Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​နယူးယောက်မြို့မှာ 1962 Ferrari ပြိုင်ကားကို ဒေါ်လာ ၅၁.၇ သန်းဖြင့် လေလံတင်ခဲ့
==============

By PKThawn

1962 Ferrari 250 GTO ပြိုင်ကားတစီးကို ဒေါ်လာ ၅၁.၇ သန်းဖြင့် တနင်္လာနေ့က နယူးယောက်မှာ ရောင်းချခဲ့ပြီး လေလံပွဲမှာ ရောင်းချခဲ့ဖူးသမျှ ဒုတိယဈေးအကြီးဆုံးကားဖြစ်ကြောင်း Sotheby's က ပြောပါတယ်။

အနီရောင်တောက်တောက် ပြိုင်ကားဟာ လွန်ခဲ့တဲ့ ၃၈ နှစ်က အမေရိကန်စုဆောင်းသူတယောက်ရဲ့ ပိုင်ဆိုင်မှုဖြစ်ခဲ့ပြီး အခုလေလံဈေးကို ၂၀၂၂ က ယူရို ၁၃၅ သန်းထိ ရောက်ရှိခဲ့တဲ့ Mercedes 300 SLR Uhlenhaut Coupe ကသာ ကျော်လွန်ခဲ့ကြောင်း လေလံကုမ္ပဏီက ပြောပါတယ်။ ဒီကနေ့ ငွေလဲနှုန်းနဲ့ဆိုရင် ဒေါ်လာ ၁၄၄ သန်း ရှိမှာဖြစ်ပါတယ်။

250 GTO ဟာ လေလံခန်းမမှာ မိနစ်အနည်းငယ်ကြာ လေလံဆွဲပြီးနောက် တနင်္လာနေ့ညနေပိုင်းမှာ ရောင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် လေလံကုမ္ပဏီရဲ့ ဇိမ်ခံကားလုပ်ငန်းခွဲဖြစ်တဲ့ RM Sotheby's မှ မျှော်လင့်ထားတဲ့ ဒေါ်လာ သန်း ၆၀ ကျော်ထက် ဈေးနိမ့်ခဲ့ပါတယ်။

Sotheby's တို့ဟာ အနိုင်ရသွားတဲ့ လေလံဆွဲသူမည်သူမည်ဝါဖြစ်တာကို မဖော်ပြခဲ့ပါဘူး။

၁၉၆၂ မှ စတင်ခဲ့တဲ့ ဂန္တဝင် Scuderia ပြိုင်ကားဟာ ကိုယ်ထည်နံပါတ် ၃၇၆၅၊ လေးလီတာသုံး အင်ဂျင်ဖြင့် ထုတ်လုပ်ထားတဲ့ မြင်းကောင်ရေ ၃၉၀ အားရှိပြီး ၁၉၆၂ မှာ ဂျာမန် Nurburgring ရဲ့ ပတ်လမ်းကြောင်းရှိ ကီလိုမီတာ ၁,၀၀၀ (မိုင် ၆၂၀) ပြိုင်ပွဲမှာ ဒုတိယနေရာမှ ပြီးဆုံးခဲ့ကြောင်း RM Sotheby's အရ သိရပါတယ်။

အီတလီပြည်မကြီးနဲ့ စစ္စလီမှာ နှစ်အတော်ကြာ ယှဉ်ပြိုင်ခဲ့ပြီးနောက် ဒီပြိုင်ကားကို ၁၉၆၀ ပြည့်လွန်နှစ်များနှောင်းပိုင်းမှာ အမေရိကန်သို့ ကားကို တင်ပို့ရောင်းချခဲ့ပါတယ်။

အိုဟိုင်းယိုးပြည်နယ်က ထင်ရှားတဲ့ စုဆောင်းသူ Jim Jaeger က ရောင်းချခြင်းမပြုခင် ပြန်လည်ပြင်ဆင်မွမ်းမံထားတဲ့ 250 GTO ပြိုင်ကားကို ဆယ်စုနှစ် လေးစုနီးပါး ပိုင်ဆိုင်ခဲ့ပြီး သူဟာ Escort ရေဒါတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကို ပူးတွဲတည်ထောင်သူဖြစ်ပါတယ်။

Ref; and Photo: AFP

#ferrari #1962ferrari250gto #sothebys #Mizzima
❤5👍2
နိုဝင်ဘာလ ၁၄ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:56 - ရခိုင်က စစ်စခန်းတွေ အတိုက်ခံရပြီးနောက် စစ်ကောင်စီက ညမထွက်ရ အမိန့် ထုတ်တဲ့ သတင်း04:29 - ရန်ကုန်မှာ စက်သုံးဆီပ...
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DNT3b17LF6Fk&h=AT2xTe5MBZyHwRs7UfqmiNByMq4-GffEjTemopqUzjR02q1ClowrdbqC0Pkq3fq5NYSSDtjy8EN19HdiNZvNYC_SZNiqslcmd9xFeI3sniTsEe0U93fDz-RyqBijNztZ&s=1
👍3🤩1
​​နှစ်ချီ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ဒေသက လူမှုဒုက္ခ
=================

001

မဇ္ဈိမ။ ။အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက ခုခံတော်လှန်မှုအားကောင်းတဲ့ ဒေသတွေမှာ အင်တာနက် ဖြတ်တောက်တာ နဲ့ အင်တာနက် အမြန်နှုန်းလျှော့ချတာတွေ ပြုလုပ်ထားတာ အခုဆိုရင် နှစ်နှစ်ခွဲကျော်ရှိလာပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာမှာ နေထိုင်တဲ့ မဝင်းဝင်း (အမည်လွှဲ)ကတော့
အရင်က သူတို့ ဒေသအတွင်းမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို အွန်လိုင်းကနေ အချိန်နဲ့တပြေးညီ သိနိုင်ခဲ့ပေမယ့် အခုတော့ အခြားသူတယောက်က ဖုန်းဆက်ပြောမှ သိရတော့တယ်လို့ ပြောပါတယ်။

 "စားဝတ်နေရေးဘက်လည်း လှည့်ရတာနဲ့ အင်တာနက်ကလည်း မရတော့ မသုံးနိုင်တော့ဘူး"လို့ မဝင်းဝင်းက ဆိုပါတယ်။

ဆက်သွယ်ရေးအတွက် ဖုန်းလိုင်းကိုသာ အားကိုးနေရပြီး ရပ်ဝေးပြည်ပမှာရောက်နေတဲ့ ဆွေမျိုး၊ မိတ်ဆွေတွေနဲ့လည်း ဗီဒီယိုကောလ်တွေ မပြောနိုင်တော့ဘဲ အဆက်အသွယ် ပြတ်တောက်နေပြီလို့ သူက ပြောပါတယ်။

ခင်ဦးမြို့နယ်ဟာ နိုင်ငံအတွင်းအင်တာနက်ဖြတ်တောက်ခံထားရတဲ့မြို့နယ်တွေထဲက တခုဖြစ်ပြီး စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုတွေနဲ့ မီးရှို့ဖျက်ဆီးမှုတွေခံထားရတဲ့ မြို့နယ်လည်းဖြစ်ပါတယ်။

ခင်ဦးမြို့နယ်မှာ နေအိမ်တွေ ပျက်စီးဆုံးရှုံးထားတဲ့ဒေသခံတွေဟာ ယာယီတဲတွေနဲ့ ဘဝကိုပြန်စနေရပြီး စစ်ရေးကာလမှာ သူတို့ရဲ့ လယ်ယာလုပ်ငန်းတွေကိုလည်း ပုံမှန်မလုပ်နိုင်ကြပါဘူး။

စစ်ကောင်စီရဲ့ ကာလရှည်ကြာ အင်တာနက်ဖြတ်တောက်ထားမှုဟာ ပဋိပက္ခဒဏ်တွေကြောင့် ခက်ခဲနေပြီးသား ဒေသခံတွေကို ပိုပြီး ခက်ခဲသွားအောင် တွန်းပို့ပေးနေပါတယ်။

အင်တာနက်ဖြတ်တောက်တာဟာ လူထုအချင်းချင်းအကြား ဆက်သွယ်ရေးကွန်ရက်တခုပြတ် တောက်သွားစေတာဖြစ်ပြီး နေ့စဉ်လူမှုဘဝမှာ ထိခိုက်ဆုံးရှုံးမှုတွေလည်း ရှိလာစေပါတယ်။

“အင်တာနက်ဖုန်းလိုင်းကနေ ရနိုင်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီမရတော့တာတွေရှိတယ်။နောက်ပြီး ကျန်းမာရေးဆိုင်ရာကိစ္စရပ်ဖြစ်ဖြစ် မိုးလေဝသဆိုင်ရာ ကိစ္စရပ်ဖြစ်ဖြစ် အဲ့ဒီအချက်အလက်တွေ ရဖို့အတွက်အရမ်းခဲယဉ်းသွားတယ်” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) တည် ထောင်သူ ကိုဗညားက ပြောပါတယ်။

 “တခြားတနည်းနဲ့ကြည့်မယ်ဆိုရင်တော့ နေ့တဓူဝအသက်ရှင်လှုပ်ရှားမှုကိုပါ ခြိမ်းခြောက်လာတယ်” လို့ သူက ဆိုပါတယ်။

လူမှုသဟဇာတ

စစ်တပ်ကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်အာဏာသိမ်းတဲ့နေ့ နံနက်အစောပိုင်းကတည်းက တနိုင်ငံလုံးကို အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေဖြတ်တောက်ပြီး သတင်းအမှောင်ချတာကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားတဲ့ ဒေသတွေမှာ အင်တာနက်လိုင်းတွေဖြတ်တောက်တာကို လုပ်ဆောင်ခဲ့သလို အခုထိလည်း အဲ့ဒီနည်းလမ်းကို ကျင့်သုံးနေဆဲဖြစ်ပါတယ်။

အင်တာနက်ဖြတ်တောက်ခံရတာဟာ မိသားစုဝင်တွေကြားမှာဖြစ်စေ၊ အသိမိတ်ဆွေတွေကြားမှာဖြစ်စေ အပြန်အလှန်သတင်းအချက်အလက် ဖလှယ်တဲ့နေရာမှာ အရမ်းကို ခက်ခဲသွားစေတယ်လို့ KnHRG တည် ထောင်သူ ကိုဗညားက ပြောပါတယ်။ 

“ဒါက လူမှုသဟဇာတကို တိုက်ရိုက်သွားထိခိုက်တယ်” လို့ ဆိုပါတယ်။

အခုဆိုရင် အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေကို တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတဲ့ မြို့တွေက အပ ကျန်မြို့မှာ ပြန်အသုံးပြုနိုင်နေပါပြီ။ ဒါပေမဲ့လည်း အင်တာနက်လိုင်းနှေးတာ၊ အင်တာနက် အသုံးပြုခ နှုန်းထား မြင့်တက်လာတာ၊ ဖုန်းခေါ်ဆိုမှုကျသင့်ငွေ များလာတာ နဲ့ ဆက်သွယ်ရေးပိုင်းဆိုင်ရာ လုံခြုံမှုမရှိတော့တာကို ပြည်သူတွေက ရင်ဆိုင်လာရပါတယ်။ 

ဒါ့အပြင် လူငယ်တွေရဲ့ အွန်လိုင်းကတဆင့် ပညာသင်ကြားမှုတွေနဲ့ အွန်လိုင်းက လုပ်ကိုင်နိုင်တဲ့ လူမှုစီးပွားရေးလုပ်ငန်းတွေမှာလည်း ထိခိုက်မှုတွေ များစွာရှိသွားတယ်လို့ပြောပါတယ်။

"စစ်ရေးအရ တချို့ သတိထားဖို့အတွက် တော်လှန်ရေးအင်အားစုကနေ ထုတ်ပြန်လိုက်တဲ့အချက်အလက်တွေကို မတွေ့လိုက်မိတာတွေ အဲ့ဒီအတွက်ကြောင့် ပိုပြီးထိခိုက်နစ်နာမှုတွေပိုဖြစ်တာကိုလည်း တွေ့ရပါတယ်”လို့ ကိုဗညားကပြောပါတယ်။

စစ်ကောင်စီကတော့ အင်တာနက်ဖြတ်တောက်တာ၊ အင်တာနက်အမြန်နှုန်းလျှော့ချတာနဲ့ ဖုန်းလိုင်းဖြတ်တောက်တာတွေကို ပြုလုပ်ထားပေမယ့် မြို့နယ်ပေါင်းဘယ်နှစ်ခုနဲ့ ဘယ်မြို့နယ်တွေမှာအဲ့ဒီလို လုပ်ဆောင်ထားတယ်ဆိုတာကို တရားဝင်ထုတ်ပြန်ထားတာမရှိပါဘူး။

ဒစ်ဂျစ်တယ်အခွင့်အရေးအတွက် လှုပ်ရှား နေတဲ့ Access Now အဖွဲ့ကတော့ ၂၀၂၂ ခုနှစ်က မြို့နယ် ၃၃၀ လုံးမှာ အင်တာနက်ပိတ်ဆို့မှုကို အနည်းဆုံး တကြိမ်ကြုံတွေ့ခဲ့ရပြီး မြို့နယ်ပေါင်း ၅၀ ကျော်မှာ အင်တာနက်ဖြတ်တောက်ခံရတာ တနှစ်ကျော်ကြာပြီလို့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဖော်ပြခဲ့ပါတယ်။

ကချင်၊ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ(ကယား) ၊ မန္တလေးနဲ့ ရှမ်း စတဲ့ပြည်နယ်နဲ့ တိုင်းဒေသကြီးက မြို့နယ်တွေဟာ အင်တာနက်ဖြတ်တောက်ခံရတဲ့ စာရင်းထဲပါဝင်ပါတယ်။
👍9
ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၀ ကျော် ၂ လစာ လုပ်အားခ မရဘဲ အလုပ်ထုတ်ခံရ
🔥3
ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၀ ကျော် ၂ လစာ လုပ်အားခ မရဘဲ အလုပ်ထုတ်ခံရ
==================

ကိုရွှေမြိတ်

မဇ္ဈိမ။  ။ထိုင်းနိုင်ငံ၊ လယောင်း (Rayong) ခရိုင်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၀ ကျော်သည် လုပ်ခလစာ နှစ်လစာမရသည့်အပြင် အလုပ်ထုတ်ခံရသည်ဟု ထိုင်းသတင်းဌာန Thai PBS News ၏ ဖော်ပြချက်နှင့် ယင်းခရိုင်းအတွင်းရှိ မြန်မာနိုင်ငံသားထံက သိရသည်။

“လက်ရှိ သံရုံးကို အကူညီတောင်းထားပေမယ့် သံရုံးဘက်ကဘာမှတော့ အခုချိန် ဆောင်ရွက်ပေးတာ မရှိသေးဘူး”ဟု လယောင်ခရိုင်တွင် နေထိုင်သူ မြန်မာနိုင်ငံသားက မဇ္ဈိမကိုပြောသည်။

ယင်းရွှေ့ပြောင်းလုပ်သား ၁၈၀ကျော်သည် အလုပ်သမားတန်းလျားမှ နှင်ထုတ်ခြင်း ခံရသည့်အတွက် လက်ရှိတွင် တောတွင်းတနေရာ၌ နေထိုင်ကြရသည့်အပြင် စားသောက်ရေးအတွက် တောထဲရှိ ပီလောပီနံ၊ ပိန်းဥ၊ ကန်းစွန်းရွက်များ ခူး၍ စားသောက် နေထိုင်ကြရသည့် အခြေအနေရှိသည်ဟု ၎င်းကဆက်‌ပြောသည်။

အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၀ကျော်အား အလုပ်ရှင်က ကြိုတင်အသိပေးခြင်းမရှိဘဲ အလုပ်မှ ထုတ်လိုက်သည့်အပြင် ၎င်းတို့၏ လုပ်ခလစာ နှစ်လစာကိုပါ ထုတ်ပေးခြင်းမရှိဘဲ အလုပ်သမားတန်းလျားမှပါ နှင်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းသတင်းဌာနက ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

လက်ရှိ အလုပ်လက်မဲ့နှင့် နေရာထိုင်ခင်း အစားအသောက်များ အခက်အခဲ ဖြစ်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၀ ကျော် ယာယီတဲထိုး နေထိုင်နေသည့် ရာယွန်၊ ပနနိကွန်၊ ဖနနိကွန်နှင့် နီကွန်ရွာ စုစုပေါင်း ကျေးရွာငါးရွာသို့ Rayong ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် အတူ အုပ်ချုပ်ရေးအဖွဲ့များက သွားရောက်၍ လုပ်ငန်းခွင်ဆိုင်ရာ စာရွက် စာတမ်းများကို စစ်ဆေးပြီးနောက် အရေးပေါ် အစားအသောက်များကို ကူညီပေးခဲ့ကြောင်းလည်း ထိုင်းသတင်းဌာန Thai PBS News ကရေးသားဖော်ပြထားသည်။

အလုပ်ရှင်က အလုပ်သမား အားလုံးကို ပေးဆောင်ရမည့် ဘတ်ငွေ ၃,၀၀၀,၀၀၀ ခန့် ကျန်ရှိနေသေးကြောင်း ကနဦး သိရှိရ၍ လာရောက် ပေးချေရန် အလုပ်ရှင်နှင့် ညှိနှိုင်း ဆောင်ရွက်နေကြောင်း Rayong ပြည်နယ် အလုပ် အကိုင်အရာရှိ Mr. Sonthaya Kalasri က Thai PBS News တွင် ဖြေဆိုထားသည်။

“ဒီအလုပ်ရုံမှာက အခုလိုမျိုး အလုပ်သမားတွေ လုပ်အားခ မပေးဘဲ အလုပ်မှ နင်ထုတ်တာ အမြဲဖြစ်နေတာ ရှိတယ်။ ကျွန်တော် ကိုယ်တိုင်လည်း အဲ့ဒီ အလုပ်သမားတွေ အခက်အခဲ ဖြစ်နေလို့ မြန်မာပြည်ကနေ ပိုက်ဆံ ပြန်တောင်းပြီး ပြန်ဖို့ သွားခေါ်ပေးဘူးတာ ရှိတယ်”ဟု ဘန်ကောက်မြို့တွင်နေထိုင်သည့် အလုပ်သမားအရေး ကူညီပေးနေသူ ကိုမျိုးကိုက ပြောသည်။

လက်ရှိတွင် အလုပ်သမားများ၏ အခက်အခဲများကို ကူညီ ဖြေရှင်းပေးရန် ထိုင်းနိုင်ငံ၏ အလုပ်သမား ဝန်ကြီးဌာနသို့ တိုင်ကြားထားပြီး လယောင်ခရိုင် အလုပ်သမား အလုပ်အကိုင် ဦးစီးဌာနက ယမန်နေ့ အောက်တိုဘာ ၁၃ ရက်နေ့တွင် ကွင်းဆင်း ဆောင်ရွက်ပေးနေကြောင်း ထိုင်းသတင်းဌာန Thai PBS News တွင် ရေးသားထားသည်။

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#Mizzima
#ထိုင်းနိုင်ငံ
#ရွှေ့ပြောင်းလုပ်သား

ပုံအညွှန်း- ထိုင်းနိုင်ငံတွင် လုပ်ခလစာမရဘဲ အလုပ်တန်းလျားမှ နှင်ထုတ်ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ (ဓာတ်ပုံ-ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
​​ဒီပဲယင်းမြို့နယ်တွင် စစ်ဘေးရှောင် ၂,၀၀၀ ကျော် အတွက် စားနပ်ရိက္ခာများလိုအပ်နေ
===========

008

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းက စစ်ဘေးရှောင် ဦးရေ ၂,၀၀၀ကျော်အတွက် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေ​သည့်အတွက် ဝိုင်းဝန်းကူညီပေးကြရန် ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

"အခုအခါ စစ်ရှောင်များကူညီရေးမှာ အခက်အခဲရှိလာခဲ့တဲ့ အတွက် ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်"ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို ၂၀၂၂ ခုနှစ်မှ ယခု ၂၀၂၃ နိုဝင်ဘာလအထိ အကြိမ်ကြိမ် စစ်ကြောင်းထိုးနေပြီး ရွာများအား မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ဒေသခံအများစုမှာ နေရပ်ကျေးရွာများထံ မပြန်နိုင်သေးဘဲ စစ်ရှောင်းနေရဆဲဖြစ်သည်။

"စစ်ရှောင်လာသူတွေက များလာတယ်။ လျှော့မသွားဘူး။ အတိုးပဲရှိတယ်။ ကျွန်တော်တို့အဖွဲ့က စစ်ရှောင်စခန်းအားလုံးကို ဆက်တိုက် ကူညီနေတယ်။အဲ ဒီစခန်းတွေမှာ ချက်ပြုတ်ရေးအဖွဲ့တွေရှိတယ်။ စားနပ်ရိက္ခာအတွက်ဆို သူတို့ကို လှူရတယ်"ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့သည် မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများကို ကူညီပေးနေသောအဖွဲ့ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ငွေကြေးနှင့် စားနပ်ရိက္ခာများကိုလည်း စစ်ရှောင်များထံ လှူဒါန်းရန် မေတ္တာရပ်ခံထားသည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#စစ်ဘေးရှောင်
#ဒီပဲယင်း

ပုံအညွှန်း- ဒီပဲယင်းမြို့နယ်အတွင်းက စစ်ရှောင်စခန်းတစ်ခုတွင် နိုဝင်ဘာ ၁၃ရက်​နေ့က စားနပ်ရိက္ခာအတွက် ငွေကျပ် ၃၀၀,၀၀၀ ကို ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က လှူဒါန်းနေစဥ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
တိုက်ပွဲပြင်းထန်​နေသည့် မိုးဗြဲနှင့် လွိုင်ကော်တွင် ၃ ရက်အတွင်း အမျိုးသမီး ၄ ဦး အပါ အရပ်သား ၂၀ သေဆုံး၊အသက်မပြည့်သေးသူများနှင့် သက်ကြီးရွယ်အိုများ ပါဝင် 
🔥3😁3👎1
တိုက်ပွဲပြင်းထန်​နေသည့် မိုးဗြဲနှင့် လွိုင်ကော်တွင် ၃ ရက်အတွင်း အမျိုးသမီး ၄ ဦး အပါ အရပ်သား ၂၀ သေဆုံး၊အသက်မပြည့်သေးသူများနှင့် သက်ကြီးရွယ်အိုများ ပါဝင် 
•================

001

မဇ္စျိမ။   ။ စစ်​ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် ပစ်သတ်မှုများကြောင့် ကရင်နီပြည်နယ် ၊မိုးဗြဲနှင့် လွိုင်ကော်မြို့တို့တွင် နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ သုံးရက်အတွင်း အရပ်သား ဦးရေ၂၀ သေဆုံးကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။

သေဆုံးသူများတွင် အမျိုးသား ၁၃ ဦး၊ အမျိုးသမီး လေးဦးနှင့် ကျား၊ မအတိအကျ မသိရသေးသူ သုံးဦးပါဝင်ကြောင်း KnHRG ကထုတ်ပြန်ထားသည်။ သေဆုံးသူများမှာ ၁၀ နှစ်အရွယ်ကလေးသူငယ်မှ အသက် ၆၀ ကျော်၊ ၇၀ အရွယ်အထိ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၅ ဦးရှိပြီး ဘုန်းတော်ကြီးတပါးအပါအဝင် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး လေးဦးခန့်တို့လည်း ဖမ်းဆီးခံရကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က အပြင်တွင် သွားလာနေသည့် အရပ်သားပြည်သူများကိုလည်း ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

“ဒီမနက်(နိုဝင်ဘာ ၁၄)ပဲ ကားတစီးနဲ့ ဆိုင်ကယ်တစီးအပစ်ခံရတယ်။ လွိုင်ကော်မြို့ရဲ့ အထက ၃ ပေါ့။ လေယာဉ်ကွင်းနဲ့နီးတယ်ပေါ့နော်။ အဲ့ဒီမှာအပစ်ခံရတယ်ပေါ့နော်။ အဲ့ဒီလိုမျိုးပေါ့ နည်းနည်းလေးလမ်းပေါ်ထွက်တာနဲ့ တွေ့တာနဲ့ပစ်ပေါ့နော်။ နောက် အဖိုးတယောက်လည်း ဒီမနက်ပဲ ခြောက်နာရီလောက်မှာ အိမ်ရှေ့မှာလမ်းပေါ်မှာ ထွက်လျှောက်ရင်း အပစ်ခံရလို့ဆုံးသွားတာရှိပါတယ်”ဟု KnHRG တည်ထောင်သူ ကိုဗညားကပြောသည်။ 

ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ အောက်တိုဘာလ ၁၁ ရက်နေ့ကစပြီး တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး မြို့တွင်း၊ မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းကြရန် တော်လှန်ရေးအဖွဲ့များဘက်က အသိပေးထားသည်။

သို့သော် စစ်ကောင်စီက အပြင်ထွက်ခွင့်မ​ပေးသည့်အတွက် ​နေရာမ​ပြောင်း​ရွှေ့နိုင်သည့် အရပ်သားများလည်းရှိ​နေကြောင်း သိရသည်။

“အရပ်သားတွေက ပိတ်မိတာမဟုတ်ဘူး။ စစ်ကောင်စီက ပေးမထွက်လို့ပါ။ အားလုံးလည်း သိတဲ့အတိုင်းပဲ စစ်ကောင်စီက အစတည်းက သူတို့ကို ရပ်ကွက်ထဲ ပြန်ခေါ်ဝင်တယ်။ ပထမ ၁၁ ရက်နေ့မှာ တိုက်ပွဲဖြစ်တဲ့အတွက် သူတို့က အထဲကိုခေါ်တယ်။ ကျွန်တော်တို့က အပြင်ကိုထွက်ခိုင်းတဲ့အချိန်မှာ သူတို့က အထဲကို ခေါ်ဝင်တယ်။ ခေါ်ဝင်ပြီးတော့မှ အခုနောက်ပိုင်းပြန်ပေးမထွက်တော့ဘူး။ မြို့အဝင်အထွက်ကိုလည်း ပေးမလုပ်တော့ဘူး။ ရပ်ကွက်အဝင်အထွက်ကိုလည်း ပေးမလုပ်တော့ဘူး”ဟုဆိုသည်။

ကရင်နီပြည်နယ်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး ကရင်နီပူးပေါင်းအဖွဲ့များက ၁၁၁၁ စစ်ဆင်ရေးဆင်နွှဲနေခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

“ဒီနေ့ကတော့လွိုင်ကော်မှာလည်း အပြင်းအထန်တိုက်နေတုန်းပဲ။ နေရာနှစ်ခု သုံးခုမှာ အပြင်းအထန်တိုက်နေတုန်းပဲဗျ။ မိုးဗြဲအခြေအနေတော့မြေပြင်သတင်းမရောက်လာသေးလို့ ပြောကြားလို့မရသေးဘူး။ လွိုင်ကော်မှာ ဒီမနက် ၅ နာရီဝန်းကျင်လောက်ကနေ စတိုက်တယ်ပေါ့နော်။အခု(​နေ့လယ်)ထက်ထိပဲ အပြင်းအထန်လေယာဉ်နဲ့ အများကြီးလာတိုက်တယ်”ဟု DMO Local PDF အဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူတဦးကပြောသည်။

တိုက်ပွဲများကြောင့် လက်ရှိတွင် ဘေးလွတ်ရာသို့ အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေရသည့် လွိုင်ကော်မြို့နှင့်အနီးတဝိုက်အပါအဝင် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်များမှ ပြည်သူဦးရေ ၃၅,၀၀၀ ကျော်ရှိကြောင်းလည်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ၏ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မိုးဗွဲ
#လွိုင်ကော်

ပုံအညွှန်း- လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သားများ (ဓာတ်ပုံ- KnHRG)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥3😁1