Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​လူမဆန်သည့် စစ်တပ်အား တာ၀န်ယူမှုတာ၀န်ခံမှုရှိရန် မည်သို့လုပ်ဆောင်မလဲဟု ဦးကျော်မိုးထွန်းက နိုင်ငံတကာသို့ မေးခွန်းထုတ်
=====================

လူမဆန်သည့် စစ်တပ်အား တာ၀န်ယူမှုတာ၀န်ခံမှုရှိရန် မည်သို့လုပ်ဆောင်မလဲဟု ဦးကျော်မိုးထွန်းက နိုင်ငံတကာသို့ မေးခွန်းထုတ်လိုက်သည်။

(၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ ပြုလုပ်သည့် ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် အခြားသော ရက်စက်ကြမ်းကြုတ်၍ လူသား မဆန်သော သို့မဟုတ် နှိမ့်ချဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးခြင်း ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။

ညှဉ်းပန်းနှိပ်စက်မှုများနှင့် လူသားမဆန်သည့် လုပ်ဆောင်ချက်များ အား ချက်ချင်းရပ်တန့်ရန်နှင့် စစ်တပ်အား တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မည်သည့် စုပေါင်း ‌ဆောင်ရွက်မှုများအား လုပ်ဆောင်နိုင်မည်ကို သိရှိလို‌ကြောင်း ၎င်းက‌ပြောသည်။

မြန်မာတွင် စစ်တပ်က ညှဉ်းပန်းနှိပ်စက်မှုနှင့် ရက်စက်ကြမ်းကြုတ် မှုများကို ဆယ်စုနှစ်ပေါင်းများစွာ ကျူးလွန်လျက်ရှိပြီး မတရား စစ်အာဏာသိမ်းခဲ့ချိန်မှစ၍ အလွန်အမင်း ဆိုးရွားလာခဲ့ကြောင်း၊နိုင်ငံရေး အကြောင်းပြ၍ မတရား ဖမ်းဆီးချုပ်နှောင်ထားသူ စုစုပေါင်း (၂၅,၂၇၄) ဦး ရှိပြီး (၄,၁၄၅) ဦးမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရကြောင်း၊ ၃၅ ရာခိုင်နှုန်းမှာ ဖမ်းဆီးထိန်းချုပ် ခံထားရစဉ် သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ‌ပြောသည်။

အဓိကအားဖြင့် ဖမ်းဆီးထိန်းချုပ်ခံထားရစဉ် သေဆုံးရသည့် ဖြစ်စဉ်များမှာ စစ်တပ်က ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် ရိုက်နှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အစာနှင့် သောက်သုံးရေချို့တဲ့မှု နှင့် ဆေးဝါးကုသခြင်းအား ငြင်းဆန်ခံရမှု အပါအဝင် လူမဆန် ‌သော ဆက်ဆံမှုများကြောင့် ဖြစ်ကြောင်း ယင်းဖြစ်စဉ်များသည် စစ်တပ်၏ အကျဉ်းထောင်များ၊ စစ်ကြောရေးစင်တာများ၊ စစ်စခန်းများနှင့် ဖမ်းဆီးထိန်းချုပ်ရန် အသုံးပြုသည့် နေရာများအားလုံးတွင် ဖြစ်ပွားခဲ့ကြောင်း ၎င်းက‌ပြောသည်။

သို့သော်မြန်မာစစ်တပ်မှာအဆိုပါ ပြစ်မှုများကို ပြစ်ဒဏ်ကင်းလွတ် ခွင့် ခံစား၍ ကျူးလွန်နေခြင်းပင်ဖြစ်ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူများ၏ အသံကို လေးစားရန်၊ မြန်မာနိုင်ငံတွင် ကြေကွဲ ၀မ်းနည်းဖွယ်ကောင်းသည့် ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရန်နှင့် စစ်တပ်အား အပြစ်ပေး‌ရေးအတွက် လိုအပ်သည့် အရေးယူမှုများ ချမှတ်ရန် အလေးထား တိုက်တွန်းလို‌ကြောင်း ဦးကျော်မိုးထွန်းက ‌ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍33😁3❤2
အောက်တိုဘာလ (၁၄) ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=======================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ကချင်ဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုအတွက် မြန်မာစစ်ကောင်စီကို ပြတ်ပြတ်သားသားအရေးယူဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီကတိုက်တွန်းလိုက်တဲ့သတင်းနဲ့အတူ စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ မလယ်တိုက်နယ် ၊ ချောင်းရှည်အပိုင် ကျေးရွာမှာ ကိုးနှစ်အရွယ် ကလေးငယ်အပါအဝင် မိသားစုဝင်ခြောက်ဦး နေအိမ်အတွင်း သတ်ဖြတ်ခံရတဲ့သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်း တွေနဲ့ နိုင်ငံတကာ သတင်းတွေကို နားဆင်ရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။

https://youtu.be/IneQewALB0Q?si=b4Sb6NciHYH56e5t

#Mizzimaradio
#Morningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16😁2
​​အာဏာရှင်စနစ်ခေါင်းမထောင်နိုင်အောင် အပြီးသတ်ရှင်းလင်းမည့် နောက်ဆုံးတိုက်ပွဲဟု ပြည်သူများသို့ NUG ယာယီသမ္မတ ‌ပြော
=====================

အာဏာရှင်စနစ်ခေါင်းမထောင်နိုင်အောင် အပြီးသတ်ရှင်းလင်းမည့် နောက်ဆုံးတိုက်ပွဲဟု ပြည်သူများသို့ NUG ယာယီသမ္မတက ‌ပြောသည်။

" ကျနော်တို့ လက်ရှိဆင်နွှဲနေတဲ့ တိုက်ပွဲဟာ နောက်ဆုံးတိုက်ပွဲ ဖြစ်ပါတယ်..။ နောက်ဆုံးတိုက်ပွဲလို့ ပြောတာက ဒီတကြိမ်တိုက်ပြီး နိုင်နိုင်/မနိုင်နိုင် နောက်တကြိမ် ဆက်ပြီးမတိုက်တော့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး..။ ဒီတကြိမ် ဆင်နွဲနေတဲ့ တော်လှန်ရေးဟာ နောက်တကြိမ်ထပ်မံ ဆင်နွှဲစရာမလိုအပ်တော့တဲ့အထိ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို ဒီမြေဒီရေမှာ ဘယ်တော့မှ နောက်တကြိမ်ခေါင်းထောင် ရှင်သန်ခွင့်မရှိအောင် အပြီးသတ်ချေမှုန်းရှင်းလင်းသွားမယ့် တော်လှန်ရေးမို့ နောက်ဆုံးတိုက်ပွဲလို့ ရည်ညွှန်းပြောဆိုတာဖြစ်ပါ တယ်" ဟု ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းတွင် ‌ထည့်သွင်း‌ပြောသည်။

တော်လှန်ရေး နှစ်နှစ်တာကာလအတွင်း စစ်အုပ်စုကို အထိနာ ‌စေမည့် တိုက်ပွဲများ ဖော်ဆောင်နိုင်ခဲ့သည်ဟု ၎င်းက‌ပြောသည်။
" တော်လှန်ရေးကာလ ၂ နှစ် ကျော်လာတဲ့အချိန်မှာ ကျွန်တော်တို့ အနေဖြင့် ရန်သူစစ်အုပ်စုအပေါ် အထိနာစေနိုင်တဲ့ စစ်ရေး ဖေါ်ဆောင်မှုတွေကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပါတယ်။ အထူးသဖြင့် ၂၀၂၂ ခုနှစ် နဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ ခုခံတိုက်ပွဲပေါင်း ခြောက်ထောင့်ရှစ်ရာကျော် ဆင်နွှဲထားနိုင် ခဲ့ပါတယ်။ အဲ့ဒီအထဲမှာ စခန်း သိမ်းတိုက်ပွဲပေါင်း ၁၀၀ ကျော်လည်း အပါအဝင် ဖြစ်ပါတယ်။ ဒါဟာ ခုခံစစ် ပထမနှစ်နဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် အချက်အလက်တွေအရကို သိသာထင်ရှားစွာ တိုးမြင့် လာတဲ့ တိုက်ပွဲဖေါ်ဆောင်မှု နဲ့ အောင်မြင်မှုတွေဖြစ်ပါတယ်" ဟု ယာယီသမ္မတက ‌ပြောသည်။
မိမိတို့ဘက်မှ ရှင်းလင်းပြတ်သားသည့် ယုံကြည်ချက်ဖြင့်တိုက်ပွဲ ၀င်နေသော်လည်း စစ်ကောင်စီဘက်တွင်မူ ယုံကြည်ချက်မဲ့နေ သည်ဟု ၎င်းက‌ပြောသည်။

" ပြည်သူလူထုကို ရန်သူသဖွယ်သဘောထားပြီး အကြမ်းဖက် တိုက်ခိုက်နေတဲ့ စစ်အုပ်စုဟာ အကြမ်းဖက် လက်နက်ကိုင်ဂိုဏ်း တခုသဖွယ်သာ ရှိပါတော့တယ်။ ကျွန်တော်တို့ တော်လှန်ရေး ရဲဘော်များဟာ ရှင်းလင်းပြတ်သားတဲ့ ယုံကြည်ချက်နဲ့ တိုက်ပွဲ ဝင်နေကြပေမယ့် စစ်ကောင်စီ တပ်သားတွေကတော့ ယုံကြည်ချက် မဲ့စွာ တိုက်နေရတယ်ဆိုတာက ငြင်းချက်မထုတ်နိုင်တဲ့ အရှိတရားဖြစ်ပါတယ်။ ဒါဟာ ကျွန်တော့်တို့အနေနဲ့ ရန်သူကို လျှော့တွက်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ရန်သူရဲ့ အခြေအနေ၊ ရန်သူရဲ့ အားနည်းချက်တွေကို သုံးသပ်ဆန်းစစ်ပြီး တော်လှန်ရေး အရှိန်ကို မဟာဗျူဟာကျကျ မြှင့်တင်နိုင်ဖို့ ပြောဆိုတာဖြစ်ပါတယ်" ဟု ယာယီသမ္မတ ဒူဝါလရှီးလက ‌ပြောသည်။

NUG အစိုးရအနေဖြင့် ပြည်သူများနှင့် ကင်းကွာမှုမရှိဘဲ တော်လှန်ရေးနှင့်ပတ်သက်သည့် အ‌ခြေအနေများကို လစဉ် တင်ပြမည်ဟု ၎င်းကဆက်‌ပြောသည်။

" ကျွန်တော် ချစ်ခင်လေးစားရပါသော တိုင်းသူပြည်သားများ ခင်ဗျား။ပြည်သူ့တော်လှန်ရေးဟာ ပြည်သူနဲ့မကင်းကွာဘဲ ပြည်သူနဲ့အတူ တသားတည်းတည်ရှိနေခြင်းက ဒီတော်လှန်ရေးရဲ့ အသည်းနှလုံးဖြစ်တယ်ဆိုတာကို ကျွန်တော် လေးနက်စွာ ယုံကြည်ပါတယ်။ ပြည်သူလူထုအနေနဲ့လည်း တော်လှန်ရေးရဲ့ အခြေအနေအမှန်ကို သိရှိနေဖို့ အင်မတန်မှ အရေးကြီး ပါတယ်" ဟု ယာယီသမ္မတက ‌ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24❤3😁2👏1
​​14.10.2023 (Saturday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
=====================

Highlight

Cele City ( ညနေ - ၄ နာရီခွဲ)
ကိုယ်ရယ်မင်းရယ် သီချင်းရယ် (ည- ၇ နာရီ)
India Movie - Pathu Thala (ည- ၈ နာရီ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
👍5🔥1
​​မြစ်ကြီးနား - ဖားကန့် ကားလမ်းပေါ် တွင် တိုက်ပွဲဖြစ်ပွားနေ
===================

အဂမ်
(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ မြစ်ကြီးနား - ဖားကန့် ကားလမ်းမပေါ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်တို့အကြား ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲပြန်ဖြစ်နေကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

မြစ်ကြီးနား - ဖားကန့် ကားလမ်းမပေါ်က ကားမိုင်းနှင့် နန့်ယားကြားရှိ မအူပင်ကျေးရွာအနီးသို့ စစ်ကောင်စီတပ်များက ကနဦး စစ်ရေးလှုပ်ရှားလာသည့်အတွက် ယနေ့နံနက် ၈ နာရီက စတင်ပြီး နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဆိုသည်။
လောလောဆယ်တွင် တိုက်ပွဲအခြေအနေအသေးစိတ်ကို မသိရသေးဘဲ မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့ ကလည်း ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ၂၂ ရက်နေ့မှာ စစ်ကောင်စီတပ်က ကားမိုင်းမှ ဖားကန့်ဘက်ကို စစ်ကြောင်းထိုးလှုပ်ရှားလာခဲ့ရာ ယင်းစစ်ကြောင်းကို KIA ဘက်က နန့်ယားမရောက်ခင် ကျောက်ထုရွာ အနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်။
ယင်းနောက် နှစ်ဘက် စစ်ရေးတင်းမာလာသောကြောင့် တိုက်ပွဲဖြစ်သည့် ဩဂုတ်လ ၂၂ ရက်နေ့တွင် မြစ်ကြီးနား - ဖားကန့် ကားလမ်းမကို ပိတ်လိုက်ပြီး ယင်းနောက် ငါးရက်အကြာ ဩဂုတ်လ ၂၈ ရက်နေ့တွင် နှစ်ဘက်တပ်က လမ်းပြန်ဖွင့်ပေးခဲ့သည်။

ထို့ပြင် စက်တင်ဘာလအတွင်းကလည်း ဖားကန့်လုံးခင်းရတနာမြေအတွင်းမှာ KIA တပ်နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

စာတည်း။ ။ နောင်နောင်

#ဖားကန့်
#မြစ်ကြီးနားကားလမ်း
#KIA
#Mizzima

ဓာတ်ပုံ- မြစ်ကြီးနား- ဖားကန့် လမ်းပိုင်းကို တွေ့ရစဉ် (ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10👏2🔥1
မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှု မန္တလေးတွင် ရှုတ်ချ ကန့်ကွက်ဆန္ဒပြ
👍13😁3🔥1
မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှု မန္တလေးတွင် ရှုတ်ချ ကန့်ကွက်ဆန္ဒပြ
=====================

၀၀၈
(မဇ္ဈိမ)။ ။ မန္တလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ နေရာအနှံ့စစ်ဆေးမှုများပြုလုပ်နေသည့်ကြားက အောက်တိုဘာ ၁၄ရက်၊ နံနက်ပိုင်း၌ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုကို ရှုတ်ချ ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲကို မန္တလေးသပိတ်အင်အားစုက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို အောက်တိုဘာ ၉ရက်၊ ညပိုင်းက တိုက်ခိုက်ခံရမှုတွင် ကလေးငယ် ၁၃ဦးနှင့် အမျိုးသမီးများအပါအဝင် ပြည်သူ ၂၉ဦးထက် မနည်းသေဆုံးခဲ့ကာ စစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်နေမှုကို ကန့်ကွက်ကြောင်း ယခုလို ဆန္ဒပြခြင်းဖြစ်သည်။

"ကျွန်တော်တို့ မန္တလေး သပိတ်အင်အားစုအနေနဲ့ အကြမ်းဖက်သတ်ဖြတ်မှုကို အပြင်းအထန်စွာ ကန့်ကွက် ရှုတ်ချပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ အပြစ်မဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေ ဆက်တိုက်ကျူးလွန်နေရုံသာမက တိုင်းပြည်ရဲ့အနာဂတ်ဖြစ်တဲ့ ကလေးသူငယ်တွေကိုပါ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်နေမှုဟာ အောက်တိုဘာ လဝက် စာရင်းတွေအရ ၄၇၂ဦးခန့်ရှိနေပါတယ်။"ဟု မန္တလေးသပိတ်အင်အားစု ဦးဆောင်သူတစ်ဦးကပြောသည်။

"Stop Killing Our Children"စာတန်းပါ ဗီနိုင်းချိတ်ဆွဲခြင်း၊"ငါတို့ကလေးတွေကို စစ်ရဟတ်ယာဥ်တွေသုံးပြီး သတ်နေတယ်။ ခင်ဗျားတို့ ရပ်ကြည့်နေမှာလား" ဟု စာသားပါ ပိုစတာများကပ်ခြင်းနှင့်"ကလေးပါမကျန် သတ်တဲ့ ဖက်ဆစ်တပ် ပြည်သူအားနဲ့အမြစ်ဖြတ်၊ အချိန်ကြာလို့ အေးသွားမယ့်သွေးကို ကြယ်ကြွေညတွေ ပြန်တွေး နွှေးပါ၊ တစ်ကြိမ်တစ်ခါလောက်ပဲ ရဲရင့်ပေးကြပါ၊ ဒီတော်လှန်ရေး မုချအောင်မြင်ရမှာ ဧကံမလွဲပါ၊ အကြောက်တရားကိုရိုက်သွင်းလေ တော်လှန်ချင်စိတ်က ပိုပြင်းထန်လေပဲ"ဟု ရေးသားထားသည့် စာရွက်များလည်း ကြဲဖြန့် ဆန္ဒပြခဲ့ကြောင်းသိရသည်။

ကလေးသူငယ်ဆိုင်ရာ အရပ်ဖက် အဖွဲ့အစည်းများအနေဖြင့် လက်ရှိစစ်ဘေးဒဏ်ကြောင့် ချို့ယွင်းလျှက်ရှိသည့် ကလေးသူငယ် အခွင့်အရေးများကို အလေးထားကာ အကူအညီများ ပေးစေလိုကြောင်း တိုက်တွန်းတောင်းဆိုသည်ဟု မန္တလေး သပိတ်အင်အားစုအဖွဲ့က ဆိုသည်။

ဆန္ဒပြထားသည့် နေရာသို့ ယနေ့ နံနက် ၁၀နာရီတွင် စစ်ကောင်စီတပ်ဖွဲ့ ရောက်လာပြီး ဗီနိုင်းနှင့်ကပ်ထားသည့် ပိုစတာများကို သိမ်းဆည်းကာ အနီးပတ်ကျင်၌ ရှိနေသူများကို စစ်ဆေး မေးမြန်းမှုများပြုလုပ်သွားကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကလေးသူငယ်
#မန္တလေးမြို့
#သပိတ်အင်အားစု
ဓါတ်ပုံ-မန္တလေးသပိတ်အင်အားစု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21😁2❤1
​​စစ်ကောင်စီ ပြုလုပ်မည့် NCA ပွဲကို တက်ရောက်မည်မဟုတ်ဟု KNU ပြော
========================

YT
(မဇ္ဈိမ) ။ ။ အာဏာသိမ်း စစ်ကောင်စီက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရှစ်နှစ်ပြည့်အခမ်းအနားကို ကျင်းပရန် ပြင်ဆင်ထားပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) အနေဖြင့် ထိုအခမ်းအနားသို့ တက်ရောက်မည်မဟုတ်ကြောင်း KNU ဗဟိုကော်မတီဝင် ပဒိုစောတောနီးက မဇ္ဈိမကို ပြောသည်။

"တက်လိုက်ရင် ဘာဖြစ်သွားမလဲ၊ ဒီလိုတရားမဝင်တဲ့ အဖွဲ့အစည်းကို သွားပြီးတော့ ပလူးပလဲလုပ်နေမယ်ဆိုရင် ကိုယ်ပါ ရောယောင်ပြီး အထင်သေး အမြင်သေး ခံနေရပြီးတော့ ကိုယ့်သိက္ခာတွေလည်း အကုန်ကျပြီးတော့ ဘာမှ သုံးစားမရတဲ့အဆင့်ရောက်သွားပြီ၊ ရှင်းရှင်းပြောရမယ်ဆိုရင် အဆိပ်ပင်ရေမလောင်းဘူးဆိုတာ အဲ့ဒါကိုပြောတာ၊ ကျွန်တော်တို့ လုံးဝမလုပ်ဘူး" ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောတောနီးက မဇ္ဈိမကို ပြောသည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် NCA ရှစ်နှစ်ပြည့်အခမ်းအနားကို စစ်ကောင်စီက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်း ဗဟိုဌာန - ၂ (MICC-2) ၌ ကျင်းပရန် ပြင်ဆင်ထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား အဆိုပါ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားထားသည်။

"ကျွန်တော်တို့ဘက်ကတော့ မူဝါဒ ရှင်းရှင်းလင်းလင်း ရှိထားတယ်၊ ရှိထားတဲ့အတိုင်းလည်း ကျွန်တော်တို့ တိုက်ပွဲဝင်နေတယ်၊ တိုက်ပွဲဝင်နေတဲ့အတိုင်းလည်း ကျွန်တော်တို့ အောင်ပွဲတွေ တဆင့်ပြီးတဆင့်ခံနေတဲ့အပေါ် မှာ သူတို့လုပ်တဲ့ဟာတွေက ဘာမှကို သွားနားထောင်စရာ မရှိဘူး၊ တက်လည်း မတက်ဘူး" ဟု ပဒိုစောတောနီးက မဇ္ဈိမကိုပြောသည်။

ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကလည်း စစ်ကောင်စီတပ်၏ အာဏာသိမ်းခြင်းသည် NCA အခြေခံမူနှင့် ရည်ရွယ်ချက်ကို ဖျက်ဆီးပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပျက်ပြယ်စေသည့်အတွက် NCA ကို အခြေခံသည့် ဆွေးနွေးပွဲနှင့် လုပ်ငန်းစဉ်များ ရပ်တန့်သွားပြီဖြစ်ကြောင်း KNU၊ CNF နှင့် ABSDF တို့က အောက်တိုဘာလ ၁၂ ရက်နေ့က ပူးတွဲသဘောထားထုတ်ပြန်ချက် တစောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပူးတွဲထုတ်ပြန်ချက်တွင် NCA ကို အခြေပြုပြီး ဖိအားပေး ပြုလုပ်နေသည့် NCA ဟန်ပြ အကောင်အထည်ဖော်မှု ဆွေးနွေးပွဲများ၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရှိနေသယောင်ဖြင့် ပြုလုပ်နေသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဟန်ပြလုပ်ရပ်များနှင့် စစ်ကောင်စီက ကျင်းပရန် ပြင်ဆင်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေပြု အတုအယောင် ရွေးကောက်ပွဲတို့သည် နိုင်ငံ၏ အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေပြီး ပဋိပက္ခကို ရှည်လျားအောင် ပြုလုပ်နေခြင်းသာ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

စစ်ကောင်စီက ကျင်းပမည့် NCA ရှစ်နှစ်ပြည့် အခမ်းအနားကို NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အနက် ခုနစ်ဖွဲ့က တက်ရောက်မည် ဖြစ်သည်။
အဆိုပါ တက်ရောက်မည့် ခုနစ်ဖွဲ့သည် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် အဖွဲ့များဖြစ်ပြီး အခမ်းအနားသို့ မတက်ရောက်သည့် ကျန်သုံးဖွဲ့မှာ စစ်ကောင်စီတပ်နှင့် အပြင်းအထန် တိုက်ပွဲများ ပြင်းထန်နေသည့် KNU၊ CNF နှင့် ABSDF တို့ဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီ၏ NCA ရှစ်နှစ်ပြည့် အခမ်းအနား တက်ရောက်ရန် KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး၊ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ဥက္ကဋ္ဌ စောလမွန်တို့ နေပြည်တော်ကို ရောက်ရှိနေကြပြီဖြစ်ကြောင်း စစ်ကောင်စီဘက်ကလာသော သတင်းများတွင် ဖော်ပြထားသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#NCA
#နှစ်ပတ်လည်
#တိုက်ပွဲဖြစ်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤5😁2
​​Mizzima needs your support!

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ

https://bit.ly/2VhJ12U

For more information- https://donate.mizzima.com/mm/

#supportmizzima
👍4😁2
​​စက်သုံးဆီအကန့်အသတ်ဖြင့်ရောင်း၊ ဆီမရှိသည့်အခါ ရပ်နားထားရဟုဆို
====================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ပုသိမ်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီ အလုံအလောက်မရသည့်အတွက် အကန့်အသတ်ဖြင့်သာ ရောင်းချရသည့်အပြင် ဆီရောင်းရန်မရှိသည့်အခါ ရပ်နားထားရသည်ဟု ဆီဆိုင်ပိုင်ရှင်များက မဇ္စျိမကိုပြောသည်။

"ဆီကခွဲတမ်းနဲ့ပဲရနေတော့ အခုရောက် အခုရောင်းရင် အခုကုန်မယ့်ပုံစံဖြစ်နေတယ်။ အဲ့ဒီတော့ ဆီဝယ်သူအားလုံး မဟုတ်ရင်တောင်၊ အားလုံးနီးပါးရအောင် ထိန်းရောင်းနေရတဲ့သဘောပါ။ တချို့ဆိုင်တွေကတော့ ရှိတာရောင်းပြီး ဆီကုန်ရင်မရောင်းတော့ဘဲ၊ ဆီရမှ ပြန်ရောင်းကြတယ်။ အဓိက ဝယ်အားကောင်းနေတာက 92 နဲ့ 95 ပါ။ ဒီဇယ်ကတော့ လုံးဝပြတ်သွားတာမျိုး မရှိသေးပါဘူး"ဟု စက်သုံးဆီဆိုင်ပိုင်ရှင်တဦးက ပြောသည်။

ဓာတ်ဆီနှင့် ဒီဇယ်အမျိုးအစားများအားလုံးကို တပတ်လျှင်နှစ်ကြိမ်သာ သီလဝါဆိပ်ကမ်းမှ ဆီထုတ်ရောင်းပေးနေပြီး တကြိမ်ထုတ်ရောင်းပေးလျှင် သုံးရက်စာရောင်းရန်အတွက်သာ ထုတ်ရောင်းပေးနေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

"တပတ်မှာ အင်္ဂါနေ့တခါ သောကြာနေ့တခါ ဆီထုတ်ရောင်းပေးတယ်။ ဆီသွားထုတ်ရင်လည်း ဆိုင်အကြီးအသေးနဲ့ ရောင်းအားပေါ်မူတည်ပြီး အကန့်အသတ်နဲ့ရတာဆိုတော့ ပြန်ရောင်းဖို့ လုံလုံလောက်လောက်မရဘူးပေါ့။ ဥပမာပြောရရင် ဆိုင်တဆိုင်မှာ ဂါလံ ၃,၂၀၀ ဆီကန်ကြီးရှိသာရှိနေတာ၊ သူတို့ဘက်က သုံးရက်တကြိမ် ဆီထုတ်ရောင်းပေးတာက ဂါလံ ၈၀၀ လောက်ပဲဖြစ်နေတဲ့သဘောပါ။ တချို့ဆိုင်တွေဆိုရင် တခါထုတ်ရင် ဂါလံ ၄၀၀ လောက်ပဲရတယ်"ဟု ပုသိမ်မြို့နယ်အတွင်းမှ ဆီဆိုင်ပိုင်ရှင်နောက်ထပ်တဦးက ဆိုသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးများက စက်သုံးဆီအရောင်းဆိုင်များထံသို့ သွားရောက်ကာ ရောင်းအားစာရင်းများကို တောင်းယူခဲ့သည်ဟု သိရသည်။

လက်ရှိတွင် ၎င်းတို့တောင်းယူထားသည့် စာရင်းများအရ ရောင်းအားကောင်းသည့်ဆိုင်နှင့် ရောင်းအားနည်းသည့်ဆိုင်ဟူ၍ ခွဲခြားကာ သီလဝါဆိပ်ကမ်းမှ ဆီထုတ်ရောင်းပေးနေခြင်းဖြစ်သည်ဟု ပုသိမ်မြို့ပေါ်ရှိ ဆီဆိုင်ပိုင်ရှင်အချို့က ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ အခြားမြို့နယ်များတွင်မူ စက်တပ်ယာဥ်များအားလုံးအတွက် စက်သုံးဆီဝယ်ယူ၍ ရနေသေးကြောင်း ဂါလံပုံး၊ ဆီပေပါများဖြင့် ဝယ်ယူ၍မရကြောင်း မြို့နယ်အသီးသီးရှိ ဒေသခံများက ပြောသည်။

"လက်ရှိတော့ ဆိုင်ကယ်တွေ ဆီသွားထည့်ရင် အပြည့်ထည့်လို့ရနေသေးတယ်။ ဆီစျေးထပ်ကျရင်တော့ အလုပ်လုပ်ရတာ ပိုအဆင်ပြေတာပေါ့။ ဆီစျေးတက်မှာစိုးလို့ ပုံးတွေဘာတွေနဲ့သွားဝယ်ရင်တော့ တချို့ဆိုင်တွေကပေးမရောင်းကြဘူး "ဟုသိမ်မြို့မှ ဆိုင်ကယ် တက္ကစီ(Taxi)မောင်းနှင်သူတဦးက ပြောသည်။

လက်ရှိတွင် ပုသိမ်မြို့၌ ဓာတ်ဆီ 92 တလီတာလျှင် ၂,၀၁၀ ကျပ်နှင့် 95 တလီတာလျှင် ၂,၁၂၀ ကျပ်နှုန်း စျေးပေါက်နေသည်ဟု ဆီဆိုင်ပိုင်ရှင်များ၏ပြောပြချက်အရ သိရသည်။

ပုသိမ်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်က 92 တလီတာလျှင် ၂,၂၂၀ ကျပ်နှင့် 95 တလီတာလျှင် ၂,၃၁၅ ကျပ်စျေးပေါက်ခဲ့သည်ဟုသိရပြီး လက်ရှိစျေးနှုန်းများနှင့် နှိုင်းယှဥ်လျှင် စျေးကျသွားသည်ကို တွေ့ရှိရသည်။

ဓာတ်ပုံ-ပုသိမ်မြို့မှ ဆီဆိုင်တစ်ဆိုင်(ပုံဟောင်း)
.,
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ဧရာဝတီတိုင်း
#ပုသိမ်မြို့
#စက်သုံးဆီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤3🔥1