Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
“တရားဝင် ဝင်လာတဲ့ အခွင့်အရေးဖြစ်တဲ့အတွက် တရားမဝင် ဝင်လာမဲ့စနစ်တွေ ပျောက်ပြယ်သွားမယ်” ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့က တာဝန်ရှိသူနှင့် ဆက်သွယ်မေးမြန်းချက်
==================================

မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ KTG HelpingHands Gerenal Services က Managing Director ကိုသားကြီးကို ထိုင်းနိုင်ငံသို့ အလုပ်သမားများခေါ်ယူလာခြင်းနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်ထားခြင်းဖြစ်သည်။

မေး။ ။ မြ၀တီ-မဲဆောက် ချစ်ကြည်ရေး အမှတ်-၂ တံတားက တစ်ဆင့် မြန်မာအလုပ်သမား ၂၉၀ နီးပါးကို မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက MOU ဖြင့် ထိုင်းနိုင်ငံက စတင်ခေါ်ယူလိုက်တဲ့အပေါ် ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ မြန်မာအလုပ်သမားတွေအတွက် ကြည့်ရင် တရားဝင် ဝင်လာတဲ့ အခွင့်အရေးဖြစ်တဲ့အတွက် တရားမဝင် ဝင်လာမဲ့စနစ်တွေ ပျောက်ပြယ်သွားမယ် လူကုန်ကူးမှုတွေလျော့နည်းသွားမယ် ဒါဟာ အလုပ်သမားတွေအတွက် ကောင်းတဲ့အလားအလာ တစ်ခုလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် တစ်ဘက်ကပြန်ကြည့်ရင် MOUနဲ့ သွင်းလာတယ်ဆိုတဲ့ နေရာမှာ COVID-19 မတိုင်ခင်က MOU စနစ်နဲ့ပဲ စာချုပ်ချုပ်ထားတဲ့ အလုပ်သမား ခြောက်သောင်းကျော်လောက်ရှိတယ် အဲဒီလူတွေနဲ့ ပတ်သက်ပြီး လက်ရှိMOUနဲ့ ၂၈၈ယောက် သွင်းလိုက်တဲ့အပေါ် စစ်ကောင်စီရဲ့ ဝန်ကြီးဌာနကို ခင်ဗျားတို့ဘာတွေလုပ်ပေးမလဲလို့ မေးခွန်းထုတ်စရာရှိပါတယ် ဘာကြောင့်လဲဆိုတော့ COVID-19 မတိုင်ခင်က လူတစ်ယောက်ကို ကုန်ကျစရိတ် ၁၅သိန်းကနေ ၁၈သိန်း အထိပေးပြီး စာချုပ်ချုပ်ထားတဲ့ အလုပ်သမားခြောက်သောင်းကျော်ကို ဘယ်သူတွေက ဆက်ပြီး ကူညီပေးမလဲပေါ့ အရင်ကစာချုပ်ချုပ်ထားတဲ့သူတွေ ထွက်ခွင့်မရဘဲ အခုထွက်ခွင့်ရတဲ့ ၂၈၈ယောက်က လတ်တလောစာချုပ်ချုပ်ပြီး ထွက်ခွင့်ရတယ်ဆိုတော့ ဒါဟာ အလုပ်သမားအရေးမှာ တာဝန်ယူနေတဲ့ ပုဂ္ဂိုလ်တွေ ၊ အထူးသဖြင့် လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ဝန်ကြီးဌာနက ဘာတွေလုပ်မလဲ ဒါကိုမေးရမှာပေါ့။

မေး။ ။ အလုပ်သမားတွေကို MOUနဲ့ခေါ်တာနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ MOUနဲ့ ဝင်လာတာ ကောင်းလားဆိုတော့ တရားဝင် ဝင်လာတာဖြစ်တဲ့အတွက် အလုပ်သမားတွေအတွက် ကောင်းတယ်လို့ ပြောလို့ရပါတယ်။ အခုလိုမျိုး အလုပ်သမားတွေ ဒီနေ့မှာ ပထမဆုံးခြေလှမ်း အဖြစ်နဲ့ စာချုပ်ချုပ်ပြီး MOUနဲ့ တရားဝင် ဝင်လာတယ် COVID-19 မတိုင်ခင်က အေဂျင်စီများစွာနဲ့ စာချုပ်ချုပ်ထားတဲ့ အလုပ်သမား ခြောက်သောင်းကျော်နဲ့ပတ်သက်ပြီး အေဂျင်စီတွေအနေနဲ့ အဲဒီအလုပ်သမားတွေကို ဘယ်လိုကူညီဆောင်ရွက်ပေးမလဲ၊ဘယ်တော့ထွက်ခွင့်ရမလဲ ဆိုတာကို အလုပ်သမားတွေကိုယ်စား အေဂျင်စီတွေကို မေးခွန်းထုတ်ရမလို ဖြစ်နေတယ်

မေး။ ။ ထိုင်းနိုင်ငံထဲကို အလုပ်သမားတွေခေါ်ယူလာဖို့ အခြေအနေနဲ့ ပတ်သက်ပြီး ဘာတွေမြင်တွေ့ထားရပါသလဲ။

ဖြေ။ ။ လက်ရှိ ဒီထိုင်းနိုင်ငံထဲကို MOU စနှစ်နဲ့ ဝင်လာတဲ့ အလုပ်သမားတွေ ဝင်လာလို့ ရသလို ထိုင်းအစိုးရရဲ့ အလုပ်သမား ဝန်ကြီးဌာနကလည်း သူ့နိုင်ငံရဲ့ စီးပွားရေးအတွက် အလုပ်သမား လိုအပ်ချက်အရ အလုပ်သမားတွေကို လက်ခံဖို့အတွက် သူတို့ ဌာနပေါင်းစုံကနေ မြန်မာနိုင်ငံသူ၊နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေကို ဝမ်းပန်းတသာ ကြိုဆိုကြတယ် ဒါပေမယ့် သူ့နိုင်ငံထဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူပေါင်း ၈,၀၀၀ ကနေ ၁၀,၀၀၀ အထိရှိတဲ့ အဖမ်းခံထားရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ထိုင်းအချုပ်တွေ ထောင်တွေထဲမှာ ၊အထောက်ထားမဲ့ အလုပ်သမားတွေကို ပြည်တော်ပြန်အဖြစ်နဲ့ ပြန်ပို့ရမယ် ဒါတွေကိုတော့ ပြန်ပို့ဖို့ မကြိုးစားတာ ဒါဟာ ကိုယ့်ကိုယ်ကျိုးအတွက်ကိုပဲ ကြည့်ပြီးတော့ ပြည်ပမိခင်နိုင်ငံကို ပြန်ပို့ခံရမယ့် အလုပ်သမားတွေအတွက်ကျတော့ လက်လွတ်စပယ်ပေါ့ ဒါဟာ ၊ဒီအတိုင်းလေးပဲ ပစ်ထားတယ် တစ်ဖက်က စစ်ကောင်စီကခန့်တဲ့ အလုပ်သမား ဝန်ကြီးဌာနက တာဝန်ရှိသူတွေကလည်း ဒါကို တစ်စုံတစ်ရာ တောင်းဆိုတာတွေ မရှိဘဲနဲ့ တံတားက ပြန်ပြီးတော့ လက်မခံလို့ ပြန်မပို့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်သမား ထောင်ပေါင်းများစွာ ထိုင်းနိုင်ငံထဲမှာ ဒုက္ခရောက်နေတယ်ဆိုတာကိုလည်း မီဒီယာကနေတစ်ဆင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အသိပေးစေချင်တာပါ။

မေး။ ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

https://youtu.be/6huXcyLSZBE

#Mizzima
#ဆက်သွယ်မေးမြန်းချက်
#မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့
#ရွှေ့ပြောင်းလုပ်သား
#MOU
#PhotoNews
------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်လီုက်ပါရစေ.
လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8
​​MOU စနစ်ဖြင့် ဒုတိယအသုတ် မြန်မာ အလုပ်သမား ၃၀၀ ကျော် ထိုင်းသို့ဝင်ရောက်
====================

ကိုရွှေမြိတ်

COVID-19 ကူးစက် ရောဂါကြောင့် နှစ်နှစ်နီးပါး ပိတ်ထားသည့် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြဝတီ အမှတ် (၂) ချစ်ကြည်ရေး တံတားမှ တစ်ဆင့် MOU စနစ်ဖြင့် မြန်မာ အလုပ်သမား ၃၀၁ ဦးသည် မေလ ၁၁ ရက်နေ့ နံနက်ပိုင်းက ဒုတိယ အသုတ် အဖြစ် ထိုင်းသို့ ဝင်ရောက် လာကြောင်း Myanmar Labour Attache Office က ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ အတွင်း အလုပ် လုပ်ကိုင်ရန် မြန်မာ အလုပ်သမား ၂၈၈ ဦးသည် ပထမ အသုတ်အဖြစ် မေလ ၁၀ ရက်နေ့က ဝင်ရောက် ခဲ့ပြီး ယခု ဒုတိယ အသုတ် ဝင်ရောက်ခြင်း ဖြစ်ကြောင်း မဲဆောက် အခြေစိုက် ထိုင်း သတင်းများတွင် ဖော်ပြထားသည်။

#Mizzima
#ထိုင်း-မြန်မာ
#MOU စနစ်
#မဲဆောက်-မြဝတီ
#COVID-19
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6
MOU စနစ်ဖြင့်သွားရာတွင် သိရှိရမည့် အချက်တချို့ကို မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့တာဝန်ရှိသူနှင့် ဆက်သွယ်မေးမြန်ချက်
========================

ထိုင်းနိုင်ငံသို့ တရားဝင်ရွှေ့ပြောင်းအလုပ် လုပ်ကိုင်နိုင်ရန်အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားများက တရားဝင် MOU စနစ်ဖြင့်သွားရောက် ခွင့်ရရှိနေပြီ ဖြစ်သည်။

ထိုသို့ရွှေ့ပြောင်းလုပ်ကိုင်နိုင်ရန်အတွက် ရွှေ့ပြောင်းစရိတ်နှင့် ဝန်ဆောင်ခများကို လိုသည်ထက်ပို၍ မပေးဆောင်ရစေရန်နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ငွေလိမ်မခံရစေရန် စသည်အချက်များနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့မှတာဝန်ရှိသူနှင့် ဆက်သွယ်မေးမြန်ထားသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ KTG HelpingHands Gerenal Services က Managing Director ကိုသားကြီးကို ဆက်သွယ် မေးမြန်ထားခြင်း ဖြစ်သည်။

https://youtu.be/XU1dBzM8yao

#Mizzima
#ထိုင်းနိုင်ငံ
#မြန်မာရွှေ့ပြောင်းလုပ်သား
#MOU
#KTG HelpingHands Gerenal Services
#ဝန်ဆောင်ခ
#PhotoNews
------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်လီုက်ပါရစေ.
လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2
မြန်မာ အလုပ်သမား ၁၅၀ ကျော် MOU စနှစ်နဲ့ ထိုင်းကို တတိယအသုတ် ထပ်မံပို့ဆောင်

ကိုရွှေမြိတ်
မဲဆောက်၊ မေလ ၁၉
ထိုင်းနိုင်ငံအတွင်း မြန်မာ အလုပ်သမားများ တရားဝင် အလုပ် လုပ်ကိုင်ခွင့် ရရှိစေရေး နှစ်နိုင်ငံ သဘောတူညီမှုဖြင့် အလုပ်သမားများ စေလွှတ်လျှက်ရှိရာ ယနေ့ မေလ ၁၉ ရက်နေ့တွင်လည်း ၁၅၁ ဦး ထပ်မံ ဝင်ရောက်လာကြောင်း
အလုပ်သမားသံအရာရှိရုံး Myanmar Labour Attache Office ရုံးက ထုတ်ပြန်ထားကြောင်း သိရ သည်။
မြ၀တီ-မဲဆောက် နယ်စပ်ဂိတ်မှတစ်ဆင့် ယခု တစ်ခေါက် ဝင်ရောက် လာသည့် မြန်မာ အလုပ်သမား ၁၅၁ ဦး သည် ထိုင်းနိုင်ငံ အတွင်းရှိ Fujikura Electronics(Thailand) Co.,Ltd တွင် ၉၂ ဦး၊ Thai Chin Fu Enterprise Co.,Ltd မှာ ၂၉ ဦး နှင့် Samakee Concrete Product Co.,Ltd တွင် ၃၀ ဦး အသီးသီး ပို့ဆောင်ရန် စီစဉ်နေသည်ဟု အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထား သည်။
လက်ရှိ မြန်မာ ရွေ့ပြောင်း အလုပ်သမားများ MOU စနစ်ဖြင့် မေလ ၁၀ မှ ၁၉ ရက်နေ့ အထိ စုစုပေါင်း ၇၃၉ ဦး ရှိပြီ ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံး၏ ထုတ်ပြန်ချက်အရ သိရ သည်။

#ထိုင်းနိုင်ငံ
#ရွှေ့ပြောင်းလုပ်သား
#MOU
#Myanmar Labour Attache Office
#အလုပ်သမားသံအရာရှိရုံး
👍6
ထိုင်းနိုင်ငံသို့ စတုတ္ထအသုတ် MOU ရွေ့ပြောင်း အလုပ်သမား ၃၇၆ ဦးထပ်ပို့ ၁,၀၀၀ ကျော်အထိရှိလာ

ကိုရွှေမြိတ်
မဲဆောက်၊ မေလ၊ ၂၂
ကရင်ပြည်နယ်၊ မြ၀တီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၂) တံတားမှတစ်ဆင့် မေလ ၂၁ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာ ရွေ့ပြောင်း အလုပ်သမား ၃၇၆ ဦးကို စတုတ္ထ အသုတ်ဖြင့် ထပ်မံ စေလွှတ်ခဲ့ရာ စုစုပေါင်း ၁,၀၀၀ ကျော် ရှိဖြစ်ကြောင်း ရွှေ့ပြောင်း မြန်မာ အလုပ်သမား အရေး ကူညီပေး နေသူများထံမှ သိရသည်။
စတုတ္ထ အသုတ်ဖြင့် ယမန်နေ့က ဝင်ရောက် လာသည့် MOU စနှစ်ဖြင့် ၃၇၆ ဦးသည် အကျိုးဆောင် GOLDEN SEA MYANMAR CO., LTD နှင့် ထက်ဝင်း အေဂျင်စီ ကုမ္ပဏီတို့မှ ချိတ်ဆက်ပြီး ရောက်ရှိလာ သူများကို ထိုင်းနိုင်ငံရှိ Italian Thai Co.,Ltd စက်ရုံနှင့် CPF (Thailand) Co.,Ltd စက်ရုံတို့ကို စေလွှတ် သွားမည် ဖြစ်သည်ဟု အလုပ်သမား သံအရာရှိရုံး Myanmar Labour Attache Office ရုံး၏ ထုတ်ပြန်ချက် အရ သိရ သည်။
လက်ရှိတွင် မေလ ၁၀ ရက်နေ့မှ စတင်ကာ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ဝင်ရောက်လာသူ ရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း ၁,၁၁၅ ဦး ရှိပြီဖြစ်ကြောင်း မြန်မာအလုပ်သမား အရေး ကူညီပေးနေသူများထံမှ သိရသည်။
#ကရင်ပြည်နယ်
#မြ၀တီ-မဲဆောက်
#ချစ်ကြည်ရေးအမှတ်(၂)တံတား
#MOUရွေ့ပြောင်းအလုပ်သမား
#Myanmar Labour Attache Office
#အလုပ်သမားသံအရာရှိရုံး
👍13
​​ဗုဒ္ဓဂါယာဘုရားဖူးများနှင့် MoU လုပ်သားများကိုသာ နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးနေ
========================

ဝေဟင်စိုး
မဇ္ဈိမ။ ။နိုင်ငံကူးလက်မှတ်(Passport) ပြုလုပ်ပေးရာတွင် ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားရောက်မည့်သူများ နှင့် အစိုးရအချင်းချင်းချိတ်ဆက်၍ နိုင်ငံရပ်ခြားသို့ ထွက်ခွာအလုပ်လုပ်သူ(MoU) လုပ်သားများကိုသာ ပြုလုပ်ပေးလျှက်ရှိသည်ဟု နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

“ရုံးတွေပိတ်တာက တရားဝင်‌ကြေညာပြီးတော့တစ်နိုင်ငံလုံးပိတ်ထားတာ။ လိုင်းပေါ်မှာကြော်ငြာပြီးလုပ် ပေးမယ်ဆိုတဲ့ဟာတွေ ကျွန်တော်တို့ အားမပေးဘူး။ အခုလုပ်ပေးနေတယ်ဆိုတာက ဗုဒ္ဓဂါယာ ဘုရားဖူး အေးဂျင့်တွေနဲ့ MoUတွေကိုပဲ လုပ်ပေးနေတာ။

နိုင်ငံခြားမှာ အလုပ်သွားလုပ်မယ့်သူတွေ‌ MoU စနစ်နဲ့ အခွန်ဆောင်ထားတဲ့ သူတွေကို ကျွန်တော်တို့ လက်ခံပေးတယ်။ အဲဒီ နှစ်လိုင်းပဲရှိတယ်” ဟု ရှင်းပြသည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအား ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဖွင့်လှစ်ရန်လျာထားချက်ရှိသည်ဟု ဆိုသော်လည်း ဖွင့်လှစ်နိုင်မည်မဟုတ်သေးဘဲ၊ လာမည့် ဖေဖော်ဝါရီလအတွင်းဖွင့်လှစ်ရန်ရှိပြီး ယင်းသည် လည်း အတည်ပြု နိုင်ခြင်းမရှိသေးကြောင်း ဆိုသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများကို ယာယီပိတ် ကြောင်း စစ်ကောင်စီကကြေညာထားသော်လည်း ပတ်စ်ပို့နှင့်ပတ်သက်သည့် ဝန်ဆောင်မှုအားလုံး အတွက် နေ့ချင်းပြီး ဆောင်ရွက်ပေးမည်ဟု Passport Service Myanmar အမည်ဖြင့် လူမှုကွန်ရက် စာမျက်နှာတစ်ခုတွင် ကြော်ငြာထားသည်။

၎င်းစာမျက်နှာတွင်" PJ Passport၊ PV Passport အပါအဝင် သက်တမ်းတိုး၊ အပျောက်လျှောက်၊ PJ မှ PV ပြောင်း၊ PV မှ PJ ပြောင်း၊ အသက်အတိုးအလျော့စသည့် ပတ်စ်ပို့နှင့် ပတ်သက်သည့် ဝန်ဆောင်မှုများ အားလုံးကို ပြုလုပ်ပေးမည်" ဟု ကြော်ငြာထားခြင်း ဖြစ်သည်။

ယင်းအတွက် မဇ္ဈိမက Passport Service Myanmar အား ဆက်သွယ်မေးမြန်းရာတွင် ဖုန်းလက်ခံဖြေ ကြား ခြင်းမရှိပေ။
“အခု လိုင်းပေါ်မှာ ပတ်စ်ပို့လုပ်ချင်ရင် ကိုယ်လုပ်မယ့်အမျိုးအစားအလိုက် ကျပ် ၁၁ သိန်းတို့ ၁၅ သိန်းတို့ ဆိုပြီးတောင်းနေတာတွေ ကြားနေရတယ်။ စုံနေတာဘဲ။ ကျွန်တော်တို့ အားမပေးပါဘူး။ ကိုယ့်ဟာနဲ့ ကိုယ် ဆုံဖြတ်ကြပေါ့နော်။ အသစ်ကို လုံးဝလုပ်မပေးသေးဘူး” ဟု နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနှင့် နီးစပ်သူတစ်ဦးက ထပ်မံရှင်းပြသည်။

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ် ပြုလုပ်မည့်သူတစ်ဦးကလည်း “လိမ်လည်ခံရတာမျိုး ကျွန်မကိုယ်တိုင် တော့ မကြုံဖူးသေးဘူး။ လိုင်းပေါ်မှာ တင်တဲ့ပေ့ချ်စ်တွေကို သိချင်လို့မေးမြန်းတော့လည်း ရေရေရာရာ မပြောဘူး။ Viber က နေဆက်သွယ်ပါဆိုပြီး ပြန်ညွှန်တယ်။ လူကိုယ်တိုင်ဖုန်းရတာတောင် တိတိကျကျ ပြန်မဖြေပေးနိုင်တာကို ကျွန်မတို့က ဘာကို သွားယုံကြည်ရမလဲ။ အဲ့ဒီတော့ မလုပ်ဘူး။ တရားဝင်ရုံးတွေ ပြန်ဖွင့်မှလုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ ကိုယ့်အတွက်က အရေးတကြီးလည်း မဟုတ်တာလည်း ပါတာ ပေါ့” ဟုဆိုသည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၈ ရက် နေ့ကနေပြည်တော်၌ ပြုလုပ်သည့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေး ၅/၂၀၂၂ တွင် ပြည်ပနိုင်ငံများသို့ လူငယ်များထွက်ခွာနေမှုများပြားနေ၍ တင်းကြပ်ကြပ် မတ်ရန်နှင့် ပြည်ပထွက်ခွာသွားသော အလုပ်သမားများအနေဖြင့် လစာ၏ရာခိုင်နှုန်းမည်မျှကို ပြည်တွင်း ပြန်လည်ပေးပို့ရမည်ဆိုသော စာချုပ်ကို လက်မှတ်ရေးထိုးခိုင်းရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကောင်စီ
#နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး
#Passport
#MOU
👍9👎3🔥2
စက်ရုံမှ လက်မခံသည့် MOU လုပ်သားများအား လုပ်ခပြန်လည်ရရှိစေရန် NUG-MOL မှ ကူညီပေးခဲ့

ဂျူချန်း
မဇ္ဈိမ။ ။COVID-19 ကာလအပြီးတွင် မြန်မာနိုင်ငံမှ MOU စနစ်ဖြင့် စေလွှတ်ခဲ့သည့် လုပ်သားပေါင်း ၁၅,၀၀၀ နီးပါးရှိနေရာ အချို့ MOU လုပ်သားများမှာ အလုပ်ရှင်များမှ လက်မခံသဖြင့် အလုပ်လုပ်ခွင့် မရရှိကြသည့် ဖြစ်စဉ်များ ရှိနေသည်။
MOU စနစ်ဖြင့် လုပ်သားစေလွှတ်ရာတွင် လုပ်သားစေလွှတ်ခွင့်ကျသည်နှင့် တာဝန်ပေးအပ်ထားသည့် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ အရာရှိ၏ ရှေ့မှောက်တွင် မြန်မာ-ထိုင်း နှစ်ဖက် အေဂျင်စီများမှ တာဝန်ခံလက်မှတ်ရေးထိုးကာ ထိုင်းနိုင်ငံရှိ စာချုပ်ပါ လုပ်ငန်းခွင်သို့ အရောက်ပို့ဆောင်ပေးရမည်ဖြစ်ပြီး ရောက်ရှိသည့်နေ့မှ စတင်ကာ အလုပ်လုပ်ကိုင်ခွင့်ပေးရမည်ဖြစ်ကြောင်း NUG အလုပ်သမားဝန်ကြီးဌာနမှ မဇ္ဈိမ ကိုပြောသည်။
ထိုင်းနိုင်ငံ Chonbori မြို့ရှိ Lakbam စက်ရုံမှ လုပ်သား ၃၀ဦးနှင့် Phakee ဆောက်လုပ်ရေးလုပ်ငန်းမှ လုပ်သား ၁၀ဦးတို့သည် MOU စနစ်ဖြင့် အလုပ်လုပ်ရန် ရောက်ရှိနေပြီး အဆိုပါမြန်မာရွှေ့ပြောင်း အလုပ်သမားများအား အလုပ်လုပ်ကိုင်ခွင့် မပေးသဖြင့် NUG အလုပ်သမားဝန်ကြီးဌာန၊ ပြည်ပအလုပ်အကိုင်စီမံခန့်ခွဲရေးဦးစီးဌာန လက်အောက်ရှိ အငြင်းပွားမှုဖြေရှင်းရေးရုံးခွဲ (ဘန်ကောက်) ရုံးတာဝန်ခံမှ လုပ်ခရရှိစေရန် သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။
Lakbam စက်ရုံမှ အလုပ်သမား ၃၀ ဦးအတွက် ထိုင်းနိုင်ငံသို့ရောက်ရှိပြီး နောက်အလုပ်သစ်သို့ ပြောင်းရွေ့သွားသည့်နေ့အထိ လုပ်အားခ၏ ၇၅ ရာခိုင်နှုန်းနှင့်ညီမျှသော ၉၉,၆၀၀ ဘတ် အားလည်းကောင်း၊ Phakee ဆောက်လုပ်ရေးလုပ်ငန်းမှ အလုပ်သမား ၁၀ ဦးအတွက် ၂၆ ရက်စာ လုပ်အားခ ၈၃,၁၀၀ ဘတ်အားလည်းကောင်း ရရှိရန် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ဆိုသည်။
အဆိုပါ MOU စနစ်ဖြင့် လာသော်လည်း လုပ်ငန်းခွင်များက လက်မခံသည့် ကိစ္စနှင့်ပတ်သက်၍ “MOU စနစ်နဲ့လာပြီး ဘာလို့ စက်ရုံတွေက လက်မခံတာလဲဆိုတာတော့ ပိုင်ရှင်ကိုယ်တိုင်မှပဲ တိတိကျကျသိလိမ့်မယ်။ MOU စနစ်နဲ့ လုပ်သားစေလွှတ်တဲ့ လုပ်ငန်းစဉ်တစ်ခုလုံးမှာ စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းခွင်တွေမှာ အမှန်တကယ် လုပ်သားလိုအပ်ချက် ရှိ/မရှိ သေချာအောင် မစစ်ဆေးဘဲ နှစ်ဖက် အေဂျင်စီတွေရော စစ်ကောင်စီလက်အောက်ခံ အလုပ်သမားသံအရာရှိတွေရဲ့ ငွေရပြီးရောဆိုပြီး ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ အောက်တန်းကျတဲ့ စိတ်ဓာတ်တွေနဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ ပြီးစလွယ်အလုပ်လုပ်ကြတာကြောင့်ရယ်၊ မလိုအပ်တဲ့ စစ်ကောင်စီရဲ့ လုပ်ငန်းစဉ်တွေကြောင့် လုပ်သားစေလွှတ်ခွင့်တွေ ကြန့်ကြာနေတာတွေကြောင့်လို့ သုံးသပ်သည်” ဟု NUG အလုပ်သမားဝန်ကြီးဌာနမှ မဇ္ဈိမ ကိုပြောသည်။
ယခုကဲ့သို့ MOU စနစ်ဖြင့် ရောက်လာကာ အလုပ်လက်မခံသည့် ဖြစ်စဉ်မျိုး ယခင်ကလည်း ရှိခဲ့ဖူးကြောင်းနှင့် NUG အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် နှစ်အစတွင် အလုပ်သမား ၄၀ ဦးအား လုပ်ခပြန်လည်ရရှိစေရန် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ဆိုသည်။
“တော်လှန်ရေးကာလ ဖြစ်နေတဲ့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေမှာလည်း ထိခိုက်နစ်နာမှုတွေရှိနေပါတယ်။ ထိုင်းနိုင်ငံရဲ့ NUG အပေါ် အသိအမှတ်ပြုမှု မရှိသေးတာကြောင့်လည်း ရွှေ့ပြောင်းအလုပ်သမားအရေး ဖြေရှင်းမှုမှာ အားနည်းနေပါတယ်။ ဒါဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကိုသာမက ထိုင်းနိုင်ငံကိုပါ ထိခိုက်စေတယ်ဆိုတာ တစ်နေ့တော့ ထိုင်းအာဏာပိုင်တွေ သိလာပါလိမ့်မယ်” ဟုလည်း ဆိုသည်။
ထိုင်းရောက် မြန်မာလုပ်သားများသည် အထောက်အထားမရှိ၊ မပြည့်စုံသဖြင့် ဖမ်းဆီးခံရခြင်း၊ လုပ်အားခ ခေါင်းပုံဖြတ်ခံရခြင်း၊ အထောက်အထားရှိသူများမှာလည်း ပတ်စ်ပို့စ်သက်တမ်းကုန်သွားသဖြင့် သက်တမ်းတိုးရန် အခက်အခဲများရှိနေခြင်း၊ အချို့သူများသည် နိုင်ငံထဲသို့ ပြန်ရန် အန္တရာယ်ရှိခြင်း စသည့် အမျိုးမျိုးသော အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေကြရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မြန်မာနိုင်ငံ
#အထောက်အထား
#ပတ်စ်ပို့စ်သက်တမ်း
#MOU
👍12😁2
ပွဲစားအလိမ်ခံရသော မြန်မာအလုပ်သမား ၂၀ ကျော်အား အလုပ်ရရှိအောင် AAC ကူညီဆောင်ရွက်ပေးခဲ့
===================

မဇ္ဈိမ။ ။ အလုပ်သမားကဒ်နဲ့ CI ကတ်လုပ်ပြီး အလုပ်သွင်းပေးမယ်လို့ အကျိုးဆောင်ခယူပြီး အလုပ်သွင်း ပေးခြင်းမရှိတဲ့အတွက် တစ်နှစ်ကျော်ခန့် ဒုက္ခရောက်နေခဲ့ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၂ ဦးကို အလုပ်ရအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ဆောင်ရွက်ပေးနေသူဖြစ်တဲ့ ကိုရဲမင်း(AAC)ကပြောပါတယ်။

သတင်းအပြည့်အစုံကို ဂျူချန်းက တင်ဆက်ပေးထားပါတယ်။

https://youtu.be/FsDa-uF2JX4

ရုပ်သံ တည်းဖြတ်/တင်ဆက် - ဂျူချန်း

#ထိုင်းနိုင်ငံ
#မြန်မာရွှေ့ပြောင်းအလုပ်သမား
#MoUစနစ်

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🤮2
ဧပြီလ ၁ ရက်နေ့က ထိုင်းနိုင်ငံ စမွန်စခွန်ခရိုင်၊ မဟာချိုင်ဒေသရှိ Cal-Comp အီလက်ထရောနစ်စက်ရုံမှ မြန်မာအလုပ်သမား ၁၀၆၀ ဦးကို လုပ်ခတလစာပေးပြီး အလုပ်မှရပ်ဆိုင်းခဲ့သလို အခြားစက်ရုံတစ်ခုမှ လည်း အလုပ်သမား ၃၀၀ ကျော်ကို အလုပ်မှ ထုတ်ပယ်ခံရကြောင်း ကိုရဲမင်းကပြောသည်။
“အခု အလုပ်ကထုတ်ခံရတဲ့ အလုပ်သမား ၁၃၀၀ ကျော်အတွက် ထိုင်းဥပဒေပါအတိုင်း ဘောင်ထဲကနေ ပြန်ရင်ဆိုင်ဖို့နဲ့ နစ်နာကြေးတွေပြန်ရဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်”ဟု ကိုရဲမင်းက ဆိုသည်။
လက်ရှိတွင် ရက်ပိုင်းအတွင်း အလုပ်သမား ၁,၅၀၀ ကျော် အလုပ်မှ ရပ်ဆိုင်းခံနေရကာ အခြားစက်ရုံများ တွင်လည်း ယခုလိုဖြစ်စဉ်မျိုး ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများရှိနိုင်ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ထိုင်းနိုင်ငံ
#မြန်မာရွှေ့ပြောင်းလုပ်သား
#MoU
#အလုပ်မှရပ်ဆိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢9👍3❤1
“အဲဒီ ကျန့်အော်က အရေးကြီးတာလေ။ သူဌေးလက်မှတ်ပါတဲ့ အလုပ်လျှောက်ခွင့် စာပေါ့လေ။ အဲဒါပါမှ တခြားအလုပ်တော်တော်များများက လက်ခံကြတာ။ အဲဒါ ထုတ်မပေးတဲ့ ကုမ္ပဏီတွေလည်းရှိနေသေး တော့ တချို့တွေ အလုပ်လျှောက်မရကြသေးဘူး။ တချို့တွေကတော့ အလုပ်ဝင်သွားကြပြီ။ ကျွန်တော်တို့ ကတော့ ကိုယ်တိုင်လိုက်ရှာနေတုန်းပဲ" ဟု အလုပ်ထုတ်ခံခဲ့ရသည့် လုပ်သားတစ်ဦးက ပြောသည်။

အလုပ်ထုတ်ခံရသည့် အဓိကအကြောင်းအရင်းမှာ စက်ရုံတွင် အဆိုင်းနှစ်ဆိုင်းဖြင့်ဆင်းနေရသည်ကို အဆိုင်းသုံးဆိုင်း စတင်ပြောင်းလဲရာမှ ဖြစ်ကြောင်း၊ အဆိုင်းနှစ်ဆိုင်းဖြင့်အလုပ်ဆင်းရန် သဘောတူစာ ချုပ်ဖြင့် စက်ရုံသို့ရောက်ရှိလာကြသည့်အလုပ်သမားများသည် စက်ရုံက အော်ဒါမရဟူသော အကြောင်း ပြချက်ဖြင့် အဆိုင်းသုံးဆိုင်းသို့ ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆိုင်းသုံးဆိုင်းကို သုံး လလုပ်ဆောင်ပေးရန် စက်ရုံမှတောင်းဆိုခဲ့ပြီး သုံးလပြည့်သည့်အချိန်တွင် အဆိုင်းသုံးဆိုင်းကို အချိန် အကန့်အသတ်မရှိထားရှိမည်ဟု စက်ရုံဘက်မှပြောလာခြင်းကြောင့် အလုပ်သမားများက အဆိုင်းနှစ်ဆိုင်း ဖြင့် အလုပ်ပြန်လုပ်ရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်ဟု သိရသည်။

“စက်ရုံက သုံးလပြည့်ကာနီးမှ သုံးဆိုင်းကို အကန့်အသတ်မရှိ ဆင်းခိုင်းမယ်‌ဆိုပြီးပြောလာလို့ ညီမတို့တွေ အားလုံး ဆန္ဒပြခဲ့ကြတယ်။ အဲဒီမှာ မန်နေဂျာက ၄ လပိုင်း ၁ ရက်နေ့ကျရင် နှစ်ဆိုင်းပြောင်းပေးပါမယ်ဆို ပြီး လက်မှတ်ထိုးတဲ့စာရွက်တွေနဲ့လာပြတယ်။

ညနေလောက်မှာ နှစ်ဆိုင်းနဲ့ သုံးဆိုင်း မဲခွဲမယ်လုပ်တယ် အဲဒီမှာ နှစ်ဆိုင်းပဲနိုင်တယ်။ နောက်တော့ မဲထပ်ခွဲခိုင်းတယ် သုံးဆိုင်းဆင်းရင် တောင်းဆိုချက်တွေကို ဖြေ ရှင်းပေးမယ်၊ နှစ်ဆိုင်းဆိုရင် လူ ၁,၀၀၀ လျော့မယ်တဲ့။ ဒါပေမယ့် အလုပ်သမားတိုင်းက ကျန်းမာရေး ကိုငဲ့ပြီး နှစ်ဆိုင်းကိုပဲရွေးကြလို့ နှစ်ဆိုင်းပဲနိုင်တယ်။

နောက်နေ့ကျတော့ အလုပ်ထုတ်တာနဲ့ပတ်သက်တဲ့ ခံစားခွင့်တွေပြောပြီး မဲထပ်ခွဲခိုင်းပြန်တယ် အဲဒါလဲ နှစ်ဆိုင်းပဲနိုင်တယ်။ အဲဒီနောက်ရက်မှာတော့ လူသစ် တွေ ချိတ်ကပ်နံပါတ်တွေနဲ့ အကုန်အပြင်ခေါ်ထုတ်ပြီး အလုပ်ထုတ်လိုက်တာပဲ” ဟု အလုပ်မှထုတ်ပယ် ခရသည့်ဖြစ်စဉ်ကို ယင်းစက်ရုံမှလုပ်သားဖြစ်သူ ဝေဝေက ပြောပြသည်။အဆိုင်း သုံးဆိုင်းဖြင့်ဆင်းရပါက အိပ်ရေးပျက်ရသည့်အတွက် ကျန်းမာရေးထိခိုက်မှုများရှိပြီး လစာအနေ ဖြင့်လည်း အနည်းငယ်သာ ရရှိသည်ဟု သိရသည်။

မြန်မာပြည်မှအေဂျင်စီများသည် အလုပ်ထုတ်ခံရသည့်ဖြစ်စဉ်အပေါ်တာဝန်ယူမှုမရှိဘဲ အလုပ်ထုတ်ခံရ စဉ်က ထိုင်းရဲများသည် သေနတ်များ၊ တုတ်များကိုင်ဆောင်ထားပြီး အလုပ်သမားများကို လူလိုမဆက်ဆံ ကြောင်း အလုပ်သမားများက ပြောသည်။

“အလုပ်ထုတ်တော့လည်း လူလိုမဆက်ဆံပါဘူး။ ရဲတွေကို သေနတ်တွေ၊ တုတ်တွေကိုင်ဆောင်ခွင့် ပေး ထားပါတယ်။ အေဂျင်စီတွေကလည်း အလုပ်ထုတ်ခံရတုန်းကဆက်သွယ်တာ မလာကြဘူး။ ကားလက် မှတ်ဖြတ်မရလို့‌ လေယာဉ်လက်မှတ်ဖြတ်မရလို့ ဆိုပြီးတော့။ ရောက်လာပြီး အလုပ်ပြန်ရှာပေးတော့ လည်း ကန်ချနပူရီကြက်သားစက်ရုံပါ။

ငွေကြယ်စင်ဟိန်းအေဂျင်စီနဲ့တက်လာတဲ့ အလုပ်သမားတွေက အေးဂျင့်ကြေး ၁၆ သိန်းခွဲပါ၊ အဲဒါအနည်းဆုံးပဲ။ စစ်ကိုင်းဘက်ကအမကြီးဆိုရင် သူတစ်ယောက်ထဲကို အေဂျင်စီကြေးက သိန်း ၂၀ ပါ။ ရန်ကုန်မှာ သုံးလကြာအောင် အဆောင်ခပေးပြီးနေခဲ့ရပြီးမှ ထိုင်းတက် ခဲ့ရတာ” ဟု ဝေဝေက ပြောသည်။

အလုပ်ထုတ်ခံရသည့်အလုပ်သမားများသည် နစ်နာကြေးအနေဖြင့် လုပ်အားခတစ်လခနှင့် ကြိုတင် အကြောင်းကြားခြင်းမရှိသည့်အတွက် ပေးရသည့်‌လျော်ကြေး တစ်လခအစား ၁၅ ရက်စာသာ ရရှိခဲ့သည် ဟု သိရသည်။

အလုပ်ထုတ်ခံရသည့် အလုပ်သမားများသည် ပြည်တွင်းမှအေဂျင်စီများဖြစ်သည့် ငွေကြယ်စင်ဟိန်း၊ ယွန်းနဒီဦး ၊ Golden Plan တို့ဖြင့် အဆိုပါစက်ရုံသို့ နှစ်နှစ်စာချုပ်ဖြင့် လာရောက်ခဲ့ကြခြင်း ဖြစ်သော် လည်း လုပ်သက် နှစ်လမှလေးလခန့်အတွင်းရှိ အလုပ်သမားအများစု အလုပ်ထုတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“အကုန်လုံးက အခက်အခဲတွေနဲ့ပါပဲ။ စက်ရုံက အခုလိုဗြုန်းကနဲ အလုပ်ထုတ်ခံရတော့ ဘယ်လိုအဆင် ပြေပါ့မလဲ။ အကြွေးတွေကလည်း မကျေသေးဘူး ရောက်တာ လပိုင်းလေးပဲရှိသေးတယ်။ အိမ်ကိုလည်း ပိုက်ဆံမပို့နိုင်သေး‌ဘူး”ဟု အလုပ်ထုတ်ခံခဲ့ရသည့် စက်ရုံလုပ်သားတစ်ဦးက လက်ရှိကြုံတွေ့နေရသည့် အခက်အခဲကို ပြောသည်။

MoU လုပ်သားအဖြစ် တရားဝင် အေဂျင်စီများနှင့် သဘောတူစာချုပ်များလုပ်ဆောင်ပြီး ထိုင်းနိုင်ငံသို့ ရောက်ရှိလာကြခြင်းဖြစ်သော်လည်း စာချုပ်ပါအချက်အလက်များအတိုင်း လုပ်ဆောင်ခြင်းမရှိမှုများနှင့် ပြဿနာတစ်စုံတရာဖြစ်ပေါ်ပါက မည်သည့်ဘက်ကမှ တာဝန်ယူလုပ်ဆောင်ပေးခြင်းမရှိကြောင်း အလုပ် သမားများက ပြောသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ထိုင်းနိုင်ငံ
#MoUလုပ်သား
#အလုပ်ထုတ်ခံရ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😢3🔥2
ထိုင်းနိုင်ငံ MOU ရွှေ့ပြောင်းလုပ်သားများ စာချုပ်ပါအလုပ်ရုံတွင် အလုပ်လုပ်ခွင့်မရ၍ အခက်ကြုံ
======================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ထိုင်းနိုင်ငံသို့ MOU စာချုပ်ဖြင့် ရောက်ရှိလာကြသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၃၀ဦးသည် စာချုပ်ပါ အလုပ်ရုံတွင် အလုပ်လုပ်ခွင့် မရသည့်အတွက် အခက်ကြုံနေရသည်ဟု ရွှေ့ပြောင်းလုပ်သားများထံက သိရသည်။

“စာချုပ်မှာပါတဲ့ ကုမ္ပဏီနဲ့ ထိုင်းဘက်ကို ရောက်တဲ့ အချိန်မှာ သွင်းပေးတဲ့ ကုမ္ပဏီက တခုစီဖြစ်နေတာ။ အဲ့ဒီနေရာက တရားမဝင် အလုပ်သမားတွေ လုပ်တဲ့ ကုမ္ပဏီ ဖြစ်နေလို့ အေဂျင်စီဘက်က တာဝန်မယူတဲ့အခြေအနေဖြစ်နေပါတယ်” ဟု MOU မြန်မာရွှေ့ပြောင်းလုပ်သား ၃၀ဦးအဖွဲ့မှ ဦးဆောင်သူတဦးက ပြောသည်။
အဆိုပါရွှေ့ပြောင်းလုပ်သား ၃၀ဦး သည်အလုပ်လက်မဲ့ဖြင့် ထိုင်းနိုင်ငံအတွင်း၌ နေထိုင်ရသည်မှာ တလကျော်ရှိလာပြီဟုလည်း ၎င်းကဆိုသည်။

အလုပ်လက်မဲ့ဖြစ်နေသည့် အဆိုပါ MOU ရွှေ့ပြောင်းလုပ်သားများအဖွဲ့က ယမန်နေ့ စက်တင်ဘာလ ၁၄ ရက် နံနက် ၉ နာရီခန့် အချိန်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့၌ ၎င်းတို့ကြုံနေရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးရန် တောင်းဆိုကြသည်ဟု သိရသည်။

“ရင်ဆိုင် ကြုံတွေ့နေရတဲ့ နေထိုင် စားသောက်ရေး အခက်အခဲနဲ့ အလုပ်အမြန်ရဖို့ အတွက် သံရုံးကနေ တဆင့် ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်”ဟု ယင်းရွှေ့ပြောင်းလုပ်သားများထဲမှ ဦးဆောင်သူ အမျိုးသားတဦးက ပြောသည်။

မြန်မာသံရုံးရှေ့တွင် သွားရောက် တောင်းဆိုမှုပြုလုပ်နေချိန် သံအရာရှိထွက်လာကာ ဆန္ဒပြတောင်းဆိုခြင်း၊ ဓါတ်ပုံရိုက် လူမှုကွန်ရက်ပေါ်တွင်တင်ခြင်း မပြုလုပ်ရန်နှင့် သက်ဆိုင်ရာ အေဂျင်စီနှင့် ညှိနှိုင်းဆောင်ရွက် ပေးမည်ဟုသာ ပြောဆိုသွားသည်ဟု ၎င်းကပြောသည်။

“MOU နဲ့ တက်လာမယ့် သူတွေ ပွဲစားတွေကို လုံး၀ မယုံဖို့ပါ။ ပြီးတော့ စာချုပ် ချုပ်ဆိုတဲ့ အခါမှာ သူဌေးအမည်၊ စက်ရုံ သေချာစီစစ်ပြီးမှသာ တက်လာကြပါ”ဟု ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင်သွားရောက်တောင်းဆိုမှု ပြုလုပ်‌သော ရွှေ့ပြောင်းလုပ်သား အမျိုးသမီးတဦးဖြစ်သည့် မငြိမ်းငြိမ်းအေးက ပြောသည်။

အဆိုပါ ရွှေ့ပြောင်းလုပ်သား ၃၀ဦးသည် မြန်မာအေဂျင်စီ Big Money မှ တဆင့် ထိုင်းနိုင်ငံသို့ ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့တွင် ထိုင်းကုမ္ပဏီ Go Merry တွင် လုပ်ကိုင်ရန် တရားဝင် စာချုပ်ဖြင့် လူတဦးလျင် မြန်မာကျပ်ငွေ သိန်း ၃၀ မှ ၃၅ သိန်း အထိ ပေးဆောင်ပြီး ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

Big Money.Co.,Ltd က ယခုအချိန်တွင် ထိုင်းနိုင်ငံရှိစက်ရုံ ၊အလုပ်ရုံများနှင့် ပတ်သက်၍ အလုပ်ခေါ်ယူခြင်းမရှိကြောင်း အများသိစေရန် ကြေညာအပ်ပါသည်ဟု ယင်းကုမ္ပဏီက စက်တင်ဘာလ ၅ ရက်နေ့တွင် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရေးသားထားသည်ကို တွေ့ရသည်။

အဆိုပါ Big Money ကုမ္ပဏီအား ၎င်းတို့ကုမ္ပဏီမှတဆင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြသည့် ရွှေ့ပြောင်းလုပ်သား ၃၀ဦး နှင့်ပတ်သက်၍ မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။

ထိုင်းနိုင်ငံသို့ တရားဝင် MOU စနစ်ဖြင့် ဝင်ရောက်လာသော မြန်မာရွှေ့ပြောင်းလုပ်သားများသည် လက်ရှိကာလတွင် မြန်မာအေဂျင်စီများ၏ လိမ်လည် ခေါ်ယူမှုများကြောင့် အလုပ်သမား အခွင့်ရေး ချိုးဖောက်ခံရမှုများ ဆက်တိုက် ကြုံတွေ့နေရသော်လည်း မြန်မာသံရုံးမှ တာဝန်ယူ ဖြေရှင်းပေးမှုအားနည်းနေသည်ဟု Worker Assistance Group For Myanmar (WAG)မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူက မှတ်ချက်ပြုထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#MOU
#ထိုင်းနိုင်ငံ
#ရွှေ့ပြောင်းလုပ်သား

ရုပ်သံအညွှန်း-စက်တင်ဘာလ ၁၄ ရက်နေ့က ထိုင်းနိုင်ငံမြန်မာသံရုံးရှေ့တောင်းဆိုမှုပြုလုပ်သည့် ရွှေ့ပြောင်းလုပ်သားများ။

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15🔥2🤬2👏1
ထိုင်းနိုင်ငံသို့ MoU ဖြင့် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၄၀ ကျော် ပုံမှန်အလုပ်မဆင်းရသဖြင့် အခက်အခဲဖြစ်
======================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်အတွင်းမှ ဆောက်လုပ်ရေးလုပ်ငန်းတခုသို့ စက်တင်ဘာလဆန်းတွင် MoU ဖြင့် လာရောက်လုပ်ကိုင်သည့် မြန်မာအလုပ်သမား ၄၀ ကျော်သည် အလုပ်ရှင်က ပုံမှန်အလုပ်မပေး နိုင်၍ အခက်အခဲဖြစ်နေကြောင်း သိရသည်။

မြန်မာအလုပ်သမား အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီးရှစ်ဦး၊ စုစုပေါင်း ၄၄ ဦးသည် ထိုင်းနိုင်ငံရှိ KTK Engineering 2021 Co, Ltd ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံမှ Zin Tun Win 999 Co, Ltd အေဂျင်စီမှ နှစ်နှစ်သက်တမ်း MoU စာချုပ်ဖြင့် စက်တင်ဘာလ ၈ ရက်နေ့တွင် ရောက် ရှိလာပြီးနောက် အလုပ်ရှင်က အလုပ်သမားများကို တစ်ရက်ဆင်းသုံးရက်နားနှင့် တစ်ပတ်နား အလုပ် ဆင်းခိုင်းခြင်းကြောင့် အဆင်မပြေမှုများနှင့် ကြုံတွေ့နေရသည်ဟု သိရသည်။

“အလုပ်မှာက သတ်မှတ်လူဦးရေထက်များနေတော့ ဘယ်လိုမှ အဆင်မပြေဘူး။ သူဌေးက အလုပ်သမား တွေကို အလုပ်အပြည့်အ၀မပေးနိုင်ဘူး၊ တရက်လုပ်ပြီး တစ်ပတ်လောက်နားခိုင်းထားတာ။ လုပ်အားခ တွေလည်း မရှင်းပေးဘူး။ ဒီကုမ္ပဏီမှာ အလုပ်ဆက်လုပ်ဖို့ အဆင်မပြေဘူး၊ တခြားကုမ္ပဏီတခုကို ပြောင်း ပေးစေချင်တယ်”ဟု MoU အလုပ်သမားတဦးဖြစ်သည့် မခင်ခင်သဲက ပြောသည်။

MoU မြန်မာအလုပ်သမား ၄၄ ဦးသည် အခြားအလုပ်တခုသို့ပြောင်းရွှေ့နိုင်ရေးကူညီပေးရန် မြန်မာအလုပ် သမားကူညီစောင့်ရှောက်ရေးအဖွဲ့ Worker Assistance Group For Myanmar (WAG)သို့ လာရောက် အကူညီတောင်းခံထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

”ကျွန်တော်တို့အဖွဲ့အနေနဲ့ ဒီအလုပ်သမားတွေနဲ့ စာချုပ် ချုပ်ဆိုပြီးထွက်လာတဲ့ ၉၉၉ အေဂျင်စီကို အမြန် ဆုံး တာဝန်ယူဆောင်ရွက်ပေးဖို့ စီစဉ်နေပါတယ်။ အလုပ်မရသေးတဲ့ ဒီအလုပ်သမားတွေရဲ့ နစ်နာမှုတွေ ကိုဖြေရှင်းပေးဖို့ အေးဂျင့်ဖက်ကို တောင်းဆိုပေးထားတယ်။ တကယ်လို့ မလုပ်ပေးဘူးဆိုရင် ထိုင်းအလုပ် သမားဥပဒေအတိုင်း အရေးယူ တရားစွဲသွားဖို့အထိ ပြင်ဆင်ထားတယ်”ဟု WAG မှ တာဝန်ရှိသူတဦးက ပြောသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ MoU ဖြင့်ထွက်လာသည့် အလုပ်သမား အများစု အလုပ်လက်မဲ့များလာခြင်း၊ အလုပ်သမားအခွင့်ရေး ချိုးဖောက်ခံရခြင်းများဖြစ်ပေါ်နေကြောင်း သိရသည်။

ထို့ပြင် တာဝန်ယူမှုတာဝန်ခံမှု အားနည်းသည့် နာမည်ပျက်အေဂျင်စီလည်းများလာ၍ MoU ဖြင့် လာ ရောက် ကြမည့် မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား များအရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့စည်းများမှထုတ်ပြန်ထားသော နာမည်ပျက် အေဂျင်စီများ ကို သေချာစွာစိစစ်လေ့လာပြီးမှ ထွက်လာရန်လိုအပ်ကြောင်း အလုပ်သမားအရေး ကူညီပေးနေသူများ က သတိပေးသည်။

စာတည်း။ ။စောဖေ

#ထိုင်းနိုင်ငံ
#မြန်မာရွှေ့ပြောင်းအလုပ်သမား
#MoU
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤5👍4😢1
ထိုင်းနိုင်ငံ ကားပစ္စည်းစက်ရုံရှိ မြန်မာအလုပ်သမားများ လုပ်ခမရ၍ တိုင်ကြားရာမှ အလုပ်ထုတ်
=============

ကိုရွှေမြိတ်

(မဇ္ဈိမ)။  ။ထိုင်းနိုင်ငံ၊ ချွန်ပူရီမြို့တွင် ကား ဆက်စပ်ပစ္စည်းနှင့် သံထည်များ ထုတ်လုပ်သည့် CNA Inter Coating ကုမ္ပဏီတွင် ရွှေ့ပြောင်း မြန်မာ အလုပ်သမား ၁၅ ဦးကို လုပ်ခလစာများ မပေးသဖြင့် တရားရုံးတွင် သြဂုတ်လ ၁၈ ရက်နေက သွားရောက် တိုင်တန်းရာမှ ထိုနေ့မှာပင် အလုပ်ထုတ်ခံလိုက်ရသည်ဟု အလုပ်သမားများနှင့် WAG အဖွဲ့တို့ထံမှ သိရှိရသည်။

အဆိုပါ CNA Inter Coating ကုမ္ပဏီတွင် ကားနှင့် ဆိုင်ကယ်များ၏ အသေးစားဆက်စပ်ပစ္စည်းများ ထုတ်လုပ်ပြီး၊ ကနဦးတွင် ယင်းစက်ရုံသို့ အလုပ်စဝင်သည့် အချိန်၌ အလုပ်သမားများကို ပုံမှန်လုပ်အားခ ထုတ်ပေးသော်လည်း နောက်ပိုင်းတွင် အကြောင်း အမျိုးမျိုးပြပြီး အလုပ်ရှင်ဖြစ်သူက စားစရိတ်သာ ဘတ် ၁,၀၀၀၊ ၅၀၀နှင့် ၂၀၀ တို့ကိုသာ ထုတ်ပေးပြီး လုပ်ခလစာများကို ထုတ်မပေးတော့ဟု အလုပ်သမားများက ပြောသည်။

“အခု လုပ်ခလစာ မရတာ လေးလလောက်ရှိနေပြီး တောင်းတော့လည်း မပေးဘူးရှင့်၊ ဒီအတွက်ကြောင့် ကျွန်မတို့က WAG အဖွဲ့ကို လှမ်းအကူညီတောင်းပြီး ထိုင်း တရားရုံးကို တိုင်တန်း ထားတယ်”ဟု လုပ်ခလစာ မရသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား မစန်းစန်းနွယ်က ပြောသည်။

၎င်းစက်ရုံတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၀ ဦးခန့် အလုပ် လုပ်နေခြင်းဖြစ်ပြီး လက်ရှိတွင် လုပ်ခလစာနှင့် ပတ်သက်၍ အလုပ်ရှင်ဖြစ်သူက လစာပေးရမည့်အချိန်တွင် မပေးဘဲ အလုပ်ထုတ်ပစ်ခြင်းနှင့် ငွေကြေး အနည်းငယ်သာ ပေးခြင်းမျိုး ပြုလုပ်လာကာ အလုပ်သမားအားလုံးနီးပါး အဆိုပါ စက်ရုံမှ အလုပ်ထွက်ကြကြောင်း အလုပ်သမားများထံမှ သိရသည်။

“လောလောဆယ်မှာတော့ ကျွန်မတို့ အဲ့ဒီစက်ရုံက ထွက်လာတဲ့ အလုပ်သမားတွေ အားလုံး အခက်ခဲဖြစ်နေပါတယ်၊ အချို့ကလည်း အလုပ်ရတာ ရှိကြပေမယ့် အချို့မရသေးတော့ စားဝတ်နေရေး အဆင်မပြေမှုတွေ ဖြစ်နေတယ်”ဟု မစန်းစန်းနွယ်က ထပ်ပြောသည်။

လက်ရှိ လေးလနီးပါး လုပ်ခလစာ မရ၍ ထိုင်းတရားရုံးတွင် ဖြေရှင်းပေးဖို့ သွားရောက်တိုင်တန်းခဲ့သည့် မြန်မာအလုပ်သမားများရရှိမည့် လုပ်အားခများမှာ တဦးလျင် ထိုင်းဘတ်ငွေ ၂၀,၀၀၀ ကျော် ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရ သည်။

“ဒီအမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အဖွဲ့ကို လာရောက်အကူညီတောင်းထားလို့ အလုပ်ရှင်ဖြစ်သူကို ထိုင်းတရားရုံးကနေ ဆင့်ခေါ်ခဲ့ပေမယ့် အခုချိန်အထိ လာရောက်ဖြေရှင်းပေးတာမျိုး မရှိသေးလို့ ကျွန်တော်တို့ ထိုင်း အလုပ်သမား ဥပဒေအရ အချိန် နှစ်လ ထပ်စောင့်ခိုင်းထားတယ်၊ တကယ်လို့ ဒီ နှစ်လထဲမှာ လာရောက် ဖြေရှင်းပေးတာမျိုး မရှိရင်တော့ အမှုဖွင့်သွားဖို့ ရှိတယ်”ဟု ထိုင်းနိုင်ငံ အခြေစိုက် WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းက မဇ္ဈိမကို ပြောဆိုထားသည်။

အလုပ်ထုတ်ခံရသူများထဲတွင် အမျိုးသမီး လေးဦးနှင့် MoU ဖြင့် လာရောက်သူ တဦးလည်း ပါဝင်ကြောင်း၊ ထို ၁၅ ဦးထဲ၌ တရားဝင်အထောက်အထားနှင့် နေထိုင်သူ လေးဦးဖြစ်ပြီး ကျန်သည့် ၁၁ ဦးက ထိုင်းအစိုးရက ထုတ်ပေးသည့် အလုပ် လုပ်ခွင့်ပါမစ်ရဖို့ နာမည်စာရင်း (Name list) တင်ထားသူများဟုလည်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#MoU
#ထိုင်းနိုင်ငံ
#ချွန်ပူရီမြို့

ပုံအညွှန်း - ထိုင်းတရားရုံးတွင် သွားရောက် တိုင်တန်ထားသည့်ပုံနှင့် စက်ရုံအတွင်း အလုပ် လုပ်နေသည့်ပုံများ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6👍1🔥1
အမျိုးသမီး ၁၁ ဦးအပါအဝင် ထိုင်းရောက် မြန်မာ MoU အလုပ်သား ၁၇ ဦး လုပ်ခလစာမရဘဲ ခိုင်းစေ ခံနေရ
================

ကိုရွှေမြိတ်

မဇ္ဈိမ။ ။ထိုင်းနိုင်ငံ၊ လယောင်မြို့မှ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ရောက်ရှိနေသည့် အမျိုးသမီး ၁၁ ဦးအပါအဝင် မြန်မာ MoU အလုပ်သမား ၁၇ ဦးသည် လုပ်ခလစာမရဘဲ ခိုင်းစေခံနေရကြောင်း သိရ သည်။

အမျိုးသားခြောက်ဦးနှင့် အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၁၇ ဦးသည် ပြည်တွင်းမှ HTET MARN SERVICE CO., LTD အလုပ်သမားရှာဖွေရေးအေဂျင်စီနှင့်ချိတ်ဆက်ပြီး နှစ်နှစ်စာချုပ်သက်တမ်းဖြင့် ထိုင်းနိုင်ငံ လယောင်မြို့၊ ဘန်ချန်းရပ်ကွက်ရှိ TPWJ - SERVICE CO,LTD ၏ ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင် ရန်ရောက်ရှိလာခြင်းဖြစ်ကြောင်း ယင်းအလုပ်သမားများက ပြောသည်။

“ကျွန်တော်တို့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဒီဖက်ကိုရောက်လာတော့ ပထုံဌာနီမှာ ရက် ၂၀ ကျော် အလုပ် မရှိဘဲ ကိုယ်စာရိတ်နဲ့ကိုယ် နေခဲ့ရတယ်။ အဲဒီနောက် အလုပ်ရှိတဲ့အခြားဆိုက်တခုကို ရောက်ပြန်တော့ လည်း အလုပ်ဆင်းရပေမယ့် သူဌေးက လုပ်ခလစာမရှင်းပေးတဲ့ ပြဿနာနဲ့ကြုံနေရတယ်”ဟု MoU အလုပ်သမားတဦးဖြစ်သူ ကိုဇင်မင်းထွန်းက ပြောသည်။

အဆိုပါအလုပ်သမားများသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့က မြန်မာနိုင်ငံမှထွက်လာခြင်းဖြစ် ပြီး ထိုင်းနိုင်ငံသို့ ၂၀ ရက်နေ့တွင် ရောက်ခဲ့ကြောင်း အလုပ်သမားများက ပြောသည်။

“ထိုင်းကိုရောက်နေတာ နှစ်လနီးပါးရှိပြီ၊ ပထမလက အလုပ်မဆင်းရဘူး၊ အခု အလုပ်ရပြန်တော့လည်း သူဌေးကလုပ်အားခမရှင်းပေးတော့ ဘယ်သူမှ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဖြစ်နေလို့ နေထိုင်စားသောက် ဖို့အတွက် အခက်အခဲဖြစ်နေတယ်”ဟု အမျိုးသမီးအလုပ်သမားတဦးဖြစ်သူ မသန်းသန်းစိုးကပြောသည်။

လက်ရှိ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများတွင် MoU စနစ်ဖြင့်ရောက်ရှိနေသည့် မြန်မာ အလုပ်သမားများမှာ လုပ်ခလစားမရခြင်း၊ အလုပ်ကိုင်ရှာပါးခြင်းနှင့် အလုပ်သမားအခွင့်ရေး ချိုးဖောက် ခံရမှုများ မကြာခဏဖြစ်ပွားနေကြောင်း မြန်မာအလုပ်သမားအရေး ကူညီပေးနေသူများက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံသို့ အလုပ်လာလုပ်သည့် တရားဝင် မြန်မာအလုပ်သမား ၄၀၀,၀၀၀ ခန့် ရှိကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြထားသည်။

ထိုင်းနိုင်ငံအတွင်း တရားဝင်အထောက်အထားရှိသူ၊ အထောက်အထားမရှိသူ မြန်မာအလုပ်သမား သန်း နှင့်ချီရှိနေကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများက ဆိုသည်။

စာတည်း။ ။စောဖေ

#ရွှေ့ပြောင်းလုပ်သား
#MoUမြန်မာလုပ်သား

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥5👍4🤬4
​​ထိုင်းရောက် MoU လုပ်သား ၈ ဦး အလုပ်မရသည့်အပြင် စာရွက်စာတမ်းများပါ သိမ်းဆည်းခံထားရ
=================

ကိုရွှေမြိတ်

(မဇ္ဈိမ)။  ။ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် MoU အလုပ်သမားရှစ်ဦးမှာ တလနီးပါးကြာသည်အထိ အလုပ် အကိုင်မရရှိသည့်အပြင် နိုင်ငံကူးလက်မှတ်များကို ထိုင်းဘက်မှအေဂျင်စီတာဝန်ခံများက သိမ်းဆည်းထား ၍ အခက်ကြုံနေရကြောင်း အဆိုပါ မြန်မာအလုပ်သမားများထံမှ သိရသည်။

အဆိုပါ မြန်မာအလုပ်သမား အမျိုးသားရှစ်ဦးသည် ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်ရှိ ကားတာယာစက်ရုံတွင် အလုပ်လုပ်ကိုင်ရမည်ဟုဆိုကာ ပြည်ပအလုပ်အကိုင်ရှာဖွေရေအေဂျင်စီတခုဖြင့် ပြီးခဲ့သော ဩဂုတ်လက စာချုပ်ချုပ်ဆိုပြီး ထိုင်းနိုင်ငံသို့ ရောက်လာသူများ ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ထိုင်းကိုရောက်တော့ စာချုပ်မှာပါတဲ့အလုပ်ရုံကိုရောက်ခဲ့ပေမယ့် အလုပ်မရခဲ့ဘူး။ နောက် တနေရာဖြစ်တဲ့ ဖိနပ်စက်ရုံရောက်ပြန်တော့လည်း စာချုပ်ပါအချက်အလက်တွေနဲ့ မကိုက်ညီလို့ မလုပ်ခဲ့ ဘူး၊ အထောက်အထား စာရွက်စာတမ်းတွေလည်း သိမ်းဆည်းခံထားရတယ်” ဟု MoU အလုပ်သမား တစ်ဦးဖြစ်ဿူ ကိုစည်သူဦးကပြောသည်။

မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်ရှိ တာယာစက်ရုံသို့ အောက်တိုဘာလ ၇ ရက်နေ့ ကရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ရောက်ရှိပြီးနောက် ခုနစ်ရက်ခန့်အကြာတွင် အလုပ်မရဟုပြောဆိုကာ ၎င်းတို့ကို ဆူရတ်ဌာနီသို့ရွှေ့ပြောင်းပေးခဲ့ပြီး ၁၄ ရက်ခန့်အကြာတွင် ချိုင်နတ်မြို့သို့ ထပ်မံခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

“အလုပ်မရတာ ၁၅ ရက်လောက်ရှိပြီ၊ ကျွန်တော်တို့ရဲ့ ပတ်စ်ပို့စာအုပ်နဲ့ ဝပ်ပါမစ်တွေကိုလည်း သိမ်းထား တယ်။ အေဂျင်စီကိုဆက်သွယ်ပြီးပြောပေမယ့် အေဂျင်စီဖက်က နေ့ရွှေ့ ညရွှေ့ လုပ်နေတယ်” ဟု အလုပ် သမားတဦးကလည်း ပြောသည်။

မြန်မာအလုပ်သမားများသည် ၎င်းတို့၏အခက်အခဲများအား ကူညီဖြေရှင်းပေးရန် ကိုရဲမင်းဦးဆောင်သည့် MHAC အဖွဲ့ထံ ဆက်သွယ် အကူအညီတောင်းခံထားကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#ထိုင်းနိုင်ငံ
#MoUလုပ်သား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1