှိပါတယ်” ဟု ကျောက်တံခါးဒေသခံက မဇ္ဈိမကိုပြောသည်။
ပဲခူးတိုင်းအရှေ့ခြမ်းမြို့နယ်ဖြစ်ပြီး KNU တပ်မဟာ ( ၃) နယ်မြေအတွင်းပါရှိသော ညောင်လေးပင်မြို့နယ်၌လည်း စစ်ကောင်စီဘက်က စစ်အင်အား တိုးချဲ့ဖြည့်တင်းထားကြောင်း သိရသည်။

ပြီးခဲ့သည့်သတင်းပတ်အတွင်း စစ်ကောင်စီဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တပ်မ ( ၇၇ )သို့ လာရောက်ကာ ပဲခူးတိုင်းအတွက် စစ်ဗျူဟာ လာချသွားသည်ဟုတပ်တွင်းသတင်းပေး၏ပြောဆိုချက်အရ သိရသည်။ ပဲခူးတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများကလည်း ၎င်းတို့အနေဖြင့် အဆိုပါ သတင်းကိုကြားသိထားကြောင်းဆိုသည်။

တပ်မ (၇၇) သည်တောင်ပိုင်းတိုင်းစစ်​ဒေသနယ်မြေဖြစ်သော ပဲခူးတိုင်း ၊ ပဲခူးမြို့တွင်တည်ရှိသည်။ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ မဇ္ဈိအနေဖြင့်သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြီးခဲ့သည့် ဇွန်လအတွင်းက NUG ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် “ လမ်းများအားလုံးနေပြည်တော်သို့ “ စစ်ဆင်ရေးကိုချမှတ်ထားပြီး နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးတပ်ဖွဲ့များသည် နေပြည်တော်သို့ ဦးတည်ကာ ချီတက်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့နယ်အတွင်းရှိ နတ်သံကွင်း စစ်တောင်းမြစ်ကူးတံတားနှင့်အတူ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ကျုံအိတ်တံတားတို့အား ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်u ဖောက်ခွဲဖျက်ဆီးကာ စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်ခဲ့သည်။
နတ်သံကွင်းတံတား ဖျက်ဆီးမှုအပြီး ပဲခူးတိုင်းအရှေ့ခြမ်းနှင့် စစ်တောင်းမြစ်ဝှမ်းအနောက်ဘက်ခြမ်းမြို့နယ်များတွင် စစ်ကောင်စီက စစ်အင်အားပိုမိုးတိုးမြှင့်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ဓါတ်ပုံ။ ။ ရန်ကုန်-မန္တလေး အမြန်လမ်းတစ်နေရာ

#Mizzima
#“လမ်းများအားလုံးနေပြည်တော်သို့”
#စစ်ဆင်ရေး
# NUG
http://www.mizzimaburmese.com/article/130271
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍36😁3👏1
​​မုန်တိုင်းအကူအညီကို စစ်ကောင်စီ၏ ကန့်သတ်မှုက စစ်ရာဇဝတ်မှု မြောက်နိုင်ဟု ကုလသမဂ္ဂ ပြော
========================

အသက်ကယ်တင်ရေး အကူအညီများကို မြန်မာစစ်အုပ်ချုပ်သူများ၏ ကန့်သတ်မှုများက များပြားလာနေပြီး အရှက်ရစေသော ပြုမူမှု၊ အစာရေစာ ငတ်မွတ်မှုနှင့် စုပေါင်းပြစ်ဒဏ်ပေးမှုကဲ့သို့သော စစ်ရာဇဝတ်မှုများနှင့် ညီမျှနေဖွယ် ရှိသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာက သောကြာနေ့၌ ဖော်ပြသည်။

မြန်မာစစ်တပ်သည် ၂၀၂၁ ဖေဖော်ဝါရီက အာဏာသိမ်းချိန်မှစကာ “အားလုံး လွှမ်းခြုံ ထိန်းချုပ်မှုစနစ်” ကို အကောင်အထည်ဖော်ထားကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ၏ အစီရင်ခံစာ၌ ဆိုထားပြီး ပြည်သူများ၏ အခြေခံ လိုအပ်ချက်များနှင့် အခွင့်အရေးများကို ဖြည့်ဆည်းနိုင်ရန် အားချင်းဖော်ဆောင်ရန် လိုအပ်နေသည်ဟု ပြောထားသည်။

စစ်ကောင်စီ စစ်သားများသည် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားပြီး စားနပ်ရိက္ခာသိုလှောင်မှုများကို မီးရှို့ကာ ရေတွင်းများကို ဖျက်ဆီးကြသည်။ ကိုယ့်ရပ်ကိုယ်ရွာ ပြန်နိုင်ရန် ကြိုးစားသည့် နေရပ်ရွှေ့ပြောင်းသူများကို သတ်ဖြတ်ခြင်းများပင် ရှိနေသည်။
👍31😁3
Mizzima Weekly Sports အစီအစဉ်
=============

တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွာမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။

-------------

ဒီတစ်ပတ်မှာတော့ .....

- ဘောလုံးလိဂ်အများစုက VAR ဆွေးနွေးမှုကို ရုပ်သံတွင် ထုတ်လွှင့်စေလိုကြကြောင်း စစ်တမ်းတစ်ခုက တွေ့ရှိခဲ့

- ကမ္ဘာ့ဖလားမတိုင်မီ Instagram မှာ သြဇာအရှိဆုံး အမျိုးသမီးကစားသမားဖြစ်လာတဲ့ Alisha Lehmann

- လက်စတာနဲ့ အင်္ဂလန်ကွင်းလယ်ကစားသမားကို  အပြီးသတ်ခေါ်ယူလိုက်တဲ့ စပါး

- “ငါတို့ လုံလောက်ပြီ” - မန်ချက်စတာယူနိုက်တက်အသင်း၏ စျေးဆိုင်ရှေ့တွင်   ကန့်ကွက်ဆန္ဒပြခဲ့ကြသည့် ပရိသတ်များ စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးမှာပါ။

https://youtu.be/2CFmg-M1yvk

#weeklysports
#mizzimatv

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14😁2
​​နျူကလီးယား ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ရုရှနှင့် စစ်ကောင်စီတို့ သဘောတူ
===================

ရုရှနှင့် စစ်ကောင်စီကြား သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထူထောင်ထားသော ပူးတွဲကော်မတီတစ်ရပ်သည် နှစ်နိုင်ငံကြားက နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုအတွက် ဆွေးနွေးရန် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံကြသည်။

ဇွန် ၂၇ နှင့် ၂၈ ရက်တို့တွင် ပြုလုပ်ခဲ့သော အဆိုပါ တွေ့ဆုံမှု၌ ရုရှ နျူကလီးယား ကုမ္ပဏီ Rosatom နှင့် မြန်မာကြား “အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးအတွက် မူဘောင်များ”ကို ဆွေးနွေးကြခြင်း ဖြစ်သည်။

Rosatom လက်ထောက်ညွှန်ကြားရေးမှူးချုပ် နီကိုလိုင်း စပတ်စကီက မြန်မာ သိပ္ပံနှင့် နည်းပညာ ဒုတိယဝန်ကြီး ဦးအောင်ဇေယျနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုနောက်၌ ပူးပေါင်းဆောင်ရွက်မှုအတွက် လိုရင်းဖော်ပြချက် သဘောတူညီချက်မူကြမ်းကို လက်မှတ်ရေးထိုးကြသည်။
💩9👍7😁6👎1🔥1
​​အရေးယူမှုမပါသည့် ထုတ်ပြန်ချက်များကို မြန်မာပြည်သူများ စိတ်ပျက် နေဟု UN တွင် ဦးကျော်မိုးထွန်းပြော
===============

002
(မဇ္ဈိမ)။ ။ လုံခြုံရေးကောင်စီ၏ အရေးယူမှုမပါသည့် ထုတ်ပြန်ချက်များကို မြန်မာပြည်သူများ စိတ်ပျက်နေဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ နှစ်စဉ်အစီရင်ခံစာအား အထွေထွေညီလာခံသို့ တင်သွင်း၍ အတည်ပြုသည့် မျက်နှာစုံညီအစည်းအဝေး၌ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ လုံခြုံရေး ကောင်စီက ထုတ်ပြန်ချက် ခုနစ်စောင်နှင့် ကောင်စီဥက္ကဋ္ဌ ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် လုံခြုံရေးကောင်စီအနေဖြင့် သမိုင်းဝင်သည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကို အတည်ပြုခဲ့ကြောင်း၊ မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံတွင် ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် အခြေအနေအား ဤမျှသာ တုံ့ပြန်ခြင်းက စစ်အာဏာရှင်၏ အကြမ်းဖက်နှိပ်စက်ညှဉ်းပန်းမှုအား ခံစားနေရသည့် မြန်မာပြည်သူများအတွက် စိတ်ပျက်ရစေကြောင်း ဦးကျော်မိုးထွန်း က ပြောသည်။

" နှစ်နှစ် ကျော်ကာလအတွင်း၌ ကောင်စီမှ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ပြီးတိုင် စစ်တပ်ကသာ၍ အကြမ်းဖက်ရက်စက်သော ပြစ်မှုများကိုသာ စဉ်ဆက်မပြတ် ကျူးလွန်ခဲ့ကြောင်း" ဦးကျော်မိုး ထွန်းက UN သို့ ပြောကြားသည့် မိန့်ခွန်းတွင် ဖော်ပြထားသည်။
သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တရားလက်လွတ် ဖမ်းဆီးထိန်းချုပ်ခံထားရသူများအားလုံးကို ချက်ချင်းလွှတ်ပေးရန် ကောင်စီက ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီက ဖမ်းဆီးထားဆဲဟု ၎င်းက ထောက်ပြပြောဆိုသည်။

“အခြေအနေအား ပိုမိုဆိုးရွားမသွားစေသင့်” ဟူသော ပြောကြားချက်များကို မကြာခဏ ကြားရလေ့ရှိကြောင်း၊ အရပ်သားပြည်သူများအပေါ် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို ရပ်တန့်အောင် တုံ့ပြန်ဆောင်ရွက်ခြင်းက အခြေအနေအား ပိုမိုဆိုးရွားစေမည် မဟုတ်ကြောင်း၊ နိုင်ငံတကာပြစ်မှုများ ကျူးလွန်နေသူများအား အပြစ်ပေးအရေးယူခြင်းက အခြေအနေအား ပိုမိုဆိုးရွားစေမည် မဟုတ်ကြောင်း၊ စစ်တပ်၏ ပြစ်ဒဏ်ခတ်မှုကင်းလွတ်နေခြင်းကို အဆုံးသတ်ခြင်းက အခြေအနေအား ပိုမိုဆိုးရွားစေမည် မဟုတ်ကြောင်း ဦးကျော်မိုးထွန်းက ဆက်ပြောသည်။

လုံခြုံရေးကောင်စီသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းစီတွင် ဖြစ်ပွားနေသည့် ပြည်တွင်း နိုင်ငံရေး သို့မဟုတ် လူမှုရေး အငြင်းပွားမှုများကို မည်သို့ ဖြေရှင်းရမည်ဟူ၍ ပါဝင်လမ်းညွှန်ပေးရန် မရှိသော်လည်း၊ အချို့သော ဒေသတွင်းနှင့် နိုင်ငံတကာအပေါ် ရိုက်ခတ်မှုရှိသည့် အခြေအနေများတွင် ကောင်စီမှ အရေးယူဆောင်ရွက်ရန် ဆန္ဒမရှိခြင်း သို့မဟုတ် မစွမ်းဆောင်နိုင်ခြင်းတို့က သန်းပေါင်းများစွာသော ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အပေါ် ကြီးမားသောနောက်ဆက်တွဲ ဆိုးကျိုးများရှိစေကြောင်း၊ မြန်မာနိုင်ငံ၏ ဖြစ်စဉ်သည် ယင်းအခြေအနေအတွက် အကောင်းဆုံးသော ဥပမာတစ်ခုပင် ဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ဆက်ပြောသည်။

စစ်ကောင်စီက ယနေ့အထိ အပြစ်မဲ့ပြည်သူ ၃,၇၂၈ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် ပြည်သူများ နေထိုင်ရာ မြို့နယ်များနှင့် ကျေးရွာများအပေါ် လေကြောင်း တိုက်ခိုက်မှုများနှင့် လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခြင်းကြောင့် လူဦးရေ ၁ ဒသမ ၅ သန်းကျော်သည် နေရပ်စွန့်ခွာသူများ ဖြစ်နေရကြောင်း၊ စစ်တပ်အနေဖြင့် ပြည်သူများကို ပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းအတွက်လည်း ပြစ်ဒဏ်ကင်းလွတ်လျက်ရှိကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။

စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းတစ်ခုမှာ ခြောက်လသား ကလေးငယ်ပင် သေဆုံးခဲ့သည့် ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်ကြောင်း၊ ဖြစ်စဉ်တွင် လူ ၂၀၀ ခန့် သေဆုံးခဲ့ပြီး ယင်းလုပ်ရပ်များမှာ ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ပြုလုပ်သည့် တိုက်ခိုက်မှုများဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဦးကျော်မိုးထွန်း
#ထုတ်ပြန်ချက်
#မြန်မာပြည်သူများ
#လုံခြုံရေးကောင်စီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍45👏7😁4🥰2❤1
​​ကောလင်းမြို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဒေသခံ ၄ ဦးသေဆုံး
====================

ကိုခင်မောင်
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံလေးဦးသေဆုံး၍ လူနေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း Dutiful Citizens Team ထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၃၀ရက်နေ့ ည ၇နာရီအချိန်ခန့်တွင် ကောလင်းထွေအုပ်ရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ကောလင်းမြို့ပေါ်သို့ ပစ်ခတ်ခဲ့ရာ ကျော်ဇေယျာရပ်ကွက်၊ ဘုန်းကြီးကျောင်းအနီးရှိ ဦးမြင့်ထူး၏ နေအိမ် နှင့် မဇာခြည်ဦးတို့ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်ဟု ယင်းအဖွဲ့တာဝန်ရှိသူက မဇ္စျိမသို့ ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၀နှစ်အရွယ် ဦးမြင့်ထူး၊ ၎င်း၏ဇနီး၊ ၎င်း၏ အသက် ရှစ်နှစ်အရွယ် မြေးဖြစ်သူနှင့် အသက် ၄၃နှစ်အရွယ် မဇာခြည်ဦးတို့ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

“အလောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရင်ခွဲရုံပို့ထားတယ်။ ကလေးလေးက တစ်ကိုယ်လုံးစုတ်ပြတ်သွားတယ်။ နောက်တစ်ယောက်က အူတွေပဲ ကျန်ခဲ့တယ်” ဟု Dutiful Citizens Team မှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြောသည်။

ယမန်နေ့ ဇွန်လ ၃၀ရက် ည ၇ နာရီအချိန်ခန့်တွင် ကိုးတောင်ဘို့ကျေးရွာရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်းတစ်နေရာအား ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း၍ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲသို့ ကောလင်းထွေအုပ်ရုံးအတွင်းရှိ စစ်ကောင်စီတပ်များမှ စစ်ကူမသွားရောက်နိုင်သဖြင့် လက်နက်ကြီးများဖြင့် ကောလင်းမြို့ပေါ်သို့ ရမ်းသန်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ဇွန်လ ၃၀ရက် နံနက်ပိုင်းအချိန်က ကောလင်းမြို့ရှိ ဖုန်းဆိုင်နှင့် စားသောက်ဆိုင်များ၌ CCTVများ တပ်ဆင်ရန် ဆိုင်ရှင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံပြောဆိုခဲ့ကြသေးသည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က ကောလင်းမြို့ KBZ ဘဏ်(၂)အနီး၌ ကင်းချိန်းပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို The Secret Warrior Kawlin အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန် ဒဏ်ရာရရှိကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#ကောလင်းမြို့
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🤬8🔥3😁1
​​ကရင်နီပြည်နယ်တွင် စစ်ကောင်စီရဟတ်ယာဉ် ပစ်ချခံရ
===================

ဂျူချန်း ၊ ရွှေနွယ်
(မဇ္ဈိမ)။ ။ ကရင်နီပြည်၊ ဘော်လခဲခရိုင်၊ ရွာသစ်မြို့အနီးတွင် ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးကို ပစ်ချခဲ့ကြောင်း ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ) ဗဟိုကော်မတီ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

“တိုက်ခိုက်ရေး လေယာဉ်ပါ။ ဒီမနက်ကတည်းက အတည်ပြုပြီးပြီ။ အသေးစိတ်ကိုတော့ နောက်မှ ထပ်အတည်ပြုပါမယ်” ဟု ကလလတ ရဲဘော်လော်ရင်းစိုးက မဇ္ဈိမ ကိုပြောသည်။

ရွာသစ်မြို့အနီး BGF တပ်ရင်းအမှတ် (၁၀၀၅) အနီးတွင် ယမန်နေ့ နံနက် ၁၁ နာရီကျော်အချိန်ခန့်၌ ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ပစ်တော့ ထိတော့ထိသွားတယ်။ အမြီးပိုင်းကို ထိပြီးတော့မှ မီးခိုးတော့ ထွက်သွားတယ်။ ထိုင်းနဲ့ နီးတဲ့ နယ်စပ်နား၊ မယ်စဲ့နဲ့ ရွာသစ်ကြားက တောင်ကုန်းကြားမှာ သွားနေတာကို ပွိုင့်5 နဲ့ ပစ်လိုက်တာလို့ သတင်းရတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်အင်အား ၃၀၀ ခန့် ဖြင့် စစ်ကြောင်းထိုးနေသည့် ရွာသစ်မြို့နယ်အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ထိုရဟတ်ယာဉ်ကို ကလလတနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရဟတ်ယာဉ်က ရွာသစ်မြို့နယ်ထဲမှာပဲ ပျက်ကျသွားတာပါ။ ရွာသစ်မှာ တပ်အင်အား ၃၀၀ လောက်နဲ့ ထိန်းချုပ်ထားတယ်။ ပစ်နေတုန်းဆိုတော့ အပျက်ပုံတော့ မရလိုက်ဘူး” ဟု ကလလတနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကလလတ သည် နအဖ စစ်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲပြီး တပ်ဖွဲ့ဝင်အချို့ကို စစ်အုပ်စုလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) အဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့သော်လည်း စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမှာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အပါအဝင် တော်လှန်ရေးအင်အားစုအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် တရားဝင် အသိပေးထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ပုံဟောင်း -ချင်းပြည်နယ် ဟားခါးမြို့တွင် ပျက်ကျခဲ့သည့် ရဟတ်ယာဉ်၊ ၂၀၂၂ မတ်လ ၂၉ ရက်နေ့

#Mizzima
#စစ်ကောင်စီရဟတ်ယာဉ်
#ကရင်နီပြည်နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍38❤4😁3
တော်လှန်ရေး အင်အားစုတွေနဲ့အတူ စစ်ကောင်စီတပ်ကို တိုက်ခိုက်သွားမယ်လို့ ကလလတတပ် ကြေညာ
================

ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အနေနဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြိး အာဏာသိမ်းစစ်ကောင်စီကို ပြတ်ပြတ်သားသား တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ဒီနေ့ ဇူလိုင်လ ၁ ရက်နေ့မှာ တရားဝင်အသိပေး ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်နေကြတဲ့ တောင်ပေါ်မြေပြန့် ဒေသအနှံ့က တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်လို့လည်း ပြောထားပါတယ်။

ကလလတ တပ်ဖွဲ့ဟာ နွေဦးတော်လှန်ရေးကာလ ကနေစပြီး ကရင်နီလူငယ်တွေကို စစ်သင်တန်းပေးတာအပြင် အဖက်ဖက်ကနေ ကူညီပေးခဲ့ပြီး အခုလို တရားဝင်ကြေညာလိုက်တာဟာ ကရင်နီပြည်မှာရှိတဲ့ လက်နက်ကိုင်အင်အားစုတွေ အားလုံး စည်းစည်းလုံးလုံးနဲ့ တော်လှန်ရေးရဲ့ အရွေ့ နောက်တဆင့်ကို တက်လှမ်းနိုင်ဖို့အတွက်ဖြစ်တယ်လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ယောက် မဇ္ဈိမကို ပြောပါတယ်။

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ဟာ နအဖ စစ်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်မှာ ပစ်အခတ်ရပ်စဲပြီး တပ်ဖွဲ့ဝင်တချို့ကို စစ်အုပ်စုလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) အဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့တာပါ။
လက်ရှိမှာတော့ ကလလတဟာ စစ်ကောင်စီတပ်ကို ပြန်လည်ခုခံတိုက်ခိုက်နေတဲ့ ပထမဦးဆုံး နယ်ခြားစောင့်တပ်တစ်ခု ဖြစ်လာသလို ဒါဟာ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် အလားအလာကောင်းတစ်ခုဖြစ်တယ်လို့လည်း စစ်ရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။

https://youtu.be/pRfk5X2IYYs

တည်းဖြတ်/တင်ဆက်= ဂျူချန်း

#ကရင်နီ
#ကလလတ
#BGF
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤15👍5🤣2👏1😁1
​​ဘီးလင်းတွင် ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲရာ စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံး
=====================

YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့က စစ်ကောင်စီတပ်သားများ စီးနင်းလာသည့် ယာဉ်တန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၂ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။

ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့၊ နံနက် ၈ နာရီဝန်းကျင်တွင် ကျိုက်ထိုမြို့ဘက်မှ ဘီးလင်းမြို့နယ်ဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီတပ်သားများ လိုက်ပါစီးနင်းလာသည့် လေးစီးပါ စစ်ယာဉ်တန်းအား ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ၊ အထပ်သားပြားစက်ရုံအနီးတွင် တပ်မဟာ (၁)KNLA ပါဝင်သော ပူးပေါင်းစစ်ကြောင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း KNLA သတင်းရင်းမြစ်ထံက သိရသည်။

" ကျိုက်ထိုကနေ ဘီးလင်းဘက်ကို ဖြတ်မောင်းလာတဲ့ စစ်ကားလေးစီးပါ၊ အထပ်သားရုံနားမှာ မိုင်းဆွဲခဲ့တာဖြစ်ပါတယ်၊ ကားနှစ်စီးထိပါတယ်။ အသေပျောက်က ရှစ်ယောက်လို့တော့ ကြားတယ်၊ ဒဏ်ရာရတာတွေလည်း ရှိတယ်" ဟု တပ်မဟာ (၁) KNLA သတင်းအရင်းအမြစ်က မဇ္ဈိမကိုပြောသည်။

မိုင်းဆွဲခံရမှုဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်သားရှစ်ဦး ထိခိုက်သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကာ ကျန်ရှိနေသော စစ်ကောင်စီတပ်သားများသည် ကျိုက်ထိုမြို့နယ်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့၊ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် ဘီးလင်းမြို့နယ်ဘက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီတပ်သားများ လိုက်ပါစီးနင်းလာသော ၁၂ ဘီးကားအား ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ၊ MK ဆီဆိုင်အနီးတွင် တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းစစ်ကြောင်းက မိုင်းနှစ်လုံးဆွဲကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

" မိုင်းဆွဲတယ်။ မိုင်းဆွဲပြီးတော့ ပစ်ခတ်မှုဖြစ်တယ်ပေါ့။ စစ်ဆင်ရေးတစ်ခုလုံး မိနစ် ၂၀ နီးပါးကြာတယ်ဗျ၊ အသေအဆုံးက လောလောဆယ် လေးဦး၊ ဒဏ်ရာရတာက ခုနစ်ဦးလောက်ရှိတယ်" ဟု အဆိုပါဖြစ်စဉ်အတွင်း ပါဝင်ခဲ့သော တော်လှန်ရေးရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ၁၂ ဘီးကားသည် ခါးလယ်ပိုင်း ပျက်စီးသွားခဲ့ပြီး ထိုကားပေါ်ပါလာသော စစ်ကောင်စီတပ်သားများနှင့် တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းစစ်ကြောင်းအကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

အဆိုပါ ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သား လေးဦး သေဆုံး၍ ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး KNLA၊ PDF ပူးပေါင်းစစ်ကြောင်းဘက်တွင် အထိအခိုက်အကျအဆုံး မရှိကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်များအတွင်း အလူးလေးကျေးရွာအတွင်းမှ ဒေသခံများသည် ဘေးလွတ်ရာသို့ ခေတ္တရှောင်တိမ်းခဲ့ကြသော်လည်း ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့၊ ညနေပိုင်းတွင် နေရပ်သို့ ပြန်လည်နေထိုင်နေကြပြီဖြစ်ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် စစ်ရေးအရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဒေသခံများ ထိခိုက်နစ်နာမှု နည်းစေရန် အသွားအလာ ကန့်သတ်သည့်အကြောင်း NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ရန်ကုန်- မုတ္တမလမ်း၊ ရန်ကုန်- ဘားအံလမ်း၊ ရန်ကုန်- မန္တလေး လမ်းဟောင်း၊ အမြန်လမ်း၊ ပဲခူး- စစ်တောင်းလမ်း ပေါ်သို့ ဖြတ်သန်းသွားလာမည့် ဒေသခံများအနေဖြင့် နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ သွားလာပေးကြပါရန်၊ တော်လှန်ရေးအင်အားစုများ​၏ စစ်ဆေးမှုအား ကြည်ဖြူစွာလက်ခံရန် ပါရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)
ဓါတ်ပုံ- KNLA တပ်ဖွဲ့ဝင်များ

#mizzima
#တော်လှန်ရေးအင်အားစုများ​
#ဘီးလင်းမြို့နယ်
#စစ်ကောင်စီတပ်
#PDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤13👏7👍4😁2🖕1
​​တောင်ကြီးမြို့ရှိ ယာမြေများတွင် ဆောက်လုပ်ထားသော အိမ်ခြံများအား စစ်ကောင်စီမှ ဖျက်ခိုင်းနေ
====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် လယ်ယာမြေများပေါ် ဆောက်လုပ်ထားသော အိမ်၊ ခြံနှင့် ကွန်ကရစ်လမ်းပိုင်းများအား စစ်ကောင်စီ၏ လယ်ယာ စီမံခန့်ခွဲရေးအဖွဲ့က သတိပေးစာပို့ကာ ဖယ်ရှားခိုင်းနေကြောင်း ဒေသခံများက ပြောသည်။

သတိပေးစာတွင် လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံဆောက်လုပ်ခြင်း၊ အုတ်တံတိုင်းကာရံခြင်းများ ဖယ်ရှားရန်ဟု ဖော်ပြထားပြီး လိုက်နာ ဖယ်ရှားခြင်းမရှိပါက တည်ဆဲလယ်ယာမြေဥပဒေအရ အရေးယူမည်ဟု သတိပေးစာတွင်ရေးသားဖော်ပြထားသည်။

"စာတွေပို့တာ ဖယ်ပေးဖို့ပေါ့နော့ သုံးကြိမ်ရှိပြီ။ လက်ရှိအထိတော့ လာဖျက်တာ၊ ဘာညာတော့ မရှိသေးဘူး မကြားသေးဘူး။ အကယ်လို့ မဖျက်နိုင်ရန် အကြောင်းအချက်ရှိရင်တော့ အသနားခံစာတင်ပေါ့။ တချို့လည်း ရက်လွန်နေပြီ သတိပေးထားတဲ့ရက်ပေါ့ ။

ဇွန်လ ၉ ရက်နေ့ နောက်ဆုံးဆိုပြီး စာရတဲ့သူတွေလည်းရှိတော့။ ဆောက်ထားပြီးဆိုတော့လည်းကိုယ့်ဘာသာတော့ဘယ်ဖျက်ပေးချင်မလဲ စောင့်ကြည့်နေကြတာပေါ့။ ဘာဖြစ်မလဲကတော့ ကျွန်တော်တို့လည်း စောင့်ကြည့်နေတာပါ” ဟု တောင်ကြီးမြို့တွင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေသူက မဇ္ဈိမကိုပြောသည်။
ဗုဒ္ဓတက္ကသိုလ် နှင့် မြို့ရှောင်လမ်း တစ်ဝိုက်ရှိ ယာမြေများရှိ အဆောက်အအုံပိုင်ရှင်များအား စာပေးပို့နေခြင်းဖြစ်သည်။
တောင်ကြီးမြို့နယ်ရှိ မြေဧက ၅,၀၀၀ အား ဖယ်ရှားဖျက်သိမ်းရန် ကလောနှင့် အောင်ပန်းရှိ မြေစာရင်းရုံးဝန်ထမ်းများကိုပါ စေခိုင်းထားကြောင်း သတင်းရပြီး အချက်အလက် အတည်ပြုနိုင်ရန် မဇ္ဈိမက ကြိုးစားနေဆဲဖြစ်သည်။

အောင်ပန်းမြို့ရှိ လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက "တောင်ကြီးနဲ့ ဟိုပုံးကြားက ယာမြေပေါ် ဆောက်လုပ်ထားတာတွေကို ဖယ်ရှားခိုင်းနေတာပါ။ သတိပေးထားတယ်။ လက်ရှိအချိန်အထိတော့ စက်ယန္တယားသုံးဖယ်ရှားတာမျိုးမရှိသေးပါဘူး” ဟု ဆိုသည်။
ထိုကိစ္စရပ်နှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် နောက်ဆက်တွဲအခြေအနေများအား အသေးစိတ်သိရှိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

တောင်ကြီးမြို့၊ ကလောမြို့၊ ဟိုပုံးမြို့နှင့် အောင်ပန်းမြို့တို့တွင် အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်း တွင်ကျယ်နေပြီး နိုင်ငံတစ်ဝန်းမှ အိမ်ခြံမြေရင်းနှီးမြုပ်နှံလိုသူများသည် အိမ်ခြံမြေများ ဝယ်ယူထားကြကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများထံက သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာတွင် လယ်ယာမြေများနှင့် ပုံစံ (၇) ရရှိပြီးလယ်ယာမြေများပေါ်တွင် နေအိမ်ဆောက်လုပ်နေထိုင်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းနှင့် အုတ်တံတိုင်းကာရန်ခြင်း၊ မြေအရောင်းအဝယ်ပြုလုပ်နေခြင်းများရှိသည့်အတွက်ဟုဆိုကာ နေအိမ် ၁၀,၀၀၀ နီးပါးအား စစ်ကောင်စီက ၁၀ ရက်အတွင်းဖယ်ရှားရန် ဖိအားပေးခဲ့သည်။

ထိုကျေးရွာတွင် အိမ်ကြီးအိမ်ကောင်းများစွာရှိနေပြီး ဖယ်ရှားပေးရမည့် ဒေသခံများက အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် စာချုပ်ချုပ်ဆို ဝယ်ယူခဲ့သည့် မြေနေရာများသာဖြစ်သည်ဟု ပြောဆိုထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#တောင်ကြီးမြို့
#ယာမြေ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬13👍3🔥2😁2❤1