Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြန်မာနောင်း ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်အား ထောင်ဒဏ်နှစ် ၂၀ ချမှတ်
=====================

ရွှေနွယ်
(မဇ္ဈိမ)။ ။မြန်မာနောင်း (Myanmar Now) သတင်းဌာန၏ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်အား စစ်ကောင်စီမှ ယနေ့ စက်တင်ဘာ ၆ ရက်နေ့တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်ကြောင်း Myanmar Now မှ ထုတ်ပြန်သည်။

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင် ထောင်တွင်းတရားရုံးမှ ယခုကဲ့သို့အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပြီး ပုဒ်မ လေးခုဖြင့်တရားစွဲဆိုထားသည်ဟု ကနဦးကြားသိရသော်လည်း မည်သည့်ပုဒ်မအတွက် အမိန့်ချမှတ်သည်ကိုမူ အတိအကျမသိရသေးကြောင်း Myanmar Now မှဖော်ပြသည်။

ကိုစိုင်းဇော်သိုက်အား စွဲဆိုထားသည့် ပုဒ်မ လေးခုမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၂၇)၊ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၅၀၅ – က) ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ တို့ဖြစ်ကြောင်း သိရသည်။

အသက် ၄၀ အရွယ်ရှိ ကိုစိုင်းဇော်သိုက်သည် မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်အခြေအနေများကို သွားရောက်မှတ်တမ်းရယူစဉ် ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က စစ်တွေမြို့၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ထို့နောက် ကိုစိုင်းဇော်သိုက်အား စစ်တွေမြို့ စစ်ကြောရေးနှင့် ရန်ကုန်မြို့စစ်ကြောရေးတို့တွင် တပတ်ကျော်ကြာအောင်စစ်ဆေးခဲ့ပြီး တောင်ဒဂုံမြို့နယ် တရားရုံးတွင် ချုပ်ရက်ရမန်ယူကာ ဇွန်လအတွင်း၌ အင်းစိန်ထောင်သို့ပို့ဆောင်ခဲ့သည်။

"သူဟာ ကျွန်တော်တို့နဲ့အတူ ၂၀၁၇ ခုနှစ်ကတည်းက လက်တွဲပြီးအလုပ်လုပ်ခဲ့တဲ့သူပါ။ ကျွန်တော်တို့အဖွဲ့က ရေးသားခဲ့တဲ့ အရေးကြီးတဲ့သတင်းတွေမှန်သမျှမှာ ကိုစိုင်းဟာအသက်အန္တရာယ်ကို မငဲ့ဘဲ အမြဲပဲရှေ့တန်းက သတင်းယူခဲ့တဲ့သူပါ" ဟု Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ဦးဆွေဝင်းမှ ယနေ့တွင် ထုတ်ပြန်သည့် Myanmar Now ၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။
ကိုစိုင်းဇော်သိုက်သည် စစ်ကောင်စီမှ ဖမ်းဆီးပြီးနောက်တွင် တောင်ဒဂုံတရားရုံး၌ ရမန်ရယူသည်မှအပ ယနေ့အချိန်အထိ မည်သည့်တရားခွင် စစ်ဆေးမှု၊ ခုခံချေပခွင့်၊ ရှေ့နေငှားရမ်းခွင့်မျှ မရရှိခဲ့ပေ။

"ကိုစိုင်းဇော်က သူ့ အလုပ်ကို သိပ်ချစ်ပြီး ဇွဲကြီးတဲ့ ဓာတ်ပုံသတင်းထောက်တယောက်။ သူအဖမ်းမခံရရင်ကတည်းက စစ်တပ်က သူ့ကို ပစ်မှတ်ထားတာတွေ ရှိခဲ့ပါတယ်။ အခုထောင်ဒဏ်က ဥပဒေမဲ့ အငြိုးတကြီး ချလိုက်တယ်လို့ ထင်ပါတယ်" ကိုစိုင်းဇော်သိုက်၏ မိတ်ဆွေ သတင်းထောက်တဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ် ကုန်စျေးတန်းလမ်းရှိ Myanmar Now သတင်းဌာန၏ ရုံးခန်းအား စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များမှ ဝင်ရောက်စီးနင်းခဲ့ကြောင်းနှင့် အယ်ဒီတာချုပ် ဦးဆွေဝင်းနှင့်အတူ အယ်ဒီတာအချို့အား တရားစွဲဆိုကာ နေအိမ်များကိုလည်းချိပ်ပိတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် Myanmar Now သတင်းထောက် မကေဇင်နွေးနှင့် အင်္ဂလိပ်ပိုင်း စာတည်းဟောင်း အမေရိကန်နိုင်ငံသား Danny Fenster တို့ကိုလည်း လအတန်ကြာဖမ်းချုပ်ပြီးမှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် မြန်မာနိုင်ငံအတွင်း အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်ကာ သတင်းလွတ်လပ်ခွင့်ကို နည်းမျိုးစုံဖြင့်ပိတ်ပင်နေပြီး သတင်းသမားများကိုလည်း ဖမ်းဆီးအရေးယူမှုများပြုလုပ်နေခြင်းဖြစ်သည်။

အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ ၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့အထိ စစ်ကောင်စီမှ ဖမ်းဆီးခဲ့သည့် သတင်းသမားအရေအတွက် ၁၇၆ ဦးရှိပြီး ထို့အနက် လေးဦးသေဆုံးခဲ့ကြောင်း International Federation of Journalists(IFJ) မှ မေလအတွင်းက ထုတ်ပြန်ထားသည်။

နယ်စည်းမခြား သတင်းသမားများအဖွဲ့(RSF) မှ ပြုစုသည့် ၂၀၂၂ ခုနှစ် သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းအစီရင်ခံစာအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံမှာ အဆင့် ၁၇၃ နေရာ၌ ရှိနေခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#RSF
#IFJ
#MyanmarNow
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬17👍8😢3❤1