Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရပြီးနောက် ၂၄ နာရီအတွင်း သေဆုံးသူ ၃၈၀ နီးပါးရှိလာ
================

YT

မဇ္ဈိမ။ ။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းခဲ့ပြီးနောက် နှစ်နှစ်အတွင်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရပြီး ၂၄ နာရီအတွင်း သေဆုံးသူ (သို့မဟုတ်) စစ်ကြောရေး၌ ညှဉ်းပန်းသတ် ဖြတ်ခံရသူဦးရေ ၃၇၉ ဦးရှိပြီဖြစ်ကြောင်း လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ BHRN - Burma Human Rights Network မှ ထုတ်ပြန်သည်။

စစ်ကောင်စီအာဏာသိမ်းသည့် နှစ်နှစ်တာကာလအတွင်း ဖမ်းဆီးခံရသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နှင့် ပြည်သူအရေအတွက် ၁၉၅၂၁ ဦးရှိပြီး ၎င်းအနက် ၃၂၈၅ ဦးသည် စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်း ကိုခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထိ အချက်အလက်ပြုစုချက်များနှင့် BHRN ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီ၏ သတ်ဖြတ်ခြင်းခံရသူများအနက် ၃၇၉ ဦးသည် ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်း သေဆုံးသူ (သို့မဟုတ်)စစ်ကြောရေး၌ ညှဉ်းပန်းနှိပ်စက်ခံရပြီး သတ်ဖြတ်ခံရသူများဖြစ်သည်။ ထိုသို့ သတ်ဖြတ်ခံရ သူများသည် စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ပြီး ၁၆၆ ဦးရှိသည်။

အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင်ပါဝင်ခဲ့သည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ချမ်းမြအောင်စည် ရပ်ကွက်နေ အသက် ၁၅ နှစ်အရွယ် မောင်ကျော်မင်းခန့်အား ၂၀၂၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့၌ စစ်ကောင်စီ မှ လာရောက်ဖမ်းဆီးခဲ့ပြီး ဇွန်လ ၂၀ ရက်နေ့တွင် မိသားစုထံ အလောင်းလာယူရန် ဆက်သွယ်ခဲ့ကြောင်း၊ ခန္ဓာကိုယ်တစ်ခုလုံးနီးပါး အညိုအမဲစွဲဒဏ်ရာများပြည့်နှက်နေကြောင်း မိသားစုနှင့်နီးစပ်သည့် အသိုင်း အဝိုင်းမှ သိရသည်။

စစ်ကောင်စီထံ ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်း သေဆုံးမှုများထဲတွင်၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့၌ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ စု-သက်မွေးဝမ်းကျောင်းသိပ္ပံမှ တာဝန်ခံဦးဇော်မြတ်လင်းသည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။

ဦးဇော်မြတ်လင်းအား ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်မှဖမ်းဆီးသွားပြီး မတ်လ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ညိုမဲစွဲကာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ရုပ်အလောင်းကို မင်္ဂလာဒုံစစ်ဆေးရုံ၌ သွားယူခဲ့ရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရကာ စစ်ကြောရေး၌ ညဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးမှုများတွင် PDF ၊ UG လူငယ်များလည်းပါဝင်ပြီး လူမသိသူမသိသေဆုံးရခြင်းဖြစ်ကာ မိသားစုထံ ဆက်သွယ်ခြင်းမရှိကြောင်း သိရသည်။

“ကျွန်တော်တို့ သူငယ်ချင်းက UG လုပ်ဖို့ တောထဲကနေ ရန်ကုန်ပြန်တက်သွားတာ။ ၂၀၂၂ နိုဝင်ဘာလမှာ အဖမ်းခံရတာ။ တပတ်လောက်ကြာတော့ သေသွားတယ်ကြားတယ်။ အခုထိ မိသားစုက သူသေတာမသိ သေးဘူး” ဟု စစ်ကောင်စီ၏ စစ်ကြောရေးတွင် သေဆုံးသွားသော ရန်ကုန် UG လူငယ်တစ်ဦး၏ မိတ်ဆွေ ရဲဘော်တစ်ဦးက ဆိုသည်။

ထိုသို့ စစ်ကောင်စီတပ်၏ လူသတ်မှုများနှင့်ပတ်သက်ပြီး “မြန်မာနိုင်ငံရဲ့အခြေခံဥပဒေဟာ စစ်ကောင်စီ ကဆွဲထားတဲ့ ဥပဒေဖြစ်ပြီးတော့ ပြုပြင်ပြောင်းလဲဖို့ တော်တော်ခက်နေတာဖြစ်တဲ့အတွက် စစ်ကောင်စီ ကို ပြည်တွင်းဥပဒေနဲ့ အရေးယူဖို့တော့မဖြစ်နိုင်ဘူး။ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီတပ်ကို စီးပွားရေး ပိတ်ဆို့တာမျိုးတွေ၊ စစ်တပ်ရဲ့လုပ်ရပ်တွေကို ရှုံ့ချတာမျိုးတွေ လုပ်နေကြတယ်။ ဒါဟာလဲ အရေးယူခြင်း တစ်မျိုးပဲ။ နောက်တစ်ခုအနေနဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)နဲ့ နိုင်ငံတကာတရားရုံး (ICJ) တို့ကနေ စစ်ကောင်စီတပ်ရဲ့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီကို တရားစွဲဖို့ပေါ့။ အဲဒါတွေအတွက်ကို အခုလို စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိကျတဲ့အချက်အလက်တွေ ပြုစုထားဖို့လိုတယ်”ဟု
CDM ရှေ့နေတစ်ဦးက မဇ္ဈိမကိုပြောသည်။

NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုး ဖောက် မှုများအား တိကျသောအချက်အလက်များဖြင့် တိုင်ကြားနိုင်ကြောင်း၊ ပြည်သူ့ထံမှ မှတ်တမ်းများအား စနစ်တကျ မှတ်တမ်းကောက်ယူပြီး တရားမျှတမျှတမှုရရှိအောင် ဆောင်ရွက်သွားမည့်အကြောင်း ကတိ သစ္စာပြုထားသည်။

BHRN ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလနှစ်နှစ်အတွင်း မြန်မာနိုင်ငံအဝှမ်း စစ်ကောင်စီ၏ သတ် ဖြတ်ခံရသူ ၃၂၈၅ ဦးတွင် အမျိုးသမီး ၃၇၄ ဦးပါဝင်ပြီး အမျိုးသား ၂၉၀၉ ဦးရှိကာ LGBT နှစ်ဦး ပါဝင် ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#လူ့အခွင့်အရေး
#Burma_Human_Rights_Network(BHRN)
#စစ်ကောင်စီ
#ဖမ်းဆီးသတ်ဖြတ်
👍10🤬4😢2😁1