Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တော်လှန်အလှူပွဲ ပူးပေါင်းချီတက်သည့် ရွာပေါင်းစုံသပိတ်
❤13👍1🔥1😁1
တော်လှန်အလှူပွဲ ပူးပေါင်းချီတက်သည့် ရွာပေါင်းစုံသပိတ်
================

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင် မြို့နယ်အတွင်းရှိ ကျေးရွာတရွာတွင် တော်လှန်အလှူပွဲကျင်းပခဲ့ရာ ရွာပေါင်းစုံသပိတ်နှင့် ယင်းမာပင်မြောက်ခြမ်း ကျေးရွာ များသပိတ်စစ်ကြောင်းတို့ ယနေ့ စက်တင်ဘာလ ၂၁ ရက်တွင် ပူးပေါင်းချီတက်ခဲ့ကြသည်။

သားရှင်ပြု ၊ သမီးနားသ တော်လှန်အလှူပွဲ လှည့်လည်ရာတွင် ပါဝင်သူများမှ လက်သုံးချောင်းထောင်၍ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။

ရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်းသည် “ငါတို့သံမတ် ၊ ငါတို့အသံ Our Ambassador – Our Voice ၊ တော်လှန်အလှူ” စသည့် စာတမ်းနှင့် ဦးကျော်မိုးထွန်း ရုပ်ပုံများကို ကိုင်စွဲပြီး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့ ချီတက်မှုသည် သပိတ်စစ်ကြောင်း၏ ၉၁၃ ရက်မြောက် ချီတက်ကြခြင်း ဖြစ်သည်။

#ရွာပေါင်းစုံသပိတ်
#စစ်အာဏာရှင်
#ဆန္ဒပြ
#Mizzima

--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9👍3🔥2😁1
​​'ဆုဖလားရ မန်နေဂျာတွေ' ခန့်အပ်ရာမှာ အမှားအယွင်းဖြစ်ခဲ့တယ်လို့ တော့တင်ဟမ်ဥက္ကဋ္ဌ ဒန်နီရယ်လီဗိုင်း ပြော
===============

By PKThawn

တော့တင်ဟမ်ဟော့စပါးအသင်းဥက္ကဋ္ဌ ဒန်နီရယ် လီဗိုင်းက “ဆုဖလားရ မန်နေဂျာတွေ”ဖြစ်တဲ့ ဟိုဆေး မော်ရင်ဟိုနဲ့ အန်တိုနီယို ကွန်တီတို့ကို ခန့်အပ်ရာမှာ ကလပ်အသင်းဟာ "အမှားအယွင်းတွေ"ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

သူတို့နှစ်ဦးစလုံးဟာ မန်နေဂျာတွေအဖြစ် အရင်က ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့ပေမယ့်လည်း စိတ်ပျက်စရာရလဒ်တွေ ထွက်ပေါ်လာပြီးနောက် ၁၈ လမပြည့်ခင်မှာ စပါးအသင်းကနေ ထုတ်ပယ်တာခံခဲ့ရပါတယ်။

ဒါပေမယ့် စပါးအသင်းကတော့ နည်းပြသစ် ပိုစတီကိုဂလူ လက်ထက်မှာ ပုံစံကောင်းပြသနေပြီး ပရီးမီးယားလိဂ်မှာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

"ကျနော်တို့ရဲ့ တော့တင်ဟမ်ဟော့ကို ပြန်ရလိုက်ပါပြီ"လို့ လီဗိုင်းက စပါးအသင်းရဲ့ ပရိသတ်ဖိုရမ်မှာ ပြောပါတယ်။

လီဗိုင်းက မက်ဒရစ်မှာ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ ၂၀၁၉ မှာ တော့တင်ဟမ်ကို ပထမဆုံး ချန်ပီယံလိဂ်ဖိုင်နယ်ကို ပို့ဆောင်ပေးခဲ့တဲ့ အခု ချယ်လ်ဆီးနည်းပြ မော်ရီစီယို ပိုချက်တီနိုကို ထုတ်ပယ်ပြီးနောက် "ဗျူဟာပြောင်း"ဖို့ ဖိအားတွေ သူ ခံစားခဲ့ရတယ်လို့ ပြောပါတယ်။

"ကျနော်က တခြားသူတွေလိုပဲ အနိုင်ရချင်ရုံပါပဲ"လို့ လီဗိုင်းက ပြောပါတယ်။

“ဆုဖလားမဆွတ်ခူးတာကနေ စိတ်ပျက်စရာဖြစ်ရပြီး ကျနော်တို့ အနိုင်ရဖို့ လိုအပ်တယ်၊ ငွေသုံးဖို့ လိုတယ်၊ မန်နေဂျာကြီး၊ နာမည်ကြီးတဲ့သူ ရှိဖို့လိုတယ်ဆိုတဲ့ ကစားသမားတချို့နဲ့ ပရိသတ်တွေရဲ့ တောင်းဆိုမှုရဲ့ ဖိအားတွေပါပဲ။ ပြီးတော့ အဲဒါက ကျနော့်ကို ထိခိုက်စေခဲ့တယ်။

"ဗျူဟာက ဆုဖလားရတဲ့ မန်နေဂျာတစ်ယောက် ခေါ်ယူဖို့ဖြစ်ပြီး ကျနော်တို့ နှစ်ကြိမ်လုပ်ခဲ့တယ်။ အမှားတွေကနေ သင်ခန်းစာယူရပါမယ်။"

ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်ရရှိခဲ့တဲ့ မော်ရင်ဟိုကို စပါးအသင်းက ၂၀၁၉၊ နိုဝင်ဘာလမှာ ခန့်အပ်ခဲ့ပြီး သူ့ရဲ့ပထမရာသီမှာ ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာအထိ အသင်းကို ပို့ဆောင်ခဲ့ပါတယ်။

၂၀၂၁၊ ဧပြီလမှာ ထုတ်ပယ်ခံရတဲ့အချိန်က ကလပ်အသင်းဟာ ကာရာဘောင်းဖလားဖိုင်နယ်မှာ ကစားဖို့ ရက်အနည်းငယ်သာ လိုတော့ပေမယ့်လည်း ပရီးမီးယားလိဂ်မှာ အဆင့် (၇) နေရာသာ ရပ်တည်ခဲ့ပါတယ်။

မော်ရင်ဟိုရဲ့ နေရာကို ဆက်ခံတဲ့ နူနို အက်စပီရီတို ဆန်တိုကို ထုတ်ပယ်ပြီးနောက် ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားရ နည်းပြကွန်တီကို ခန့်အပ်ခဲ့ပါတယ်။

သူ့ရဲ့ ပထမရာသီမှာ တော့တင်ဟမ်ကို ထိပ်ဆုံး (၄)သင်းအဆင့်ဆီ ဦးဆောင်ပေးပြီးနောက် အီတလီနည်းပြကြီးဟာ ကလပ်ရဲ့ အစဉ်အလာကို ဝေဖန်ခဲ့ပြီး စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် (၄)နေရာရခဲ့ပြီး ဖလားပြိုင်ပွဲအားလုံးကနေ နုတ်ထွက်သွားခဲ့ပြီးချိန် မတ်လမှာ အသင်းကနေ ထွက်ခွာခဲ့ပါတယ်။

"သူတို့က ကြီးကျယ်တဲ့ မန်နေဂျာတွေ ဖြစ်ကြပေမယ့် ဒီကလပ်အတွက် မဖြစ်နိုင်ပါဘူး"လို့ လီဗိုင်းက ပြောပါတယ်။

သူဟာ မန်နေဂျာတွေ ခန့်အပ်မှုမှာ အမှားလုပ်မိကြောင်း ဝန်ခံခဲ့ပေမယ့် လီဗိုင်းက ဥရောပစူပါလိဂ် (ESL) မှာ ပူးပေါင်းပါဝင်ဖို့ ဆုံးဖြတ်ချက်အပေါ် ရပ်တည်ခဲ့တယ်လို့ ဆိုပါတယ်။

တော့တင်ဟမ်ဟာ ESL မှာ ပူးပေါင်းဖို့ သဘောတူထားတဲ့ ပရီးမီးယားလိဂ်ကလပ် (၆)သင်းအနက်မှ တစ်သင်းဖြစ်ပေမယ့်လည်း ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခံရပြီးနောက် ၇၂ နာရီအတွင်း အဲဒီပရောဂျက်ကနေ ကျောခိုင်းခဲ့ပါတယ်။

"ကျနော် ပြောချင်တာက ကျနော်တို့ဟာ ဒီကလပ်ရဲ့ အကောင်းဆုံး အကျိုးစီးပွားအတွက် အမြဲတမ်း လုပ်ဆောင်သွားမှာပါ၊ ကျနော်တို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အတိုင်း ကျနော် ရပ်တည်သွားမှာပါ။ ဥရောပစူပါလိဂ်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ကျနော်တို့တွေ ပြင်ဆင်ထားပါတယ်"လို့ လီဗိုင်းက ပြောပါတယ်။

(BBC)

#Tottenham #Spurs #daniellevy #JoseMourinho #AntonioConte #စပါးအသင်း #မော်ရင်ဟို #ကွန်တီ
👍2🔥1
မင်းကင်းမှ စစ်ရေယာဉ်အုပ်စု ချင်းတွင်းမြစ်အတိုင်းစုန်ဆင်းလာ၊ ကနီဒေသခံ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာ ရှောင်နေရ
🔥5😢3
မင်းကင်းမှ စစ်ရေယာဉ်အုပ်စု ချင်းတွင်းမြစ်အတိုင်းစုန်ဆင်းလာ၊ ကနီဒေသခံ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာ ရှောင်နေရ
==============

လွှမ်းမိုး

(မဇ္ဈိမ)။ ။ချင်းတွင်းမြစ်ကြောင်းအတိုင်း မင်းကင်းမြို့နယ်မှ စုန်ဆင်းလာသည့် စစ်ကောင်စီတပ် ရေယာဉ်များက မြစ်ကမ်းတလျှောက် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေ၍ ကနီမြို့နယ်မှ ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာသို့ထွက်ပြေးနေကြရသည်။

စစ်သင်္ဘောနှစ်စီးနှင့် ဖလပ်ရေယာဉ် (၁၁) စီးပါဝင်သော စစ်ကောင်စီရေယာဉ်အုပ်စုသည် ကနီမြို့နယ်အတွင်းသို့ ယမန်နေ့ စက်တင်ဘာ ၂၀ ရက်နေ့ ညနေက ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီတပ်က ချင်းတွင်းမြစ်ကြောင်း တလျှောက်ကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတဲ့ အသံတွေကြားနေရတာပါ။စစ်သင်္ဘောပေါ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဖူးတွေက နှစ်မိုင်ကျော်ကျော် လောက်ကို ကျရောက်ပေါက်ကွဲတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံတွေက မိုးထဲလေထဲ ဘေးလွတ်ရာကို ထွက်ပြေးနေရတာ ဖြစ်တယ်” ဟု မြေပြင်သို့ရောက်ရှိနေသော မဇ္ဈိမ သတင်းထောက်က သတင်းပေးပို့သည်။

စစ်ကောင်စီတပ်ရေယာဉ်များကြောင့် ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းတလျှောက်ရှိ ညောင်ပင်ဝန်း ၊ ပန်းဆိုင်း၊ တဇယ်ချောင် ၊ မင်းကုန်း၊ ငါးဖျတ်၊ မုဌော၊ ချိုင်စသည့် ကျေးရွာများမှဒေသခံပြည်သူ များ နေရပ်စွန့်ခွာထွက်‌ပြေးနေကြရကြောင်း သိရသည်။

"တချို့ကလည်းတောထဲ ၊ တချို့ကတော့ နီးစပ်ရာ ရွာတွေက ဘုန်းကြီးကျောင်းတွေမှာ ရှောင်နေကြရတာ ဖြစ်ပါတယ်။ တောထဲ ရှောင်နေရတဲ့သူတွေက တော့ မိုးမလုံ၊လေမလုံဆိုတော့ အခက်အခဲ ရှိတယ်။ မိုးကာတွေတော့ တော်တော်လေး လိုအပ်နေတာ ဖြစ်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်ရှောင်အမျိုးသမီးတဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ရေယာဉ်များသည် စစ်ကိုင်းတိုင်း၊ဟုမ္မလင်းမြို့မှ ပြီးခဲ့သည့် စက်တင်ဘာလဆန်းတွင် စုန်ဆင်းလာခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ ၁၈ ရက်ညက မင်းကင်းမြို့နယ် ၊ မောက်ကတော်ကျေးရွာအနီး ညအိပ်ရပ်နားခဲ့ပြီး စက်တင်ဘာ ၁၉ ရက်နံနက် ၁၀ နာရီခန့်တွင် ပြန်ထွက်ခွာစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများလိုက်ပါလာသည့်ရေယာဉ်တစီး တိမ်းမှောက်ခဲ့သည်ဟု သိရသည်။ ထိုဖြစ်စဉ်တွင် လူ၁၀၀ ခန့် ပျောက်ဆုံးနေကြောင်း မင်းကင်းမြို့နယ် အခြေစိုက်ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)က သတင်းထုတ်ပြန်ထားသည်။ 

နစ်မြုပ်သွားသည့် ရေယာဉ်ကို စစ်ကောင်စီက ကယ်ဆယ်ရေးနှင့် လုံခြုံရေးအဖွဲ့များဖြင့်ထားခဲ့ပြီး ကျန်ရေယာဉ်များက ဆက်လက်ထွက်ခွာလာခြင်းဟုသိရသည်။ ထိုရေယာဉ်များ၌ ခန္တီးဒေသထွက် ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင်လာပြီး ယနေ့နေ့လည်တွင် ယင်းမာပင်နှင့် မုံရွာမြို့ဘက်သို့ စုန်ဆင်းနေကြောင်း သိရသည်။ ကျောက်စိမ်းအရိုင်းတုံးများကို မန္တလေးမြို့အထိသယ်ဆောင်မည်ဟုသတင်းရရှိထားကြောင်း စစ်ကိုင်းတိုင်းအခြေစိုက် ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု(ULF) စစ်ကြောင်းမှူးကပြောသည်။

 စာတည်း - အေးချမ်း

ဘေးလွတ်ရာ တိမ်းရှောင်နေရသည့် ကနီမြို့ဒေသခံများ
ဓာတ်ပုံ - လွှမ်းမိုး

#mizzima
#ချင်းတွင်းမြစ်
#စစ်ကောင်စီရေယာဉ်များ
#လက်နက်ကြီးရမ်းသမ်းပစ်ခတ်
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥3😢3😁1
​​မြင်းခြံတွင် ဆို၊က၊ရေး၊တီးပြိုင်ပွဲအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက လုပ်ငန်းရှင်များထံ ငွေကြေးကောက် ခံ
==================

ဓာတု

(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲအတွက်ဟုဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှူးက စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးကောက်ခံနေကြောင်း သိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့မှစ၍ အဆောင်ပိုင်ရှင်၊ ဘာသာစကားသင်တန်းကျောင်း ပိုင်ရှင်များအား ၅၀,၀၀၀ ကျပ်နှင့် လက်လီလက္ကားဆိုင်ပိုင်ရှင်၊ ဆေးလိပ်ခုံပိုင်ရှင်နှင့် ဆန်စက်၊ ဆီစက်ပိုင်ရှင်များကို ကျပ် ၁၀၀,၀၀၀ နှင့်အထက် ငွေကောက်ခံနေကြောင်း ဒေသခံများကပြောသည်။

“အုပ်ချုပ်ရေးမှူးက စာရင်းကောက်ပြီး သူ့ရုံးမှာပိုက်ဆံလာပေးဖို့ ပြောတယ်။ အဲဒီပွဲက နှစ်စဥ်လုပ်နေကျ ပေမယ့် ဒီနှစ်မှ မထည့်မနေရဆိုပြီး ပိုက်ဆံကောက်တာ၊ ငွေညစ်တဲ့သဘောပေါ့။ သူနဲ့ ပျူစောထီးတွေ အဖွဲ့ခွဲပြီး ရပ်ကွက်တိုင်းကို လိုက်ပြောနေတာ” ဟု မြင်းခြံမြို့ခံတဦးက မဇ္စျိမကိုပြောသည်။

အဆိုပါမြို့နယ်အုပ်ချုပ်ရေးမှူးသည် စက်တင်ဘာလဆန်းကလည်း မြင်းခြံမြို့မှ အိမ်ငှားနေသူများ၊ ကျူး ကျော်များနှင့် အဆောင်ငှားနေသူများကို ပျူစောထီးရန်ပုံငွေဟုဆိုကာ တအိမ်လျှင် ငွေကျပ် ၃,၀၀၀ စီ ကောက်ခံခဲ့ကြောင်း ဒေသခံများကပြောကြားသည်။

မြင်းခြံမြို့ပေါ်တွင် ပျူစောထီးများကြီးစိုးနေပြီး စစ်ကောင်စီတပ်နှင့်ပေါင်းကာ အရပ်သားပြည်သူများ အပေါ် မကြာခဏ နိုင်ထက်စီးနင်း လုပ်ဆောင်မှုများရှိကြောင်း ဒေသခံများက‌ ပြောသည်။

စာတည်း။ ။စောဖေ

#မန္တလေးတိုင်း
#မြင်းခြံမြို့
#အုပ်ချုပ်ရေးမှူး
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤮6👍5❤1🔥1😁1
ရန်ကုန်မြို့လယ် ဈေးတနေရာတွင် အသံချဲ့စက်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသီချင်းဖွင့် ဆန္ဒပြ
=================

ဂန္ဒမာ

(မဇ္ဈိမ)။ ။ ရန်ကုန်မြို့လယ်ခေါင်ရှိ ဈေးတနေရာတွင် စက်တင်ဘာလ ၂၀ ရက်နေ့က အသံချဲ့စက်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးသီချင်းဖွင့်ကာ ဆန္ဒပြ လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုတခုထံမှ သိရသည်။

"ကျွန်တော်တို့ရဲ့အဓိက ရည်ရွယ်ချက်က လူထုကြားထဲမှာ တော်လှန်ရေးသီချင်းကို ပျံ့နှံ့စေပြီး လှုံ့ဆော်တဲ့သဘောပါ၊ ပြည်သူတွေရဲ့ အားပေးသံတွေ၊ ပူးပေါင်းတဲ့အသံတွေကို ကြည့်ခြင်းအားဖြင့် ယခုအချိန်အထိ ကျွန်တော်တို့ပြည်သူတွေဟာ သွေးမအေးသေးဘူး၊ တော်လှန်စိတ်တွေ ရှိနေဆဲဆိုတာ ထင်ရှားပါတယ်။" ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ အိုမီက ပြောသည်။

မြို့ပြရန်ကုန်တွင် တော်လှန်သွေးမအေးကြောင်း ပြလိုသောအားဖြင့် စစ်ကောင်စီ၏ ဖိနှိပ်မှုများကြားမှ မြေပြင်သပိတ်တိုက်ပွဲများ ဆင်နွှဲလျက်ရှိရာ လူထုချီတက်ဆန္ဒပြခြင်းနှင့် ယခုကဲ့သို့ တော်လှန်ရေးသီချင်းများဖွင့်ကာ လှုပ်ရှားမှုပြုလုပ်ရာတွင် ယခုနည်းလမ်းမှာ ပြည်သူနှင့် အနီးကပ်ရှိနေပြီးဆောင်ရွက်ရသဖြင့် ပြည်သူများ၏ တော်လှန်လိုစိတ်နှင့် စစ်ကောင်စီကို မကျေနပ်မှုများ အတိုင်းသားတွေ့မြင်ရကြောင်း ဆိုသည်။

ယမန်နေ့က လှုပ်ရှားမှုပြုလုပ်နေစဉ်အချိန်အတွင်း စစ်ကောင်စီတပ်သားများ ရောက်ရှိလာခြင်းမရှိသော်လည်း ပွဲအပြီး မိနစ် ၃၀ ခန့်အကြာတွင် လာရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း လှုပ်ရှားမှုပြုလုပ်ခဲ့သည့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ မြေပြင်ရဲဘော်တဦးက ပြောသည်။

ယခုလှုပ်ရှားမှုသည် ပြည်သူပါဝင်သည့် လှုပ်ရှားမှုတခုဖြစ်ပြီး တော်လှန်ရေးရဲဘော်များသည် ပြည်သူနှင့်အတူ မြို့ပြမှာ ရပ်တည်နေကာ စစ်ကောင်စီတပ်အား ယနေ့အချိန်အထိ တော်လှန်နေဆဲဖြစ်ကြောင်း ပြသလိုခြင်းဖြစ်ေကြာင်း သိရသည်။

ပြည်သူများအနေနှင့်လည်း အကြမ်းဖက်စစ်တပ်အားအထိနာစေသည့် စစ်တပ်ထုတ်ကုန်များကို Boycott လုပ်ရန် ပြင်းပြင်းထန်ထန်တိုက်တွန်းနှိုးဆော်ကာ ယခုလိုပိတ်မှောက်ခြင်းသည် ပြည်သူလုထု အန္တာရယ်မရှိဘဲ အကြမ်းဖက်စစ်တပ်အား ထိရောက်သည့် တော်လှန်နေခြင်းဖြစ်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဋ္ဌ ကိုပီတာက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

https://youtu.be/O8lVvoRaCtk?si=9FIsA0Ka619lDw3J

#mizzima
#Boycott
#စမ်းချောင်းပင်မသပိတ်
#ရန်ကုန်မြို့လယ်
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤13👍7😁2
​​ရခိုင်တွင် စစ်ကောင်စီက ဖုန်းဆိုင်လုပ်ငန်းရှင် တဦးကို ၅၀၅ (က) ဖြင့် ဖမ်းဆီးအမှုဖွင့်
===============

001

(မဇ္စျိမ) ။     ။ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ မြို့သစ်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၅၀ ဝန်းကျင်အရွယ် ဖုန်းဆိုင်လုပ်ငန်းရှင် ဦးစည်သူအောင်ကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် ရာဇသတ်ကြီးဉပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် ထားကြောင်း မြို့ခံများက မဇ္ဈိမကို အတည်ပြုသည်။

ဦးစည်သူအောင်ကို ၎င်း၏ နေအိမ်မှ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့တွင် စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး မာန်အောင်မြို့ မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း အမည်မဖော်လိုသည့် မာန်အောင်မြို့ဒေသခံ အမျိုးသမီးတဦးက ပြောသည်။

“သူကတော့ အပြင်မှာ သိသလောက်တော့ ဖုန်းဆိုင်ဖွင့်ထားတယ်ပေါ့နော်၊ ပြီးရင် wave ရော kpay ရော ငွေလွှဲ ငွေထုတ်လုပ်ငန်းတွေလုပ်တယ်၊ ၁၉ ရက်နေ့က ခေါ်သွားတာလို့ကြားတယ်။ ကျွန်တော်တို့ သိတာတော့ သူ့ကို ပုဒ်မ ၅၀၅ - က နဲ့ဖမ်းသွားတာတော့ သိတယ်။ ဘယ် Case တွေဘာတွေတော့ အသေးစိတ်မသိဘူး” ဟု မြို့ခံအမျိုးသမီးက ပြောသည်။

ဦးစည်သူအောင်ဖမ်းဆီးခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ၎င်း၏ ဆိုင်ဖုန်းနံပါတ်အား ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည့်အတွက် မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ထုတ် စစ်ကောင်စီထိန်းချုပ်ထားသော ကြေးမုံသတင်းစာတွင်မူ ဦးစည်သူအောင်အနေဖြင့် စစ်ကောင်စီ၏ အသိပေးထုတ်ပြန်ချက်ကို မျက်ကွယ်ပြုပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လှုံ့ဆော်၊ ဝါဒဖြန့်ခြင်း ဆောင်ရွက်ခဲ့ သည့်အတွက် ဖမ်းဆီးအရေးယူခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုရက်ပိုင်းအတွင်း မာန်အောင်ကျွန်းပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဒေသခံလူငယ်များကို လိုက်လံရှာဖွေမှုများ ပြုလုပ်နေကြောင်း မာန်အောင်မြို့ခံများက ‌ပြောသည်။

“သက်ကြီးပိုင်းတွေကိုလည်း pdf နဲ့ ဆက်စပ်တာမျိုးရှိလားဆိုပြီး လာစစ်ဆေးမေးမြန်းတာမျိုး ရှိတယ်” ဟု မြို့ခံတဦးက ပြောသည်။

အာဏာသိမ်း စစ်ကောာင်စီသည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားလူငယ်များအပြင် စိတ်ကျန်းမာရေးချို့တဲ့သူကိုပါ ရာဇသတ်ကြီးဉပဒေပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီီးပြီး‌ ထောင်သွင်းအကျဉ်းချမှုများ ပြုလုပ်နေသည်။

စစ်တပ်အာဏာသိမ်းမှု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၄,၈၁၇ ဦးရှိပြီး ယင်းအနက် ၁၉,၂၄၆ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

စာတည်း။  ။ နောင်နောင်
Photo - Sithu Aung Facebook

#ရခိုင်
#မာန်အောင်
#လုပ်ငန်းရှင်ဖမ်းဆီး
#Mizzima
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4😢3🤬2
​​စစ်ကောင်စီအမိန့်ကြောင့် ဈေးလျှော့ရောင်းသည့်ဆီကို စားသုံးပြီးနောက် ရောဂါအချို့ခံစားရ
==============

မင်းထက်

(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် စစ်ကောင်စီအမိန့်ကြောင့် ၄,၅၀၀ ကျပ်ဖြင့် စျေးလျှော့ရောင်း ချပေးသည့်ဆီများကိုစားသုံးပြီးနောက် လည်ချောင်းနာနှင့် ချောင်းဆိုးသလိပ်ကပ်ဝေဒနာများ ခံစားနေ ကြရကြောင်း ဒေသခံများထံမှ သိရသည်။

“အဲဒီဆီက နှစ်လလောက်ထားရင် အရောင်က အင်ဂျင်ဝိုင်လိုအရောင်ကို ပြောင်းသွားတယ်။ အပြင်မှာ စျေးကြီးတော့လည်း ဒါပဲစားရတာပေါ့။ အဲဒီဆီကို စားတဲ့လူတိုင်း ချောင်းဆိုး၊ လည်ချောင်းနာဖြစ်နေတာ” ဟု ပုသိမ်ဒေသခံတဦးက ပြောသည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဝင် ကိုယ်စားလှယ်များ၊ စားသုံးသူရေးရာ တာဝန် ရှိသူများက တန်းစီဝယ်ယူရသည့်စနစ်ဖြင့် ရပ်ကွက်အလိုက် အပတ်စဥ်လှည့်လည် ရောင်းချပေးနေသည့် စားသုံးဆီများကို စားသုံးပြီးနောက် ထိုသို့ဝေဒနာများ ခံစားနေရခြင်းဖြစ်သည်ဟု ဆိုသည်။

ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူများ ထုတ်ဝေမည်ဟု သတင်းများထွက်ပေါ်လာသည့် ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်ကာ စားသုံးဆီအပါအဝင် ကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ စျေးနှုန်းမြင့်တက်လာချိန်မှစကာ စစ်ကောင်စီအမိန့်ကြောင့် တပိဿာ ၄,၅၀၀ ကျပ်နှုန်းဖြင့် တအိမ် ထောင်တပိဿာနှုန်းဖြင့် စားသုံးဆီများကို ရပ်ကွက်အလိုက် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“၂၀,၀၀၀ တန်ထွက်မယ်လို့ကြေညာပြီး သိပ်မကြာဘူး ဆီစျေးစတက်တာပဲ။ အခုဆို ဆီကိုလျှော့စျေးနဲ့ ရောင်းနေတာ သုံးလလောက်ရှိပြီ။ သူတို့ရောင်းတဲ့ဆီက ဓာတုဆီလို့လည်း ကောလာဟလတွေပြောနေ ကြတယ်။ ကျမတို့တော့ ကြောက်လို့ဝယ်မစားဘူး” ဟု ပုသိမ်ဒေသခံ အမျိုးသမီးတဦးကပြောသည်။

ဆီတန်းစီဝယ်သူများက ၎င်းတို့ရရှိလာသည့်ဆီကို နီးစပ်ရာအရောင်းဆိုင်များသို့ တပိဿာ ၇,၀၀၀ (သို့) ၈,၀၀၀ ကျပ်နှုန်းဖြင့် ပြန်လည်ရောင်ချသူလည်းရှိပြီး ဆိုင်ပိုင်ရှင်များက ၎င်းတို့ရောင်းချနေသည့် ဆီများ နှင့် ရောနှောရောင်းချနေသည့်အတွက် ရေရှည်တွင် ကျန်းမာရေးထိခိုက်လာနိုင်ကြောင်း CDM ကျန်းမာ ရေးဝန်ထမ်းများက သတိပေးသည်။

“ဒီဆီတွေက စားသုံးဆီထဲမှာ အညံ့ဆုံးအမျိုးအစားတွေဖြစ်ပါတယ်။ ရေရှည်စားသုံးဖို့ မသင့်တော်ပါဘူး။ သွေးတိုး၊ ဆီးချိုရှိတဲ့လူတွေဆို ပိုရှောင်သင့်ပါတယ်။ ဒီဆီထဲမှာ ဘာတွေပါနေတယ်ဆိုတာကတော့ ဓာတ် ခွဲစမ်းသပ်ပြီးမှ အသေးစိတ်ပြောလို့ရပါမယ်” ဟု CDM ဆရာဝန်တဦးက သုံးသပ်ပြောဆိုသည်။

တပိဿာ ၄,၅၀၀ ကျပ်ဖြင့် ရောင်းချပေးသည့် စားသုံးဆီများကိုစားသုံးခဲ့သည့် ကန်ကြီးထောင့်၊ ဟင်္သာတ နှင့် မအူပင်မြို့နယ်တို့မှ ဒေသခံများကလည်း ချောင်းဆိုး၊ လည်ချောင်းနာ၊ သလိပ်ကပ် ဝေဒနာများခံစား ခဲ့ရကြောင်း မဇ္စျိမကိုပြောသည်။

လက်ရှိတွင် ဧရာဝတီတိုင်းအပါအဝင် နိုင်ငံတဝန်းရှိမြို့နယ်များ၌ စားသုံးဆီစျေးနှုန်း ၁၀,၀၀၀ မှ ၁၂,၀၀၀ ကျပ် အထိရှိနေသည်ဟုသိရပြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဝင် ကိုယ်စားလှယ်များ၊ စားသုံး သူရေးရာတာဝန်ရှိသူများက တန်းစီအလှည့်ကျဝယ်ယူရသည့်စနစ်ဖြင့် ဆီရောင်းချမှု ဆက်လက်ပြုလုပ် နေသည်ဟု သိရသည်။

ဓာတ်ပုံ - ပုသိမ်ဒေသခံပေးပို့လာသည့် အင်ဂျင်ဝိုင်အရောင် စားသုံးဆီ

စာတည်း။ ။စောဖေ

#ဧရာဝတီတိုင်း
#စားသုံးဆီ
#ကျန်းမာရေး
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤3🤬3🔥1
ရေတလျောက် စခန်းသိမ်းတိုက်ပွဲတွင် ပါဝင်သည့် SOG တပ်ဖွဲ့ ဗီဒီယိုဖိုင် ထုတ်ပြန်
===============

YT 

(မဇ္ဈိမ)။   ။ ထိုင်း- မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ရေတလျောက်စစ်ကောင်စီတပ်စခန်းအား တပ်မဟာ (၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဗီဒီယိုဖိုင်အား တိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် Special Operations Group (SOG) တပ်ဖွဲ့က ထုတ်ပြန်လာသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၇နာရီ ၅၅ မိနစ်အချိန်တွင် စစ်ကောင်စီတပ်​၏ ရေတလျောက်စခန်းအား တပ်မဟာ (၆) KNLA တပ်ရင်း (၁၈) ပူးပေါင်းတပ်ဖွဲ့များက စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၂၅ မိနစ်အကြာ နံနက် ၈ နာရီ ၂၀ မိနစ်တွင် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့သည်။

ရေတလျောက် စခန်းသိမ်းတိုက်ပွဲအား တပ်မဟာ (၆) KNLA တပ်ရင်း (၁၈) ၊ Special Operation Group(SOG)တပ်ဖွဲ့ ၊ ဧရာဝတီအင်အားစုတပ်စု ၊ Dawna Phoenix Drone Team နှင့် Tiger Dragon Revolution Force ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။

SOG မှ ထုတ်ပြန်လာသည့် စခန်းသိမ်းတိုက်ပွဲ ဗီဒီယိုဖိုင်သည် လေးမိနစ်နှင့် ၄၆ စက္ကန့်ကြာမြင့်ပြီး ရေတလျောက်စခန်း​၏ မြေပြင်အနေအထား၊ တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ်သား သေဆုံးမှုတို့ကို အရှင်းအလင်း ရိုက်ကူးထားကြောင်း တွေ့ရသည်။ 

ရေတလျောက်စခန်းသည် စစ်ကောင်စီအတွက် အရေးပါသည့် စခန်းတခုဖြစ်ကြောင်း တောင်ပိုင်းတိုင်း J.O.C အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတဦးက စက်တင်ဘာလ ၁၅ ရက်နေ့က မဇ္ဈိမကိုပြောသည်။ 

" ဒီစခန်းက စကစ အတွက်က​တော့ အ​ရေးပါတဲ့ စခန်းဖြစ်တယ်၊ ဘာ​ကြောင့်လဲဆို​တော့ လှုပ်ရှားစစ်​ကြောင်း​တွေအတွက် ခဲယမ်းနဲ့ရိက္ခာ အရံ​တွေ ထားသလို ဒဏ်ရာရလူနာ​တွေ ရှိရင်လည်း ဒီမှာ တထောက်နားပြီးမှ အ​နောက်ကို ဆက်ပို့ရတာ​ကြောင့်ဖြစ်တယ် ။ နောက်တခုက နယ်စပ်နဲ့နီး​တော့ ကျ​နော်တို့ကို ပိတ်ဆို့ထားချင်တဲ့အ​နေနဲ့ တည်ရှိ​နေတာဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်တွင် ကိုးဦးသေဆုံး၍ ထွက်ပြေးလွတ်မြောက်သွားသူများလည်းရှိကာ တပ်မဟာ (၆) KNLA တော်လှန်ရေး ပူးပေါင်းတပ်ဖွဲဘက်တွင်လည်း ရဲဘော်တဦး ကျဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ပိုင်ဆိုင်သည့် MA အမျိုးအစား သေနတ် စုစုပေါင်း ခြောက်လက်၊ RPG တလက်၊ ၆၀မမ ပြောင်းတိုနှစ်လက်၊ ပစ္စတိုနှစ်လက်၊ ငါးကြင်းမြီးစက်လတ် တလက်နှင့် RPG-7 ကျည် ၇၀လုံး၊ ၈၁ မမ ကျည် ၄၀ လုံး၊ ၆၀ မမ ကျည် ၁၁၀ လုံး၊ ၇၉ မမ ကျည် ၄၀ လုံး၊ တိုက်မိုင်း ၂၀ လုံး၊ နင်းမိုင်း ၂၃ လုံး၊ ရှေ့ထွက်မိုင်း သုံးလုံး၊ ဆက်သွယ်ရေးစက်ကြီး တလုံး၊ လက်ပစ်ဗုံး ၂၀ လုံး၊ ၅.၅၆ ကျည် ၂,၈၀၀ တောင့်၊ ၇.၆၂ ကျည် ၈၀၀ တောင့်နှင့် Compass နှစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

https://youtu.be/-M64JXD8vuI?si=pfBalWLgcuedS_eW

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#KNLA
#ရေတလျောက် 
#စခန်းသိမ်းတိုက်ပွဲ
#ကော့ကရိတ်မြို့နယ်
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21😁2👏1
မြန်မာ့အရေး အခြေအနေပိုဆိုးလာနေကြောင်း ကုလအတွင်းရေးမှုးချုပ်ပြော
==============

မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေ ပိုဆိုးလာပြီး ငတ်မွတ်ခေါင်းပါးမှုတွေလည်း ပိုတိုးလာတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ လတ်တလောကျင်းပနေတဲ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း စက်တင်ဘာ ၁၉ ရက်က ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောလိုက်ပါတယ်။

 “မြန်မာနိုင်ငံတွင်း ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ ဖိနှိပ်မှုတွေရှိနေပြီး ငတ်မွတ်ခေါင်းခေါင်းပါးမှုတွေဟာလည်း ပိုပိုဆိုးလာသလို ဒီမိုကရေစီ ပြန်ရရေး မျှော်လင့်ချက်တွေဟာလည်း ရိုက်ချိုးဖျက်ဆီးခံနေရတယ်’’ လို့ အတွင်းရေးမှူးချုပ်က ပြောသွားပါတယ်။
မြန်မာအပါအဝင် တစ်ကမ္ဘာလုံးမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေဖြေရှင်းဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဟာ အရေးကြီးပြီး ဒီလို ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင် ကျော်လွှားနိုင်ရေးအတွက် နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အရေးပါကြောင်း၊ လတ်တလောမှာတော့ အဲဒီလိုအတူတကွ ပူးပေါင်းတုံ့ပြန်တာတွေ မလုပ်နိုင်ဘူးဖြစ်နေတယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။ 
ကမ္ဘာ့ကုလသမဂ္ဂ၏ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့အထိ နောက်ဆုံးစာရင်းအရ မြန်မာနိုင်ငံတစ်ဝန်း တွင်ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေမှာ ၁ ဒသမ ၉ သန်းကျော်အထိရှိလာပြီ ဖြစ်သည်ဟု စက်တင်ဘာ ၂၀ ရက်နေ့တွင် UNOCHA ကထုတ်ပြန်သည်။
နိုင်ငံအနောက်မြောက်ပိုင်းနှင့် အရှ့တောင်ပိုင်းတို့တွင် လက်နက်ကိုင်ပဋိပက္ခများသည် ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး အရပ်သားသေဆုံးမှုများလည်း ဆက်တိုက်ရှိနေကာ လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေးများမှာလည်း တစ်ချို့နေရာများတွင် ကန့်သတ်ခံရမှုတိုးလာသည်များရှိသည်ဟု ဖော်ပြသည်။

လက်ရှိတွင်လည်း ရှိရင်းစွဲနေရပ်စွန့်ခွာမှုဒုက္ခအပြင် ရာသီဥတုဆိုးရွားမှုတို့ကိုပါ ပူးတွဲခံစားနေရသူများ နိုင်ငံအနှံ့တွင် ရှိနေသေးကြောင်းနှင့် လူးသားချင်းစာနာမှုဆိုင်ရာ အကူညီများပေးရေးတွင် အဓိကအနေဖြင့် ကချင်ပြည်နယ်နှင့် နိုင်ငံအရှေ့တောင်ပိုင်းတို့တွင် အကူညီပေးရေးများ ကန့်သတ်ခံရမှု ပိုတိုးလာသည်ဟုလည်း ယနေ့ စက်တင်ဘာ ၂၀ ရက်ထုတ်ပြန်ချက်တွင် ရေးသားသည်။

ရခိုင်နှင့် ချင်းပြည်နယ်ပလက်ဝဒေသတို့တွင်လည်း နေရပ်စွန့်ခွာသူများကို အကူညီပေးရေးအတွက် စစ်ကောင်စီထံမှ ခွင့်ပြုချက်ယူနေရဆဲဖြစ်ပြီး ထိုအခြေနေများကြားတွင် အကူညီပေးရေးများ နှောင့်နှေးမှုတို့ မကြာခဏရှိတတ်သည်ဟု NGO အသိုင်းဝန်းမှ ဝန်ထမ်းတစ်ဦးကပြောသည်။
 
ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုရုံး UNOCHA က ယခု ၂၀၂၃ ခုနှစ်တွင် လူဦးရေ ၅ သန်းအား လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေးဆောင်ရွက်ထားပြီး လက်ရှိအချိန်ထိ လူဦးရေ ၁ ဒသမ ၈ သန်း‌ကျော်ကို အကူညီများပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။

https://youtu.be/d5SNEx4Dazc?si=nIO5Nv8_f3tDdKmK

#PoliticalNews 
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25❤2🔥2👎1
စက်တင်ဘာလ( ၂၁ )ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

-မြန်မာ့အရေး အခြေအနေပိုဆိုးလာနေကြောင်း ကုလအတွင်းရေးမှုးချုပ်ပြောတဲ့သတင်း

-ဩစတေးလျနိုင်ငံရောက် မြန်မာတွေနဲ့ ဒေါက်တာဇော်ဝေစိုး တွေ့ဆုံပွဲမှာ ရန်ပုံငွေ ဒေါ်လာ ၂၀,၀၀၀ ဝန်းကျင်ရရှိတဲ့သတင်း

-မင်းကင်းမှ စစ်ရေယာဉ်အုပ်စု ချင်းတွင်းမြစ်အတိုင်းစုန်ဆင်းလာပြီး ကနီဒေသခံ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာ ရှောင်နေရတဲ့သတင်း

-တရုတ်နိုင်ငံကို လာလည်ဖို့ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်ကို လက်ခံခဲ့ကြောင်း ပူတင်ပြောတဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/Ta56JS63xjQ?si=wuZHFGTqwxonuxqs

#4pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥2
​​Mizzima needs your support! 

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.
ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ 
👉 https://bit.ly/2VhJ12U 

For more information- https://donate.mizzima.com/mm/ 

#supportmizzima
👍4🔥1