Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ထန်တလန်မှ စစ်တပ်စခန်းကို ချင်းကာကွယ်‌ရေးပူးပေါင်းအဖွဲ့ စီးနင်းတိုက်ခိုက်
👍11🔥1😁1
ထန်တလန်မှ စစ်တပ်စခန်းကို ချင်းကာကွယ်‌ရေးပူးပေါင်းအဖွဲ့ စီးနင်းတိုက်ခိုက်
=======================

ပါခွီး
(မဇ္စျိမ)။ ။ထန်တလန်မြို့ရှိ စစ်တပ်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့သည့် တိုက်ပွဲ၌ ချင်းကာကွယ်‌ရေးပူးပေါင်းအဖွဲ့ဘက်တွင် ထိခိုက်မှုရှိခဲ့သလို စစ်ကောင်စီတပ်သား နှစ်ဦးအရှင်ဖမ်းမိပြီး သေနတ် ခြောက်လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ထန်တလန်မြို့အခြေစိုက် ခလရ (၂၆၉) တပ်ရင်းဌာနချုပ်အနီးရှိ စစ်ကောင်စီစခန်းတခုကိုချင်းကာကွယ်‌ရေးပူးပေါင်းအဖွဲ့က ဩဂုတ်လ ၁၄ရက် နံနက် ၅နာရီခန့်တွင်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“တပ်စခန်းခွဲကိုသိမ်းပြီး ဌာနချုပ်ထဲကို တဝက်ဝင်ခဲ့နိုင်ပေမဲ့ ဂျက်ဖိုက်တာဝင်မွှေလို့ ပြန်ဆုတ်ခဲ့ရတယ်။ ကျနော်တို့ဘက်က ကျဆုံးထိခိုက်မှုတချို့ရှိတယ်” ဟု ချင်းအမျိုးသားတပ်မတော် - CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမ ကိုပြောသည်။

အဆိုပါတိုက်ပွဲကိုCNA နှင့်အတူ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ဇိုဖေး)/CDF-ZoPhei နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(ထန်တလန်) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူများရှိနိုင်သော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ နှစ်ဦးအရှင်ဖမ်းမိပြီး သေနတ်ခြောက်လက် သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆလိုင်းထက်နီက ပြောသည်။ ထို့အပြင် CDF – ZoPhei တပ်ရင်း (၂)မှ ရဲဘော်နှစ်ဦးနှင့် CDF – Thantlang မှ ရဲဘော်တဦးကျဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့သည်ဟုဆိုသည်။

ဖမ်းမိထားသော စစ်ကောင်စီတပ်သားနှစ်ဦးကို စစ်သုံ့ပန်းဥပဒေအရ ထိန်းသိမ်းသွားမည်ဟု ဆလိုင်းထက်နီက အသိပေးသည်။

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်ရင်း ခလရ (၂၆၉) ၊ ခလရ (၂၇၄) ၊ ခလရ (၂၆၆) နှင့် ခရလ (၂၆၈)တို့ အလှည့်ကျ တပ်စွဲထားသည်။ဩဂုတ်လ ၁၄ရက်က တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် ထန်တလန်မြို့နှင့် ငါးမိုင်အကွာရှိ ခွာဖိုကျေးရွာကို ဂျက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ခွာဖ်ိုရွာ၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းမှ တိုက်ခိုက်ခြင်းဖြစ်ပြီး ခွာဖိုနှစ်ခြင်းဘုရားကျောင်းနှင့်လူနေအိမ် အချို့ပျက်စီးခဲ့ကြောင်း သိရသည်။ ဒေသခံများမှာ တိမ်းရှောင်နေသောကြောင့် အထိအခိုက်မရှိခဲ့ပေ။

ဩဂုတ်လ ၁၂ရက်နံနက်ကလည်း ဖလမ်းမြို့အခြေစိုက်စစ်ကောင်စီတပ်ရင်းကို ချင်းကာကွယ်‌ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

စာတည်း - မောင်ကြီး

#mizzima
#ထန်တလန်မြို့
#စစ်တပ်စခန်း
#ချင်းကာကွယ်‌ရေးပူးပေါင်းအဖွဲ့
#စီးနင်းတိုက်ခိုက်

Photo - ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11👏7🔥1😁1
သြဂုတ်လ (၁၅)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

- စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်လာနေတဲ့ သတင်း

- လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ကူအပြင် လေကြောင်းကပါ ဗုံးကျဲတိုက်ခိုက်နေတဲ့ သတင်း

- ရခိုင်မှာ မုန်တိုင်းဒဏ်အပြင် ရေဘေးကြောင့် အရေးပေါ်အကူအညီလိုနေတဲ့ သတင်းနဲ့

- တရုတ်နိုင်ငံမြောက်ပိုင်းမှာ မြေပြိုကျမှုကြောင့် သေဆုံးသူ ၂၁ ဦးအထိမြင့်တက်လာတဲ့ သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။

https://youtu.be/IHV_lnh42kM

#2pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁2
Media is too big
VIEW IN TELEGRAM
လူသိနည်းတဲ့ အထက်လွှတ်တော်အမတ် ကာကာက ပါကစ္စတန်ဝန်ကြီးချုပ်အသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆို

#internationalnews #reels #shorts #Pakistan #Mizzima
👍5🔥1
​​စစ်အုပ်ချုပ်ရေးကြေညာပြီး​နောက် မြို့နယ် ၄၀ တွင် လေကြောင်းတိုက်ခိုက်ခံရမှု စံချိန်တင်မြင့်မားခဲ့
=================

001
(မဇ္စျိမ)။ ။ ၂၀၂၃ခုနှစ် ​ဖေ​ဖော်ဝါရီလအတွင်း စစ်အုပ်ချုပ်ရေးကြေညာခံရသည့် မြို့နယ် ၄၀ တွင် ပြီးခဲ့သည့် မတ်လမှ မေလအတွင်း လေကြောင်းတိုက်ခိုက်ခံရမှု စံချိန်တင်မြင့်မားခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က ဩဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါ မြို့နယ် ၄၀ တွင် နှစ်နှစ်ကျော်(၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၃ ဇွန်လကုန်)အတွင်း ဖြစ်ပွားခဲ့သည့် စစ်ရေးအခြေအနေများနှင့် ပတ်သက်ပြီး ထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

စစ်အုပ်ချုပ်ရေးကြေညာခံရပြီးနောက် အဆိုပါ မြို့နယ်များတွင် မတ်လမှ မေလအတွင်း တိုက်ပွဲဖြစ်ပွားမှုနှင့် နေအိမ်အဆောက်အအုံမီးရှို့ခံရမှုများလျော့ကျခဲ့သော်လည်း ဇွန်လတွင် ပြန်လည်မြင့်တက်လာသည်ကို တွေ့ရကြောင်းလည်း ISP Myanmar ကဆိုထားသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့်မြို့နယ် ခုနစ်မြို့နယ်ရှိပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကိုင်း၊ ကယား(ကရင်နီ)၊ ချင်း၊ ပဲခူး၊ မကွေး၊ ကရင်၊ မွန် နှင့် တနင်္သာရီတို့ရှိ မြို့နယ်ပေါင်း ၄၀ ကို စစ်အုပ်ချုပ်ရေးမြို့နယ်များအဖြစ် ထပ်တိုးကြေညာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသည့် ကရင်နီပြည်နယ်တွင်လည်း ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနှင့် ဘော်လခဲမြို့နယ်တို့တွင် ဖေဖော်ဝါရီလကစပြီး စစ်အုပ်ချုပ်ရေးကြေညာခံထားရသည်။

အဆိုပါ စစ်အုပ်ချုပ်ရေးကြေညာသည့်မြို့နယ်များတွင် တိုက်ပွဲပိုမိုဖြစ်ပွားမှုရှိသကဲ့သို့ စစ်အုပ်ချုပ်ရေးမထုတ်ပြန်သော်လည်း ကရင်နီပြည်နယ်ရှိ နေရာအများစုတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) တည်​ထောင်သူ ကိုဗညားကပြောသည်။

“အထူးသဖြင့် စစ်ဘေးရှောင်ရွာတွေကို ​လေ​ကြောင်းတိုက်ခိုက်မှုပိုလုပ်ခဲ့တာကတော့ ဖရူဆိုမြို့နယ်ထဲမှာ ပိုလုပ်သွားတယ်လို့ပြောလို့ရတယ်။ အဲ့ဒီမှာ သုံးကြိမ်၊ လေးကြိမ်အထိ ရွာနှစ်ရွာ သုံးရွာကို ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်။ အသေအပျောက်လည်းရှိခဲ့တယ်။ မာရှယ်လော ကြေညာတဲ့မြို့နယ်ထဲမှာဆိုရင် ဖရူဆိုကတော့ တကယ့်ကို လူထုတွေရှိတဲ့ရွာတွေ တခါမှလည်း စစ်မဖြစ်တဲ့ရွာတွေကို ဗုံးကြဲတာကတော့ ဖရူဆိုမြို့နယ်ထဲမှာဖြစ်တယ်။ နောက်ပြီးတော့မှ ဘော်လခဲမှာ တိုက်ပွဲဖြစ်တယ်။ နောက်ပိုင်းမှာတော့ ဒီဖားဆောင်းရွာတွေမှာ ဗုံးကြဲတိုက်ခိုက်လို့ လူ သုံးလေးယောက်ပေါ့နော်။ တပြိုင်တည်းဆုံးတဲ့ဟာ​တွေလည်း ရှိခဲ့ဖူးပါတယ်”ဟု ဆိုသည်။

ထို့ပြင် ယခု ဩဂုတ်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကရင်နီပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုများ နေ့စဉ်ရှိနေပြီး ဩဂုတ်လ ၁၄ ရက်နေ့တွင်လည်း ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကတ်သလစ်ဘုရားကျောင်းအပါအဝင် နေအိမ်အများစုပျက်စီးသွားခဲ့ကြောင်း သိရသည်။

ယခုဩဂုတ်လအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်လာနေခြင်းဖြစ်ပြီး ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင်လည်း လေကြောင်းတိုက်ခိုက်ခံရမှုများကြောင့် ကလေးသူငယ်အပါအဝင် အရပ်သားအချို့ သေဆုံးဒဏ်ရာရမှုများရှိခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီအုပ်ချုပ်မှု သက်တမ်းကို ထပ်တိုးထားသည့်အတွက် တိုက်ခိုက်မှုများ ပိုမိုမြင့်မားလာနိုင်ချေရှိနေကြောင်း ISP Myanmar ကသုံးသပ်ထားသည်။

စစ်တပ်က အာဏာသိမ်းချိန်မှစ၍ နှစ်နှစ်နှင့် ​လေးလအတွင်း သုံးရက်တွင် တရက်နှုန်း ​လေ​ကြောင်းတိုက်ခိုက်မှုပြုလုပ်​နေ​ကြောင်း ဥာဏ်လင်းသစ်သု​တေသနအဖွဲ့ကလည်း ပြီးခဲ့သည့် ​မေလအတွင်းက ထုတ်ပြန်ခဲ့ဖူးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်အုပ်ချုပ်ရေး
#စစ်ကောင်စီတပ်
#လေကြောင်းတိုက်ခိုက်မှု
#ISPMyanmar

ဓာတ်ပုံ- တိုက်လေယာဉ် နှစ်စီးကိုတွေ့ရစဉ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢5👍4❤1🔥1👏1
​​ထိုင်းဘုရင့် သားများ၏ ၂၇ နှစ်အတွင်း ပထမဆုံး ပြည်တော်ပြန် အလည်ခရီး အဆုံးသတ်
=========================

ထိုင်းဘုရင်၏ ကွဲကွာနေသော သားတစ်ဦးဖြစ်သည့် အသက် ၄၂ နှစ်ရှိ ဗတ်ချာရေဆွန် ဗစ်ဗတ်ချရာဝေါင်သည် ပြီးခဲ့သည့် သီတင်းပတ်က ထိုင်းသို့ ရောက်ရှိပြီး ကလေး ပြုစုစောင့်ရှောက်ရေး စင်တာတစ်ခုသို့ သွားရောက်ခဲ့သလို ဘန်ကောက် ဘုရားကျောင်းတစ်ခုရှိ ဘာသာရေးပွဲအခမ်းအနားများ၌ ပါဝင်ခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁2
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၂၄ ဦးထက်မနည်းသေဆုံး

#internationalnews #reels #shorts #India #Mizzima
👍2🔥1😁1
​​ဘာတစ်ခုမှ မထိန်းချုပ်နိုင်ဘဲ ပြည်သူကို အကြမ်းဖက်ဖို့သာ တတ်တဲ့ စစ်ကောင်စီ | သတင်းသုံးသပ်ချက်
===============

လက်ရှိအချိန် မြန်မာပြည်ရဲ့ အဓိက စားကုန်ဖြစ်တဲ့ ဆန်ဈေးဟာ စိုးရိမ်စရာကောင်းလောက်အောင် အဆမတန်မြင့်တက်နေပါတယ်။ 

ရက်ပိုင်းအတွင်းမှာ တရိပ်ရိပ်ထိုးတက်တာဖြစ်ပြီး ရွှေဘိုထိပ်စ တစ်ပြည်ကို ၇၀၀၀ ကျပ်နီးပါးအထိ ဖြစ်လာပြီး ဧည့်မထလို ဆန်ကြမ်းတွေတောင် တစ်ပြည်ကို ကျပ် ၅၀၀၀ နီးပါး ရှိနေပါပြီ။ 

အရင်က ကုန်ဈေးနှုန်းတက်တာမျိုးဟာ လခြားပြီး ရာဂဏန်းလောက် တက်တာပေမယ့် အခုရက်ပိုင်းအတွင်း မှာတော့ ဒီနေ့နဲ့မနက်ဖြန် မတူဘဲ ထောင်ဂဏန်းအထိ ထိုးတက်လာတာ တွေ့ရပါတယ်။ အဲဒီလို ဈေးအမြန်တက်တာမှာ ဆန်ဈေးက အဆိုးဆုံးဖြစ်နေတာပါ။ 

မိုးများပြီး ရေကြီးရေလျှံမှုတွေဖြစ်လို့ စပါးခင်းတွေ ရေမြုပ်ကုန်တာ၊ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီ တပ်တွေရဲ့ ထိုးစစ်တွေကြောင့် လယ်သမားတွေ စပါးမစိုက်နိုင်ပဲ ထွက်ပြေးနေရတာတွေကြောင့် ဆန်ဈေးဟာ ရှေ့လျှောက် ဒီထက်ပို တက်ဖို့ပဲ ရှိပါတယ်။ 

ဆန်ဈေးတက်ရတဲ့ အထဲမှာ စက်သုံးဆီ ဈေးတွေမြင့်တက်လို့ သယ်ယူပို့ဆောင်စားရိတ်တွေ ထောင်းတာ ကြောင့်လည်း ပါပါတယ်။ 

ရခိုင်ပြည်နယ်မှာ မိုခါဆိုင်ကလုံးကြောင့် မျိုးစပါးတွေ ပျက်စီးခဲ့ရလို့ စစ်ကောင်စီက မျိုးစပါးတင်းပေါင်း ၇ သောင်း ချပေးပေမယ့် ပြန်စိုက်ထားတဲ့ စပါးပင်တွေ တစ်ပတ်ကျော် ရေမြုပ်နွံဖုံးကုန်လို့ စိုက်ဧက ငါးသောင်းလောက် ဆုံးရှုံးခဲ့ရပါတယ်။ 

ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၁၇ မြို့နယ်မှာ ၈ မြို့နယ် ရေကြီးပြီး တစ်ပတ်ကျော်ကြာမှ ရေပြန်ကျခဲ့တာ ဖြစ်ပါတယ်။ ပဲခူးမှာလည်း ဒီရက်ပိုင်းအတွင်း ရေကြီးလို့ လူသောင်းနဲ့ချီပြီး ရေဘေးလွတ်ရာကို ရှောင်တိမ်းခဲ့ရပါတယ်။ 

ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ မွန် စတဲ့ပြည်နယ်တွေ အပါအဝင် တနင်္သာရီ၊ ပဲခူး၊ မကွေး၊ ရန်ကုန်လို တိုင်းဒေသကြီးတွေမှာပါ သြဂုတ်လ ပထမအပတ်အတွင်း မိုးများပြီး ရေကြီးခဲ့တာကြောင့် လူဦးရေ ခြောက်သောင်းကျော် အပေါ် ထိခိုက်မှုတွေ ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ပြောထားပါတယ်။ 

ဒီနှစ်မှာ စပါးစိုက်ပျိုးမှုက အကြောင်းအမျိုးမျိုးကြောင့် တော်တော်လေး လျော့ကျနေတဲ့အတွက် မြန်မာပြည်ရဲ့ အဓိက အားထားရတဲ့ ဆန်ဈေးဟာ လာမယ့်နှစ်မှာ ကြောက်စရာကောင်းလောက်အောင် ကြီးမြင့်လာမလား ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ 

စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ဒီနှစ်နှစ်ခွဲအတွင်းမှာ ငွေကြေးဖောင်းပွမှုတွေ အဆမတန်ဖြစ်ပြီး မြန်မာကျပ်ငွေ တန်ဖိုးက လျော့ကျလာနေတဲ့အတွက် အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးက တော်တော်လေးကို အဆင်မပြေ ဖြစ်နေပါပြီ။ 

မနှစ်က ဒီလိုအချိန်က ရွှေဘိုထိပ်စ ဆန်တစ်အိတ်ကို ကျပ် ၇ သောင်းခွဲ ရှိခဲ့ပေမယ့် အခု တစ်နှစ်အကြာမှာ အဲဒီဆန် တစ်အိတ်ကို ၁ သိန်းခွဲ ဖြစ်နေတာကို နှိုင်းယှဉ်ကြည့်ရင် တစ်နှစ်အတွင်း ဈေးနှစ်ဆတက်သွားတယ်လို့ ဆိုရမှာပါ။ 

မြန်မာပြည်ရဲ့ အခြေခံလုပ်ခလစာက တစ်ရက်ကို ကျပ် ၅ ထောင် မပြည့်ပါဘူး။ အနိမ့်ဆုံးဆန် ဝယ်စားမယ် ဆိုရင်တောင် ဆန်ဝယ်ပြီးရင် တခြားဘာမှ ဝယ်လို့မရတော့ပါဘူး။ 
အခြေခံလူတန်းစားတွေ အနေနဲ့ စားဝတ်နေရေးမှာ စားတစ်ခုတည်းတောင် အပြည့်အဝ မဖြေရှင်းနိုင်တဲ့ အနေအထားမှာ တခြား ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ ဗာရီဟ ကိစ္စဆိုတာ ဘေးချိတ်ထားရတော့မှာ ဖြစ်ပါတယ်။ 

စစ်ကောင်စီ လက်ထက်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးလာလို့ အလုပ်လက်မဲ့ ဦးရေလည်း တိုးလာနေတယ်ဆိုတာ သတင်းတွေမှာ မကြာခဏ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ 

ဒါကြောင့်လည်း ရန်ကုန်လို၊ မန္တလေးလို မြို့ကြီးတွေမှာ လုယက်မှုတွေ၊ ဓားပြမှုတွေ၊ ခိုးမှုတွေ၊ လိမ်လည်မှုတွေ အခုရက်ပိုင်း အတွင်း ပိုပြီး ထူပြောလာပါတယ်။ 

အကြမ်းဖက် စစ်ကောင်စီ အဓမ္မ အုပ်ချုပ်နေတဲ့ကာလတလျှောက်လုံး မြန်မာပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ အဖက်ဖက်က ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး စိတ်ဓာတ်တွေပါ ပျက်စီးလာတာလည်း မြင်တွေ့နေရပါတယ်။ 

တချို့လည်း နှစ်လုံး၊ သုံးလုံး၊ ဘောလုံး လောင်းကစားနွံထဲမှာ နစ်၊ လူငယ်တွေလည်း မူးယစ်ဆေးနွံထဲမှာနစ်ပြီး ဘဝပျက်ရသူတွေ ဒုနဲ့ဒေး ဖြစ်နေပါတယ်။ စစ်ကောင်စီကတော့ ဒုစရိုက်မှုတွေ၊ လောင်းကစားနဲ့ မူးယစ်ဆေး ကိစ္စတွေကို မျက်ကွယ်ပြုထားပါတယ်။ 

စစ်ကောင်စီဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဘာတစ်ခုမှ မထိန်းချုပ်နိုင်ဘဲ အဓမ္မအာဏာယူပြီး ပြည်သူကို လက်နက်အားကိုးနဲ့ အနိုင်ကျင့် နှိပ်စက်ဖို့သာ အာရုံစိုက်ထားတဲ့ ဒုစရိုက် ဂိုဏ်းကြီးတစ်ခုသာ ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤3💩1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်နိုင်ငံမြောက်ပိုင်းမှာ မြေပြိုကျမှုကြောင့် သေဆုံးသူ ၂၁ ဦးအထိမြင့်တက်လာ

#internationalnews #reels #shorts #China #Mizzima
😢2👍1👏1
ကလေးမြို့ တပ်ဦးသီတာရပ်ကွက်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား ဒေသခံသေဆုံး
😢3❤2👍1
ကလေးမြို့ တပ်ဦးသီတာရပ်ကွက်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား ဒေသခံသေဆုံး
=============

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ၊တပ်ဦးသီတာရပ်ကွက်၊ ဘူတာလမ်းခွဲ ၊ ဂျွိုင်းစားသောက်ဆိုင်အနီးရှိ အမှိုက်ပုံးဘေးတွင် ယမန်နေ့ ဩဂုတ်လ ၁၄ရက် နံနက် ၈ နာရီ အချိန်ခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ ဒေသခံတဦး သေဆုံးသွားကြောင်း မြို့ခံများထံက သိရသည်။

သေဆုံးသွားသူသည် အသက် ၃၉ နှစ်အရွယ် လွန်းလမ်းထန်ဆိုသည့် အမျိုးသားဖြစ်ပြီး ဆိုင်အနီး၌ အမှိုက်ရှင်းနေစဉ် မိုင်းပေါက်ကွဲပြီး ခြေနှစ်ချောင်းထိခိုက်မိကာ ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“စကစ(စစ်ကောင်စီတပ်ဖွဲ့)ဖက်က ထောင်တဲ့မိုင်း ဖြစ်ဖို့များပါတယ် ၊ မြို့ပေါ်နေရာတဝိုက်မှာ စစ်ကောင်စီ တပ်သားတွေသာ လှုပ်ရှားပြီး ထိကွဲနင်းမိုင်း၊ တိုက်မိုင်းတွေက စစ်ကောင်စီတပ်ဖွဲ့တွေ အသုံးပြုလေ့ရှိတဲ့ မိုင်းတွေဖြစ်ပါတယ်” ဟု ဒေသတွင်း လှုပ်ရှားနေသည့် ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

မဇ္စျိမက ရရှိခဲ့သောဓာတ်ပုံတွင် ထိခိုက်ဒဏ်ရာသူသည် ခြေထာက်နှစ်ဖက်စလုံးတွင် ဒဏ်ရာအပြင်းထန် ရှိခဲ့သည်ကို တွေ့မြင်ရပြီး ၎င်းအား ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း အသက်ဆုံးရှုံးသွားခဲ့ကြောင်းသိရသည်။

အဆိုပါ မိုင်းနှင့်ပတ်သက်ပြီး မည်သည့်တပ်ဖွဲ့မှ ထောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုမှုများမရှိသကဲသို့ မဇ္စျိမ အနေဖြင့် မိုင်းအမျိုးအစားနှင့် မိုင်းထောင်သည့်အဖွဲ့ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဩဂုတ်လ ၈ရက် မွန်းလွဲ ၁ နာရီအချိန်ကလည်း ကလေးမြို့မြောက်ဖက် ကလေး - လက်ပံချောင်း ကားလမ်းမပေါ်ရှိ ညောင်တောကျေးရွာ သင်္ချိုင်းကုန်းအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၁၈နှစ်အရွယ် အမျိုးသားတဦး သေဆုံးပြီး အခြားအမျိုးသားနှစ်ဦးနှင့် နွားတစ်ကောင် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#ကလေးမြို့
#မိုင်းပေါက်ကွဲမှု

ပုံအညွှန်း-မိုင်းပေါက်ကွဲ၍သေဆုံးသွားသည့် ကိုလွန်းလမ်းထန်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤3👍3👏1😁1
This media is not supported in your browser
VIEW IN TELEGRAM
သမ္မတလောင်းလုပ်ကြံခံရမှုကို စုံစမ်းစစ်ဆေးဖို့အတွက် အီကွေဒေါက FBI ကိုအကူအညီတောင်းခံ

#internationalnews #reels #shorts #Mizzima
👍4😁1
ဖားကန့် မြေပြိုမှု ပျောက်ဆုံးနေသူ ၃၀ ကျော်အနက် ရုပ်အလောင်း ၆ ခု တွေ့ရှ်ိထား
😢5👍1😁1
ဖားကန့် မြေပြိုမှု ပျောက်ဆုံးနေသူ ၃၀ ကျော်အနက် ရုပ်အလောင်း ၆ ခု တွေ့ရှ်ိထား
====================

ကချင်လေး
(မဇ္ဈိမ)။ ။ဖားကန့်တွင် ကျောက်စိမ်းတူး‌ဖော်ရေးလုပ်ကွက်ဟောင်းမှ မြေစာပုံပြိုကျစဥ် ရေလှိုင်းနှင့်အတူမျောပါပျောက်ဆုံးနေသူများအနက် ခြောက်ဦး၏ ရုပ်အလောင်းကိုစတင်တွေ့ရှိပြီဟု ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောသည်။

ဖားကန့်မြို့၊မနကျေးရွာအနီးမှ ကျောက်စိမ်းတောင်လုပ်ကွက်ဟောင်းမြေစာပုံသည် ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ရေကန်ဘက်သို့ ပြိုကျခဲ့ရာ ကျောက်တူးနေသူများနှင့် ရေမဆေးကျောက်ရှာဖွေသူ ၃၆ ဉီးထက်မနည်း ရေနစ်မြုပ်ပျောက်ဆုံးခဲ့သည်။ ယနေ့ ဩဂုတ်လ ၁၅ရက် နံနက်တွင် ရုပ်‌အလောင်းအချို့ ရေပေါ်ပြန်ပေါ်လာပြီး နေ့လယ်၁၂နာရီခန့်အထိ ခြောက်လောင်း ရှာဖွေတွေ့ရှိထားသည်ဟု သိရသည်။

"မိုးများနေတော့ ရေထဲဆင်းရတာက အဆင်မပြေဘူးဗျ။ အလောင်းတွေက ရေဝသွားမှ ပေါ်လာမှာ။ ခုတော့ တလောင်းပြီးတလောင်းပေါ်နေတာ” ဟု ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသူတဦးက မဇ္ဈိမကိုပြောသည်။

ယနေ့တွေ့ရှိထားသည့် ရုပ်အလောင်းခြောက်လောင်းအနက် ကိုဖြိုးခိုင်နှင့် ကိုစိုးထွန်းသိန်းတို့၏ ရုပ်အလောင်းကိုသာ နာမည်တကွ အတည်ပြုထားနိုင်ပြီး ကျန်လေးဦး၏ အမည်ကို မသိရှိရသေးပေ။ လက်ရှိအချိန်တွင် ဖားကန့်၌ မိုးသည်းထန်စွာရွာသွန်းနေသောကြောင့် ရုပ်အလောင်းရှာဖွေရာတွင်လည်း သတိထားဆောင်ရွက်နေကြရသည်။

မြေစာပုံပြိုကျမှု၌ ပျောက်ဆုံးနေသူ ၃၆ ဦးရှိကြောင်း သက်ဆိုင်သူများ၏ မိသားစုဝင်များက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံ စာရင်းလာပေးထားသည်။ ရုပ်အလောင်းများရှာဖွေရေးကို ယနေ့အထိ လုပ်ဆောင်နေဆဲဟု သိရသည်။

စာတည်း - မောင်ကြီး

#mizzima
#ဖားကန့်
#မနကျေးရွာ
#မြေစာပုံပြို

Photos- CJ (ပျောက်ဆုံးနေသူများအား ရှာဖွေနေစဉ်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢2😁1