Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပစ်ချခံ တိုက်လေယာဉ်၏ လေယာဉ်မှူးနှစ်ဦးအား ရာထူးတိုး ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်
😁7🤮5👍1
ပစ်ချခံ တိုက်လေယာဉ်၏ လေယာဉ်မှူးနှစ်ဦးအား ရာထူးတိုး ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်
====================

ဂျူချန်း
(မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံနယ်စပ်တွင်ရှိသည့် ကရင်နီပြည်နယ် ရွာသစ်မြို့အနီးတွင် ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)မှ စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ပြီး ထိုလေယာဉ်မောင်းနှစ်ဦးအား စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရာထူးတစ်ဆင့်စီတိုးပေးကာ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခဲ့ကြောင်း ကလလတ မှ ယမန်နေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုလေယာဉ်သည် တောင်ငူလေတပ်မှ ဇွန်လ ၃၀ ရက်နေ့တွင် ထွက်ခွာခဲ့သည့် K8W အမျိုးအစားဖြစ်ပြီး လေယာဉ်အမှတ်(၃၉၃၅) ဖြစ်ကာ ဗိုလ်ကြီးသော်ဇင်(လေ ၄၁၉၈) နှင့် ဗိုလ်အောင်ဖြိုးကျော်(လေ ၄၃၄၉) တို့ မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း ကလလတ မှ စုံစမ်းရရှိထားသည့် တပ်တွင်းအချက်အလက်တွင် ဖော်ပြထားသည်။

ထိုအချက်အလက်ထဲတွင် ဗိုလ်ကြီး သော်ဇင်နှင့်၊ ဗိုလ်အောင်ဖြိုးကျော် တို့ သည် K8W လေယာဉ်အမှတ်(၃၉၃၅) အား ဇွန်လ ၃၀ ရက်နေ့တွင် ရွာသစ်အနီး ခမမပည(LB 464160) နေရာသို့ ၂၃ မမကျည် ၈၀တောင့်၊ ၅၀ KG ဗုံး လေးလုံး၊ ၁၂၀ ပေါင်ဗုံး နှစ်လုံးတပ်ဆင်ကာ တောင်ငူလေယာဉ်ကွင်းမှ နံနက် ၁၀နာရီ ၄၃ မိနစ်တွင် စတင်ပျံတက်ခဲ့ပြီး ရည်မှန်းချက်နေရာအား တိုက်ခိုက်ခဲ့ကာ ၁၀နာရီ ၅၉မိနစ်တွင် ဆက်သွယ်မှု ပြတ်တောက်ခဲ့ကြောင်း၊ ပြန်လည်ဆင်းသက်ရမည့် သတ်မှတ်ချိန်အတွင်း တောင်ငူလေယာဉ်ကွင်းသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိခဲ့ ဟု စစ်ကောင်စီ၏ လေတပ်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ စာအမှတ် ၃၀၂၁၁၅/၂၁၂၀ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကရင်နီတွင် ပစ်ချခံရသည့် လေယာဉ်သည် တောင်ငူလေတပ်မှ K8အမျိုးအစား တိုက်လေယာဉ်ဖြစ်ပြီး ယာဉ်မောင်းနှစ်ဦး ပျောက်ဆုံးနေခဲ့ကြောင်း တောင်ငူလေတပ် တပ်တွင်းသတင်းပေးက မဇ္ဈိမကို ပြီးခဲ့သည့် ဇူလိုင်လ ၂ရက်နေ့တွင် အတည်ပြု ပြောခဲ့သည်။

တောင်ငူလေတပ်မှ လေယာဉ်မှူးနှစ်ဦး တာဝန်ထမ်းဆောင်နေစဉ် လေယာဉ်နှင့်အတူ ပျောက်ဆုံးခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ဗိုလ်မှူး ရဲလင်းမြတ်(လေ ၂၉၇၆) ကို ဥက္ကဋ္ဌအဖြစ်နှင့် အဖွဲ့ဝင်အဖြစ် ဗိုလ်ကြီး အောင်မြင့်မြတ် (လေ ၃၅၃၅) နှင့် ဗိုလ် ဖြိုးပြည့်စိုး (လေ ၄၁၀၀) တို့အား ဇူလိုင်လ ၃ ရက်နေ့တွင် တာတန်ပေးအပ်ခဲ့ကြောင်း တပ်တွင်းအချက်အလက်အရ သိရသည်။
ပစ်ချခံရသည့် လေယာဉ်နှင့်အတူ တစ်ပါတည်းသေဆုံးခဲ့သည့် လေယာဉ်မှူးနှစ်ဦးအား စစ်ကောင်စီခေါင်းဆောင် မှ အမိန့်ကြော်ငြာစာအမှတ် ၁၂၅/၂၀၂၃ တွင် ရာထူးတစ်ဆင့်စီ တိုးမြှင့်ခဲ့ပြီး ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ကြောင်း ကလလတ မှ ထုတ်ပြန်ခဲ့သည်။

လေယာဉ်မောင်း ဗိုလ်ကြီးသော်ဇင်ကို ဗိုလ်မှူး ရာထူးတိုးကာ “သူရဘွဲ့” ချီးမြှင့်ခဲ့ပြီး ဗိုလ်အောင်ဖြိုးကျော်ကိုမူ ဗိုလ်ကြီး ရာထူးတိုးကာ “သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်” ချီးမြှင့်ခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ သတင်းစာများတွင် ဇူလိုင် ၂၄ ရက်နေ့၌ ဖော်ပြခဲ့ကြသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့နံနက် ၁၁နာရီခန့်တွင် ဘော်လခဲခရိုင် ရွာသစ်မြို့၊ BGF တပ်ရင်းအမှတ် (၁၀၀၅) အနီးတွင် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း ကလလတ ဗဟိုကော်မတီ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အတည်ပြုပြောကြားခဲ့သည်။

"ဂျက်လေယာဥ်က ခပ်နိမ့်နိမ့်ပျံသွားတာကြောင့် ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ဆီမှာ လေယာဥ်ပစ်လည်းမရှိပါဘူး ။ ကျွန်တော်တို့ဆီမှာရှိတဲ့ လက်နက်အကုန်လုံးနဲ့ ဝိုင်းပစ်ကြတာ၊ ရှိတာထဲမှာ အကြီးဆုံးဆိုလို့ သူတို့ဆီကရထားတဲ့ G4 ပဲရှိတယ်" ဟု ကလလတမှ ရဲဘော်လော်ရင်းစိုးက မဇ္ဈိမကိုပြောသည်။

နအဖ စစ်အစိုးရလက်ထက်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖွဲ့စည်းခံခဲ့ရသည့် ကလလတ သည် ဇွန်လ ၁၃ ရက်နေ့တွင် စတင်ခဲ့သည့် မယ်စဲ့တိုက်ပွဲမှစတင်ကာ အာဏာသိမ်းစစ်ကောင်စီကို ပြတ်ပြတ်သားသား ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ပြီး NUG၊ CRPH အပါအဝင် တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းကာ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၁ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။

ကရင်နီပြည်နှင့် ထိုင်းနယ်စပ်တွင်တိုက်ပွဲဖြစ်ပွားနေသဖြင့် မယ်စဲ့၊ ဘော်လခဲနှင့် ဖားဆောင်းမှ ဒေသခံ ၅,၀၀၀ ခန့်သည် ထိုင်းနိုင်ငံနယ်စပ်တွင် စစ်ဘေးရှောင်နေရဆဲဖြစ်ကာ လက်ရှိတွင် ဖားဆောင်းမြို့၊ သံလွင်မြစ်အရှေ့ခြမ်း နှင့် လွိုင်ကော်-မိုးဗြဲ လမ်းတစ်လျှောက်တွင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း ဖားဆောင်း PDF ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#NUG
#CRPH
#PDF
#ကရင်နီပြည်နယ်
----------------------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁6🤣4🤮2
This media is not supported in your browser
VIEW IN TELEGRAM
July - 28 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍2🍌2😁1
​​ဘုတလင်မြို့နယ် ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ် မီးရှို့ ၊ ဒေသခံ ၅,၀၀၀ ကျော် စစ်ရှောင်နေရ
===================

လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ၊ အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ညောင်းကန်ကျေးရွာ ရှိ အ.က.သ ရုံးကို ဝင်ရောက်စီးနင်းပြီး ညောင်းကန် ၊ ရွာသာ နှင့် ဖျောက်ဆိပ်ကုန်း ကျေးရွာများကို နေအိမ်များကို မီးရှို့ဖျက်ဆီးသည်ဟု ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်း ၄ နာရီ အချိန်မှ စတင်ကာ ညောင်းကန်ကျေးရွာ ရှိ အ.က.သ ရုံးကို ဝင်ရောက်စီးနင်းပြီး နံနက် ၉ နာရီ အချိန်တွင် ညောင်းကန် ၊ ရွာသာ နှင့် ဖျောက်ဆိပ်ကုန်း ကျေးရွာများရှိ နေအိမ် ၂၂ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ဘုတလင်မြို့ပေါ်က စစ်ကြောင်း နှင့် န.မ.ခ က ထွက်လာသည့် စစ်ကြောင်း နှစ်ကြောင်းပေါင်းပြီး စစ်အင်အား ၁၀၀ ခန့်ဖြင့် ညောင်ကန် ၊ ရွာသာ ၊ ဖျောက်ဆိပ်ကုန်း စတဲ့ ကျေးရွာတွေကို ဝင်ရောက် စစ်ကြောင်းထိုးခဲ့တာ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက မစ္ဈိမကို အခုလိုပြောသည်။

“ ညောင်ကန်ကျေးရွာက နေအိမ် ၁၂ လုံး ၊ ရွာသာကျေးရွာ က နေအိမ် ခုနစ်လုံးနှင့် ဖျောက်ဆိပ်ကုန်း ကျေးရွာက နေအိမ် သုံးလုံး စုစုပေါင်း နေအိမ် ၂၂ လုံးကို စစ်ကောင်စီတပ်က မီးရှို့သွားတာ ဖြစ်ပါတယ်။ အခုမှ ကျေးရွာအတွင်းကို ကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်နေတာ ဖြစ်ပါတယ် ” ဟု လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်က ညောင်ကန်ကျေးရွာအတွင်းရှိ အ.က.သ ရုံးခန်းကို ဝင်ရောက်စီးနင်းပြီး ရဲဘော်ငဘီး ၊ ကြယ်စင် နှင့် ကျွဲကြီးတို့ အပြင် အခြားဒေသခံများကိုလည်း သတ်ဖြတ်သွားကြောင်း ကာကွယ်ရေးရဲဘော်များက ယခုလိုပြောသည်။

“ စစ်ကြောင်းမှာ ဒေသခံ ပြည်သူတွေကို ဖမ်းဆီးပြီး ဓားစာခံအဖြစ် ခေါ်လာတာတွေလည်း ရှိပါတယ်။ ယခုအချိန်ထိ သိထားရတာက အ.က.သ ရဲဘော် သုံးဦး နှင့် အခြားဒေသခံ သုံးဦး သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိထားပါတယ်။ သတ်ဖြတ်ခံရသူတွေ ဒီထက်လည်း ပိုနိုင်တယ်” ဟု ဒေသကာကွယ်ရေး ရဲဘော်တစ်ဦးက ဆိုသည်။

ထိုကဲ့သို့ စစ်ကောင်စီတပ်က ဘုတလင်မြို့နယ်တွင် ရွာစဉ်ထိုး လှည့်လည် စစ်ကြောင်းထိုးနေသည့်အတွက် ညောင်ကန် ၊ ရွာဇာ ၊ စိုင်ပြင်လေး ၊ ဖြောက်ဆိပ်ကုန်း ၊ သမန်းတော စတဲ့ ကျေးရွာများမှ ဒေသခံ ပြည်သူ ၅,၀၀၀ ကျော် စစ်ကောင်စီတပ်ရန်မှ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကောင်စီတပ်
#စစ်ဘေးရှောင်
#ဘုတလင်မြို့နယ်
----------------------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬11❤2😢2👍1😁1
​​ငွေကြေးလိုအပ်ချက် မရှိဘူးဆိုပြီး အလိမ်အညာတွေနဲ့ ဟန်ဆောင်နေရပြီဖြစ်တဲ့ စစ်ကောင်စီ | သတင်းသုံးသပ်ချက်
=================

မြန်မာနိုင်ငံက အလုပ်သမားတွေဟာ ကိုဗစ်ကပ်ရောဂါနဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှု ဆိုးကျိုးတွေရဲ့ နောက်ဆက်တွဲအဖြစ် လူမှုစီးပွား ပြဿနာတွေကို တွေ့ကြုံခံစားနေရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က ပြောကြားလိုက်ပါတယ်။
အလုပ်အကိုင် ရရှိနှုန်း၊ အလုပ်အရည်အသွေးနဲ့ ကုန်ထုတ်စွမ်းအားတွေ ဆက်လက်ကျဆင်းနေပြီး စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ILO က ဇူလိုင် ၂၇ ရက်နေ့မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အလုပ်သမားဈေးကွက်ဟာ တချို့ကဏ္ဍတွေမှာ အနည်းငယ်တိုးတက်တယ်လို့ ဆိုနိုင်ပေမယ့် များပြားလှတဲ့လူဦးရေအတွက် အမီလိုက်နိုင်ခြင်း မရှိတာကြောင့် ၂၀၂၂ ခုနှစ်မှာ အလုပ်လုပ်နိုင်တဲ့ လူဦးရေရဲ့ ၅၄ ဒသမ ၅ ရာခိုင်နှုန်းပဲ အလုပ်အကိုင် ရရှိပါတော့တယ်။ ဒါဟာ ၂၀၁၇ ခုနဲ့ နှိုင်းယှဉ်ရင် ၈ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားတာပါ။

ကြုံရာကျဘန်းလုပ်ကိုင်သူ ပိုများလာပြီး အလုပ်အကိုင်အရည်အသွေးတွေလည်း ကျဆင်းနေတဲ့အပြင်၊ ကုန်ထုတ်စွမ်းအားလည်း ကျဆင်းနေတယ်လို့ ILO ရဲ့အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီလို အလုပ်လက်မဲ့ ဦးရေ ကျဆင်းလာပြီး ပြည်သူတွေရဲ့ ဝင်ငွေတွေ လျော့ကျလာတဲ့အချိန်မှာ ငွေကြေး ဖောင်းပွမှုနှုန်းက မြင့်တက်လာတာ၊ ကုန်ဈေးနှုန်းကြီးမြင့်လာတာကြောင့် မြန်မာပြည်သူတွေရဲ့ လူမှုစီးပွား ဘဝတွေ ထိခိုက်နစ်နာနေရပြီဖြစ်ပါတယ်။

ILO ရဲ့ အစီအရင်ခံစာမှာ လူမှုစီးပွားဘဝတွေ ထိခိုက်နေပြီလို့ဆိုပေမယ့် စစ်ကောင်စီခေါင်းဆောင် ကတော့ လာမယ့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်မှာ စီးပွားရေး ၄ ရာခိုင်နှုန်းတိုးတက်လာဖို့ မျှော်မှန်းထားတယ်လို့ ပြောနေပါတယ်။

နိုင်ငံတော်အနေနဲ့ ဘဏ္ဍာငွေလိုအပ်ချက် မရှိတဲ့အပြင် နိုင်ငံတွင်းလည်ပတ်သုံးစွဲငွေတွေ မျှတစွာ ရှိနေတဲ့ အတွက် နှစ်သောင်းတန် ငွေစက္ကူထုတ်တာဟာ ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဘူးလို့လည်း စစ်ကောင်စီ ခေါင်းဆောင်က ဆိုပါတယ်။

နိုင်ငံအတွင်း ငွေကြေးလည်ပတ်မှုဟာ ပုံမှန်အခြေအနေမှာ ရှိနေပြီး ဘဏ်တွေမှာလည်း ငွေကြေးအပ်နှံတာ များပြားနေတယ်လို့ စစ်ကောင်စီခေါင်းဆောင်က ပြောလိုက်ပါသေးတယ်။

သူ့အနေနဲ့ နိုင်ငံ့စီးပွား မြှင့်တင်ရေးကို အစွမ်းကုန်ကြိုးစားခဲ့ပြီး ဘဏ္ဍာငွေ သုံးစွဲမှုမှာ နိုင်ငံခြားချေးငွေ လုံးဝ ချေးယူခြင်း မရှိဘဲ ပြည်ပထောက်ပံ့ငွေ အနေနဲ့လည်း ၂၀၂၂ ခုနှစ်နှောင်းပိုင်းရောက်မှာ အနည်းငယ်သာ ရရှိတယ်လို့ ပြောပါတယ်။

တကယ့်မြေပြင်အခြေအနေမှာတော့ စစ်ကောင်စီ ခေါင်းဆောင်ပြောတာနဲ့ တခြားစီဆိုတာ လက်တွေ့ ရင်ဆိုင်နေရသူတွေ အားလုံး သိကြမှာပါ။

ဘဏ်တွေမှာ ကြည့်လိုက်ရင်လည်း ငွေသွင်းသူထက် ငွေထုတ်သူတွေက ပိုများနေပြီး ငွေကြေး တက်နိုင်သူ တွေက ခိုင်မာမယ့် အိမ်၊ ခြံ၊ မြေတွေ ဝယ်ယူတာမျိုးကို ပိုလုပ်လာကြလို့ အိမ်၊ ခြံ၊ မြေ ဈေးတွေ အဆမတန် မြင့်တက်နေတာပါ။

နိုင်ငံခြားငွေ လဲလှယ်နှုန်းနဲ့ ရွှေဈေးဟာလည်း ၂၀၂၁ ခုနှစ် အရှေ့ပိုင်းကထက် စာရင် ၂ ဆကျော်အထိ မြင့်တက်နေပြီး ကျပ် ၂ သောင်းတန် ငွေစက္ကူ ဂရက်ကြောင့် ရွှေဆိုင်တွေက အရောင်းပိတ်တာ၊ နိုင်ငံခြားငွေ လဲလှယ်တဲ့ နေရာတွေ ပိတ်ထားတာအထိ လှုပ်ခတ်နေတာ ဖြစ်ပါတယ်။

အခြေခံလူတန်းစားတွေ အတွက် မဖြစ်မနေ လိုအပ်ချက်ဖြစ်တဲ့ အခြေခံစားသောက်ကုန်တွေ ဆိုလည်း တစ်နေ့ထက် တစ်နေ့ မြင့်တက်နေတာပါ။ ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၁ သိန်းနား ကပ်နေပါပြီ။

စစ်ကောင်စီ ထုတ်မယ့် ကျပ် ၂ သောင်းတန် ငွေစက္ကူကို အမျိုးသားညီညွတ်ရေး အစိုးရက တရားမဝင်ဘူးလို့ ကြေညာခဲ့ပါတယ်။ တရားမဝင်ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေတဲ့အတွက် ငွေကြေးဖောင်းပွမှုကို ဖြစ်စေတာဟာ ပြည်သူတွေရဲ့ လုပ်အားနဲ့ ချွေးနဲစာကို ခိုးယူနေတာလည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီခေါင်းဆောင် အနေနဲ့ ဘဏ္ဍာငွေလိုအပ်ချက် မရှိဘူးလို့ ဆိုတာဟာ ဟန်ကိုယ့်ဖို့ သက်သက် လိမ်ညာပြောနေတာသာ ဖြစ်ပါတယ်။ နိုင်ငံခြားချေးငွေ ချေးယူခြင်းမရှိဘူးဆိုတာကတော့ သူ့ကို ဘယ်နိုင်ငံကမှ မချေးတော့လို့ပါ။

စစ်ကောင်စီ အနေနဲ့ အရင်ကြွေးတွေတောင် လည်ပင်းနစ်နေပါပြီ။ နွေဦးတော်လှန်ရေး အောင်ပွဲခံပြီး ပြည်သူ့အစိုးရ တက်လာတဲ့ အခါမှာ အာဏာသိမ်းပြီးမှ စစ်ကောင်စီကို ချေးထားတဲ့ ငွေကြေးတွေအတွက် တာဝန်မယူဘူးဆိုတာ သိထားတဲ့ ဘယ်အစိုးရကမှ စစ်ကောင်စီကို ချေးရဲမှာ မဟုတ်ပါဘူး။

စစ်ကောင်စီဟာ ပြည်တွင်းလည်ပတ်ဖို့ ငွေကြေးလိုအပ်နေလို့ ကျပ် ၂ သောင်းတန် ငွေစက္ကူ တွေကို ရိုက်နှိပ်ထုတ်ဝေတယ်ဆိုတာ သိသာစေတဲ့အချက်က ဒီကိစ္စကို မကြာခဏ ရှင်းနေတာနဲ့တင် သိသာ နေပြီဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

#၂ သောင်းတန်
#ILO
#ကိုဗစ်ကပ်ရောဂါ
😁13👍7🤮1
​​ထိုးစစ် ဆင်နွှဲနေသည့် ပဲခူးတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စစ်ရေးအရှိန်တိုးမြှင့်မည်
======================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း စစ်ဒေသသခွဲအတွင်းမှ ပြည်သူကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်နွှဲလျက်ရှိပြီး စစ်ရေးအရှိန်တိုးမြှင့်သွားမည်ဖြစ်ကြောင်း
တပ်ရင်းတပ်ဖွဲ့များ၏ တာဝန်ရှိသူများက မဇ္ဈိမကိုပြောသည်။

ခုခံစစ်ဆင်နွှဲခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်နက်အင်အားအတန်အသင့် ရရှိလာခြင်းနှင့်အတူ တိုက်ခိုက်စွမ်းဆောင်ရည်တိုးမြင့်လာပြီး ၂၀၂၃ ခုနှစ် နှစ်စပိုင်းမှ စတင်ကာ ထိုးစစ်ဆင်နွှဲနိုင်ခဲ့ကြောင်း ပဲခူးတိုင်း စစ်ဒေသခွဲ စစ်ရေးဌာနတာဝန်ခံ ကိုသော်မတ်စ်မှ မဇ္ဈိမကိုပြောသည်။

“ကျွန်တော်တို့ ၂၀၂၂ မှာတုန်းက ချောင်းမြောင်းပြီးမှ ပြောက်ကျားလုပ်ရတာပါ။ ၂၀၂၃ မှာတော့ တဆင့်တက်ပြီးတော့ လက်နက်နဲ့သွားရောက်တိုက်ခိုက်တဲ့ အဆင့်ကိုတော့ တိုးသွားပြီ။ စစ်ရေးဟာ ဘယ်လောက်ရာနှုန်းထိ တိုးလာပါပြီဆိုပြီး ပြောဖို့တော့ခက်တယ်။ သို့ပေမယ့် ၂၀၂၂ မှာ မလုပ်ဆောင်နိုင်ခဲ့တဲ့ စစ်ဆင်ရေးအကြီးကြီးတွေကို ၂၀၂၃ မှာ ပဲခူးတိုင်းအတွင်းလုပ်ဆောင်လာနိုင်တယ်” ဟု ကိုသောမတ်စ်က ပြောသည်။

စစ်ရေးအရှိန်တိုးမြှင့်ရန်အတွက် လိုအပ်နေသည့် မမ လက်နက်များဝယ်ယူနိုင်ရန် "မမအားနဲ့မိစ္ဆာရှင်းဖို့ပဲခူးမြေကိုထောက်ကူစို့" ကမ်ပိန်းပြုလုပ်နေကြောင်းသိရသည်။

"ကျွန်တော်တို့မှာ လက်ရှိ လက်နက်ကြီးမရှိဘူး ။ ကိုယ်တိုင်ထုတ်လက်လုပ် ၄၀ မမတွေပဲရှိတာ။ ဒါတောင်စစ်ကောင်စီတပ်တွေ မကပ်ရဲကြဘူး။ ရင်ဆိုင်တိုက်ပွဲတွေမှာလည်း သူတို့ဘက်က အထိနာကြတယ်။ တကယ်လို့သာ ကျွန်တော်တို့မှာ လက်နက်ကြီးရှိလာမယ်ဆိုရင် မှန်းထားတာထက်ပို လုပ်ဆောင်လာနိုင်မယ်။ နယ်မြေစိုးမိုးနိုင်ဖို့လည်း ဆောင်ရွက်လာနိုင်မယ်။ တော်လှန်ရေးမှာ နောက်ထပ်အရွှေ့တစ်ခုကို ထပ်မြင်လာရမယ်” ဟု သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်နက်ဖြည့်တင်းရန် လုပ်ဆောင်နေသည့် ထိုကမ်းပိန်းမှ ၄၅ ရက်အတွင်း ကျပ်သိန်း ၅,၀၀၀ ရရှိနိုင်ရန် မျှော်မှန်းထားသော်လည်း မပြည့်မီသေး၍ နောက်ထပ် ၁၃ ရက် ထပ်မံတိုးထားကြောင်း သိရသည်။ ဇွန်လ ၁၅ ရက်က စတင်ပြုလုပ်ခဲ့သည့် ထိုကမ်ပိန်းတွင် လက်မှတ်တစ်စောင်လျှင် ကျပ် ၅၀၀၀ သတ်မှတ်ထားပြီး လာမည့် သြဂုတ်လ ၁၃ ရက်တွင် မဲမောက်ပေးသွားမည်ဖြစ်သည်။
“လက်နက်လိုအပ်ချက်က တော်တော်ရှိနေပါသေးတယ်။ ဒီကမ်ပိန်းက အဲ့ဒီလိုအပ်ချက်တွေကို စစ်ဆင်ရေးအရ အတော်လေးထိရောက်နိုင်မယ့် ထောက်ပံ့နိုင်မှုကိုလုပ်ဆောင်နိုင်မှာပါ” ဟု ကိုသော်မတ်စ်က ဆိုသည်။

ထိုကမ်ပိန်းမှ ရရှိလာသည့် ငွေများဖြင့် ပဲခူးတိုင်းစစ်ဒေသခွဲရှိ တပ်ရင်းများဖြစ်သည့် ပြည်ခရိုင်တပ်ရင်း (၃၆၀၁)၊ (၃၆၀၂)၊ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊(၃၈၀၂ )၊ တောင်ငူခရိုင်တပ်ရင်း (၃၅၀၁)၊ (၃၅၀၂ ) နှင့် ပဲခူးခရိုင်တပ်ရင်း (၃၇၀၁)၊ (၃၇၀၂) တို့ကို မမ လက်နက်များ တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက “လမ်းအားလုံးနေပြည်တော်သို့" စစ်ဆင်ရေးကို ဆောင်ရွက်နေပြီဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်သို့ ဦးတည်တိုက်ခိုက်သွားမည်ဟု ပြီးခဲ့သည့် ဇွန်လအတွင်းတွင် ထုတ်ဖော်ပြောဆိုထားသည်။

ပဲခူးတိုင်းသည် မြေမျက်နှာသွင်ပြင်အနေအထားအရ နေပြည်တော်၊ ရန်ကုန်တိုင်းတို့နှင့် ထိစပ်နေသည်။ ထို့ကြောင့် ပဲခူးတိုင်း၏စစ်ရေးအရှိန်သည် တော်လှန်ရေး၏အပြောင်းအလဲတစ်ခုအားဖန်တီးပေးနိုင်စွမ်းရှိလိမ့်မည်ဟု တော်လှန်ရေးအင်အားစုများက သုံးသပ်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကမ်ပိန်း
#ပဲခူးတိုင်း
----------------------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤8🔥1👏1😁1
"စွန့်လွှတ်စွန့်စား ပြည့်ရင် သွေးများ" အစီအစဥ် - Episode 6
===================

"စွန့်လွှတ်စွန့်စား ပြည့်ရင် သွေးများ" အစီအစဥ်ကို အပတ်စဥ် သောကြာ နေ့၊ ညနေ ၅ နာရီတိုင်းတွင် PVTV နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာများအပြင် လွတ်လပ်သော သတင်းမီဒီယာများတွင်လည်း စောင့်မျှော်နားဆင်နိုင်ပါပြီ။

ယခုအပတ် "စွန့်လွှတ်စွန့်စား ပြည့်ရင် သွေးများ" အစီအစဥ် - Episode 6 မှာ နားဆင်ရမှာက တော့ ပြည်သူကို အလေးထားသူ၊ ပြည်သူကို ကာကွယ်နေသူ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F၊ တပ်ခွဲ (၃) ရဲ့ တပ်ခွဲအရာခံဗိုလ် “နော်ဖော” အ ကြောင်းကို နားဆင်ရမှာ ဖြစ်ပါတယ်။

အနီရောင်နောက်ခံပေါ်မှာ
အဖြူရောင်ကြယ်တပွင့်ပါတဲ့
PDF အလံတော်ကို အမြင့်ဆုံး လွှင့်ထူလိုက်တယ်။
ပြည်သူအတွက် ငါတို့ ရဲရင့်ဖို့အသင့်
ရန်သူတွေ ကြောက်ဒူးတုန်ကြဟေ့။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။

https://youtu.be/5ja0xbLGI4k

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤2🔥1😁1
Chef Eve's Easy Thai Cooking Show | Episode (24) Promo
====================

ဒီတစ်ပတ်မှာ ချက်ပြပေးမှာကတော့ Chef Eve ရဲ့ သုံးထပ်သားစတူးအချိုကြော် နဲ့ တောကြက်စပါးလင်ချက် ချက်ပြုတ်ပုံတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ သုံးထပ်သားစတူးအချိုကြော် နဲ့ တောကြက်စပါးလင်ချက်ကို ထိုင်းစတိုင်လ်ပုံစံမျိုး ဘယ်လိုချက်ပြုတ်ထားလဲဆိုတာကို အခုလာမယ့် ဇူလိုင်လ (၂၉)ရက်၊ စနေနေ့ ညနေ (၆) နာရီမှာ Mizzima + Channel ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/EweJgD8syUA

#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
ကြံခင်း၊မြန်အောင်မြို့နယ်ရှိ ပြည်သူ့စစ်နှင့် စစ်မှုထမ်းဟောင်းများကို တိုင်းမှူးက စားစရာများပေးပြီး PDF သတင်း ပေးရန် စည်းရုံး
🤮12🔥2❤1
ကြံခင်း၊မြန်အောင်မြို့နယ်ရှိ ပြည်သူ့စစ်နှင့် စစ်မှုထမ်းဟောင်းများကို တိုင်းမှူးက စားစရာများပေးပြီး PDF သတင်း ပေးရန် စည်းရုံး
===================

မင်းထက်
(မဇ္စျိမ)။ ။ ကြံခင်းမြို့နယ်နှင့် မြန်အောင်မြို့နယ်များရှိ သက်ကြီးပိုင်း ပြည်သူ့စစ်များနှင့် စစ်မှုထမ်းဟောင်းများကို ဧရာဝတီတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်က စားစရာများပေးပြီး PDFများ၏ သတင်း စုံစမ်းပေးပို့ရန် လိုက်လံစည်းရုံးနေကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်တွင် မြန်အောင်မြို့နယ်အခြေစိုက် ခလရ (၅၁) ခြေလျင်တပ်ရင်းအတွင်းရှိ ခန်းမတစ်ခုအတွင်းသို့ စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်များကို တိုင်းမှူးက ခေါ်ယူတွေ့ဆုံခဲ့ပြီး စားစရာများနှင့် ယူနီဖောင်းများပေး၍ စည်းရုံးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

"ဆန်၊ ဆီ၊ ဆား၊ကြက်ဥ၊ ပဲနဲ့ ယူနီဖောင်းလေးတွေခေါ်ပေးပြီး PDF တွေ လှုပ်ရှားတဲ့ သတင်းတွေ ပေးဖို့၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေဖွဲ့ဖို့ စည်းရုံးတာပါ။အဲ့ဒီလူတွေ(ပြည်သူ့စစ်နှင့် စစ်မှုထမ်းဟောင်းများ) သတင်းတော့ ပေးရင်ပေးရဲလိမ့်မယ်။ ဘာမှတော့ လုပ်ရဲမယ့်သူတွေ မဟုတ်ဘူး။ ဘာလို့ဆိုအကုန်လုံးက အိုနာကျိုးကန်းတွေချည်းပဲလေ"ဟု ၎င်းက ပြောသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်း၊ ကြံခင်းနှင့် မြန်အောင်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်နှင့် စစ်မှုထမ်းဟောင်း စုစုပေါင်း ဦးရေ ၅၀ ခန့် တက်ရောက်ခဲ့သည်ဟု ဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူက ပြောသည်။

ကြံခင်းမြို့နယ်၊ မင်းသီရီ (၁) ရပ်ကွက် ၊ မင်းရဲကျော်စွာလမ်းတွင် စစ်မှုထမ်းဟောင်းရုံး ရှိသည်ဟု သိရပြီး မြန်အောင်နှင့် ကြံခင်း မြို့နယ်နှစ်ခုပေါင်း စစ်မှုထမ်းဟောင်းနှင့် ပြည်သူ့စစ်အင်အား ၁၀၀ ခန့်ရှိနိုင်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ထိုသို့ ခေါ်ယူစည်းရုံးမှုနှင့် ပတ်သက်၍ "စစ်သားအင်အားလျော့နည်းလာလို့ နောက်ဆုံးကျည်အနေနဲ့ သက်ကြီးရွယ်အိုတွေကို ခေါ်စည်းရုံးတာနေမယ်။ တပ်ထဲဝင်မယ့်သူကလည်း မရှိတော့ဘူးလေ။ ဗိုလ်သင်တန်းဆိုရင်လည်း အမှတ်လျှော့ခေါ်တာတောင် တက်မယ့်သူ မရှိသလောက်နည်းနေတာဆိုတော့ လက်နက်အင်အားချင်းသာ ယှဥ်နိုင်ရင် စစ်တပ်ကရှုံးနေတာကြာပြီ" ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဝေဖန်သုံးသပ်သည်။

ပြီးခဲ့သည့် ဧပြီလမှစတင်ကာ ဟင်္သာခရိုင်အတွင်းရှိ ဟင်္သာတ၊ကြံခင်း၊မြန်အောင်၊အင်္ဂပူ၊လေးမျက်နှာနှင့် ဇလွန်မြို့နယ်တို့၌ တောတွင်းဝင်ပေါက်၊ ထွက်ပေါက်များအားလုံးကို စစ်ကောင်စီတပ်ဖွဲ့ အင်အား ၃၀၀ ခန့်က ပိတ်ဆို့ထားပြီး ထိုမြို့နယ်များအတွင်း တောအုပ်များနှင့် ထိစပ်နေသည့် ကျေးရွာများတွင်လည်း ပြည်သူ့စစ်များနှင့် စစ်မှုထမ်းဟောင်းများကို စစ်ကောင်စီတပ်က အရပ်ဝတ်များ ဝတ်ဆင်ခိုင်းကာ သတင်းထောက်လှမ်းမှုများ ပြုလုပ်နေသည်ဟု မြို့နယ်အသီးသီးရှိ ဒေသခံများက ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ဧရာဝတီတိုင်း
#မြန်အောင်မြို့နယ်
#ကြံခင်းမြို့နယ်
----------------------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤮5❤1😁1
ရွာပေါင်းစုံသပိတ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ
===================

ပါခွီး (မဇ္စျိမ) ။ ။ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်း ရွာပေါင်းစုံသပိတ်ကော်မတီသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကို ယနေ့ ဇူလိုင်လ၂၈ရက်တွင် ပြုလုပ်ကြသည်။

စစ်ကိုင်းတိုင်းမှ ထိုလူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြပြီး ကျဆုံးခဲ့သည့် အာဇာနည်များကို အလေးပြုခဲ့ကြပြီး သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခဲ့ကြောင်းသိရသည်။

ယနေ့ချီတက်ပွဲသည် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း၏ စစ်အာဏာရှင်ဆန့် ကျင်ရေး (၈၅၈) ရက်မြောက်အဖြစ် ချီတက်ခဲ့ကြခြင်းဖြစ်သည်။

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

https://youtu.be/VBhOnEUyskM

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#Mizzima
#ဆန္ဒပြပွဲ
#ယင်းမာပင်
#ဆားလင်းကြီး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14🔥1
​​ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာ၍ ဒေသခံများထွက်ပြေးနေရ
=======================

MTO
(မဇ္ဈိမ)။ ။ ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာသည့်အတွက် ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ ဇူလိုင်လ ၂၈ ရက် နံနက် ၅နာရီခွဲ အချိန်တွင် စစ်ကိုင်းတိုင်း၊ပုလဲမြို့ပေါ်မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် နံနက် ၇နာရီ ၄၅ မိနစ်ခန့်တွင် ကျွန်းဘိုကုန်းရွာသို့ ရောက်ရှိလာသည့်အတွက် ကျွန်းဘိုကုန်း ကျေးရွာအပါအဝင် အနီးအနားရှိ မန်ကျီးခွ၊ ရွာသာ၊ လိန်ကုန်း၊ ကံကြီး၊‌ မွေ့တုံ၊ ညောင်ကုန်း၊ ဖိုကုန်း၊ ကံပေါက်၊ နွယ်ရှောက်၊ လှော်ကားနှင့် အင်ကြင်းစု စသည့် ကျေးရွာများမှ ဒေသခံ ဦးရေ ၁၀,၀၀၀ နီးပါး ထွက်ပြေးနေရကြောင်း Pale Entertainment မှ ကိုအောင်ဆန်းဖြိုးက ပြောသည်။

“အဲ့စစ်ကြောင်းက မနေ့က ဆားလင်းကြီးနယ်ထဲက နေ ပုလဲမြို့ပေါ်ကိုရောက်လာပြီး ဒီနေ့ မနက်မှာ စစ်ကြောင်းထိုးလာတာ ။ရွာတွေကို မီးရှို့တာတော့ မရှိသေးဘူး” ဟု ၎င်းကပြောသည်။

ယင်းစစ်ကြောင်းသည် ယနေ့ နေ့လယ်ပိုင်းတွင် လှော်ကားကျေးရွာ အတွင်း၌ တပ်စွဲထားသည့်အတွက် ဒေသခံအများစု တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ကိုဆောင်ဆန်းဖြိုးက ဆက်ပြောသည်။

“အခုတပ်စွဲထားတဲ့ လှော်ကားရွာက အင်မထီးပျူရွာနဲ့ နီးနီးလေး အဲ့ဒီရွာကို ရိက္ခာလာပို့တာလည်း ဖြစ်နိုင်တယ်” ဟု ၎င်းကပြောသည်။
လက်ရှိအချိန်တွင် လှော်ကားကျေးရွာ နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံများ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#ပုလဲမြို့နယ်
#စစ်ဘေးရှောင်
----------------------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬11👍2🔥1👏1😢1