Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မုံးကိုးဗျူဟာကုန်းကို MNDAA သိမ်းပိုက်ပြီးနောက် သံချပ်ကား ၁ စီး ထပ်မံရရှိ
=============

ဂျူချန်း၊ ရွှေနွယ်

(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့အနောက်ဘက်ရှိ မုံးကိုးဗျူဟာကုန်းကို MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့မှ ယနေ့ နိုဝင်ဘာလ ၇ ရက် မွန်းလွဲပိုင်းက သိမ်းပိုက်ခဲ့ပြီးနောက် သံချပ်ကားတစီး ထပ်မံ ရရှိခဲ့ကြောင်း MNDAA ပြောခွင့်ရ လီကျားဝင်း (ခေါ်) ဦးကျော်နိုင်က မဇ္ဈိမကို ပြောသည်။

“မုံးကိုး ဗျူဟာကုန်းကိုတော့ ကျနော်တို့ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီ” ဟု ၎င်းက ပြောသည်။
အဆိုပါဗျူဟာကုန်းသည် စစ်ရေးအရအရေးပါသည့် ဗျူဟာကုန်းဖြစ်ပြီး နိုဝင်ဘာလ ၅ ရက်နေ့မှ စတင် ကာ MNDAA မှ ဦးဆောင်ပြီး ဒရုန်းတပ်ဖွဲ့အပါအဝင် မဟာမိတ်ပူးပေါင်းတပ်များမှ ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုဗျူဟာကုန်းစခန်းမှ သံချပ်ကားတစီးအပါအဝင် လက်နက်ခဲယမ်း အများ အပြားကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“အချိန် နှစ်ရက်သုံးရက်လောက် ပေးလိုက်ရပါတယ်။ ဒီကနေ့ နေ့လည်ပိုင်းမှာ သိမ်းလိုက်တာပါ။ သံချပ် ကားတော့ စုစုပေါင်းခုနစ်စီးရှိပါပြီဗျ။ ပြန်သုံးလို့ရတဲ့ဟာရှိသလို သုံးလို့မရတဲ့ဟာလည်း ရှိပါတယ်။ သုံး လို့မရတဲ့ ဟာတွေကိုလည်း ကျနော်တို့ ပြန်သုံးလို့ရအောင်လည်း ကြိုးပမ်းနေပါတယ်ဗျ” ဟု MNDAA ပြောခွင့်ရ လီကျားဝင်းက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့ကလည်း မုံးကိုးဒေသရှိ စစ်ကောင်စီ၏ ပန်လုံဗျူဟာကုန်းကို ရက္ခိုင့် တပ်တော်(AA)မှဦးဆောင်ကာ ဒရုန်းတပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့သိမ်းပိုက်နိုင်ခဲ့ ကြောင်း Operation 1027 3BHA က နိုဝင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းဗျူဟာကုန်းနှစ်ခုသည် ခုနစ်ကီလိုမီတာခန့်ကွာဝေးပြီး အရေးပါသည့် စခန်းကုန်းများဖြစ်ကြောင်း လီကျားဝင်းက ပြောသည်။

ပန်လုံဗျူဟာကုန်းတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီ၏တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးချုပ်အောင်ကျော်လွင် သေဆုံးခဲ့သည်ကို တပ်တွင်းသတင်းရင်းမြစ်ထံမှအတည်ပြုကြောင်း CDM ဗိုလ်ကြီးထက်မြတ်က မဇ္ဈိမကို ပြောသည်။

စစ်ဆင်ရေးစတင်သည့် အောက်တိုဘာလ ၂၇ ရက်မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ ၁၁ ရက်အတွင်း စစ်ကောင်စီ၏ တပ်စခန်း ၁၁၂ ခုကို မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့် မဟာမိတ်များမှ သိမ်းပိုက်နိုင်ခဲ့ပြီး သံချပ်ကားနှင့် လေယာဉ်ပစ်လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#မြောက်ပိုင်းညီနောင်သုံးဖွဲ့
#မုံးကိုးဗျူဟာကုန်း

ပုံအညွှန်း- မုံကိုးဗျူဟာကုန်းမှ ရရှိသည့် သံချပ်ကာကား (The Kokang)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20❤4
​​မြောက်ဦးမြို့မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို AA ဖမ်းဆီး
==============

မိုးသောက်

(မဇ္ဈိမ) ။  ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးပြီး စစ်ဆေးနေကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက မဇ္ဈိမကို အတည်ပြုသည်။

"မြောက်ဦးမှာတော့ ရဲတပ်ဖွဲ့ဝင်အချို့ကို ကျနော်တို့ ခဏလေး ထိန်းသိမ်းပြီးတော့ စစ်ဆေးနေတာရှိတယ်“ ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခကို မဇ္ဈိမကို ပြောသည်။

မဇ္ဈိမက ကနဦး စုံစမ်းရရှိသည့် သတင်းများအရ ရာထူးအဆင့် မသိရသေးသော ယာဉ်ထိန်းရဲ ခြောက်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသော်လည်း ဦးခိုင်သုခကမှု ဖမ်းဆီးထားသည့် ရဲတပ်ဖွဲ့ဝင် အရေအတွက်ကို တိတိကျကျ မသိရသေးကြောင်း ပြောသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ နှုတ်အားဖြင့် နှစ်ဘက်အပစ်ရပ်ပြီး ၁ နှစ် နီးပါးအကြာတွင် မြောက်ဦးမြို့ပေါ်က ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိမှာ မြောက်ဦးမြို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား နှစ်ဘက်အခြေအနေ တင်းမာနေကြောင်းလည်း မြို့ခံများက ဆိုသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ရခိုင်ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လူသားချင်းစာနာထောက်မှု အကူအညီများပေးအပ်ရန်ဟုဆိုကာ နှုတ်အားဖြင့် ယာယီအပစ်ရပ်စဲခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိမှာ ရခိုင်မြောက်ပိုင်းတွင် စစ်ကောင်စီဘက်က လက်နက်ခဲယမ်းနှင့် ရိက္ခာများဖြည့် တင်းကာ စစ်ရေးလှုပ်ရှားမှုများ ခပ်စိပ်စိပ် ပြုလုပ်လာခြင်းကြောင့် တိုက်ပွဲများ ပြန်ဖြစ်မည်ကို စိုးရိမ်၍ ဒေသခံအချို့ နေရပ်တိမ်းရှောင်နေကြကြောင်း ရခိုင်အခြေစိုက် သတင်းဌာနများက ရေးသားသည်။

ရက္ခိုင့်တပ်တော် (AA) ပါဝင်သော မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ကာ “Operation 1027” စစ်ဆင်ရေးကို ဆင်နွှဲနေကြပြီး ဒါဇင်နှင့်ချီသော စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ထားသည်။

စာတည်း။ ။ နောင်နောင်

#AA
#မြောက်ဦး
#ရဲ၆ဦး
#Mizzima 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤3🔥1👏1😁1
ပိတ်မိနေသည့် ရာနှင့်ချီ ယာဉ်တန်းအား ဖြတ်သန်းခွင့်ပြုရန် ကြိုးပမ်းနေဟု MNDAA ပြော
👍11😁1
ပိတ်မိနေသည့် ရာနှင့်ချီ ယာဉ်တန်းအား ဖြတ်သန်းခွင့်ပြုရန် ကြိုးပမ်းနေဟု MNDAA ပြော
=================

ရွှေနွယ်

(မဇ္ဈိမ)။   ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ ပါစင်ကျော်ကျေးရွာတွင် ပိတ်မိနေသည့် လောက်ကိုင်မှတဆင့် နေရပ်ပြန်ကြသူတို့၏ ရာနှင့်ချီသည့် ယာဉ်တန်းအား ဖြတ်သန်းသွားလာခွင့်ရစေရန် ကြိုးပမ်းပေးနေကြောင်း MNDAA ၏ ပြောခွင့်ရသူ လီကျာဝင်းက မဇ္ဈိမကိုပြောသည်။

လောက်ကိုင်မြို့တွင် တင်းမာနေသောစစ်ရေးအခြေအနေများကြောင့် လုပ်ငန်းများရပ်ဆိုင်းထားသည့်အတွက် အခက်အခဲကြုံတွေ့၍ နေရပ်ပြန်ကြသူများနှင့် စစ်ရှောင်ရန် လောက်ကိုင်မှထွက်ခွာလာကြသူများသည် လောက်ကိုင်နှင့် ချင်းရွှေဟော်ကြား ပါစင်ကျော်ရွာတွင် ပိတ်မိနေကြခြင်းဖြစ်သည်။

၎င်းတို့သည် နိုဝင်ဘာ ၄ ရက်နေ့ကပင် လောက်ကိုင်မြို့မှ ကား၊ ဆိုင်ကယ်တို့ဖြင့် ထွက်ခွာလာကြသူများဖြစ်ပြီး ပါစင်ကျော်အနီးတွင် ဆက်လက် ဖြတ်ကျော်ထွက်ခွာခွင့် မရရှိသည့်အတွက် ပိတ်မိနေကြခြင်းဖြစ်သည်။

ထိုသို့ပိတ်မိနေသူများ ဆက်လက်ထွက်ခွာခွင့်ရရှိနိုင်ရန် မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA) မှ ကြိုးပမ်းဆောင်ရွက်နေသည်ဟု လီကျာဝင်းက မဇ္ဈိမကိုပြောသည်။

"စစ်ကောင်စီနဲ့ ကိုးကန့်ရုပ်သေးအဖွဲ့တွေက အရပ်သားတွေကို ပြန်မရအောင်လမ်းတွေကို တူးဖော်ဖျက်ထားတာတွေရှိတယ်။ ကျွန်တော်တို့ MNDAA အနေနဲ့လည်း ဒီသတင်းကိုရရှိထားတာနဲ့ အလုပ်အမှုဆောင်အဖွဲ့ဖွဲ့ပြီး ဒီလူတွေဖြတ်သန်းသွားလာလို့ရအောင် တသုတ်ပြီး တသုတ် စီစဉ်နေပါတယ်နော်" ဟု MNDAA ပြောခွင့်ရသူ လီကျာဝင်းမှပြောသည်။

ပါစင်ကျော်ရွာသည် လောက်ကိုင်မြို့နှင့် လေးမိုင်ခန့်ကွာဝေးပြီး ပိတ်မိနေသူများသည် ရှေ့ဆက်တိုးခွင့်မရသည့်အပြင် လောက်ကိုင်မြို့သို့ ပြန်ဝင်ရောက်သည့်လမ်းတွင်လည်း စစ်ကောင်စီတပ်မှ လမ်းဖြတ်တောက်ထားပြီး ပြန်လှည့်သူများအား ဖမ်းဆီးနေသည်ဟု ပိတ်မိနေသူတဦးကပြောသည်။

"ရှေ့ကိုလည်းသွားလို့မရဘူး၊ နောက်ကိုလည်းပြန်ဆုတ်လို့မရဘူးအခု။ နောက်ပြန်လှည့်ရင်လည်း ဖမ်းတယ်ဗျ။ ရှေ့မှာလည်း မဟာမိတ်ပူးပေါင်းတပ်က သစ်ပင်တွေလှဲပြီးတော့ ပိတ်ထားတယ်။ ကားတွေနဲ့ကာပြီး လမ်းပိတ်ထားတယ်” ဟု ပိတ်မိနေသည့် နေရပ်ပြန်တဦးက ပြောသည်။

လက်ရှိတွင် ပါစင်ကျော်ရွာ၌ ပိတ်မိနေသည့် ယာဉ်အစီးရေမှာ ကားနှင့်ဆိုင်ကယ် စုစုပေါင်း ၃၀၀ ခန့်နှင့် လူဦးရေ ၁,၀၀၀ ခန့်ပိတ်မိနေခြင်းဖြစ်ကြောင်း သိရသည်။

ပိတ်မိနေသူများသည် ဘေးပတ်လည်ရှိ ကြံခင်းများအား လမ်းဖောက်၍ သွားလာရန်ကြိုးပမ်းသော်လည်း ကြံခင်းပတ်လည်သို့ပါ စစ်ကောင်စီတပ်မှ ဝန်းရံပိတ်ဆို့ထားသည်ဟု ဆိုသည်။

" ချင်းရွှေဟော်ကနေ နမ့်တစ်၊ တန့်ယန်း၊ လားရှိုးဘက်ဆင်းကြဖို့ပါ။ အခု လမ်းမှာပိတ်မိနေတော့ အစားအသောက်ပြတ်တယ်။ ရေလည်းငတ်နေကြတယ်” ဟု ပိတ်မိနေသူမှ ယနေ့ ညနေပိုင်းတွင် မဇ္ဈိမကိုပြောသည်။

ထို့ပြင် ပိတ်မိနေသူအချို့မှ လူမှုကွန်ရက်စာမျက်နှာတွင် တိုက်ပွဲရှောင်ပြည်သူများမှ အသနားခံစာဟူ၍ "စားစရာပြတ်လပ်နေ၍ အိပ်စရာနေရာလည်းမရှိတာ။ ယနေ့ ၇ ရက်နေ့ဆို သုံးရက်တိတိရှိနေပြီမို့ အစာရေစာပြတ်လပ်၍ အသက်အန္တရာယ်စိုးရိမ်စရာဖြစ်လာ၍ ထိုဒုက္ခသည်တွေကို နှစ်ဘက်အဖွဲ့စည်းများအနေနဲ့ ဘယ်လို လမ်းကြောင်းများ ဖွင့်ပေးမလဲဆိုတာ စဥ်းစားပေးကြပါရန် မေတ္တာဖြင့်တိုက်တွန်းအပ်ပါသည်။ အထဲမှာ ကလေးသူငယ်တွေလည်း အများကြီးပါနေပါတယ်” ဟု ရေးသားမျှဝေထားကြသည်ကိုတွေ့ရသည်။

ထို့ပြင် လောက်ကိုင်မှ ထွက်ခွာလာရန် ကြိုးပမ်းနေကြသူများအနေဖြင့်လည်း လမ်းခရီးတွင် အခက်အခဲများစွာကြုံတွေ့နေရသဖြင့် ထွက်ခွာမလာကြသေးရန် ပိတ်မိနေသူများမှ အသိပေးစကားဆိုသည်။

လက်တလောတွင် လောက်ကိုင်မြို့နှင့် ပတ်ဝန်းကျင်၌ တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်လျက်ရှိသည့်အတွက် ပိတ်မိနေသူများအနေဖြင့် တရုတ်ဖုန်းကတ်မှတဆင့်သာ အင်တာနက်အသုံးပြုနေရပြီး ဆက်သွယ်ရေးအခက်အခဲလည်း ကြုံတွေ့နေကြရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#လောက်ကိုင်မြို့
#MNDAA

ပုံအညွန်း − ပါစင်ကျော်ကျေးရွာတွင်ပိတ်မိနေကြသူများ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17😁1
​​ကောလင်းမြို့ကို PDF သိမ်းပြီးနောက် ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ထီးချိုင့်တွင် စစ်ကောင်စီခံစစ်ပြင်‌ဟုဆို 
============

ကိုခင်မောင်

(မဇ္စျိမ)။   ။ ကောလင်းမြို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ပြီးနောက် စစ်ကိုင်းတိုင်းအတွင်း ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ထီးချိုင့်မြို့များတွင် စစ်ကောင်စီတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင်များနှင့် Non CDM ဝန်ထမ်းများကို စစ်တပ်ဝင်းအတွင်း ပြောင်းရွှေ့ထားကာ ခံစစ်ပြင်နေကြောင်းဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ 

ကသာမြို့ရှိ ရဲမိသားစုဝင်များနှင့် Non- CDM ဝန်ထမ်းများသည် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၃၀၉)ထဲသို့ ယမန်နေ့ နိုဝင်ဘာလ ၆ရက်မှစ၍ ပြောင်းရွှေ့နေကြသည်ဟု ဒေသခံများကပြောသည်။ကောလင်းနှင့် ကသာမြို့သည် နယ်မြေချင်းဆက်စပ်နေသောကြောင့် လာရောက်တိုက်ခိုက်ခံရမည်ကို စစ်ကောင်စီတပ်ဖွဲ့က စိုးရိမ်နေပြီး ယင်းကဲ့သို့နေရာ ရွှေ့ပြောင်းနေခြင်းဟု ကသာမြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောသည်။

၎င်းက " ခံစစ်ပြင်နေတဲ့သဘောပဲ။ ကျောင်း‌တွေ ရုံးတွေအကုန်ပိတ်ထားတယ်။ စစ်တပ်ထဲ သွားနေကြတယ်" ဟုပြောသည်။

ကသာမြို့ဒေသခံတဦးက "သူတို့(စစ်ကောင်စီတပ်)က အကျဉ်းထောင်နဲ့ရဲစခန်းကို ဝင်စီးမယ်ဆိုပြီး သတင်းရလို့ထင်တယ်။ ရဲစခန်းထဲက သူတို့မိသားစုတွေကို ကသာတပ်ထဲကို ပို့‌နေကြတယ်။ ပြီးတော့ Non-CDMဝန်ထမ်းတွေလည်း ဝန်ထမ်းအိမ်ယာကနေ ရပ်ကွက်ထဲတွေနဲ့ အဲ့တပ်မှာ‌တွေပဲပြောင်းနေကြတယ်။ တချို့ပြည်သူတွေလည်း မြို့ပေါ်ကနေ ရှောင်တိမ်းတာတွေလုပ်နေကြတယ်"ဟု မဇ္စျိမအားပြောသည်။

ထို့အပြင် ယနေ့ နိုဝင်ဘာလ ၇ရက်တွင် ကသာမြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် ဈေးဆိုင်ခန်းအချို့လည်းပိတ်ထားပြီး မြို့အဝင်အထွက်ဂိတ်များတွင် စစ်ကောင်စီက လုံခြုံရေးတိုးမြင့်ချထားကြောင်း သိရသည်။ကသာမြို့အကျဥ်းထောင်၊ရဲစခန်း နှင့် ၎င်းတို့အထိုင်တပ်ဖြစ်သော ခြေမြန်တပ်ရင်း ခမရ ၃၀၉ တပ်ရင်းထဲတွင် ဗန်ကာနှင့် ကတုပ်ကျင်းများ တူးနေကြကြောင်းလည်း တော်လှန်ရေးအင်အားစုများကပြောသည်။

အလားတူပင် ကောလင်းမြို့သိမ်းပိုက်ခံရပြီးနောက် ကသာခရိုင်အတွင်းရှိ အင်းတော်၊ ဗန်းမောက်၊ ထီးချိုင့် စသောမြို့များတွင်လည်း စစ်တပ်ကုန်းများ၊ရဲစခန်းများနှင့် စစ်ဆေးရေးဂိတ်များတွင် ဗန်ကာများ၊ကတုပ်ကျင်းများ တိုးမြှင့်ဆောက်လုပ်နေသည်ဟု Indaw Revolution-IR ထံမှ သိရသည်။

အင်းတော်မြို့ရှိ မြို့ဦးစေတီ၊ ဌာနပေါင်းစုံ ဝန်ထမ်းအိမ်ယာသုံးထပ်ဆောင်၊ ပြည်သူ့ဆေးရုံအပေါ်ထပ်များနှင့် မြို့ထဲရှိ တိုက်မြင့် အဆောက်အဦးပေါ်များတွင် စစ်ကောင်စီတပ်များ ကင်းပုန်းဝပ် နေရာယူထားကြောင်း အင်းတော်ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။

" တနယ်လုံးမှာ စစ်တပ်က ဂဏှာမငြိမ်တော့ဘူး။ မြို့သိမ်းတိုက်ပွဲတွေကို သူတို့ ကြောက်နေကြတယ်"ဟု အင်းတော်မြို့ဒေသခံတဦးကပြောသည်။

ယနေ့နိုဝင်ဘာလ ၇ရက်မွန်းလွဲ ၂နာရီအချိန်ခန့်တွင် အင်းတော်မြို့အနီးရှိ နန်းခင်း နှင့်နဘားရွာအနောက်ဘက်ရှိ တောင်ကြား၌ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီကဂျက်ဖိုက်တာနှစ်ဆင်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထီးချိုင့်နှင့် ဗန်းမောက်မြို့တွင်လည်း စစ်ကောင်စီက ၎င်းတို့၏ အဓိကစခန်းများ၌ သွားရောက်စုပေါင်းနေကြသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သတင်းရရှိသည်။

ခရိုင်အဆင့်မြို့ဖြစ်သည့် ကောလင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာလ ၃ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၆ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။ ထို့အပြင် ကလေး-တမူး အာရှအဝေးပြေးလမ်းပေါ်ရှိ ခမ်းပါတ်မြို့ကိုလည်း ယနေ့ နိုဝင်ဘာလ ၇ရက်တွင် သိမ်းယူနိုင်ခဲ့ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း
#Mizzima
#ကသာ
#အင်းတော်
#ဗန်းမောက်
#ထီးချိုင့်
#စစ်ကောင်စီခံစစ်ပြင်

ပုံအညွှန်း ။   ။ နိုဝင်ဘာလ ၆ရက်နေ့က ကောလင်းမြို့သိမ်းတိုက်ပွဲဆင်နွှဲနေသော ရဲဘော်များ

ဓာတ်ပုံ။  ။ Kawlin info

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20❤2🥴2👏1
​​မြပုလဲဂိတ်စခန်း စီနင်းတိုက်ခိုက်မီးရှို့ခံရသဖြင့် ချောင်းဦးမြို့တွင် စစ်ကောင်စီတပ် ရမ်းကားနေဟုဆို
==============

007

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့တွင် နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီကျော်ခန့်က မြပုလဲဂိတ် စခန်း စီးနင်းတိုက်ခိုက်မီးရှို့ခံခဲ့ရပြီးနောက် နိုဝင်ဘာလ ၆ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်က မြို့ အတွင်း ရမ်းကားနေကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၆ ရက် ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့အနှံ့နေရာယူထားသည့် စစ်ကောင်စီ၏ တပ်သားများက သေနတ်များရမ်းသန်းပစ်ဖောက်ခြောက်လှန့်ခြင်း၊ မြို့နေပြည်သူလူထုကို အကြောင်းမဲ့ဖမ်းဆီးခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

“အခု ချောင်းဦးအခြေအနေက တနေကုန် သေနတ်သံတွေ ဆူညံနေတာပဲ။ တိုက်ပွဲမရှိဘူး ခြောက်ပစ် ပစ်နေကြတာ။ လူဖမ်းတာကတော့ မထင်ရင်မထင်သလို ကောက်ဖမ်းသွားတာပဲ၊ လက်ဖက်ရည်ဆိုင်ထဲ အထိဝင်ဖမ်းတာ” ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။

“ဘေးအိမ်ကတယောက် ပါသွားတယ်၊ အခုထိ မိသားစုနဲ့အဆက်အသွယ်မရလို့ မအေကြီးခမျာ ငိုယိုနေ တယ်။ ပြန်လွှတ်ပေးမှာမဟုတ်ဘူး။ ပေါ်တာဆွဲခံရတာလို့ သတင်းထွက်နေတော့ မိသားစုဝင်တွေ အရမ်း ကြောက်လန့်နေကြတယ်။ ဒီနေ့လည်း တနေကုန်သောင်းကျန်းပြီး လူဖမ်းတယ်။ နှစ်ရက်အတွင်း ၁၅ ယောက် အနည်းဆုံးရှိမယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံကပြောသည်။

နှစ်ရက်အတွင်း မြို့ခံ ၁၅ ဦးထက်မနည်းအား စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေသတွင်းသတင်းများဖော်ပြပေးနေသည့် Khin Mon Revolution 1.0 ကလည်း အတည်ပြုထားသည်။

လက်ရှိ ချောင်းဦးမြို့အခြေအနေနှင့်ပတ်သက်၍ သိရှိနိုင်ရန် အဖွဲ့အစည်းအချို့ထံဆက်သွယ်ထား သော် လည်း အဆက်အသွယ် မရသေးပေ။

ချောင်းဦးမြို့မြောက်ဘက် နှစ်မိုင်ခန့်အကွာ မုံရွာ-မန္တလေးလမ်းဘေးရှိ အမှတ်(၉၀၉)စစ်မြေပြင် အင်ဂျင် နီယာတပ်မှ ဗိုလ်ကြီးအောင်သူရ ဦးစီးသော အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်ကို မုံရွာခရိုင် အမှတ်(၆) တပ်ရင်း၊ ချောင်းဦးမြို့နယ် ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့(CHUPDF) ၊ KG(II) ၊ Immortal Guerrilla Force (IGF Monywa) ၊ မုံရွာခရိုင်ဒရုန်းအဖွဲ့၊ မြင်းခြံခရိုင်ဒရုန်းအဖွဲ့နှင့် BGF ပူးပေါင်းအင်အား ၈၀ ခန့်ကဝင် ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦးခန့်ကျဆုံးပြီးနောက် ခုခံခြင်းမရှိဘဲ ထွက်ပြေးသွားခဲ့သဖြင့် စခန်းကို သိမ်းပိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ် ပြန်ထားသည်။

ပုံစာ - စစ်ကောင်စီ၏မြပုလဲဂိတ်စခန်းကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်နေစဉ် (Photo - မြို့နယ်ပကဖ(ချောင်းဦး))

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ချောင်းဦးမြို့

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🔥3🤬2❤1😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၇ နိုဝင်ဘာ၂၀၂၃) 
====================

အာဏာသိမ်းစစ်ကောင်စီက တစ်နိုင်ငံလုံးကို ထင်တိုင်းကျဲကာ အကြမ်းဖက်မှုပေါင်းစုံလုပ်ပြီးမှ တော်လှန် ရေးအဖွဲ့များက တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်လာသည့်အခါ ဒေသအကျိုး၊ နယ်မြေ အကျိုး၊ပြည်သူအကျိုး ကိုကြည့်ပြီး ပူးပေါင်းဆောင်ရွက်ကြပါဟု စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလာသည်ကို ကြည့်လျှင် စစ်ရှုံးလာသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤2👏1😁1
​​ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ရပ်တန့်သွားပြီဟု SOF ပြော
=================

YT 

(မဇ္ဈိမ) ။   ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်​၏ အုပ်ချုပ်ရေး ယန္တရားအားလုံး ရပ်တန့်သွားပြီဖြစ်ကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ်တွင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) တာဝန်ခံ ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့အထိ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်ခဲ့သည့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်​၏ အုပ်ချုပ်ရေးယန္တရားများဖြစ်သည့် ထွေအုပ်ရုံး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများ၊ မီးသတ်ရုံး၊ သစ်တောရုံး အစရှိသည့် ရုံးများတွင် ဝန်ထမ်းများ မရှိခြင်း၊ ရုံးအဆောက်အဦများ မကြာခဏတိုက်ခိုက်ခံရခြင်းတို့ကြောင့် အုပ်ချုပ်ရေး ယန္တရားများ ပျက်စီးသွားခြင်းဖြစ်သည်ဟု ကိုအောင်စံရှားက ဆိုသည်။ 

" တမြို့နယ်လုံးမှာ မြို့ပေါ် ရဲ့ သူတို့တပ်စခန်းတွေ အထိုင်ချတဲ့နေရာမှာပဲ သူတို့ နေနိုင်တော့တယ်၊ ကျန်တဲ့မြို့ပေါ် တခုလုံးမှာလည်း သူတို့ရဲ့ အုပ်ချုပ်ရေးရုံးတွေမှာလည်း သူတို့နေလို့မရဘူး၊ အုပ်ချုပ်ရေး ယန္တရားတွေလည်း ပျက်စီးတယ်။ ကျန်တဲ့ လုပ်ငန်းစဉ်အားလုံး ထွေအုပ်၊ သစ်တော စသဖြင့် လုပ်ငန်းတွေအားလုံး ရပ်တန့်သွားတာ ကြာပြီ။ အဲ့ဒီဝန်ထမ်းတွေတောင်မှပဲ ပြန်တဲ့သူတွေက ပြန်ကုန်ပြီ၊ ထွက်ပြေးတဲ့သူက ထွက်ပြေးပေါ့။ လုံးဝ မရှိတော့ဘူး။ လည်ပတ်လို့မရတော့ဘူး အဆောက်အဦတွေ မရှိတော့ဘူး" ဟု ကိုအောင်စံရှားက ဇ္ဈိမကိုပြောသည်။ 

ဒေသခံတဦးကလည်း " အရင်ကဆို မြို့ထဲ ကင်းလှည့်တာတွေ လုပ်တယ်လေ။ အခုနောက်ပိုင်း အဲ့ဒီလိုတွေ မတွေ့ရတော့ဘူး။ လမ်းတွေမှာ စစ်ဆေးတာမျိုးတွေလည်း မတွေ့ရတော့ဘူး။ ပြီးတော့ ထွေအုပ်ရုံးဆိုရင်လည်း ရုံးပဲ ရှိတာ လူမရှိဘူး။ ပထမတော့ ထွေအုပ်ကို ဇမိခန်းမမှာ လုပ်သေးတယ် နောက်ပိုင်း ခဏခဏ အတိုက်ခံရတော့ ပိတ်တာပဲ။ မပျက်မကွက် လုပ်တာဆိုလို့ လက်နက်ကြီးပစ်တာပဲရှိတယ်" ဟု ဆိုသည်။ 

ထို့ပြင် လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ၎င်းတို့​၏ တပ်စခန်းများအတွင်း၌သာ နေနိုင်ပြီး တပ်စခန်းအပြင်သို့ ထွက်ရန် မဝံ့ရဲကြတော့ကြောင်း၊ ၎င်းတို့​၏ တပ်စခန်းအတွင်းမှသာနေ၍ လူထုနေထိုင်ရာ ကျေးရွာများ၊ ရပ်ကွက်များဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိနေကြောင်း၊ အဆိုပါ တပ်စခန်းများအတွင်းသို့ စစ်ကူလာသည့် စစ်ကြောင်းများသည်လည်း တော်လှန်ရေးအင်အားစုများ​၏ ကြားဖြတ်တိုက်ခိုက်ခြင်းများ မကြာခဏ ခံရလေ့ရှိကြောင်း ဆိုသည်။ 

စစ်ကောင်စီ​၏ အုပ်ချုပ်ရေး ယန္တရားများ ပျက်စီးနေသည့် ကြာအင်းဆိပ်ကြီးမြို့ပေါ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တော်လှန်ရေးအင်အားစုများအနေဖြင့် နယ်မြေထိန်းချုပ်ခြင်း၊ နယ်မြေစိုးမိုးခြင်းများ ပြုလုပ်နိုင်သော်လည်း စစ်ကောင်စီတပ်​က ပြည်သူအပေါ် ပစ်မှတ်ထား တိုက်ခိုက်လာနိုင်သဖြင့် နယ်မြေစိုးမိုးမှု မပြုလုပ်ခြင်းသာ ဖြစ်ကြောင်း သိရသည်။ 

" ဘာကြောင့် တော်လှန်ရေးအင်အားစုတွေက ဝင်ပြီးတော့ နေရာမယူထားလဲ မစိုးမိုးထားလဲဆိုရင် လက်နက်ကြီးအန္တရာယ်၊ လေကြောင်းကနေ ရမ်းသန်းပစ်ခတ်တာတွေက ပြည်သူလူထုကို ထိခိုက်မှာစိုးတဲ့အတွက်ကို ပြည်သူလူထုအတွက်ပဲ ဝင်ပြီးတော့ နယ်မြေထိန်းချုပ်တာ စိုးမိုးထားတာ မလုပ်ဘဲနဲ့ မြို့ပေါ်ကိုတော့ စစ်ဆင်ရေးအရ လိုအပ်တဲ့အချိန်မှာပဲ ဆောင်ရွက်တဲ့ပုံစံမျိုးပေါ့။ အခြားနေရာတွေအားလုံးကတော့ ကျေးရွာချင်းဆက်လမ်းတွေ မြို့ချင်းဆက်လမ်းတွေ ကျေးရွာတွေအားလုံးကတော့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ရှိတယ်။ နယ်မြေစိုးမိုးမှုအောက်မှာပဲရှိတယ်။ KNLA ရဲ့ အုပ်ချုပ်မှု ယန္တရားအောက်မှာပဲ ရှိတယ်" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

ကြာအင်းဆိပ်ကြီးမြို့နယ်သည် KNU ​၏ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၆)၊ တပ်ရင်း (၁၈) နယ်မြေအတွင်း တည်ရှိသည့် မြို့နယ်တခုဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မြန်မာသတင်း
#ကြာအင်းဆိပ်ကြီးမြို့နယ်
#KNU
#SOF 

ပုံအညွှန်း- ကြာအင်းဆိပ်ကြီး မြို့အဝင် ဆိုင်းဘုတ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤17👍11🥰2👏2😁2