Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကရင်နီဒေသအတွက် ကိန္နရာဆေးရုံ တည်ဆောက်ရန်ရှိ
👍20🔥2
ကရင်နီဒေသအတွက် ကိန္နရာဆေးရုံ တည်ဆောက်ရန်ရှိ
=================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ နွေဦးတော်လှန်ရေးအတွက် ပထမဦးဆုံး လွတ်မြောက်နယ်မြေ ဖြစ်လာနိုင်မည့် ကရင်နီဒေသအတွက် ခွဲစိတ်ခန်းပစ္စည်းကိရိယာစုံပါ ကိန္နရာဆေးရုံ တည်ဆောက်ရန်ရှိကြောင်း ပရောဂျက် ဦးဆောင်သူထံမှတစ်ဆင့် သိရသည်။

"ဒီနေရာမှာက ဆေးရုံနဲ့တော်တော်အလှမ်းဝေးတဲ့နေရာဖြစ်တယ်။ စစ်ကောင်စီတပ်ကလည်း အမြဲစစ်ကြောင်းထိုးနေကြနေရာဖြစ်တယ်။ ရဲဘော်တွေ တော်ရုံထိခိုက်တာလောက်ကတော့ ရှေ့တန်းဆေးအဖွဲ့ရှိတယ်။ ကြီးကြီးမားမားဖြစ်ရင်ကြတော့ လမ်းခရီးကြမ်းတာ၊ လမ်းပန်းဆက်သွယ်ရေးမကောင်းတာတွေကြောင့် ရဲဘော်တွေဟာ မလိုလားအပ်ဘဲ အသက်ဆုံးရှုံးရတာတွေ အများကြီးရှိတယ်။ အဘက်ဘက်က အန္တရာယ်များလို့ မလုပ်ဖြစ်တာထက် အပြစ်ထက်အကျိုးကပိုများနိုင်လို့ ဒီပရောဂျက်ကို အကောင် အထည်ဖော်ဖြစ်တာ ဖြစ်တယ်။" ဟူ၍ ကိန္နရာဆေးရုံတည်ဆောက်ရေးအတွက် ဘဏ္ဍာငွေရှာဖြေရေးပိုင်းနှင့်ပတ်သက်၍ ပရောဂျက်ကို ဦးဆောင်သူက မဇ္ဈိမ ကို ပြောသည်။

ကိန္နရာဆေးရုံတည်ဆောက်မည့် နေရာပတ်ဝန်းကျင်သည် စစ်ကောင်စီတပ်မှ ပုံမှန်စစ်ကြောင်းထိုးကာ အလုံးအရင်းနှင့် တိုက်ခိုက်မှုပြုလုပ်နေသောနေရာဖြစ်သည့်အတွက် ဆေးရုံဆေးခန်းနှင့် အလှမ်းဝေးသဖြင့် ဆေးရုံရောက်ရန် သွားရာတွင် တိုက်ပွဲများကိုဖြတ်ရသည့်အခါ ကြန့်ကြာမှုများရှိသည့်အတွက် ဒဏ်ရာရရဲဘော်အခြေအနေပေါ်မူတည်၍ သွေးထွက်လွန်ပြီး သေဆုံးခြင်း၊ ကယ်ဆယ်ဖို့အချိန်မမီခြင်း စသည့်အခက်အခဲများ မြေပြင်တွင်အဓိက ကြုံတွေ့ဖြတ်သန်းနေရကြောင်း သိရသည်။

၎င်းနေရာဒေသတွင် စစ်ကောင်စီတပ်၏ လေကြောင်းမှ ပစ်ခတ်တိုက်မှုများလည်း ရှိနေခြင်းကြောင့် ဆေးရုံတည်ဆောက်ရန် နေရာရွေးချယ်မှုအပိုင်းကိုလည်း ဆေးရုံတည်ဆောက်မည့် Dove KK အဖွဲ့က ပြောသည်။

"အခုရွေးချယ်လိုက်တဲ့နေရာက အဓိကက မြေပြင်ရဲဘော်တွေလက်လှမ်းမီနိုင်တဲ့ အကွာအဝေးမှာရှိတယ်။ ရဲဘော်တွေမှာ တစ်စုံတစ်ခုကြုံတွေ့လာခဲ့ရင်တောင် အရင်လိုခရီးဝေးဆက်မသွားရတော့ဘဲ စောလျင်စွာကယ်ဆယ်ကုသနိုင်မယ်။ မြေပြင်ဆိုကတည်းကတော့ အန္တရာယ်အနည်းနဲ့အများတော့ရှိကြတာပါပဲ။ " ဟူ၍ ပြောသည်။

ကိန္နရာဆေးရုံတည်ဆောက်ရန်အတွက် ကျပ်သိန်း ၂ ,၅၀၀ ကမ်ပိန်းကို ဇူလိုင်လ ၁ ရက် ည ၈ နာရီမှစတင်ကာပြုလုပ်ထားပြီး လက်ရှိတွင် ၉၀ ရာခိုင်နှုန်း ပြည့်မီနေပြီဖြစ်ကြောင်းသိရသည်။
အဆိုပါကမ်ပိန်းမှရရှိငွေများအား ဆေးရုံတည်ဆောက်မည့် Dove KK အဖွဲ့ထံသို့ တိုက်ရိုက်လှူဒါန်းသွားမည်ဖြစ်ကြောင်း ကမ်ပိန်းဦးဆောင်သည့် We Love Myanmar Family(WLMF) အဖွဲ့ထံမှ သိရသည်။

Dove KK သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ မြေပြင်တွင်စတင်လှုပ်ရှားခဲ့ပြီး ရှမ်း-တောင်နှင့် ကရင်နီပြည်နယ် ဒေသများတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများ၌ ပါဝင်ခဲ့ကာ လျှို့ဝှက်စခန်းသိမ်းတိုက်ပွဲများတွင် ကယ်ဆယ်ကုသခြင်းများတွင်လည်း ပါဝင်ခဲ့သည်။

ထို့အပြင်စစ်ဘေးရှောင်ပြည်သူများနှင့် ကျေးရွာများနေပြည်သူတို့ လိုအပ်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှုများအတွက်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်လျက်ရှိသည်။

Dove KK သည် Humanitarian Organisation အဖြစ် ရပ်တည်လျက်ရှိပြီး ဆေးအဖွဲ့အပြင် ပညာရေး၊ ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်သောလုပ်ငန်းစဉ်များကိုလည်း လှုပ်ရှားနေသည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။

စာတည်း-သန့်ဇော်(သန်လျင်)

#mizzima
#စစ်ဘေးရှောင်
#ပြန်လည်ထူထောင်ရေး
#နွေဦးတော်လှန်ရေး
#ကရင်နီဒေသ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍26🔥2❤1
လွိုင်ကော်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်မှုကြောင့် အသက်မပြည့်သူအပါအဝင် ရွာသား ၂ ဦး သေဆုံး
🤬13🔥4👍1😢1
လွိုင်ကော်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်မှုကြောင့် အသက်မပြည့်သူအပါအဝင် ရွာသား ၂ ဦး သေဆုံး
===================

ဂျူချန်း

(မဇ္ဈိမ)။ ။ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်တွင် ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ တပ်၏ပစ်ခတ်မှုကြောင့် အသက် ၁၇ နှစ်အရွယ် ကလေးတဦးနှင့် ရွာသားတဦး သေဆုံးခဲ့ကြောင်း သတင်း ရင်းမြစ်ထံမှ သိရသည်။ 

ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မိုးဗြဲမြို့မှထွက်လာသည့် စစ်ကား ၁၅ စီးပါ စစ်ကောင်စီ ယာဉ်တန်းသည် လွိုင်ကော်မြို့၊ နွားတဝိုးကျေးရွာအနီး၌တိုက်ခိုက်ခံခဲ့ရကာ ထိခိုက်မှုအသေး စိတ်ကို မသိ ရသေးကြောင်း လွိုင်ကော် PDF မှ ရဲဘော်တဦးက ပြောသည်။

ယင်းကဲ့သို့ ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီတပ်မှာအထိနာသွားသဖြင့် လမ်းတလျှောက် ပြန်လည်ပစ် ခတ်ခဲ့ပြီး လွိုင်ကော်မြို့ အမတ(၃၅၆)မှလည်း လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခဲ့ရာ ကုန်းသာ ကျေးရွာမှ အသက် ၁၇ နှစ်အရွယ် ကလေးတဦးနှင့် နွားတဝိုးကျေးရွာမှ ရွာသားတဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

ကယန်းသာယာကျေးရွာတွင်လည်း လက်နက်ကြီးကျည်ကျရောပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ များရှိပြီး နေအိမ်ပျက်စီးမှုများလည်းရှိကြောင်း သိရသည်။

“သူတို့အထိအခိုက်များတော့ ရမ်းသန်းပစ်နေတာ။ နွားလဝိုးမှာ နှစ်ဦးသေတယ်သတင်းရပေမယ့် တဦး ကိုပဲ အတည်ပြုနိုင်သေးတယ်။ အဲဒီရွာတွေက ဒီ မိုးဗြဲ-လွိုင်ကော် လမ်းတကြောမှာရှိတဲ့ ရွာတွေပါ။ သူတို့ ယာဉ်တန်းတစ်လျှောက် တလမ်းလုံးရမ်းပစ်လာတာ။ လွိုင်ကော်မြို့ထဲကလည်း လက်နက်ကြီးနဲ့ လှမ်းပစ် တယ်။ နေအိမ်ပျက်စီးတာရှိတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား ၃၆၅ ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင် ၁၃၆ ဦး သေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF မှ ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်နီပြည်
#လွိုင်ကော်မြို့နယ်
#စစ်ကောင်စီယာဉ်တန်း
#အရပ်သားသေဆုံးမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢10👍6🔥3🤬2😡1
စစ်ကောင်စီ၏ ထောက်ပို့လေယာဉ်မှ ချသွားသော လက်နက်ခဲယမ်းများကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းဆည်းရရှိ
====================

ဂျူချန်း

(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် စစ်ကောင်စီ၏ ထောက်ပို့လေယာဉ်ငယ်မှ ကြဲချထားသည့် လက်နက်ခဲယမ်းများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။

မယ်စဲ့မြို့နယ်၊ သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ စစ်ကောင်စီတပ် အခြေချရာ တပ်စခန်းတစ်ခုအနီးတွင် ဇူလိုင်လ ၆ ရက် မွန်းလွဲ ၁နာရီကျော်ခန့်၌ စစ်ကောင်စီ၏ ထောက်ပို့ လေယာဉ်ငယ်မှ လက်နက်ခဲယမ်းများ ထည့်ထားသည့် သေတ္တာများ လာချခဲ့ရာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ထိုသေတ္တာများအနက် သေတ္တာသုံးလုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့တွင်လည်း ရွာသစ််မြို့အခြေစိုက် BGF တပ်ရင်း(၁၀၀၅) အနီးတွင် စစ်ကောင်စီတပ်စခန်းများမှ သိမ်းဆည်းရမိထားသည့် လက်နက်များဖြင့် စစ်ကောင်စီ၏ တိုက်ခိုက်ရေး ဂျက်လေယာဉ်ကို ပစ်ချနိုင်ခဲ့ကြောင်း ကလလတ က အတည်ပြုပြောကြားထားသည်။ 

https://youtu.be/vaWdHDyseA0

တင်ဆက်/တည်းဖြတ်-ဂျူချန်း
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်)

#ကရင်နီပြည်နယ်
#စစ်ကောင်စီ
#ထောက်ပို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23❤7😁2
ဖြူးမြို့နယ်ရှိ သရက်ကုန်းတံတားကို ကာကွယ်ရေးတပ်ဖွဲ့ မိုင်းခွဲဖျက်ဆီး
👍8🔥3
ဖြူးမြို့နယ်ရှိ သရက်ကုန်းတံတားကို ကာကွယ်ရေးတပ်ဖွဲ့ မိုင်းခွဲဖျက်ဆီး
===============

ရွှေနွယ်

(မဇ္ဈိမ)။   ။ပဲခူးတိုင်းအရှေ့ခြမ်း၊ ဖြူးမြို့နယ်၊ သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့က အဓိကထား အသုံးပြုနေသော သရက်ကုန်းတံတားအား ယမန်နေ့ ဇူလိုင်လ ၁၀ ရက် နံနက် ၄ နာရီခန့်တွင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

“ဦးဆောင်တာက ကျွန်တော်တို့ဆီက ကွန်မန်ဒိုစစ်ကြောင်းမှူးပါ။ ဒီတံတားကို သူတို့(စစ်ကောင်စီတပ်ဖွဲ့) စစ်ရေးအရ အသုံးမပြုနိုင်အောင် မိုင်းခွဲဖျက်ဆီးခဲ့တာပါ” ဟု ဖြူး ပ.က.ဖ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

သရက်ကုန်းရွာ၏ အရှေ့ဘက်ရှိ ဘုရားလဟာကျေးရွာတွင် အထိုင်ချတပ်စွဲထားသော ခလရ (၄၃၉)တပ် မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါတံတားအား အဓိကထား အသုံးပြုနေခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် ယမန်နေ့ နေ့လယ်ပိုင်းက ဖြူးမြို့နယ် ၊ အုတ်ဖြတ်ရွာရှိ စစ်တောင်းမြစ်ကူးတံတား၌ လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ကို KNLA နှင့် ရိုးမစစ်ကြောင်း (၂) တို့က စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ထပ်မံ၍ ဒရုန်းဖြင့် ၆၀ မမ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့ကြောင်း အထူးကွန်မန်ဒိုတပ်ရင်း−တောင်ပိုင်းတိုင်း ရိုးမစစ်ကြောင်း (၂)ထံမှ သိရသည်။

ဇူလိုင်လ ၈ ရက်နေ့ကလည်း အုတ်ဖြတ်ရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၁၄ ဦးခန့် သေဆုံးမှုရှိကြောင်း အထူးကွန်မန်ဒိုတပ်ရင်း−တောင်ပိုင်းတိုင်း ရိုးမစစ်ကြောင်း (၂)၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပဲခူးတိုင်းအရှေ့ခြမ်းရှိ ဖြူးမြို့နယ်နှင့် နယ်နမိတ်ချင်းထိစပ်လျက်ရှိသော ကျောက်ကြီးမြို့နယ်၊ ထန်းတပင်မြို့နယ်၊ ကျောက်တံခါးမြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ရေးတင်းမာလျက်ရှိသည်။

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။သန့်ဇော်(သန်လျင်)

#ပဲခူးတိုင်း
#ဖြူးမြို့နယ်
#သရက်ကုန်းတံတား
#မိုင်းခွဲတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9👍4🔥4
Media is too big
VIEW IN TELEGRAM
အိန္ဒိယမှာ မုတ်သုံရေလွှမ်းမိုးမှုကြောင့် လူ ၁၅ ဦးထက်မနည်းသေဆုံး

#InternationalNews #reels #shorts
🔥5😢1
ဇူလိုင်လ ( ၁၁)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

01:05 - ခြောက်လအတွင်း KNU ထိန်းချုပ်နယ်မြေမှာ တိုက်ပွဲ ၂၅၀၀ နီးပါးဖြစ်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၆သိန်းခန့်ထိ ရှိလာတဲ့ သတင်း

04:09 - ကလေးသူငယ်များ ထိခိုက်သေဆုံးမှုဆိုင်ရာ ကုလအစီရင်ခံစာကို စစ်ကောင်စီ ပယ်ချတဲ့ သတင်း

07:32 - စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသော မြန်မာလူငယ်များနှင့် အာဆီယံအထူးသံမန်ရုံး သံအမတ်ကြီးတို့ တွေ့ဆုံခဲ့တဲ့ သတင်းနဲ့

10:50 - ထိုင်းဝန်ကြီးချုပ်ရာထူးဆက်ခံဖို့ တစ်ပြေးနေသူက ပါလီမန်မဲခွဲမှုတွေမတိုင်မီ ထောက်ခံသူတွေကို စည်းရုံးတဲ့ သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ ခင်ဗျာ။

https://youtu.be/ZdBk4v_3uKo

#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🔥2❤1
Media is too big
VIEW IN TELEGRAM
ယူကရိန်းသို့ ကလပ်စတာဗုံးများ ပေးအပ်ဖို့အတည်ပြုချက်အပေါ် လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတွေဖြစ်လာနိုင်ကြောင်း တရုတ်သတိပေး

#InternationalNews #ukraine #reels #shorts
😁14👏1
ယင်းမာပင်မြို့နယ် အမှတ်(၂၈) ရဲတပ်ရင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် တိုက်ခိုက်
===================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ- ပုသိမ်လမ်းဘေးရှိ အမှတ်(၂၈)ရဲတပ်ရင်းကို ဒေသကာ ကွယ်ရေးတပ်ဖွဲ့များမှ ဇူလိုင်လ ၈ ရက်နေ့ ညနေ ၅ နာရီခန့်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း အမှတ်(၃၀)(DRPA) တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများထိခိုက်မှုရှိပြီး အသေးစိတ် မသိရှိရသေးကြောင်း DRPA တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

“ လက်နက်ကြီးတွေဖြစ်တဲ့ ၆၀ မမ ၊ ၈၀ မမ ၊ ၁၂၀ မမ စတဲ့လက်လုပ် လက်နက်ကြီးတွေအပြင် ရှော့တိုက် ဒုံးတွေကိုလည်း အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။ ရဲတပ်ရင်းထဲကျရောက်ပေါက်ကွဲပြီး အဆောက်အဦးတချို့ ပျက်စီးခဲ့သလို စစ်ကောင်စီတပ်သားတွေ ထိခိုက်နိုင်ခြေရှိပေမဲ့ အသေးစိတ်အတည်မပြုနိုင်သေးပါဘူး” ဟု ၎င်းကဆိုသည်။

တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း အမှတ်(၃၀)(DRPA)၊ ယင်းမာပင်-ဆားလင်းကြီး မဟာမိတ်တပ် ပေါင်းစု၊ Fighter Brotherhood Guerrilla တပ်ဖွဲ့နှင့် ဒေသတွင်းမဟာမိတ်တပ်ဖွဲ့များပူးပေါင်း၍ မိနစ် ၄၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမှတ်(၂၈)ရဲတပ်ရင်းသည် တရုတ်နိုင်ငံမှ ဝမ်ပေါင်-ယမ်စီကုမ္ပဏီတို့ကို လုံခြုံရေးယူပေးနေသည့် ရဲတပ်ရင်းဖြစ်ပြီး ဇူလိုင်လ ၉ ရက်နေ့ ညပိုင်း ၈ နာရီအချိန်မှစတင်၍ ၁၂၀ မမ နှင့် ဟော်ဝစ်ဇာ (howitzer) လက်နက်ကြီးများအသုံးပြုပြီး ရမ်းသန်းပစ်ခတ်နေသည့်အတွက် ဒေသခံများ ဘေးလွတ်ရာသို့ရှောင်တိမ်း နေရကြောင်း သိရသည်။

https://youtube.com/shorts/LZ28LAARX5M?feature=share

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#အမှတ်(၂၈)ရဲတပ်ရင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12👏2🔥1😁1
​​ဗိုလ်ကြီးကိုသတ်လိုက်သည့် အရာခံဗိုလ်၏ သားစစ်ဗိုလ်ကို တပ်မှ ထုတ်ပယ်၊မိသားစုကိုလိုင်းခန်းမှနှင်ချဟုဆို
=================

မင်းထက်
(မဇ္စျိမ)။ ။မအူပင်မြို့အဝင် စစ်ဆေးရေးဂိတ်၌ ဗိုလ်ကြီးအဆင့်ရှိသူအား သေနတ်ဖြင့်ပစ်ခတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည့် အရာခံဗိုလ်၏ သားအား စစ်ကောင်စီက တပ်မှထုတ်ပယ်လိုက်ပြီး မိသားစုကိုလည်း လိုင်းခန်းမှနှင်ချလိုက်ကြောင်း သတင်းရရှိသည်။

မအူပင်မြို့အဝင် စစ်ဆေးရေးဂိတ်၌တာဝန်ကျနေသည့် ပုသိမ်မြို့၊ဗဟိုလေ့ကျင့်ရေး (၆) မှစစ်ကောင်စီတပ်မှအရာရှိနှစ်ဦးသည် ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့လည်က တာဝန်ထမ်းဆောင်နေစဉ် ငွေကြေးခွဲတမ်းကိစ္စဖြင့် စကားများရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ အရာခံဗိုလ်က ဗိုလ်ကြီးအဆင့်အရာရှိကို သေနတ်ဖြင့်ပစ်ခတ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း သေနတ်ဖြင့်ပြန်ပစ်ကာ အဆုံးစီရင်သွားခဲ့ခြင်းဟု သိရသည်။ အရာခံဗိုလ်၏ သားသည် လက်ရှိတွင် စစ်ကောင်စီတပ်တွင် ဗိုလ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်နေသူဟု တပ်တွင်းသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ယခုအခါ အရာခံဗိုလ်၏ သားအား စစ်ကောင်စီက စစ်တပ်ရာထူးမှထုတ်ပယ်လိုက်ပြီး မိသားစုကိုလည်း လိုင်းခန်းမှနှင်ထုတ်လိုက်ကြောင်း သတင်းရရှိသည်။

" စစ်တပ်ထဲမှာရှိတဲ့ အရာခံဗိုလ်ရဲ့သား စစ်ဗိုလ်ကိုတပ်ကထုတ်ပယ်လိုက်တယ်။အရာခံဗိုလ်ရဲ့ မိသားစုတွေကိုလည်း လိုင်းခန်းကနေလည်းမောင်းထုတ်လိုက်တယ်"ဟု တပ်တွင်းသတင်းရင်းမြစ်ကပြောသည်။

အရာခံ‌ဗိုလ်၏ မိသားစုဝင်များကို လေ့ကျင်ရေး (၆) ရှိ ၀န်ထမ်းအိမ်ယာလိုင်းခန်းမှ ဇူလိုင်လ ၈ ရက်နေ့တွင် ဖယ်ရှားခိုင်းခဲ့ခြင်းဖြစ်ပြီး ထုတ်ပယ်ခံရသူအတွက်လည်း မည်သည့်ခံစားခွင့်မျှ ‌မပေးဟု အဆိုပါ တပ်တွင်းသတင်းရင်းမြစ်ကပြောသည်။

အရာခံဗိုလ်၏ သားကို စစ်တပ်မှ ထုတ်ပယ်ပြီး မိသားစုကိုလည်း လိုင်းခန်းမှနှင်ချသည့် သတင်း ဟုတ်မှန်ကြောင်း ပုသိမ်မြို့၊ဗဟိုလေ့ကျင့်ရေး (၆) နှင့် နီးစပ်သော မြို့ခံအချို့ကလည်း ပြောသည်။
"ခုနစ်ရက်အတွင်း လိုင်းခန်းကဆင်းပေးရမယ်တဲ့။ သူ့အဖေက အရာရှိကို ပုန်ကန်တဲ့အတွက် သူ့သား နှစ်ပွင့်နဲ့ဗိုလ်ကိုလည်း တပ်က ထုတ်လိုက်တယ်" ဟုမြို့ခံသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်သည် တပ်စည်းကမ်းနှင့်မညီဘဲ လက်အောက်ငယ်သားများအား ဖိနှိပ်ရန်အတွက် လုပ်ချင်ရာလုပ်သည့်ပုံစံဟု CDM ‌ဗိုလ်ကြီးတစ်ဦးက ဝေဖန်သုံးသပ်သည်။

"သေနတ်နဲ့ပစ်သတ်ခဲ့တဲ့လူက အသက်ရှင်တယ်ဆိုရင် အပြစ်ပေးအရေးယူတာတွေလုပ်ရမှာမှန်တယ်။အခုက ပစ်တဲ့လူကလည်းသေသွားပြီ။ သူရဲ့သားကို စစ်တပ်ကထုတ်ပယ်လိုက်တယ်ဆိုတာကတော့ အောက်လက်ငယ်သားတွေက အရာရှိတွေကို ပြန်ခံမလုပ်ရဲအောင်နဲ့ တပ်စည်းကမ်းနဲ့မညီဘဲ လုပ်ချင်ရာလုပ်လို့ရတယ်ဆိုတဲ့ ပုံစံကိုပြတာလို့ထင်တယ်"ဟု ၎င်းကပြောသည်။

စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုသည် ၁၀ ရက်အတွင်း သုံးကြိမ်ဖြစ်ပွားခြင်းဖြစ်သည်။ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်က ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ အမှတ် (၂) နယ်မြေရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး စကားများရန်ဖြစ်ရာမှ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်သားနေလင်းဆိုသူ သေဆုံးခဲ့သည်ဟုသိရသည်။ ပဲခူးတိုင်း၊မင်းလှမြို့တွင်လည်း ရဲအချင်းချင်း ပစ်ခတ်မှုတစ်ခု ဇူလိုင် ၆ ရက်က ဖြစ်ခဲ့ပြီး ရဲတပ်သားချစ်ထွေးဆိုသူ သေဆုံးခဲ့သည်။

စာတည်း - မောင်ကြီး

#mizzima
#မအူပင်မြို့
#ဗဟိုလေ့ကျင့်ရေး (၆)
#အရာခံဗိုလ်
Photo: မအူပင်မြို့ စစ်ဆေးရေးဂိတ်(ပုံဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁6❤1🔥1👏1
မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၅ ဦးသေဆုံး
👍12👏2😁2❤1