Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဆက်သွယ်ရေး လိမ်လည်မှု သံသယရှိသူ ၁,၂၀၀ ကျော်ကို တရုတ်သို့ ပေးပို့ 
========================

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် လုပ်ငန်းများ ဆောင်ရွက်နေပြီး တရုတ်နိုင်ငံသားများအပေါ် သက်ရောက်မှု ရှိနေသော ဆက်သွယ်ရေး လိမ်လည်မှုများကို ဆောင်ရွက်ဆဲ နှိမ်နင်းမှုအတွင်း သံသယရှိသူ ၁,၂၀၇ ဦးအား မြန်မာနိုင်ငံမှ တရုတ်ထံသို့ ပေးပို့ကြောင်း တရုတ်ပြည်သူ့ရေးရာလုံခြုံရေးဝန်ကြီးဌာနက သောကြာနေ့တွင် ကြေညာသည်။

https://www.mizzimaburmese.com/article/133143

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2
အွန်လိုင်းငွေလိမ်သည့် တရုတ်နိုင်ငံသား ၁,၂၀၀ ကျော်ကို ဝပြည်နယ်ရဲတပ်ဖွဲ့ဖမ်းဆီးပြီး တရုတ်ဘက်လွှဲပြောင်း
👍6🔥2
အွန်လိုင်းငွေလိမ်သည့် တရုတ်နိုင်ငံသား ၁,၂၀၀ ကျော်ကို ဝပြည်နယ်ရဲတပ်ဖွဲ့ဖမ်းဆီးပြီး တရုတ်ဘက်လွှဲပြောင်း
====================

ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁,၂၀၇ ဦးကို ဝပြည်နယ်ရဲတပ်ဖွဲ့က တရုတ်နိုင်ငံ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်း ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ၏ ပြန်ကြားရေးစာမျက်နှာ WSTV တွင် ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့ ၌ ထုတ်ပြန်သည်။

ယခု ၂၀၂၃ ခုနှစ်အတွင်း ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့် ထိုတရုတ်နိုင်ငံသားများ စက်တင်ဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် နှစ်ရက်ခွဲကာ UWSA ဌာနချုပ်ရှိရာ ပန်းဆန်မြို့ရှိ နယ်ခြားတံတားဂိတ်မှတဆင့် တရုတ်ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း လားရှိုးမြို့အခြေစိုက် UWSA ပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက မဇ္ဈိမကို ပြောသည်။

“အားလုံးက တရုတ်နိုင်ငံသားတွေပါ။ ဒီနှစ်ထဲမှာပဲ ဝပြည်အနှံ့က ဖမ်းမိတာ။ ၅၊၆ မှာ အကုန်လွှဲတာ။ အရင်ကလည်း (ယခုကဲ့သို့ လွှဲပြောင်းခြင်း) ရှိပေမယ့် ခုတကြိမ်အများဆုံးပါ” ဟု ဦးညီရမ်းက ပြောသည်။

ဖမ်းဆီးလွှဲပြောင်းခဲ့သည့် တရုတ်နိုင်ငံသားများတွင် အမျိုးသမီးများလည်း ပါဝင်ပြီး အသက်အပိုင်းအခြားအသေးစိပ်ကိုမူ မသိကြောင်း ၎င်းက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ဖြစ်သည့် လောက်ကိုင်ဒေသမှ ပန်ဆန်း၊ မိုင်းပေါက်၊ ဝိန်းကော ၊ မူဆယ် နှင့် ကိုးကန့်ဒေသ များအပြင် ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် မြဝတီ၊ ရွှေကုက္ကိုဒေသ များတွင် တရုတ်နိုင်ငံသားများ ဦးဆောင်လုပ်ကိုင်သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်လာကြပြီး ၎င်းလုပ်ငန်းနှင့်အတူ လူကုန်ခံရသည့် ဖြစ်စဉ်များလည်း ရှိကြောင်း ဒေသခံများက ပြောသည်။

“သူတို့က အဲ့ဒီ လိုင်းကနေ ငွေလိမ်တော်တဲ့ တရုတ်တွေကို ပေါက်စီလို့ခေါ်တယ်။ ဥပမာ မူဆယ်မှာ လိမ်နေတဲ့တရုတ်က ကြာလာတော့ လိမ်မရတော့ဘူးဆိုရင် လေလံတင်ပြီးရောင်းတယ်။ ရောင်းပြီဆိုလည်း လက်ထိပ်တွေဘာတွေခတ်၊ အကျဉ်းချထားတယ်။ လေလံကာလကလည်း တရက်နှစ်ရက်နဲ့ အောင်တာရှိတယ်။ လနဲ့ချီတာလည်းရှိတယ်။ အဲ့ဒါကို လောက်ကိုင်က ဝယ်ရင် လောက်ကိုင်ကို ပို့တယ်။ မြဝတီကဝယ်ရင် မြဝတီကိုပို့တယ်” ဟု မူဆယ်မြို့ခံတဦးက မဇ္ဈိမ ကိုပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့တွင်လည်း အွန်လိုင်းငွေကြေးလိမ်လည်သည့် တရုတ်နိုင်ငံသား ၂၄ ဦးကို စစ်ကောင်စီက လေးရက်အတွင်း တရုတ်ရဲတပ်ဖွဲ့ထံသို့ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းအပ်နှံ့ခဲ့ကြောင်း မြန်မာနိုင်ငံရှိ တရုတ်သံရုံးမှ ဩဂုတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အွန်လိုင်းလိမ်လည်မှုအပါအဝင် အွန်လိုင်းလောင်းကစားရာဇဝတ်မှုများနှင့် ဆက်နွှယ်နေသည့် လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှု စသည့်ရာဇဝတ်မှုများကို တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို လေးနိုင်ငံပူးပေါင်းပြီး ပြတ်ပြတ်သားသား နှိမ်နှင်းတိုက်ဖျက်နိုင်ရန်အတွက် ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ကျင်းပခဲ့သည့် အစည်းအဝေးတွင် သဘောတူခဲ့ကြသည်။

ပုံအညွှန်း -အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသားများအား ဝပြည်နယ်ရဲတပ်ဖွဲ့မှ တရုတ်ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းနေပုံ(ဓာတ်ပုံ- WSTV)
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#အွန်လိုင်းငွေလိမ်လည်မှု
#တရုတ်နိုင်ငံသား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥1👏1
​​စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ကျောင်းဆရာနှင့် ဆယ်ကျော်သက် ကျောင်းသူ ကျောင်းသား ၃ ဦးသေဆုံး
=====================

မဇ္ဈိမ
ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းဆရာတဦးနှင့် ဆယ်ကျော်သက်ကျောင်းသူ ကျောင်းသား သုံးဦးသေဆုံးခဲ့သည်ဟု မူတြော်ခရိုင်က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၇ ရက်၊ နံနက် ၆ နာရီ ၃ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီလေတပ်မှ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ နားကိုခီးအုပ်စုအတွင်းရှိ ထီးဂေါ်ထာကျေးရွာအတွင်းသို့ လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ကျောင်းဆရာနှင့်ကျောင်းသူကျောင်းသား လေးဦး သေဆုံးကာ
ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း မူတြော်ခရိုင်က ဆိုသည်။

သေဆုံးသူ လေးဦးမှာ ၅၆ နှစ်အရွယ် ကျောင်းဆရာ စောဖါးဒါး၊ ၁၄ နှစ်အရွယ် ကျောင်းသားစောအယ်မူလား၊ ၁၆ နှစ်အရွယ်ကျောင်းသူ နော်ထီးခူဖေါ၊ ၁၃ နှစ်အရွယ်ကျောင်းသား စောဘိုကြီးတို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ခုနစ်ဦးတွင် ကိုးနှစ်အရွယ် ကျောင်းသား တဦးနှင့် ၂၄ နှစ်အရွယ် ကျောင်းဆရာမတဦးလည်း ပါဝင်သည်ဟု မူတြော်ခရိုင်က ထုတ်ပြန်သည်။

ထို့ပြင် စက်တင်ဘာ ၈ ရက် နေ့လယ် ၁၂ နာရီတွင် အကြမ်းဖက် စစ်ကောင်စီ လေတပ်မှ ခလယ်ထာနှင့် တာခဲဒဲကျေးရွာတွင် သုံးကြိမ်နှင့်ဂယ်ယူဒဲကျေးရွာတွင်တစ်ကြိမ် စုစုပေါင်း လေးကြိမ်တိတိ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှုနှင့်ပတ်သက်ပြီး အတည်မပြုနိုင်သေးကြောင်း မူတြော်ခရိုင်က ဆိုသည်။

အလားတူ စက်တင်ဘာ ၆ ရက်၊ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီလေတပ်မှ လူသောမြို့နယ်၊ လယ်မူပလောနှင့် ခေးပူအုပ်စုအတွင်းရှိရွာနှစ်ရွာဖြစ်သည့် သေသူးခီးနှင့် ကော်ရော်ဘောထာတွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးဆန်၊ စက်သေနတ်အကြီးစားဖြင့် လာရောက်ကြဲချ၊ ပစ်ခတ်ခဲ့သည်။

သေသူးခီးရွာအားဗုံးဆံ သုံးလုံးကြဲချကာ အကြီးစားစက်သေနတ် (အော်လီဂန်း)ဖြင့်ပါ ပစ်ခတ်ရာ ၄၅ နှစ်အရွယ် စောရှီးမူးအား ထိမှန်ဒဏ်ရာရရှိသွားကာ အိမ်‌ခြေ လေးလုံးပျက်စီးခဲ့ကြောင်း၊ ကော်ရော်ဘာထာတွင်မူ နှစ်ကြိမ်ပစ်ခတ်ခဲ့ရာ အိမ်ခြေ ခြောက်လုံးနှင့် ဘုရားကျေင်းတကျောင်း၊ ဝတ်ပြုဆုတောင်းရာနေရာတနေရာနှင့် စာသင်ကျောင်းတကျောင်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု မူတြော်ခရိုင်က သတင်းထုတ်ပြန်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#လေကြောင်းတိုက်ခိုက်မှု
#ကျောင်းဆရာ
#ဆယ်ကျော်သက်
#မူတြော်ခရိုင်
#Hardnews
#Ethnic
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7😢4👍3🔥1
ဝက်လက်မြို့နယ် ဖိုးဝင်းတပ်ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
🤬8🔥2
ဝက်လက်မြို့နယ် ဖိုးဝင်းတပ်ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
==================

KMN
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဖိုးဝင်းတပ်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူတဦးအားသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများကပြောကြားသည်။

စက်တင်ဘာလ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်သည် ထိုကျေးရွာမှ အိမ်ခြေ ၁၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသားတဦးအား ဓားစာခံအဖြစ်ခေါ်ဆောင် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"လက်ရှိ ဝက်လက်မြို့နယ် အရှေ့ခြမ်း အခြေနေကတော့ စစ်ကြောင်း ခြောက်ကြောင်းလောက်က ဝိုင်းပတ်ထိုးနေတာပါ။ ပြည်သူ ထောင်ချီ မိုးရွာရွာ နေပူပူ အတိုင်းသား စစ်ရှောင်နေရတာ အချို့ရွာတွေဆို စစ်ရှောင်နေတာ တလနီးပါးရှိနေပါပြီ" ဟုဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်ကပြောကြားသည်။

စစ်ဘေးရှောင်ထောင်ချီအတွက် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနှင့်ဓာတ်ဆားများလည်း လိုအပ်နေကြောင်းသူကဆက်ပြောသည်။စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် သြဂုတ်လအတွင်းမှစတင်ကာ ဝက်လက်မြို့နယ်အတွင်းတွင် မီးရထားသံလမ်းဘေးတလျှောက်အထိုင်ချခြင်း ၊ ကင်းပုန်းချခြင်းများပြုလုပ်ခဲ့ပြီး အနီးအနားကျေးရွာများအား ဝင်ရောက်ပစ်ခတ်ခြင်း မီးရိူ့ဖျက်ဆီးခြင်းများပြုလုပ်နေသောကြာင့် သုံးဆင့်ကန်၊ ထန်းကြီး၊ပေါက်ကန်၊ခက်ခ၊စမွန်း၊ကျွန်းဦးတော၊ပဒူ နှင့် ညောင်ပင်ကြီးတောစသည့် ကျေးရွာများမှ ပြည်သူထောင်ချီ စစ်ဘေး ဆက်လက်ရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ဝက်လက်မြို့နယ် အရှေ့ခြမ်း ပေါက်ကန်ရွာရှိ ပြည်သူပိုင် အိမ် ပစ္စည်းများကို မီးရှို့ဖျက်ဆီးနေကြောင်း Wetlet Informational Network က သတင်းထုတ်ပြန်သည်။

ပေါက်ကန်ရွာကို စစ်ကောင်စီတပ်မှ ယနေ့ နံနက် ၉ နာရီမှစတင်ကာ နေ့လည် ၁၂ နာရီ အထိမီးရိူ့ခဲ့ပြီး ထိခိုက်ပျက်စီးမှုကိုသိရှိခြင်းမရှိသေးကြောင်းလည်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဝက်လက်မြို့နယ်
#စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ပုံအညွန်း - ဝက်လက်မြို့နယ် ဖိုးဝင်းတပ်ကျေးရွာမီးရိူ့ခံရမှုမြင်ကွင်း။
ဓာတ်ပုံ - ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10👍7🔥1
​​နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား အရောင်းအဝယ်အတွက် စင်ကာပူနှင့် အင်ဒိုနီးရှားတို့ လက်မှတ်ရေးထိုး
===================

Borneo Bulletin
စင်ကာပူ ကုန်သွယ်ရေးနှင် စက်မှုလုပ်ငန်း ဝန်ကြီးဌာနက အင်ဒိုနီးရှားနှင့် နားလည်မှုစာချွန်လွှာတရပ်အား လက်မှတ်ရေးထိုးကြောင်း သောကြာနေ့တွင် ကြေညာ၍ ၎င်း၏ ကာဗွန်ထုတ်လုပ်မှုနည်းသည့် စွမ်းအင်စီမံကိန်းနှင့် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား အရောင်းအဝယ်ကို ပို၍ ခိုင်မာစေသည်။

အဆိုပါ နားလည်မှု စာချွန်လွှာကို ဂျကာတာတွင် ပြုလုပ်သည့် Indonesia Sustainability Forum ပြင်ပန်း၌ စင်ကာပူ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဒုတိယဝန်ကြီး တန်ဆီးလန်နှင့် အင်ဒိုနီးရှား စွမ်းအင်နှင့် တွင်းထွက်သတ္တု ဝန်ကြီး အရီဖင် တက်စ်ရစ်ဖ်တို့က လက်မှတ်ရေးထိုးကြခြင်း ဖြစ်သည်။

ထို သဘောတူညီချက်အားဖြင့် စင်ကာပူနိုင်ငံသည် ၂၀၃၅ မကျော်လွန်မီ ကာဗွန်နည်း လျှပ်စစ်ဓာတ်အား လေးဂီဂါဝပ် တင်သွင်းနိုင်ရေး ရည်မှန်းချက်သို့ ရှေ့တိုးခြေလှမ်း ဖြစ်စေသည်။
သဘောတူညီချက်အောက်၌ နှစ်နိုင်ငံစလုံးသည် ကာဗွန်နည်း ဓာတ်အား နယ်စပ်ဖြတ်ကျော် ပေးပို့ရေး စီးပွားဖြစ် စီမံကိန်းများ ဖွံ့ဖြိုးမှုအား ထောက်ပံ့ရန် သက်ဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းများနှင့်အညီ ထိုသို့သော စီမံကိန်းများ လွယ်ကူချောမွေ့စေရန်နှင့် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား အရောင်းအဝယ်အတွက် ဆက်သွယ်မှု ပူးပေါင်းဆောင်ရွက်ရန်တို့ကို တွဲဖက်ဖော်ဆောင်သွားကြမည် ဖြစ်သည်။

“ဒီ သဘောတူညီချက်ဟာ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား အရောင်းအဝယ်မှာ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီး အားကောင်းစေမယ့် အခွင့်အလမ်းပါပဲ၊ နှစ်နိုင်ငံစလုံးရဲ့ ကာဗွန်လျှော့ချရေးကိုလည်း အထောက်အကူ ပြုပါတယ်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ရှာဖွေလာဖို့ လမ်းကြောင်းကိုလည်း ဖော်ဆောင်ပေးလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”ဟု စင်ကာပူ ဒုတိယဝန်ကြီး တန်က ပြောသည်။

အင်ဒိုနီးရှားထံမှ စင်ကာပူသို့ ကာဗွန်နည်း လျှပ်စစ်ဓာတ်အား နှစ်ဂီဂါဝပ် တင်သွင်းမည့် အတည်ပြုချက်ကိုလည်း စင်ကာပူ စွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့က ခွင့်ပြုပေးရန် ရှိသည်။

ထို ခွင့်ပြုချက်အားဖြင့် ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ စီမံကိန်းများအတွက် လိုအပ်သော အတည်ပြုချက်နှင့် လုပ်ကိုင်ခွင့် လိုင်စင်များ ရရှိကြမည် ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)
👍8🔥1
​​နေမာ - ဆော်ဒီပရိုလိဂ်က လီဂူး-ဝမ်းထက် ပိုကောင်းလာနိုင်ပြီလို့ ဘရာဇီးလ်ကြယ်ပွင့် ပြော
==============

By PKThawn

ဆော်ဒီအာရေးဗီးယားရဲ့ ဘောလုံးလိဂ်ဟာ ပြင်သစ်လီဂူးဝမ်းထက် ပိုအားကောင်းနိုင်ဖွယ်ရှိနေပြီလို့ ဘရာဇီးလ်အသင်းခေါင်းဆောင် နေမာက ပြောကြားလိုက်ပါတယ်။

အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ သြဂုတ်လမှာ ပဲရစ်စိန့်-ဂျာမိန်းကနေ ဆော်ဒီပရိုလိဂ်ဆီ add-ons ကြေးအပါအဝင် ပေါင် ၇၇.၅ သန်းခန့်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

နေမာဟာ အပြောင်းအရွှေ့ဈေးကွက်မှာ အယ်လ်-ဟီလာအသင်းနဲ့ ပူးခဲ့တာပါ။ အဲဒီအပြောင်းအရွှေ့ကာလအတွင်း ဆော်ဒီကလပ်တွေဟာ ပေါင်သန်း ၇၀၀ ကျော် သုံးစွဲခဲ့ပါတယ်။

"ဆော်ဒီအာရေးဗီးယားကို သွားခဲ့တဲ့ ဘောလုံးသမားတွေအတွက်၊ ဆော်ဒီလိဂ်က ပြင်သစ်ထက် ပိုကောင်းတယ်လို့ ပြောရင် ကျနော် အံ့သြမိမှာ မဟုတ်ဘူး"လို့ သူက ပြောပါတယ်။

နိုင်ငံတကာ အပြောင်းအရွှေ့တွေမှာ ဆော်ဒီကလပ်တွေရဲ့ ဒီနွေရာသီအသုံးစရိတ်ဟာ ပရီးမီးယားလိဂ်ပြီးရင် ဒုတိယနေရာမှာရှိပြီး သူတို့အသင်းတွေဟာ ပြည်ပကနေ ပြောင်းရွှေ့ကြေး ပေါင် ၁.၆ ဘီလီယံအောက် သုံးစွဲခဲ့တယ်လို့ FIFA ဘောလုံးအဖွဲ့ချုပ် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကိန်းဂဏန်းများအရ သိရပါတယ်။

အယ်လ်-အီတီဟဒ်အသင်းက လီဗာပူးလ်ကနေ မိုဟာမက် ဆာလာကို ခေါ်ယူနိုင်စွမ်း မရှိခဲ့ပေမယ့် ဆာလာရဲ့ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဂျော်ဒန်ဟန်ဒါဆန်၊ ရော်ဘတ်တို ဖာမီနိုနဲ့ ဖာဘင်ဟိုတို့ဟာ ဆော်ဒီအာရေးဗီးယားကို ပြောင်းရွှေ့တဲ့ ပရီးမီးယားလိဂ် ကစားသမားတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

ဆော်ဒီကလပ်တွေဟာ နေမာရဲ့ ပီအက်စ်ဂျီကလပ်ဖော် ဂျော်ဂျီနီယို ဝစ်ခ်ျနာလ်ဒမ်၊ ရီးယဲလ်မက်ဒရစ်ရဲ့ ဘလွန်းဒီအော်ဆုရှင် ကာရင် ဘန်ဇီမာနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ဆာဒီယို မာနေးတို့ကိုလည်း ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့တဲ့ တခြားသူတွေမှာ အင်တာမီလန်ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ အသင်းခေါင်းဆောင် မာဆယ်လို ဘရိုဇိုဗစ်၊ ဘာစီလိုနာရဲ့ ဖရန့်ကက်စ်စီ၊ ဆဲလ်တစ်ရဲ့ ဂျိုတာနဲ့ လာဇီယိုကွင်းလယ်လူ ဆာဂျီ မီလင်ကိုဗစ်ဆာဗစ်တို့ ပါဝင်ခဲ့ကြပါတယ်။

ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးအသစ်လည်း ဖြစ်လာနိုင်ခဲ့သေးပါတယ်။ ပီအက်စ်ဂျီဟာ ပေါင် ၂၅၉ သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ပြီးနောက် အမ်ဘာပေနဲ့ စကားပြောဖို့ အယ်လ်-ဟီလာကို ခွင့်ပြုချက်ပေးခဲ့ပေမယ့် အဆိုပါတိုက်စစ်မှူးဟာ ပြင်သစ်ချန်ပီယံအသင်းတွင်သာ ဆက်နေဖို့ ရွေးချယ်ခဲ့ပြီး သူ့အစား နေမာ ရောင်းထုတ်ခံခဲ့ရပါတယ်။

နေမာဟာ ၂၀၁၇ ခုနှစ်မှာ ဘာစီလိုနာကနေ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ နဲ့ ပီအက်စ်ဂျီကို ရောက်ရှိလာခဲ့ပြီးနောက် ပဲရစ်မှာ သူရှိစဉ်တုန်းက သူ့ရဲ့ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဒုက္ခရောက်ခဲ့ရပေမယ့် အသင်းကို လီဂူး-ဝမ်း ဖလား ၅ ကြိမ် ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပါတယ်။

ဘရာဇီးလ်အသင်း ကြားရက် နိုင်ငံတကာပွဲစဉ်တွေ ရှိနေစဉ် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ နေမာက "ဆော်ဒီအာရေးဗီးယားမှာ ဘောလုံးက အတူတူပါပဲလို့ ကျနော် သေချာပြောရဲပါတယ်။ ဘောလုံးက ဝိုင်းနေတယ်၊ ကျနော်တို့မှာ ဂိုးတိုင်ဂိုးပိုက်တွေရှိတယ်။

“အဲဒီမှာ လျှို့ဝှက်ချက်တော့ မရှိပါဘူး။ ကျနော်တို့ အဲဒီနေရာမှာ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ ရှိတယ်၊ အနိုင်ရဖို့ ဆာလောင်မှုက ကြီးမားနေတုန်းပါပဲ။

"ကျနော် အယ်လ်-ဟီလာနဲ့ ဆုဖလားတွေ ရယူချင်ပါတယ်၊ ဒါက အရင်ကအတိုင်း အများကြီး မပြောင်းလဲပါဘူး။"

Ref; BBC

Photo: EPA

#neymar #SaudiProLeague
👍5😁2🔥1
​​မန္တလေးတွင် ဂတ်စ်အိုးမှတဆင့်မီးလောင်၊ လူလေးဦး ဒဏ်ရာရ 
==================

007

(မဇ္စျိမ)။ ။ မန္တလေး ချမ်းအေးသာစံမြို့နယ်တွင် ယမန်နေ့ညက နေအိမ်အတွင်း ဂတ်စ်အိုးမီးဖိုမှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပြီး အမျိုးသားလေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ခရိုင်မီးသတ်စခန်းနှင့် လူမှုကယ်ဆယ်ရေးအသင်းများထံက သိရသည်။

ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက်၊ ၃၃ လမ်း၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြားရှိ ထိုနေအိမ်တွင် ယမန်နေ့ စက်တင်ဘာလ ၈ ရက် ည ၉ နာရီ ၄၀ မိနစ်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မန္တလေးခရိုင်မီးသတ်ဦးစီးဌာနထံက သိရသည်။

" လူလေးယောက် မီးလောင်ဒဏ်ရာ ရတယ်။ အမျိုးသား လေးယောက်ပါ။ ခန္ဓာကိုယ်အနှံ့ မီးလောင်ခံလိုက်ရတယ် အဲဒီအထဲကတစ်ဦးက 
စိုးရိမ်ရအခြေအနေပါ။ အခုမနက်အထိ ဆေးရုံကြီး OPT မှာ အသက်ကယ် နေရတယ်" ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းတခုမှ အမည်မဖော်လိုသူကပြောသည်။ 

မီးလောင်ကျွမ်းမှုကြောင့် အသက် ၂၇ နှစ်အရွယ်များဖြစ်သည့် 
ငှားရမ်းနေထိုင်သူ ကိုမင်းမင်းကျော်နှင့် ဆိုင်ဝန်ထမ်းကိုစိုင်းချစ်အောင်နှင့် အခြားဆိုင်ဝန်ထမ်းများဖြစ်သည့် အသက် ၂၄ နှစ်အရွယ် ကိုသီဟန် နှင့် အသက်၁၆ နှစ်အရွယ် ကိုဗညားဇော် မီးလောင်ခံခဲ့ရခြင်းဖြစ်သည်။ 

"သူတို့က ကော်ဖီဆိုင်ဖွင့်ဖို့ ငှားထားတာလို့သိရတယ်။ ပြင်ဆင်နေတုန်း အခြေအနေပေါ့။ ညက စဖြစ်တာက ဂတ်စ်အိုးပိုက်ပြုတ်တာကနေ စဖြစ်တာ။ ဂတ်စ်အိုးသုံးလုံးရှိတယ်။ တလုံးက ပိုက်ပြုတ်နေတာကို ပြန်တပ်ရင်း မီးစတခုခုနဲ့ငြိတာကနေ မီးပွင့်ပြီး နောက်နှစ်လုံးကို ဆက်ကူးတာ။ မီးသတ်တွေကယ်ဆယ်ရေးတွေ ရောက်လာချိန်မှာ လေးယောက်စလုံး မီးလောင်ဒဏ်ရာတွေရနေပြီ" ဟု အမည်မဖော်ပြလိုသည့် မီးသတ်ဝန်ထမ်းက ပြောသည်။

 နယ်မြေခံမီးသတ်နှင့် ထိစပ်နယ်မြေမီးတပ်စခန်းများမှ မီးငြှိမ်းသတ်ယာဥ် ငါးစီးနှင့် တပ်ဖွဲ့ဝင်အင်အားနှစ်ဆယ်ခန့်ဖြင့်မီးငြှိမ်း၍ နေအိမ်အဆောက်အအုံနှင့် တန်ဖိုးကြီးပစ္စည်းပျက်စီးဆုံးရှုံးမှုမရှိခဲ့ဘဲ ၁၀ မိနစ်ခန့်အကြာတွင်မီးငြိမ်းသွားကြောင်း၊ ဖြစ်စဥ်တွင်တာဝန်ရှိသူ ကိုမင်းမင်းကို နယ်မြေခံရဲစခန်းတွင် မီးပေါ့ဆမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်းခရိုင်မီးသတ်ဦးစီးဌာနက သိရသည်။

ယမန်နှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ညပိုင်းကလည်း၊ ရန်ကုန် စမ်းချောင်းမြို့နယ် ဗဟိုလမ်းပေါ်ကမြိတ်ကတ်ကြေးကိုက်ဆိုင်တွင် ဂတ်စ်အိုးပေါက်ကွဲမှုမှတဆင့် မီးလောင်ကျွမ်းခဲ့ရာ စားသောက်နေသူ ပြင်းထန်ဒဏ်ရာရခဲ့သေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဂတ်စ်အိုးမှတဆင့်မီးလောင်
#မန္တလေး 

ပုံအညွှန်း- မီးလောင်မှုကို မီးငြှိမ်းသတ်နေစဥ် (ဓာတ်ပုံ-ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1