Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​စစ်ကောင်စီတပ်၏ စစ်ကြောင်း သတင်းများ ပေးခြင်းဖြင့် အာဏာရှင်အဆုံးသတ်ရေးတွင် ပါဝင်ရန် တိုက်တွန်း
==================

007
(မဇ္ဈိမ) ။ ။ တော်လှန်ရေးအရှိန်မြှင့်နေချိန် စစ်ကောင်စီတပ်၏ စစ်ကြောင်းလှုပ်ရှားမှု သတင်းများပေးခြင်းဖြင့် စစ်အာဏာရှင် ဖြုတ်ချရေး တော်လှန်ရေးတွင် ဆက်လက်ပူးပေါင်းပါဝင်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းပြောဆိုသည်။
နွေဦးတော်လှန်ရေး အမြန်ဆုံး ပြီးမြောက်စေရန်အတွက် ထိုသို့သတင်းများပေးပို့ခြင်းဖြင့် ကူညီကြရန် စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Shwebo Justice Force)တာ၀န်ရှိသူက မဇ္ဈိမကို ပြောသည်။

“အများကြီး မတောင်းဆိုပါဘူး။ ပြည်သူတွေအနေနဲ့၊ လက်ရှိတော်လှန်ရေးကာလမှာ အဆင်ပြေသလိုနေကြပါ။ ကိုယ့်အတွက် ဘာဒုက္ခမှ မဖြစ်စေတဲ့ ကိစ္စလေးတွေကိုတော့ ပူးပေါင်းပေးကြပါလို့ တောင်းဆိုပါရစေ။ အဲဒါဘာလဲဆိုတော့ စစ်ကောင်စီရဲ့တပ်လှုပ် သတင်းတွေကို Page Messenger ကိုပို့ပေးဖို့ပါ။ အဲဒါလေးအကူအညီတောင်းဆိုချင်တာပါ” ဟု Shwebo Justice Force တာ၀န်ရှိသူက ပြောသည်။

သတင်းပေးပို့ခြင်းအားဖြင့် စစ်ကြောင်းဝင်ရောက်နိုင်သည့် ကျေးရွာမှ ဒေသခံများ ကြိုတင်ရှောင်တိမ်းနိုင်မည့် အခွင့်အလမ်းများ ရနိုင်မည်ဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့များအတွက်လည်း စစ်နည်းဗျူဟာကြိုတင်တွက်ချက်နိုင်ခြင်းကြောင့် စစ်ရေးတွင်အသာစီးရရှိနိုင်ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
လက်နက်ကိုင် တော်လှန်ရေးအားကောင်းသော စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအပါအဝင် တိုက်ပွဲဖြစ်ပွားရာ နေရာများတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းနှင့် စာသင်ကျောင်းများနှင့် ကျေးရွာများအပေါ် ရုတ်တရက် လေကြောင်း တိုက်ခိုက်မှုများ ကို ပြုလုပ်နေသည်။

မန္တလေးတိုင်းအခြေစိုက် မြနန္ဒာစစ်ဆင်ရေး(မန္တလေး)မှ တာ၀န်ရှိသူတစ်ဦးကမူ စစ်ကောင်စီတပ်၏ မြေပြင်တပ်လှုပ်ရှားမှုနှင့် လေကြောင်း သတင်းများကို ပေးပို့ကြရန် တိုက်တွန်းသည်။
“သတင်းတစ်ခုစီတိုင်းက ရန်သူရဲ့ လှုပ်ရှားမှုကိုသိနိုင်ပြီး ဗျူဟာရေးဆွဲရာမှာ အများကြီး အကျိုးသက်ရောက်မှုဖြစ်စေပါတယ်။ ထိရောက်တဲ့သတင်းတွေက စစ်ရေးမှာ အသာစီးရစေပါတယ်။ မန္တလေး၊ မတ္တရာ၊ စဉ့်ကူး အစရှိတဲ့မြို့တွေက စကစရဲ့ ရေကြောင်း လေကြောင်းနဲ့ မြေပြင်လှုပ်ရှားမှု တွေကို သတင်းပေးပို့ပြီး တော်လှန်ရေးမှာပါ၀င်ပေးကြပါလို့ တောင်းဆိုပါရစေ” ဟု မန္တလေးတိုင်းအခြေစိုက် မြနန္ဒာစစ်ဆင်ရေး(မန္တလေး)၏ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင်လ ၂၆ ရက်နေ့က၊ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်သွားသော စစ်ကောင်စီတပ်၏ သင်္ဘော ကိုးစီးသည် မြစ်ကမ်းဘေးတစ်လျှောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဦးတည်ရာမဲ့ ပစ်ခတ်မှုကြောင့် ကျေးရွာနေ ဒေသခံအချို့ ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားများ လက်နက်ခိုင်ခုခံသော တော်လှန်တိုက်ပွဲများ ပြင်းထန်နေပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်း စစ်တပ်ကို ဖြုတ်ချရေးနှင့် အာဏာရှင် အဆုံးသတ်ရေး ကြိုးပမ်းနေကြသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#သတင်းပေးကြရန်
#တော်လှန်ရေး
#ခုခံတိုက်ပွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17👏4❤2😁2👎1
အာဏာရှင်အသက်သွင်းတဲ့ ကျွန်စနစ် သို့မဟုတ် ပိုဆိုးလာတဲ့လူကုန်ကူးမှုများ
🤬8🔥2
အာဏာရှင်အသက်သွင်းတဲ့ ကျွန်စနစ် သို့မဟုတ် ပိုဆိုးလာတဲ့လူကုန်ကူးမှုများ
=====================

မောင်ကြီး
ကွန်ပြူတာဖန်သားပြင်မှာ တိုက်ရိုက်စကားပြောနေရတဲ့ နိုင်ငံခြားသားတယောက်ကို လိင်စိတ် နိုးကြွလာအောင် မဖွယ်မရာပုံတွေပြခဲ့ရတဲ့ အတိတ်ကာလလုပ်ငန်းခွင်နဲ့ ညှဥ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ဖြစ်ရပ်တွေဟာ သူ့စိတ်ကို ထမင်းလုံးတစ္ဆေခြောက်သလို ခြောက်လှန့်နေတယ်လို့ အညာသူမိန်းမပျိုက ရင်ဖွင့်ပါတယ်။ သူတို့ခိုင်းတဲ့အတိုင်းမလုပ်ရင် သာမန်မ ဟုတ်တဲ့ ပြစ်ဒဏ်တွေပေးပြီး ဓားမိုးမိုး ခြိမ်း‌ခြောက်ခံခဲ့ရတဲ့ ဟီရိသြတပ္ပတရား ကင်းမဲ့လွန်းတဲ့ အဲဒီလိုလုပ်ငန်းခွင်မျိုးကို အင်မတန် ကြောက်ရွံ့လှပါပြီလို့ မိန်းမပျိုက ပြောပြပါတယ်။

မျက်ခုံးမျက်လုံးကောင်းကောင်းနဲ့ အညာသူပီပီ ညိုချောချောတဲ့ အဲဒီမိန်းမပျိုဟာ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ကျေးရွာတရွာမှာ နေထိုင်သူပါ။ အသက် ၂ဝ‌ ကျော်အရွယ် ဘွဲ့ရပညာတတ် အညာသူမလေးတဦးပါ။ တရွာလုံးက သူ့ကို လုံမလေးလို့ ခေါ်ကြပါတယ်။

သူက ဖေနဲ့ မေလို့ အဖျားဆွတ်ခေါ်တဲ့ သူ့အဖေ၊ အမေနဲ့အတူ ရွာမှာနေပါတယ်။ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ လူထုခုခံတော်လှန်စစ်မှာ ရွှေဘိုသားတွေ ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ ပါဝင်လာကြတဲ့အခါ စစ်တိုင်းတိုင်းထဲကတခြားမြို့နယ်တွေလိုပဲ ရွှေဘိုမြို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ လုံမလေးတို့ရဲ့ ယာခင်းအပါအဝင် ရွာပတ်ချာလည်ဟာ မီးထဲ ပါသွားခဲ့ပါတယ်။မိသားစုပိုင်ယာခင်း မီးတိုက်ခံရပြီးနောက်မှာတော့ အလုပ်ရော ဝင်ငွေပါ မရှိတော့တဲ့အခါ အခြားမြို့တမြို့မှာ အလုပ်သွားလုပ်ဖို့ လုံမလေး ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့်ပဲ သူလူကုန်ကူးခံလိုက်ရပြီး ဇာတိမြေရဲ့ အဝေးတနေရာက ငရဲခန်းထဲ ရောက်သွားပါတော့တယ်။

-အပစ်ပယ်ခံဘဝ
"ညီမတို့အတွက်က အိပ်မက်ဆိုးတခုလိုပဲ။ တချို့ဆို မသေရုံအသက်လေးတွေနဲ့ ပြန်ခဲ့ကြရတယ်"

'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသက အုပ်စုဖွဲ့ ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတခုမှာ ရောင်းစားခံရပြီးတဲ့နောက် လေးလကြာ ရင်ဆိုင်ခဲ့ရတဲ့ ငရဲခန်းအတွေ့အကြုံရဲ့ နာကျင်မှုကို လုံမလေးက ရင်ဖွင့်တာပါ။ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ရွှေဘိုမြို့မှာ စစ်ကောင်စီရန်ကြောင့် လုံခြုံမှုမရှိတော့လို့ ရွာကိုစွန့်ခွာခဲ့တဲ့ အညာသူ မိန်းမပျိုတယောက်ရဲ့ ကြမ်းတမ်းလွန်းလှတဲ့ ခရောင်းလမ်းလို့ဆိုရင် မှားမယ်မထင်ပါဘူး။

လုံမလေးဟာ ၂၀၂၃ နှစ်စပိုင်းမှာ ရွာကနေထွက်ပြီး အလုပ်ရှာနေတုန်း အသိတယောက်က ချိတ်ဆက်ပေးတဲ့ လူတချို့နဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ ကွန်ပြူတာနဲ့ အင်္ဂလိပ်ဘာသာစကား အခြေခံရရင် လစာကောင်းကောင်းရမယ်လို့ ပြောတာကြောင့် ရုံးအလုပ်ထင်ပြီး လက်ခံခဲ့ပါတယ်။ဇာတိရွာကနေ ရှမ်းပြည် နယ်မြောက်ပိုင်း လားရှိုးမြို့အထိ ကိုယ့်စားရိတ်နဲ့ကိုယ် ထွက်လာခဲ့ပါတယ်။ လားရှိုးမြို့ကိုရောက်တဲ့အခါ အလုပ်ချိတ်ဆက်ပေးသူက 'ဝ' ဒေသ၊ ပန်ဆန်းမြို့ကို ပို့ပါတယ်။ ပန်ဆန်းမြို့ရောက်လို့ အလုပ်ဝင်ရတဲ့အခါကျမှ သူတို့ရောက်နေတဲ့နေရာဟာ ကျားဖြန့်လို့ နာမည်ကြီးနေတဲ့ အင်တာနက်ကနေ ငွေလိမ်နေတဲ့ဂိုဏ်းတခုရဲ့ အဆောက်အဦးထဲကို ရောက်နေတယ်ဆိုတာ သိလိုက်ရတာပါ။ အခြေအနေကို သံသ ယရှိလို့ စကားပြန်ကတဆင့် မေးတဲ့အခါမှပဲ ရောင်း စားခံရမှန်း သိခဲ့ရတော့တာပါပဲ။

"နင်တို့ကို တရုတ်ငွေ ၃၀,၀၀၀ နဲ့ဝယ်ထားတာ။ နင်တို့ အလုပ်ကောင်းကောင်းလုပ်ကြလို့ တရုတ်တယောက်က စကားပြန်နဲ့ပြောတယ်။ အဲ့ကျမှ လူကုန် ကူးခံရတာသိတာ" လို့ လုံမလေးကပြောပါတယ်။

သူအပါအဝင် မြန်မာမိန်းကလေးနဲ့ ယောက်ျားလေး စုစုပေါင်း ၁၂ ဉီး တပြိုက်နက် ရောင်းစားခံခဲ့ရတာပါ။ ယွမ်ငွေ ၃၀,၀၀၀ဆိုတာ အဲဒီအချိန်က မြန်မာငွေ ကျပ် သိန်း ၁၂ဝ လောက် ပေါက်ပါတယ်။ လူကုန်ကူးတဲ့သူက တကြိမ်တည်းနဲ့ ကျပ် သိန်းထောင်ချီယူ သွားပြီး စုပ်စမြုပ်စ ပျောက်သွားပါတယ်။ လုံမလေးတို့တသိုက်ကတော့ အဲဒီအချိန်ကစပြီး တရုတ်နိုင်ငံသားတွေ ရာချီရှ်ိနေတဲ့ အခန်းကျယ်ကြီးထဲမှာ လုံခြုံရေးအစောင့်အထပ်ထပ်နဲ့ ပိတ်ခံလိုက်ရပါတော့တယ်။
လုံမလေးတို့ဟာ အင်တာနက်ကတဆင့် သားကောင်ရှာရပါတယ်။ အကောင့်အတုတွေသုံးပြီး အနောက် နိုင်ငံတွေက အမျိုးသားတွေ၊ အမျိုးသမီးတွေကို စည်းရုံးရေးဆင်းကြရတယ်။ တဘက်က လိင်မှုကိစ္စ တောင်းဆိုလာရင် တရုတ်တွေက သူတို့ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တွေကို ပို့ခိုင်းတယ်။ လိင်ကိစ္စ အသားပေးပြောပြီး စည်းရုံးကြရတယ်။ တနေ့ကို သားကောင်ငါးယောက်ရအောင် ရှာရတယ်။ မရရင် နေပူထဲလှန်းတယ်။ ထိုင်ထ အခါ ၄၀၀ ကနေ ၁,၀၀၀ အထိ လုပ်ကြရတယ်။ အေးပြီး နံစော်နေတဲ့ အမှောင်ခန်းထဲ ပိတ်ထားတယ်။ လုံမလေးကိုယ်တိုင် အမှောင်ခန်းထဲမှာ နှစ်ရက် အချုပ်ခံရတယ်လို့ ပြောပါတယ်။
🤬11👍9🔥3👎1
​​ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာ ၃၀ ကျော်အား စစ်ကောင်စီက လျှပ်စစ်မီးဖြတ်
====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ကျောက်တံခါးမြို့နယ် ၊ ကျေးရွာအုပ်စု ခြောက်စုရှိ ကျေးရွာ ၃၁ ရွာအား စစ်ကောင်စီက ဇူလိုင်လ ၂၇ ရက်နေ့ နေ့လယ် ၁၂နာရီ ၃၀ မိနစ်ခန့်မှစတင်၍ လျှပ်စစ်မီးဖြတ်တောက်ထားကြောင်း ဒေသခံက မဇ္ဈိမကိုပြောသည်။

ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာအုပ်စုများဖြစ်သော ကညင်ကျိုး၊ တောင်ခင်၊ သမင်အင်းကုန်း၊ ဗောဓိကွင်း၊ နံဇနှင့် လက်ခံကျေးရွာအုပ်စုများရှိ ကျေးရွာများ လျှပ်စစ်မီးဖြတ်တောက်ခံထားရသည်။

" ဒီရွာတွေအကုန်လုံးက စစ်ဘေးသင့် စစ်ရှောင်ရွာတွေပါ။ ရွာလုံးကျွတ်ပြေးတာလည်း ရှိတယ်။ စစ်ကြောင်းမရှိရင် ရွာထဲပြန်ဝင်ကြတဲ့ရွာတွေလည်း ရှိတယ်။ အဓိက မီးဖြတ်တာကတော့ ညဘက်တွေ သူတို့(စစ်ကောင်စီတပ်သားများ) ရွာတွေထဲကဖြတ်ပြီးဝင်ထွက်ချင်တာလည်းရှိတယ်။ နောက်တစ်ခုကတော့ ရွာခံတွေနဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေကြား သတင်းအချက်အလတ်ဖြတ်တောက်ချင်တာလည်းဖြစ်မယ်လို့ ယူဆပါတယ်” ဟု ကျောက်တံခါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

နံဇကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား ဇူလိုင်လ ၁၉ ရက်မှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ အထိနာကာ ကျောက်တံခါးမြို့ပေါ်သို့ တပ်ပြန်ဆုတ်သွားခဲ့ကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထိုဖြစ်ရပ်အပြီးတွင် စစ်ကောင်စီတပ်သည် ကျောက်တံခါးမြို့ပေါ် အရှေ့ဘက်ခြမ်းရှိကျေးရွာများသို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများလည်း အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ လျှပ်စစ်မီးပါဖြတ်တောက်လိုက်ခြင်းဖြစ်သည်ဟု ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

"မနေ့ညကတော့ ပစ်ခတ်မှုမရှိဘူး။ နေ့ပိုင်းမှာတော့ ပစ်ခတ်မှုရှိတယ်။ ၂၅ ရက်နေ့တိုက်ပွဲပြီးတော့ သူတို့ဘက်က ကျဆုံးများတဲ့အတွက် အလောင်းတွေသယ်ပြီး မြို့ပေါ်ပြန်တက်သွားတယ်။ အဲ့နောက်ပိုင်းမှ လုံးဝမလာတော့ဘူး လက်နက်ကြီးနဲ့ပဲရမ်းပစ်နေတာ။ ခုတော့မီးဖြတ်ထားတာပေါ့။ ဒီမနက်မှာတော့ သူဌေးကုန်းဘက်က စစ်ကောင်စီတပ်သားတွေ တောင်ခင်လမ်းဘက်ပြန်ထွက်လာပြီ” ဟု ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
ကျောက်တံခါးမြို့နယ်တွင် စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလပ်နေ၍ မြို့အရှေ့ဘက်ခြမ်းမှ ဒေသခံ ပြည်သူ ၈,၀၀၀ သည် စစ်ရှောင်နေရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကျောက်တံခါးမြို့နယ်
#လျှပ်စစ်မီးဖြတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬13👍7🔥2😁1
​​မုပ္ပလင်လမ်းဆုံရှိ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ ထိခိုက်သေဆုံးမှုရှိ
===================

YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်စခန်းအား ယမန်နေ့ ဇူလိုင်လ ၂၈ရက် မွန်းလွဲ ၁နာရီအချိန်ခန့်တွင် တပ်မဟာ (၁) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ (၁) သတင်းရင်းမြစ်ထံက သိရသည်။

"မုပ္ပလင်လမ်းဆုံဂိတ်ကို ကျွန်တော်တို့ဘက်ကနေ စပြီးတော့ RPG၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ သွားပစ်တာပေါ့၊ အဲ့ဒီမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်၊ ၁၅ မိနစ်လောက်တော့ ရှိမယ်" ဟု တပ်မဟာ (၁) မှ သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမသို့ပြောသည်။
မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်အား တပ်မဟာ (၁) KNLA၊ ကျောင်းသားတပ်မတော်( ABSDF)၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အတွင်း မုပ္ပလင်လမ်းဆုံ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်ဘက်မှလည်း ၆၀မမ၊ ၈၁ မမ ကဲ့သို့သော လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

"ကျွန်တော်တို့ဘက်က နှစ်ဦး မစိုးရိမ်ရဒဏ်ရာ ရပါတယ်၊ ဆေးကုသမှု ခံယူပြီး အခြေအနေကောင်းပါတယ်။ သူတို့ဘက်က ခုနစ်ယောက်ထက်မနည်း ကျတယ်၊ ခုနစ်ယောက်ဒဏ်ရာရထားတယ်၊ သူတို့ဘက်က ဒဏ်ရာရတဲ့သူတွေ၊ သေဆုံးတွေကို အိမ်စီးကားတွေနဲ့ သယ်ထုတ်သွားတယ်၊ ဒါကတော့ မျက်မြင်တွေ့သူတွေဆီကနေ သိရတာပေါ့" ဟု ABSDF သထုံခရိုင်အလုပ်အဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲအပြီး မုပ္ပလင်လမ်းဆုံးရှိ စစ်ကောင်စီတပ်ဖွဲ့၏ ဂိတ်စခန်းမှ ပျဉ်းကတိုးကုန်းကျေးရွာ၊ မုပ္ပလင်ကျေးရွာနှင့် အင်္ဂဘိုကျေးရွာများဘက်သို့ လက်နက်ကြီး ပစ်ခတ်မှုများပြုလုပ်ခဲ့‌သော်လည်း ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်ရင်း၊ တပ်စခန်း၊ စစ်ဆေးရေးဂိတ်တို့အား တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် မကြာခဏ ပစ်ခတ်‌တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ကလည်း မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်အား တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး နေရာ၌ပင် သေဆုံးခဲ့ကြောင်း KRF ထံက သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မွန်ပြည်နယ်
#ကျိုက်ထိုမြို့နယ်
#မုပ္ပလင်စစ်ဆေးရေးဂိတ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12👏5😁2
ကလေးဝမြို့နယ် ကျေးရွာ ၂ ရွာမှ နေအိမ် ၁၀၀ ကျော် စစ်ကောင်စီတပ် မီးရှို့
🤬5❤3🔥2
ကလေးဝမြို့နယ် ကျေးရွာ ၂ ရွာမှ နေအိမ် ၁၀၀ ကျော် စစ်ကောင်စီတပ် မီးရှို့
====================

လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ကလေးဝမြို့နယ် မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဂဇက်ကျေးရွာနှင့် အုန်းပင်စု ကျေးရွာများမှ နေအိမ် ၁၁၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

" ယခင်အိမ်ခြေ ၁၂၆ လုံးရှိသည့် ဂဇက်ကျေးရွာကို ဇူလိုင်လ ၂၆ ရက်နေ့ နေ့လယ်ပိုင်း ၁ နာရီခန့်တွင် ဝင်ရောက်၍ နေအိမ် ၈၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ၊ ယခင် အိမ်ခြေ ၆၀ ခန့်ရှိသည့် အုန်းပင်စု ကျေးရွာကိုတော့ ဇူလိုင်လ ၂၇ ရက် နံနက် ၈ နာရီ အချိန်တွင် ဝင်ရောက်ပြီး နေအိမ် ၂၄ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်တယ်” ဟု မီးလောင်အိမ်ခြေ စာရင်းပြုစုနေသည့် ဒေသခံ တစ်ဦးက ရှင်းပြသည်။

ထိုကဲ့သို့ မီးရှို့ခံရသည့် အခြေအနေများနှင့်ပတ်သက်ပြီး
“ ဂဇက် ကျေးရွာအနီးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် အထိအခိုက်များခဲ့သည့်အတွက် ဂဇက်ကျေးရွာဘက်ကို ပြန်ဆုတ်ပြီး ရွာကို မီးရှို့သွားတာ ဖြစ်ပါတယ်။ ရွာကိုတော့ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ရွာက တာဝန်ရှိသူတွေက လွဲရင် ဘယ်သူမှ မပြန်ရသေးဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ဆိုသည်။

ကလေးဝမြို့နယ် မြောက်ခြမ်းတွင် စစ်ကောင်စီ၏ ခမရ(၃၀၉)နှင့် ခမရ(၂၇၂)တပ်ရင်း နှစ်ခုပေါင်းပြီး စစ်အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့် ဂဇက် ၊ အုန်းပင်စု နှင့် ဘလက်သာ ကျေးရွာများမှ ဒေသခံပြည်သူ ၁,၀၀၀ ခန့် စစ်ရှောင်နေရကြောင်းလည်း သိရသည်။

“ကျမတို့ ဆီက စစ်ကိုင်းတိုင်း အထက်ပိုင်းမှာဆိုတော့ မိုးကလည်း မပြတ်ဘူး၊ အမြဲရွာနေတာ ဖြစ်ပါတယ်။ တောလျှိုတွေကြား ရှောင်ရတာဆိုတော့ မိုးကာတွေလည်း လုံလုံလောက်လောက် မရှိတော့ နေဖို့ကို အခက်အခဲတွေ ဖြစ်နေတာပါ။ တချို့ကတော့ နီးစပ်ရာ ကျေးရွာတွေကို ရှောင်နေကြရတယ်” ဟု စစ်ရှောင်ဒေသခံ တစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်က အုန်းပင်စုကျေးရွာကို မီးရှို့ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ် မီးရှို့ခံရမှုမှာ နေအိမ် ငါးလုံးမီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကလေးဝမြို့နယ်
#စစ်ရှောင်
#မီးရှို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6😢5😁4
ကမ်းရိုးတန်းတိုင်းဒေသစစ်ဌာနချုပ် ဒုတိုင်းမှူး၊ စကခ (၂၀) ဌာနချုပ်မှူးနှင့် တနင်္သာရီနယ်လုံဝန်ကြီးအဖမ်းခံရ
😁13👍7
ကမ်းရိုးတန်းတိုင်းဒေသစစ်ဌာနချုပ် ဒုတိုင်းမှူး၊ စကခ (၂၀) ဌာနချုပ်မှူးနှင့် တနင်္သာရီနယ်လုံဝန်ကြီးအဖမ်းခံရ
==============

ကိုရွှေမြိတ်

(မဇ္ဈိမ) ။  ။ စစ်ကောင်စီတပ်၏ ထိပ်တန်းရာထူးများ ဖယ်ရှားမှုနောက်ဆက်တွဲတွင် ကမ်းရိုးတန်းတိုင်းဒေသ စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူး၊ စကခ (၂၀) ဌာနချုပ်မှူးနှင့် တနင်္သာရီတိုင်းနယ်လုံဝန်ကြီးတို့ကို ဖမ်းဆီးမှု ပါဝင်ခဲ့သည်ဟု စစ်ဘက်သတင်းရင်းမြစ်တဦးက မဇ္ဈိမသို့ပြောသည်။

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (ကရခ) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ အမှတ် (၂၀) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူ နှင့် တနင်္သာရီတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းတို့ကို ဇူလိုင်လ ၂၆ ရက်နေ့က နေပြည်တော်ကလာသော အထူးအဖွဲ့က လာရောက် ဖမ်းဆီးခဲ့သည်ဟု သတင်းပေးသူကပြောသည်။ 

စစ်ကောင်စီဘက်က ယခုကဲ့သို့ စစ်ဘက်ရာထူးအပြောင်းအလဲများကို ထုတ်ပြန်လေ့မရှိသောကြော မဇ္ဈိမအနေဖြင့် သီးခြာအတည်ပြုချက် ရယူနိုင်ခြင်းမရှိပါ။

ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့် ကော့သောင်းခရိုင် ခမောက်ကြီးမြို့အခြေစိုက် စကခ (၂၀) ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းကျော်သူတို့ကို တပ်ထဲမှာပင် ဖမ်းဆီးခြင်းဖြစ်ပြီး နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းကိုတော့ ဝန်ကြီးအိမ်ရာရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးသွားသည်ဟု ဆိုသည်။ 
  
မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို မသိရသော်လည်း ဗိုလ်မှူးချုပ်သစ်လွင်ထူးကို ဒုတိုင်းမှူးရာထူးမှ ဖယ်ရှားကာ အရန်အင်အားအဖြစ် နေအိမ်တွင်ထားပြီး ဗိုလ်မှူးချုပ်ဝင်းကျော်သူကိုတော့ နေပြည်တော်တွင် ဆက်လက်စစ်ဆေးနေသည်။ နယ်လုံဝန်ကြီးကိုလည်းဆက်လက်ဖမ်းဆီးထားပြီး သူ၏မိသားစု ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ထားသည်။ 

ဗိုလ်မှူးချုပ်ဝင်းကျော်သူမှာ ယမန်နှစ်ဩဂုတ်လအတွင် စကခ (၂၀) ဌာနချုပ်မှူးအဖြစ် ပြောင်းရွှေ့ခံခဲ့ရခြင်းဖြစ်သည်။ သူသည် တပ်မ (၃၃) ခြေမြန်တပ်မဌာနချုပ် တပ်မမှူးအဖြစ် တာဝန်ကျခဲ့စဉ်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အရပ်သားများသတ်ဖြတ်မှုနှင့် နေအိမ်များမီးရှို့ဖျက်ဆီးမှုတွင် တာဝန်ရှိသည်ဟု ဒေသခံများက စွပ်စွဲကြသည်။ 

တနင်္သာရီနယ်လုံဝန်ကြီးသည် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းတွင် လာဘ်ပေးလာဘ်ယူမှုလုပ်သည်ဟု နာမည်ဆိုးထွက်သည်။ 

ဇူလိုင်လဆန်းပိုင်းက ကော့သောင်းခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ကုန်သည်များက ထိုင်းနိုင်ငံမှ တရားမဝင်တင်သွင်းခဲ့သော ငွေကျပ် သိန်းပေါင်းသောင်းနှင့်ချီတန်ဖိုးရှိ စားသောက်ကုန်၊ ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများကို ဗိုလ်မှူးကြီး သိန်းလင်းက သိမ်းဆည်းကာ အလွဲသုံးစားပြုခဲ့သည်ဟု လုပ်ငန်းရှင်အချို့က စွပ်စွဲသည်။
 
“ သူက ခရိုနီ အကြီးစားတွေရဲ့ ပစ္စည်းတွေကို သွား သိမ်းလိုက်တဲ့ အခါမှာ သိပ်မကြာခင်မှာပဲ ဖမ်းဆီးခံ လိုက်ရတယ်”ဟု နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တဦးက မဇ္ဈိမသို့ပြောသည်။
  
စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းအချို့နှင့် လုပ်ငန်းရှင်အချို့ပူးပေါင်းပြီး နေပြည်တော်သို့ တိုင်ကြားမှုပြုခဲ့သည်ကို စုံစမ်းသိရှိရသည်။
 
မြိတ်မြို့ရှိ ဝန်ထမ်းတဦးက “အဓိက ကတော့ (မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) လျို့ဝှက် အစီရင်ခံစာ ပေါက်ကြား ရာကနေ ပြဿနာ စဖြစ်တာပဲ”ဟု ပြော သည်။

အာဏာသိမ်းပြီး နှစ်နှစ်ခွဲအကြာ စစ်ကောင်စီတပ်၏ တိုင်းမှူးအဆင့်အပြောင်းအလဲများတွင် ဖမ်းဆီးစစ်ဆေးမှုများပါလာခဲ့သည်။

ဇူလိုင် ၁၃ ရက်နေ့ကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း၊ ဖားကန့်တပ်မမှူးနှင့် အခြားသော စစ်ဘက်အရာရှိနှစ်ဦးကို နေပြည်တော်က ဖမ်းဆီးပြီး ရာထူးမှဖယ်ရှားမှုများပြုလုပ်ခဲ့သည်။ 

မပခအရာရှိများဖမ်းဆီးမှုတွင် ကျောက်စိမ်းလုပ်ငန်းရှင်များထံမှ လာဘ်ယူမှုနှင့် ဆက်နွှယ်ခဲ့သည်။

စာတည်း။ ။ အောင်ကျော်ဖြိုး
ဓာတ်ပုံ- အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တည်သော နေပြည်တော်ရှိ မာရဝိဇယဘုရားအတွက် အလှူပစ္စည်းများလက်ခံပွဲတွင် တွေ့ရသော ကမ်းရိုးတန်းတိုင်းဒေသ စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့် တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်း

#Mizzima
#စစ်ဘက်ရာထူးပြောင်းလဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21😁6🤣2🔥1👏1
လွိုင်ကော်-မိုးဗြဲ နှင့် လွိုင်ကော်-ဆီဆိုင် လမ်းမကြီးများအား ပြန်လည်သွားလာခွင့်ပြု
👍7😁5
လွိုင်ကော်-မိုးဗြဲ နှင့် လွိုင်ကော်-ဆီဆိုင် လမ်းမကြီးများအား ပြန်လည်သွားလာခွင့်ပြု
================

ဂျူချန်း

(မဇ္ဈိမ)။ ။ ကရင်နီပြည်နှင့် ရှမ်းပြည်နယ်ကို ဆက်သွယ်ထားသည့် လွိုင်ကော်-မိုးဗြဲလမ်းပိုင်းနှင့် လွိုင်ကော်-ဆီဆိုင် လမ်းပိုင်းအား သွားလာခွင့် ကန့်သတ်ထားရာမှ ယမန်နေ့ ဇူလိုင်လ ၂၈ ရက်နေ့မှစတင်ကာ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း KNDF B02 မှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်ကာ လွိုင်ကော်-မိုးဗြဲ လမ်းမကြီးတစ်လျှောက်တွင် စစ်ကောင်စီတက်မှ နည်းလမ်းအမျိုးမျိုးဖြင့် သွားလာနေသောကြောင့် ထိုလမ်းပိုင်းအား သွားလာခွင့် ကန့်သတ်ထားခဲ့ရာမှ ယမန်နေ့တွင် ပြန်လည်အသုံးပြုခွင့် ပြုလိုက်ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ကာ ဇူလိုင်လ ၂၇ ရက်နေ့အထိ မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီမှ ခုနစ်ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

လတ်တလောတွင် ထိုလမ်းပိုင်း၌ တိုက်ပွဲငြိမ်နေသည်ဟု ဆိုရသော်လည်း စစ်ရေးတင်းမာနေပြီး တိုက်ပွဲထပ်မံဖြစ်ပွားနိုင်သောကြောင့် ထိုလမ်းပိုင်းအား မဖြစ်မနေအသုံးပြုရမည့် ပြည်သူများအနေဖြင့် သတိထားသွားလာကြရန် KNDF B02 မှ ပြောသည်။

“လက်ရှိ တိုက်ပွဲ ငြိမ်နေပါတယ်ဗျ၊ စစ်ရေး အခြေအနေအရ ပြန်လှည် တင်းမာမှု ဖြစ်နိုင်တဲ့ အနေအထားရှိနေပါတယ်ဗျ။ ဒီလမ်းကြောင်း တွေကို အသုံးပြုချင်ပါက စစ်ရေးသတိ၊ လုံခြုံ‌ရေးသတိဖြင့် သွားလာနိုင်ပါတယ်ဗျ။ စစ်ရေးတင်းမာမှုများရှိပါက ကျန်တော်တို့အနေနဲ့ ပြန်တင်ပေးခြင်းများ ပြုလုပ်ပေးပါမယ်ဗျ” ဟု KNDF B02 က မဇ္ဈိမ ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းရှိ ဆောင်ကန်း(ရှမ်း) ရွာအနီးတွင် လမ်းပေါ်၌ ဖြတ်သွားသည့် ရေသန့်တင်ကားတစ်စီးအား စစ်ကောင်စီတပ်မှ ပစ်ခတ်ကာ ကားသမားနှစ်ဦးအား တစ်ရက်တာ ထိန်းသိမ်းမှု လုပ်ဆောင်ခဲ့ပြီး ထိုနေ့ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သော်လည်း ကားသည် လမ်းမပေါ်တွင် ကျန်နေခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂)၊ တပ်ရင်းအမှတ်(၁၀၀၆) ပြန်ကြားရေးတာဝန်ခံ ကိုပီတာ ထံမှ သိရသည်။

ထို့နောက် ဇူလိုင်လ ၂၄ ရက်နေ့တွင်လည်း လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းအား အသုံးပြုသွားလာနေသည့် ခရီးသည်များအား စစ်ကောင်စီတပ်မှ ရိုက်နှက်စစ်ဆေးကာ ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

စစ်ကောင်စီတပ်၏ လွိုင်ကော်မြို့အမြောက်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီး ပစ်ခတ်မှုရှိရာ ဇူလိုင်လ ၂၄ ရက်နေ့တွင် လွိုင်ကော်-မိုးဗြဲလမ်းပိုင်းရှိ မော်ချီးစုစည်းရွာအနီး နွားလဝိုးကျေးရွာရှိ တောင်တန်းသာသနာပြုကျောင်းတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဝင်းအတွင်းရှိ အဆောက်အဦတစ်ခုလုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

လွိုင်ကော်မြို့တွင် ဇူလိုင်လ ၂၀ ရက်နေ့နှင့် ဇူလိုင်လ ၂၅ ရက်နေ့တို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် ရှစ်ဦး ထိခိုက်ဒဏ်ရာရကာ ပဒါးညေးကျေးရွာမှာ ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း KNDF မှ ဇူလိုင်လ ၂၆ ရက်နေ့တွင် ​ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)
ဓါတ်ပုံ-လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းတွင် ပစ်ခတ်ခံရသည့် ကား၊ ဇူလိုင်၂၃ (ပေးပို့)

#mizzima
#လွိုင်ကော်မြို့
#KNDFB02 
#လမ်းမကြီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤3🔥2👏1😁1
Mizzima Weekly Sports အစီအစဉ် 
=============

တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။ 

-------------

ဒီတစ်ပတ်မှာတော့ .....

- မန်စီးတီးကစားသမားဟောင်း ဒေးဗစ်ဆေးလ်ဗား ဘောလုံးလောကကနေ အနားယူ

- ဆော်ဒီအာရေးဗီးယားရဲ့ သြဇာလွှမ်းမိုးမှုအပေါ် ပရီးမီးယားလိဂ် အကြီးအကဲ ရစ်ချတ် မာစတာစ်က 'အလွန်အမင်း စိုးရိမ်ပူပန်မှု မရှိ'

- ကင်ဆာဝေဒနာကို ကြံ့ကြံ့ခံ ကျော်ဖြတ်နေသူ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးဘောလုံးသမား ကိုင်စီဒို

- အမ်ဘာပေကို စည်းရုံးသိမ်းသွင်းရာမှာ အကြီးအကျယ် အားထုတ်တဲ့အနေနဲ့ မယုံနိုင်လောက်စရာ ယူရို ၁ ဘီလီယံနဲ့ ပီအက်စ်ဂျီ ကမ်းလှမ်းခဲ့တဲ့အကြောင်းအရာတွေအပါအဝင် စိတ်ဝင်စားဖွယ် အားကစားသတင်းတွေကို တင်ဆက်ပေးမှာပါ။

https://youtu.be/EbGl05dIFFY

#weeklysport 
#MizzimaTV 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1
ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ စစ်‌ကောင်စီကို ဝင်ငွေရှာပေးနေသည့် ထုတ်ကုန်များကို သိမ်းဆည်းဖျက်ဆီး
================

ကိုခင်မောင်

(မဇ္စျိမ)။   ။စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်‌ကောင်စီကို ဝင်ငွေရှာပေးနေသည့် ထုတ်ကုန်များကို သိမ်းဆည်းဖျက်ဆီးလိုက်သည်ဟု ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ယမန်နေ့ ဇူလိုင်လ ၂၈ရက်တွင် သတင်းထုတ်ပြန်သည်။

ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၏ ထိန်းချုပ်နယ်မြေတစ်နေရာရှိ ကုန်စုံဆိုင်ကြီးများသို့ ဇူလိုင်လ ၁၈ရက်တွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ ဒဂုန်ဘီယာ၊ One tea နို့ဆီ၊ UK နို့ဆီ နှင့် ကြံ့တံဆိပ် ဘိလပ်မြေများအား ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

“ဒီထုတ်ကုန်တွေဟာ ပြည်သူတွေကို ပစ်သတ်မယ့် ကျည်ဆန်တွေ ဖြစ်ပါတယ်။ ကျည်ဖိုးတွေမို့ အခုလိုဖျက်ဆီးတာပါ။ ကာလတန်ဖိုး သိန်း ၁၀၀ခန့်တန်ဖိုးရှိပါတယ်။ ထုတ်ကုန်တွေ ရောင်းချတဲ့သူတွေတော့ ဖမ်းဆီးအရေးယူပြီး စည်ပင်ကော်မတီကို အပ်နှံပါတယ်” ဟု ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (ပအဖ)မှ တာဝန်ရှိသူက မဇ္စျိမသို့ ပြောသည်။

အဆိုပါ စစ်ဆေးဖမ်းဆီး ဖျက်ဆီးမှုကို ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (ပအဖ)၊ ပြည်သူ့ ရဲတပ်ဖွဲ့ (တောင်ပိုင်း)၊ ပြည်သူ့လုံခြုံရေး အဖွဲ့ (ပလဖ)၊ကလေး PDF ရင်း(၅) အဖွဲ့၀င် ရဲ‌ဘော်များ နှင့် ရပ်ကျေး (ပအဖ)များ ပူးပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် စစ်ကောင်စီအား ဝင်ငွေရှာပေးနေသည့် ထုတ်ကုန်များကို ယခုကဲ့သို့ ရှောင်တခင် ဖမ်းဆီး၊ဖျက်ဆီးမှုကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း မိဘပြည်သူများသို့ အသိပေးထားသည်။

“စကစ(စစ်ကောင်စီ)ထုတ်ကုန်များကို မဖြစ်မနေရှောင်ရှားကြဖို့ အလေးအနက် ထပ်မံ အသိပေးအပ်ပါတယ်။ ဖမ်းဆီး၊ ဖျက်ဆီးအရေးယူမှုတွေကို ဆက်လက် လုပ်ဆောင်သွားကြမှာပါ” ဟု ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (ပအဖ) တာဝန်ရှိသူက ပြောသည်။

မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် ပတ်သက်ဆက်နွယ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းများပေးပို့ခြင်း၊ တိုင်တန်းခြင်း၊ အကျိုးတူစီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းတို့ကို လုံးဝ(လုံးဝ) လုပ်ဆောင်ခြင်း မပြုလုပ်ရန်လည်း ဇူလိုင်လ ၂၀ရက်တွင် ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားသည်။

https://youtu.be/goExTRxUu-c

စာတည်း။  ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#ကလေးမြို့နယ်
#စစ်ကောင်စီ
#ဖမ်းဆီးဖျက်ဆီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22👏3😁2❤1