Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၄ ဦး ကျပ်ငွေသိန်း ၂၅၀ နှင့်အတူ ဖမ်းဆီးခံရ
========================

ပါခွီး
(မဇ္စျိမ)။ ။အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသားလေးဦးကို ကျပ်သိန်း ၂၅၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယနယ်ခြား‌စောင့်တပ် အာသံရိုင်ဖယ်တပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ လူငယ်လေးဦးသည် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့မှ ချင်းပြည်နယ်သို့ အပြန် ဇောင်းလိန်ကျေးရွာတွင် ဇူလိုင်လ ၁၂ ရက်နေ့ညပိုင်းက အာသံရိုင်ဖယ်တပ်မှစစ်သားများက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဖမ်းဆီးခံရသူများထဲမှသုံးဦးသည် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)မှ ဖြစ်ပြီး ကျန်တဦးမှာ အရပ်သား ဖြစ်ကာ ၎င်းတို့နှင့်အတူ ငွေသားများအပြင် စကားပြောစက်တလုံးနှင့် ဆိုင်ကယ်သုံးစီးဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးထံမှ သိရသည်။

“သူတို့အဖမ်းခံရတာကို နှစ်ရက်ကျော်မှ သိရတာ။ အဲဒါနဲ့စုံစမ်းတော့ ဘာပြစ်မှုကြီးကြီးမားမားမှလည်း မရှိပါဘူး။ တရားမဝင် ဝင်ရောက်လာတယ်ဆိုတဲ့ နိုင်ငံခြားသားမှုနဲ့စွဲထားတယ်။ အခုတော့ ထောင်မှာ ရောက်နေပြီ” ဟု အဆိုပါဒေသတွင်နေထိုင်သူ မြန်မာနိုင်ငံသားက မဇ္စျိမကိုပြောသည်။

ဇောင်းလိန်ရွာတွင် အဖမ်းခံရပြီးနောက် သွီးပန်းရဲစခန်းသို့ အာသံရိုင်ဖယ်တပ်မှ အပ်နှံခဲ့ကာ ထိုမှတဆင့် ဆိုင်ဟားအချုပ်ခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ရဲစခန်းတွင် အာမခံဖြင့်ပြန်လည်လွတ်မြောက်ရန် ကြိုးစားခဲ့ကြသော်လည်း နိုင်ငံခြားမှုဖြင့် အမှုတည် ဆောက်ပြီး ရုံးချိန်းရက်ပေးကာ တရားရုံးတွင် ဆက်လက်ဖြေရှင်းသွားရမည်ဖြစ်ကြောင်း ဆိုသည်။

နိုင်ငံခြားသားအမှုကို တရားသူကြီးများက တလ၊ သုံးလ၊ ခြောက်လအထိ ထောင်ဒဏ်နှင့်ငွေဒဏ်များ ချမှတ်နိုင်သော်လည်း အာမခံဖြင့် တရားရင်ဆိုင်မည်ဆိုပါက တနှစ်အထိ ကြာမြင့်နိုင်ကြောင်း သိရသည်။

အိန္ဒိယနယ်ခြားစောင့်တပ် အာသံရိုင်ဖယ်တပ်ဖွဲ့သည် မြန်မာနိုင်ငံမှဝင်ရောက်လာသည့် မူးယစ်ဆေးဝါး ဘိန်းဖြူ၊ စိတ်ကြွဆေး၊ အရက်၊ ဘီယာ၊ စီးကရက် အပါအဝင် တားမြစ်ကုန်များကို မကြာခဏ စစ်ဆေးဖမ်း ဆီးလေ့ရှိကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#အိန္ဒိယနိုင်ငံ
#မီဇိုရမ်ပြည်နယ်
#ဖမ်းဆီးမှု

ပုံစာ။ ။အဖမ်းခံရသည့် လူငယ်လေးဦးနှင့် အာသံရိုင်ဖယ်တပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢9👍4🤬4❤1😁1
ကရင်နီတွင် စစ်မြေပြင်အတွက် ကျည်ဆန်လိုအပ်နေကြောင်း KRU ထုတ်ပြန်
👍9🔥2😢2❤1😁1
ကရင်နီတွင် စစ်မြေပြင်အတွက် ကျည်ဆန်လိုအပ်နေကြောင်း KRU ထုတ်ပြန်
===========================

KMN
(မဇ္စျိမ) ။ ။ ကရင်နီ (ကယား) ပြည်နယ်တွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပြီး တိုက်ပွဲများမကြာခဏဖြစ်ပွားနေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေကြောင်း ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု (KRU) မှ မေတ္တာရပ်ခံထုတ်ပြန်သည်။

ကျည်ဆန်လိုအပ်ချက်များကိုဖြည့်ဆည်းရန် မြေပြင်အတွက်ကျည်အတောင့် ၁၀,၀၀၀၊ ကျပ်သိန်း ၅၀၀ Champaign ကိုပြုလုပ်နေပြီး ကူညီလှူဒါန်းနိုင်ကြောင်းလည်း KRU ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

" အဓိကရည်ရွယ်တာက မြေပြင်မှာတိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေအတွက် အရန်ကျည်ဖြည့်ပေးချင်တဲ့သဘောပါ။ တိုက်ပွဲဆက်လက်ပြင်းထန်နေတဲ့ဒီဒေသမှာ သေနတ်ရှိရုံနဲ့ မပြည့်စုံဖူးပေါ့။ ကျည်လုံလုံလောက်လောက်ဖြည့်ထားနိုင်မှ ပြင်းထန်လာမယ့်တိုက်ပွဲအတွက် ဆက်လက်ခုခံနိုင်မယ်။ ကြံ့ကြံ့ခံ ကာကွယ်နိုင်မယ်" ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်သည် မြန်မာ-ထိုင်းနယ်စပ်ရှိ ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်သို့ ထိုးစစ်ဆင်နေလျက်ရှိပြီး ဒေသခံထောင်နှင့်ချီကာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေး တိမ်းရှောင်နေရသည်။
လတ်တလောတွင် ရှမ်းနှင့် ကရင်နီနယ်စပ်ဝန်းကျင်တွင် စစ်ကြောင်းထိုးခြင်းမရှိသော်လည်း အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်သည့်အနေအထားလည်းရှိ၍ ယခုကဲ့သို့ အလှူခံရခြင်းဖြစ်ကြောင်း KRU ကဆိုသည်။

၎င်းမြေပြင်အတွက် ကျည်အတောင့် ၁၀,၀၀၀ ကမ်ပိန်းအား ဇူလိူင်လ ၁၅ ရက်နေ့မှစတင်ကာ တစ်လကြာသတ်မှတ်ထားပြီး ကျပ်သိန်း ၅၀၀ ရရှိရန်လျာထားကြောင်း သိရသည်။

ကျည်အတောင့် ၁၀,၀၀၀ ကမ်ပိန်းမှ ရရှိငွေများဖြင့် KRU တပ်ရင်းအောက်ရှိ တပ်ခွဲ (၁) KRU Commando၊ တပ်ခွဲ (၂) GZ-21 (Loikaw) ၊ တပ်ခွဲ (၃) JPDF ၊ တပ်ခွဲ (၄) KDF စသည့် ‌တပ်ခွဲများတွင် တိုက်ပွဲဝင်နေကြသော ရဲဘော်များအား အရံကျည်များဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု (KRU) သည် ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လဆန်းအတွင်း ခေါင်းအိ၊ စက်တော်တွင် တပ်စွဲကင်းထိုင်ထားသည့် စစ်ကောင်စီ၏ ခလရ (၂၄၈) တပ်ရင်းနှင့် ပျူစောထီးများအား PKPDF၊ ရှမ်းတောင်တပ်ပေါင်းစု အဖွဲ့များနှင့်ပူးပေါင်းကာ တိုက်ခိုက်မှုပေါင်း ၁၃ ကြိမ်ဆင်နွဲခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၉ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KRU အဖွဲ့မှ ထုတ်ပြန်ထားသည်။

တိုက်ပွဲများအတွင်း KRU ဘက်မှ ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖယ်ခုံ-PDF မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စာတည်း - Alden
စာမူတည်းဖြတ် - သန့်ဇော်(သန်လျင်)

#Mizzima
#ကျည်ဆန်
#ကရင်နီ
#KRU
#ထုတ်ပြန်ချက်
Photo - KRU (ပုံဟောင်း)
Website Link - http://www.mizzimaburmese.com/article/130954
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21🤣2🔥1😢1
Media is too big
VIEW IN TELEGRAM
ကချင်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်နေသော တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးထိခိုက်

Watch more detail - https://www.youtube.com/watch?v=Ggcdqo7RTwk

#BusinessRoundUp #reels #shorts
👍6🔥3🥰1
ဇူလိုင်လ (၁၈)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

01:01 - ဒီမိုကရေစီအရေးလှုပ်ရှားမှုများကို ထောက်ခံအားပေးသွားမယ်လို့ အမေရိကန်သံရုံးအကြီးအကဲသစ် ပြောတဲ့သတင်း

04:04 - လက်နက်ခဲယမ်းနှင့် CDM ဝင်လာတဲ့ စစ်ကောင်စီတပ်သားကို ကျပ်သိန်း ၅၀ ချီးမြှင့်တဲ့သတင်း

05:27 - ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မြန်မာ့အရေး ဖြေရှင်းလို့မရကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြောတဲ့သတင်းနဲ့

- စစ်အာဏာရှင် ဖီဂျီဝန်ကြီးချုပ်ဟောင်းကို အာဏာအလွဲသုံးမှုအတွက် ရုံးတင်စစ်ဆေးမှုစတင်တဲ့

သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/RDE4LHGY5KU

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤3😁2👍1
​​မြန်မာဒီမိုကရေစီ တက်ကြွလှုပ်ရှားသူနှင့် မိသားစု ပျောက်ဆုံးနေမှု မလေးရှားရဲ စုံစမ်းစစ်ဆေး
======================

ကုလသမဂ္ဂ ဒုက္ခသည်ကတ်ပြား ကိုင်ဆောင်ထားသူများဖြစ်ကြသည့် အသက် ၄၆ နှစ်ရှိ ဒေါ်သူဇာမောင်၊ သူမ၏ ခင်ပွန်းနှင့် ကလေးသုံးဦး တို့သည် ဇူလိုင် ၄ ရက်က “အကွက်ချ စီစဉ်ထားသော စစ်ဆင်ရေးပုံစံ” တစ်ခုဖြင့် ပြန်ပေးဆွဲခေါ်ဆောင်ခြင်း ခံရဖွယ် ရှိကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က ယခုသီတင်းပတ်တွင် ဆီလန်ဂေါပြည်နယ်ရှိ ဒေါ်သူဇာမောင်၏ အိမ်ရှိ စီစီတီဗွီ မှတ်တမ်းနှင့် မျက်မြင်သက်သေများကို ကိုးကားလျက် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢10👍2😁2
ဧည့်စစ်ဟုဆိုကာ နေအိမ်တွင်းဝင်ရောက်၍ အကြမ်းဖက်စစ်ဆေးမှုများ စစ်ကောင်စီတပ် ပြုလုပ်
🤬12🔥2👎1
ဧည့်စစ်ဟုဆိုကာ နေအိမ်တွင်းဝင်ရောက်၍ အကြမ်းဖက်စစ်ဆေးမှုများ စစ်ကောင်စီတပ် ပြုလုပ်
==================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်မြို့၊ မြို့နယ်အတော်များများတွင် ဧည့်စာရင်း စစ်ဆေးမှုများ ပုံမှန်ပြုလုပ်နေကြဖြစ်သော်လည်း ယခုအခါ ဧည့်စစ်ဟုဆိုကာ ပြည်သူများ၏ နေအိမ်တွင်းဝင်ရောက်၍ အကြမ်းဖက်စစ်ဆေးမှုများကို စစ်ကောင်စီတပ်မှ ပြုလုပ်နေကြောင်း သိရသည်။
ဇူလိုင်လ ၁၄ ရက် ညပိုင်းတွင်လည်း မြို့နယ်အချို့ကို ဧည့်စာရင်းစစ်ကာ ၎င်းတို့စစ်ဆေးချင်သည့် နေအိမ်တိုက်ခန်းကို တိုက်ရိုက်ဝင်ရောက်၍ စစ်ဆေးကြောင်း ဆိုသည်။

"ဧည့်စာရင်းစစ်တယ် လူစစ်တယ် တချို့အိမ်တွေဆိုရင် အိမ်ထဲထိဝင်ပြီး ပစ္စည်းတွေလှန်လှောရှာတယ်။ ဧည့်စာရင်းမတိုင်ထားရင် မှတ်ပုံတင်တွေသိမ်းသွားပြီး နောက်နေ့ ဧည့်စာရင်းတိုင်ပြီး လာရွေးခိုင်းတယ်။ အရင်ဧည့်စစ်တုန်းက အခုနောက်ပိုင်းလောက်ထိ မကြမ်းဘူး၊ အခုဆိုရင် ဧည့်စစ်ဝင်မယ်ပြောပြီး ပြည်သူတွေရဲ့အိမ်ကို ဝင်ချင်သလိုဝင် သောင်းကျန်းချင်သလိုသောင်းကျန်း ဟိုရှာဒီရှာတွေလုပ်ပြီး ပြည်သူပိုင်ပစ္စည်းတွေဖျက်ဆီးလာတဲ့အထိ စစ်တပ်က လူပါးဝလာပါတယ်။" ဟူ၍ ရန်ကုန်မြို့နေ ဒေသခံတစ်ဦးက မဇ္ဈိမ ကို ပြောသည်။

အဆိုပါနေ့ညပိုင်းက ဧည့်စစ်ခံရသည့် မြို့နယ်များမှာ စမ်းချောင်း ၊ကြည့်မြင်တိုင် ၊ ပုဇွန်တောင်၊ တောင်ဒဂုံ၊ ဗိုလ်တထောင် မြို့နယ်တို့ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

"သူတို့က ဥပဒေမဲ့လုပ်ချင်တိုင်းလုပ်နေတော့ ဧည့်စစ်ကိုအကြောင်းပြပြီး လူရှာတာလည်းစ်နိုင်သလို ပြည်သူတွေကိုပြဿနာရှာပြီး ငွေညှစ်ဖို့ဧည့်စစ်တာလည်း ဖြစ်နိုင်ပါတယ်ရှင့်။ ပြည်သူ့မျက်နှာရှေ့ရှုတယ်ဆိုရင် အခုလိုမျိုး ဧည့်စာရင်းအကြောင်းပြပြီး အိမ်ထဲတွေထိဝင်ပစ္စည်းတွေလှန်လှောရှာစရာအကြောင်းမရှိပါဘူးရှင်။" ဟူ၍ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း ဒုတိယ ဥက္ကဋ္ဌက ပြောသည်။

ဇူလိုင်လ ၁၄ ရက်နေ့တွင် တောင်ဒဂုံ ၁၀၇ ရပ်ကွက်၊ စမ်းချောင်းမြို့နယ် ဂန္ဓမာလမ်း ၊ ဗိုလ်တထောင် (၃)ရပ်ကွက်နှင့် ပုဇွန်တောင်မြို့နယ်၊ (၈) ရပ်ကွက်တို့တွင် ဧည့်စာရင်းဝင်စစ်ခဲ့ပြီး ၁၆ ရက်နေ့တွင် လှိုင်မြို့နယ် (၉) ရပ်ကွက် သုခမှတ်တိုင်အနီး၊ စမ်းချောင်းမြို့နယ်၊ မင်းလမ်းနဲ့ ဦးဖီးလမ်းဆုံအနီးနှင့် လှိုင်မြို့နယ် (၂) ရပ်ကွက် ရတနာမွန်လမ်းတို့တွင် ဧည့်စစ်မှုများရှိခဲ့ကြောင်း မဇ္ဈိမ ၏ စုံစမ်းချက်အရ သိရသည်။

ယခုရက်ပိုင်းအတွင်း၌ အာဇာနည်နေ့ နီးကပ်လာသည်‌နှင့်အမျှ အာဇာနည်ကုန်း၊ ဝန်ကြီးများရုံးတို့တွင် စစ်ကောင်စီတပ်နှင့်လက်အောက်ခံအဖွဲ့များ လုံခြုံရေးတိုးမြှင့်ထားသည်ကိုတွေ့ရပြီး ပွဲအခမ်းအနားအတွက် ပြင်ဆင်မှုများကိုလည်း ပြုလုပ်နေပြီဖြစ်ကြောင်း မျက်မြင်သက်သေ၏ ပြောပြချက်အရ သိရသည်။
ထို့အပြင် ညဘက်အချိန်များတွင်လည်း မြို့နယ်အချို့၌ ဧည့်စာရင်းဝင်ရောက်စစ်ဆေးခြင်း၊ စစ်ကား၊ ရဲကားများဖြင့်ပတ်ကာ လုံခြုံရေးကင်းပတ်ခြင်းတို့ကို ယခင်ကထက် ပို၍ပြုလုပ်လာကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း၌ ဧည့်စာရင်းစစ်ဆေးသည့်အခြေအနေကြောင့် ဖမ်းဆီးခံရသည့်ဖြစ်စဉ် တစ်စုံတစ်ရာ ရှိ မရှိကို တော်လှန်ရေးအင်အားအစုအဖွဲ့တစ်ခုခုက ထုတ်ပြန်ကြေညာခြင်းမတွေ့ရသလို တော်လှန်ရေးအင်အားစုများ ၊ မြေပေါ်မြေအောက်ရဲဘော်များကို ရှာဖွေခြင်း ဟုတ် မဟုတ်ကိုလည်း မဇ္ဈိမ အနေဖြင့် သီးခြားအတည်ပြု၍ မရနိုင်ပေ။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရန်ကုန်မြို့
#ဧည့်စာရင်း
#စစ်ကောင်စီတပ်
#အာဇာနည်နေ့

ဓာတ်ပုံ - ရန်ကုန်မြို့တနေရာတွင် စစ်ဆေးမှုပြုလုပ်နေသည့် စစ်ကောင်စီတပ်သားများ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬13🔥2
​​အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်း ပြန်စရေး အိန္ဒိယ ကြိုးပမ်းနေ
=========================

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းသည် ကီလိုမီတာ ၁,၃၆၀ (မိုင် ၈၅၀) ရှည်လျားသော လမ်းမကြီးဖြစ်ပြီး တည်ဆောက်ရေး၏ ၇၀ ရာခိုင်နှုန်းနီးပါး ပြီးစီးထားသည်။ ယင်းလမ်းမကြီးက အိန္ဒိယ၊ မဏိပူရ်ရှိ မိုရေး၊ ထိုင်းနိုင်ငံ မဲဆောက်တို့ကို မြန်မာမှတစ်ဆင့် ဆက်သွယ်ပေးထားပြီး အိန္ဒိယ၏ အရှေ့မျှော်မူဝါဒအရ ဖြစ်သည်။ ယင်းလမ်းမကြီးအား ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်သို့ပါ တိုးချဲ့ရန် မျှော်လင့်ထားသည်။ ယင်းလမ်းမကြီးနှင့် ချိတ်ဆက်ရန် စိတ်ဝင်စားမှု ရှိကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၀၂၀ ဒီဇင်ဘာ၌ ဖော်ပြထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬5👏3👍2🤮1
​​ကျိုက်စကောထောင်တွင် အကျဉ်းကျနေသော ဝေါမြို့နယ်အမတ် ဦးမောင်ဒီ ပဲခူးဆေးရုံတွင်ကွယ်လွန်
====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်းအရှေ့ခြမ်း ၊ ဝေါမြို့နယ်၊ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဒီသည် ကျိုက်စကောထောင်အတွင်း ကျန်းမာရေးဆိုးရွားလာ၍ ပဲခူးဆေးရုံသို့ ပို့ဆောင် ကုသနေစဉ် ယမန်နေ့ ဇူလိုင်လ ၁၇ ရက် ည ၇ နာရီအချိန်ခန့်တွင် ကွယ်လွန်သွားသည်ဟု မိသားစုနှင့် နီးစပ်သူတဦးထံမှ သိရသည်။
ဇူလိုင်လ ၇ ရက်နေ့တွင် ကျိုက်စကောထောင်မှတဆင့် ပဲခူးဆေးရုံသို့ ပို့ဆောင်ကုသခြင်းဖြစ်သည်ဟု သိရသည်။

“ဗိုက်ထဲကနေခွဲထုတ်ထားရတဲ့ အူတွေနဲ့ အလုံးကိုတွေ့ရပါတယ်။ အချိန်လွန်မှ ဆေးရုံကိုရောက်တာပါ။ ၇ ရက်နေ့ ဆေးရုံတင်တော့ တန်းခွဲရတယ်။ ပထမ ၁၀ ရက်ကြာမှအဖြေသိရမယ် အူကင်ဆာလို့ ယူဆတယ် ပြောပါတယ်။ အခုတော့ မနေ့ညက ဆုံးပါးသွားပါပြီ”ဟု ဝေါမြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီထိုက်က မဇ္ဈိမသို့ ပြောသည်။

ဦးမောင်ဒီအား ကျန်းမာရေးအခြေအနေမကောင်းသဖြင့် ဆေးရုံတင်မည်ဖြစ်ကြောင်းကို ဇူလိုင်လ ၆ ရက် နေ့တွင် ကျိုက်စကောထောင်ဆေးရုံအုပ်က မိသားစုထံအကြောင်းကြားခဲ့ကြောင်း သိရသည်။
ဦးမောင်ဒီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝေါမြို့နယ်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာအနိုင် ရရှိခဲ့ သည်။

အာဏာသိမ်းပြီးနောက် ဝေါမြို့နယ်မှတိမ်းရှောင်နေစဉ် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ဘီးလင်း မြို့နယ်အတွင်း၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် ပုဒ်မ ၅၀၅ (က) နှင့်အတူ မတရားအသင်း ဆက်သွယ်ရေး အက်ဥပဒေပုဒ်မ ၁၇ (၂) တို့ဖြင့် တရားစွဲဆိုခံရကာ ထောင်ဒဏ်ချမှတ်ခံထားရခြင်းဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက် အင်းစိန်ထောင်တွင် ကနဦးအကျဉ်းကျကာ သထုံထောင်သို့ပြောင်းရွှေ့ရပြီး ထိုမှ တဆင့် ဒိုက်ဦးမြို့နယ် ကျိုက်စကောထောင်သို့ ပြောင်းရွှေ့ခံရပြီးနောက် အကျဉ်းထောင်အတွင်း ကျန်းမာရေးချို့ယွင်းလာကာ ယခုကဲ့သို့ ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကောက်ယူရေးအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) (National League for Democracy – Human Rights Documentary Team) (NLD-HRDT) မှ ပြုစုထားသည့် စာရင်းအချက်အလက်များအရ အာဏာသိမ်းပြီးချိန်မှ စတင်ကာ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်အထိ အာဏာသိမ်းမှုကို ဆန့်ကျင်သောကြောင့် လွှတ်တော်ကိုယ်စားလှယ် ၇၇ ဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁,၂၀၀ ဦးအား စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးထားစဉ်အတွင်းနှင့် အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၃,၈၁၈ ဦးရှိသည့်အနက် ထိုအထဲတွင် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးအပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ၉၃ ဦး ပါဝင်ကြောင်း NLD-HRDT၏ အချက်အလက်များအရ သိရသည်။
ဒိုက်ဦးမြို့ ကျိုက်စကောအကျဉ်းထောင်တွင် ပြီးခဲ့သည့် မေလနှင့်ဇွန်လအတွင်းကလည်း နိုင်ငံရေး အကျဉ်းသားများအား ထောင်ပြင်ပသို့ခေါ်ထုတ်ကာ ရိုက်နှက်နှိပ်စက် စစ်ဆေးခြင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ ၏ ပစ်ခတ်သတ်ဖြတ်ခြင်းတို့ကြောင့် အကျဉ်းသားများ အသက်ဆုံးရှုံးခဲ့ရပြီး လက်ရှိတွင်လည်း သေဆုံး စာရင်းမရရှိဘဲ အကျဉ်းသားအချို့ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ပဲခူးတိုင်း
#ဝေါမြို့နယ်
#ကျိုက်စကောထောင်
#နိုင်ငံရေးအကျဉ်းသား

ပုံစာ။ ။ပဲခူးဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ်က ရိုက်ကူးထားသည့် ဦးမောင်ဒီ၏ပုံ။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢17👍4😁2🤬1
Media is too big
VIEW IN TELEGRAM
ဇူလိုင်လလယ်မှာ အပူချိန် ၅၂.၂ ဒီဂရီသို့ စံချိန်တင်ရောက်ရှိခဲ့ကြောင်း တရုတ်ပြော

#internationalnews #reels #shorts #Mizzima #China
👍6😁3👏1
Media is too big
VIEW IN TELEGRAM
မြန်မာ့အိမ်ခြံမြေဈေးကွက် အမြင့်ဘက်သို့ ဦးတည်နေ

Watch more detail - https://www.youtube.com/watch?v=Ggcdqo7RTwk

#BusinessRoundUp #reels #shorts
👍5🔥2
တနင်္သာရီတိုင်း ဝန်ကြီးများအိမ်ရာ ဒုတိယအကြိမ် တိုက်ခိုက်ခံရ
👍4😁2🥱1
တနင်္သာရီတိုင်း ဝန်ကြီးများအိမ်ရာ ဒုတိယအကြိမ် တိုက်ခိုက်ခံရ
======================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ဇူလိုင်လ ၁၆ ရက် ည ၁၁ နာရီခန့်က ဝန်ကြီးများအိမ်ရာ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးဦးစီးဌာနရုံးကို ဒုတိယအကြိမ် သွားရောက်တိုက်ခိုက် ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဇူလိုင်လ ၁၈ ရက်တွင် ထုတ်ပြန် သည်။

“ကျွန်တော်တို့ ပူးပေါင်းအဖွဲ့နဲ့ သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်၊ လက်နက်ကြီးနဲ့ သွားရောက် ပစ်ခတ်ခဲ့တယ်ဆိုပေမယ့် ထိခိုက်သေဆုံးမှုကတော့ အခုချိန်အထိတ မသိရသေးဘူး”ဟု တိုက်ခိုက်မှုတွင် ပါဝင်သည့် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) ရဲဘော် တဦးက ပြောသည်။

အဆိုပါ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဦးစီးဌာနရုံးသည် ထားဝယ်-လောင်းလုံး ဆက်သွယ်ထားသော ကမြောကင်းတံတားအနီးတွင်တည်ရှိပြီး စစ်ကောင်စီက ကင်းပုန်းချထားသော လုံခြုံရေးတင်းကြပ်သည့်နေရာ ဖြစ်သည်ဟု LLPDF တပ်ဖွဲ့ဝင်များထံမှ သိရသည်။

အဆိုပါ ဝန်ကြီးများအိမ်ရာနှင့် ကမြောကင်းတံတားအနီးရှိ စစ်ကောင်စီတပ်သားများကို ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ကလည်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က လက်နက်ကြီးဖြင့် ပထမအကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း
#ထားဝယ်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏10👍3🥱2
​​စစ်ကောင်စီရဲ့ လုပ်ရပ်တွေက လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ စစ်ရာဝတ်မှု မြောက်နေပြီလား | သတင်းသုံးသပ်ချက်
==================

မြန်မာနိုင်ငံတဝှမ်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၂ သန်းနီးပါး ရှိနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံး - UN OCHA က ဇူလိုင်လ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ဒီအရေအတွက်ဟာ မြန်မာ့လူဦးရေရဲ့ ၅ ရာခိုင်နှုန်း နီးပါးကို ညွှန်းဆိုရာလည်း ရောက်ပါတယ်။
ဆက်လက်ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ်တွေက လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်ကို ပိုဆိုးရွားစေတဲ့အပြင် စစ်ဘေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေးအတွက် အရေးပေါ် အကူအညီတွေ အမြန်ဆုံးလိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

UN OCHA ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့မှာ စစ်ဘေးဒုက္ခသည် ၁ သန်း ၈ သိန်း ၄ သောင်းကျော် ရှိနေရာကနေ အခု ဇူလိုင် ၁၃ ရက်နေ့မှာ ၁ သန်း ၈ သိန်း ၈ သောင်းကျော်အထိ မြင့်တက် လာပါတယ်။ ဒါကြောင့် တစ်လအတွင်းမှာ စစ်ဘေးရှောင် ၄ သောင်းကျော် ထပ်တိုးလာတယ်လို့ သိမြင်နိုင်ပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ရှောင် တွေထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး ဒုက္ခသည်ပေါင်း ၈ သိန်းနီးပါး ရှိနေတယ်လို့ သိရပါတယ်။

UN OCHA က ဒီအစီအရင်ခံစာ ထုတ်ပြီး နောက်တစ်ရက်အကြာမှာပဲ စစ်ကောင်စီတပ်တွေက ခင်ဦးမြို့နယ်ထဲမှာ စစ်ကြောင်း ဝင်ထိုးလို့ ရွာပေါင်း ၂၀ လောက်က ဒေသခံ ၁ သောင်းနီးပါးဟာ ဘေးလွတ်ရာကို ထွက်ပြေးကြရ ပါသေးတယ်။

စစ်ကိုင်းတိုင်းလိုပဲ စစ်ရေးပဋိပက္ခတွေ ဖြစ်နေတဲ့ ချင်းပြည်နယ်မှာ စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း ၅ သောင်းကျော် ရှိနေပြီလို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထွက်ပြေးနေကြရသလို နေ့စဉ်လိုလို ပစ်ခတ်နေတဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း နေ့စဉ်နေ့တိုင်း အသက်အန္တတွေကို ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးဗြဲမြို့မှာတော့ စစ်ကောင်စီတပ်တွေက ဆန်သယ်ယူခွင့် ပိတ်ပင်ထားတာကြောင့် စစ်ဘေး ဒုက္ခသည်တွေ အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေ၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရတဲ့ ဒေသတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေက လူသားချင်း စာနာထောက်ထားမှု အကူအညီပေးချင်ပေမယ့် စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ပင်မှုတွေကြောင့် ပေးချင်တိုင်း ပေးလို့ မဖြစ်နိုင်တဲ့ အနေအထားကို ရောက်ရှိနေပါတယ်။

အဲဒီလို ကန့်သတ်မှုတွေဟာ နိုင်ငံရဲ့ အရှေ့တောင်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ ပိုဆိုးရွားတယ်လို့ UN OCHA ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက မကြာခဏ စစ်ကြောင်းထိုးနေတာကြောင့် ဇူလိုင်လဆန်းကတည်းက နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံပေါင်း ၃၀၀၀ ကျော်ထဲမှာ ၂၀၀ လောက်က လတ်တလော ဖျားနာနေကြပြီး အကူအညီ အရေးပေါ် လိုအပ်နေတယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

အခုအချိန်ဟာ မိုးသည်းထန်စွာ ရွာသွန်းတဲ့ အချိန်ဖြစ်တာကြောင့် ကိုယ့်နေရပ်က နေအိမ်တွေမှာ လုံလုံခြုံခြုံ နေရသူတွေတောင် ဖျားတာနာတာ ဖြစ်နေကြတာပါ။

ကလေးငယ်တွေမှာဆိုရင် သွေးလွန်တုပ်ကွေးရာသီ ဖြစ်တဲ့အပြင် ပြင်းထန်တဲ့ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ခံရပြီး ဖျားတာနာတာကို ပြင်းပြင်းထန်ထန် ခံစားနေကြရတဲ့ အချိန်လည်း ဖြစ်ပါတယ်။
ဒီလိုကာလမှာ အမိုးအကာမဲ့၊ အာဟာရပြည့်ပြည့်ဝဝ စားသောက်ဖို့မရှိ၊ ဆေးဝါးမလုံလောက်တဲ့ ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေအတွက် တစ်ပူပေါ်နှစ်ပူဆင့်ဆိုတဲ့ အနေအထားနဲ့ ကြုံနေရပါပြီ။

ကူကယ်ရာမဲ့ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူတွေရဲ့ဘဝဟာ အခုလိုအချိန်မှာ မတွေးရဲစရာပါ။ ဒါတွေအားလုံးရဲ့ တရားခံဟာ ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီပဲ ဖြစ်ပါတယ်။
အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ အပါအဝင် စုစုပေါင်း မြန်မာပြည်သူအရေအတွက်ရဲ့ ၅ ရာခိုင်နှုန်းနီးပါးကို နေရပ်စွန့်ခွာထွက်ပြေးစေပြီး အကူအညီပေးမယ့် သူတွေကို ကန့်သတ်ပိတ်ပင်နေတဲ့၊ မြန်မာပြည်သူ ၉၀ ရာခိုင်နှုန်းကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်စေတဲ့ စစ်ကောင်စီဟာ လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နေပြီ ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😁3