Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မိတ်ဆွေသဘောသာ တရုတ်အထူးသံတမန် လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ဟု KIOဆို

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E Mr. Deng Xijunသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ‌တွေ့ဆုံခဲ့ကြောင်းသိရသည်။
တွေ့ဆုံခဲ့သည့်အဖွဲ့များတွင် ကချင်လွတ်မြောက်ရေးတပ် (KIO/KIA) ၊"ဝ"ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)နှင့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်( NDAA) တို့ကိုတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းများထံမှသိရသည်။
KIO ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ၁၈ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေး၊ ကိုဗစ်ရောဂါကာကွယ်ရေး အခြေအနေများနှင့် နယ်စပ်ဂိတ်ဖွင့်လှစ်နိုင်ရန်အခြေအနေ ရှိမရှိစုံစမ်းခြင်း ၊ ပြည်သူလူထု၏ စားဝတ်နေရေးကျန်းမာရေး အခြေအနေများနှင့်နယ်စပ်ဒေသရှိ စစ်ရှောင်ဒေသခံများ၏ အခြေအနေများကို စုံစမ်းသွားကြောင်း သိရသည်။
“သူက အသစ်ပြန်လဲတယ်ဆိုတော့ ကျနော်တို့နယ်စပ်ဒေသက မိတ်ဆွေတွေကို လာတွေ့တဲ့သဘောနဲ့တွေ့တာပါ” ဟု KIOပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမကိုပြောသည်။
“ဝ” အဖွဲ့အနေဖြင့်လည်း “တွေ့ဆုံခဲ့ကြတာမှန်ပါတယ်။ အဓိက မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် တိုက်တွန်းဆွေးနွေးခဲ့ကြတာပါ” ဟု ပြန်ကြားရေးတာဝန်ရှိသူ ဦးညီရမ်းက မဇ္ဈိမသို့အတည်ပြုပြောကြားသည်။
အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်( NDAA)တွေဆုံခဲ့ခြင်း ရှိမရှိနှင့်ပတ်သက်ပြီး NDAAတာဝန်ရှိသူများထံသို့ ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။
တရုတ်အနေဖြင့် ၎င်းနှင့်နယ်စပ်ခြင်းထိစပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံသို့ လာရောက်မှုများသည် ယခင်ကတည်းကရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင်များအရေး လေ့လာသူများကဆိုသည်။
လာမည့် မတ်လတွင် လွှတ်တော်ခေါ်ယူမှုများ၊ ပြည်သူ့အတိုင်ပင်ခံကွန်ဂရက်အပြင် အခြားအစည်းအဝေးများရှိနေပြီး အစိုးရပိုင်းအပြောင်းအလဲရှိနိုင်သည့်အတွက် မူဝါဒပိုင်းဆိုင်ရာများအတွက် လာရောက်တွေ့ဆုံခြင်းလည်းဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်စောကပြောသည်။
“ အစည်းအဝေးတွေပြီးရင် ပေါ်လစီအသစ်တွေချတယ်။ မူဝါဒတွေချတယ်။ အဲဒီဟာမတိုင်ခင် အဲဒီလိုပဲ သူတို့ နိုင်ငံရဲ့ပေါ်လစီကိုလည်း ချပြ၊ အကြံဉာဏ်လည်းတောင်း၊ အဲဒီလို လုပ်တတ်တာတွေရှိတယ်။ အဲဒီအတွက်လည်း ပြင်ဆင်တာဖြစ်ကောင်းဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#တရုတ်ပြည်သူ့သမ္မတနိုင်ငံ
#ကချင်လွတ်မြောက်ရေးတပ်
#UWSA
#NDAA
👍13😁2
​​ကန့်ကွက်မှုများရှိသည့် နမ္မတူ ရေကာတာစီမံကိန်းကို UWSAပိုင် ကုမ္ပဏီက အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဟု ထုတ်ပြန်

001
(မဇ္စျိမ)။ ။ ဒေသခံလူမှုအသိုင်းအဝိုင်း၏ အတိုက်အခံပြုလုပ်မှုများကြားမှ "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပိုင် ကုမ္ပဏီက နမ္မတူရေကာတာ ဆောက်လုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုစောင့်ကြည့်ရေးအဖွဲ့ (SSFIM)က ယမန်နေ့ မေလ ၁၈ ရက်တွင် ထုတ်ပြန်သည်။
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့၏မြောက်ဘက် ၂၀ ကီလိုမီတာအကွာရှိ နမ္မတူ မြစ်ငယ်မြစ်ပေါ်တွင် အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆိုသည်။
လျှပ်စစ်ဓာတ်အား ၂၁၀ မဂ္ဂါ၀ပ် ထုတ်လုပ်မည့် နမ္မတူ (သီပေါ) ရေကာတာကို ဆောက်လုပ်ရန် UWSA ပိုင် Natural Current Energy Hydropower ကုမ္ပဏီ (NCEH)နှင့် စစ်ကောင်စီ၏ လျှပ်စစ်ဓာတ်အား စီမံရေးဦးစီးဌာနတို့အကြား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စဆောက်တာကတော့ ၂၀၁၉ လောက်တည်းက စနေတာပါ။ တရား၀င်စာချုပ်ကိုတော့ ၂၀၂၂ ခုနှစ် ဧပြီမှာမှ ချုပ်တာပါ။ လက်ရှိကတော့ စက်ပစ္စည်းတွေ နေရာချတာ၊ မြေတူးတာ မြေဖို့တာ စလုပ်နေပြီရှင့်၊ ၁၀ ရာခိုင်နှုန်းလောက်လို့ ခန့်မှန်းရပါတယ်”ဟု SSFIMက ပြောသည်။
၂၀၂၂ခုနှစ် စာချုပ်ချုပ်ဆိုကတည်းက ရေကာတာ စီမံကိန်းတွင် ကြီးမားသော ၀န်တင်ယာဉ်များ လားရှိုးဘက်မှ ရောက်လာခြင်း၊ မြန်မာစကားမပြောတတ်သော တရုတ်အလုပ်သမား ရာနှင့်ချီ ၀င်ရောက်လာခြင်း စသည့်ထူးခြားသော လှုပ်ရှားမှုများကို ဒေသခံများက သတိပြုမိခဲ့ကြပြီး ယခုစီမံကိန်းသည် တရုတ်ကျောထောက် နောက်ခံဖြစ်သည်ဟူသော ယူဆချက်ကို ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံနေကြောင်း SSFIM က ဆိုထားသည်။
၂၀၁၈ ခုနှစ်တွင် ထွက်ရှိခဲ့သည့် MyAsia Consulting၏ သဘာ၀ ပတ်၀န်းကျင်ဆိုင်ရာ ထိခိုက်မှု အစီရင်ခံစာများအရ နမ္မတူရေကာတာသည် တည်ဆောက်မှု ကုန်ကျစရိတ် အနည်းဆုံး အမေရိကန်ဒေါ်လာ ၄၃၆ မီလီယံ ရှိကြောင်း သိရသည်။
အဆိုပါ စီမံကိန်းဆောက်လုပ်လွှဲပြောင်းခွင့် (BOT) တွင် မည်သည့် သဘောတူညီချက်များ ပါရှိပြီး NCEH အနေဖြင့် ကုန်ကျစရိတ်များပြားသော စီမံကိန်းအတွက် ငွေကြေးများကို မည်သို့ရရှိထားပုံကို တရား၀င်ထုတ်ဖော်ထားခြင်းမရှိဟု SSFIM က ထောက်ပြထားသည်။
နမ္မတူရေကာတာ စီမံကိန်းသည် တရုတ်-မြန်မာရထားလမ်း စီမံကိန်းအတွက်သာဖြစ်ပြီး ဒေသခံများအတွက် ဆိုးကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု စောင့်ကြည့်ရေးအဖွဲ့ (SSFIM) ပြောရေးဆိုခွင့်ရှိသူ ခမ်းလူက ဝေဖန်သည်။
“ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားတွေ ကိုယ့်ဒေသ သယံဇာတကို စီမံခန့်ခွဲခွင့်ရှိတဲ့ ဖက်ဒရယ်မရမချင်း ဒီစီမံကိန်းနဲ့ အလားတူ စီမံကိန်းတွေကို ရပ်တန့်စေချင်ပါတယ်”ဟု ၎င်းက ဆိုသည်။
MyAsia Consulting၏ အစီရင်ခံစာတွင် သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ ထိခိုက်မှု လေ့လာမှုအဆင့်အတွင်း ရေကာတာ စီမံကိန်းနှင့် ပတ်သက်သည့် မြောက်မြားစွာသော ဆိုးကျိုးသက်ရောက်မည့်ဖြစ်စဉ်များကို ဖော်ပြထားသော်လည်း လူထုအား တရား၀င်ချပြထားမှု မရှိသေးကြောင်းလည်း SSFIM ထောက်ပြထားသည်။
လက်ရှိတွင် အဆိုပါ စီမံကိန်းနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ရှမ်းအရပ်ဖက်အဖွဲ့အစည်းများက ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများသို့ အိတ်ဖွင့်ပေးစာ ပေးပို့ကာ ဒေသခံများနှင့်အတူရပ်တည်ရန်၊ ရေကာတာ တည်ဆောက်ရေးလုပ်ငန်းများကို မည်သည့်နည်းနှင့်မဆို ကူညီတားဆီးရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
နမ္မတူမြစ်ပေါ်တွင် တည်ဆောက်နေသည့် ရေကာတာ စီမံကိန်းများကို ရပ်တန့်ပေးရန် ဒေသခံ လက်မှတ် ၁,၈၀၀ ကျော်ပါဝင်သည့် အိတ်ဖွင့်ပေးစာကို ၂၀၂၀ ခုနှစ်အတွင်းကလည်း ဒေသခံများက နိုင်ငံတော်အတိုင်ပင်ခံရုံးသို့ ပေးပို့ခဲ့ကြဖူးသည်။
ယခု နမ္မတူ ရေကာတာစီမံကိန်းသည် နမ္မတူမြစ်ပေါ်တွင် တည်ဆောက်ရန်စီစဥ်ထားသော ရေကာတာစီမံကိန်း ငါးခုအနက် တတိယမြောက် ရေကာတာဖြစ်ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ရှမ်းပြည်နယ်
#သီပေါမြို့
#နမ္မတူရေကာတာ
#UWSA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤2😱2🔥1🤮1
ကိုးကန့် MNDAAက ဗိုလ်မှူးချုပ်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ "ဝ" ပြည်နယ်သို့ ချစ်ကြည်ရေးခရီးသွားရောက်
=====================

မိုးသောက်။ ။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA က ဗိုလ်မှူးချုပ် Peng Kun ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ "ဝ" ပြည်နယ်ကို ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့ကြပါတယ်။

စက်တင်ဘာလ ၂၆ရက်နေ့မှာလာရောက်ခဲ့တာဖြစ်ပြီး ဆောင်းဦးရာသီ ပွဲတော်အချိန်ကာလ ချစ်ကြည်ရေးခရီးစဉ်သက်သက်သာဖြစ်တယ်လို့ UWSA- လားရှိုးမြို့ဆက်ဆံရေးရုံး၊ တာဝန်ခံ ဦးညီရမ်းက မဇ္ဈိမကိုပြောပါတယ်။

ကိုးကန့် ကိုယ်စားလှယ်အဖွဲ့ကို "၀" ပြည်နယ် အစိုးရနဲ့ ဝ တပ်မတော်တို့ကကြိုဆိုခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံတဲ့ချစ်ကြည်ရေးခရီးမှာ ဆွေးနွေးပွဲတွေလည်းပြုလုပ်ခဲ့ကြပြီးတော့ “တော်လှန်ရေးခရီးတွင် မျိုးဆက်ဟောင်း များထံမှ အမွေဆက်ခံခဲ့သော တော်လှန် ရေးချစ်ကြည်ရင်းနှီးမှုသည် မျိုးဆက် သစ် လူငယ်များထံ ဆက်လက် လက်ဆင့်ကမ်း သွားမယ်လို့ “ ပြောကြားခဲ့ကြတာရှိတယ်လို့ ကိုးကန့်သတင်းမှာဖော်ပြပါတယ်။

https://youtu.be/DnuK1V9yKfc?si=UkFDLs8rGFRhsRKw

တည်းဖြတ်/တင်ဆက်- မိုးသောက်

#Mizzima
#UWSA
#MNDAA
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍14❤3🔥1😁1
​​အွန်လိုင်းငွေလိမ်လုပ်ငန်း အဓိကတရားခံဟုဆိုကာ ဝ ဒေသမှ ‌ငွေလိမ်ဂိုဏ်းခေါင်းဆောင် ၂ဦးကို တရုတ် ဝရမ်းထုတ်
================

ဂျူချန်း

(မဇ္ဈိမ)။ ။ တရုတ်နိုင်ငံသားများ အထိနာနေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းကို ဦးဆောင်ပြုလုပ်နေသည်ဟုဆိုကာ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ဒေသမှ ငွေလိမ်ဂိုဏ်းခေါင်းဆောင်နှစ်ဦးကို ဖမ်းဝရမ်းထုတ်ထားကြောင်း တရုတ်နိုင်ငံ၊ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ယူနန်ပြည်နယ်၊ကူမင်းမြို့နှင့် ရှီကျင်းပြည်နယ်၊ဟန်ကျိုးမြို့မှ အများပြည်သူ့လုံခြုံရေးဌာန၏ စိစစ်တွေ့ရှိချက်အရ ချန်ယန်ပန် (ခေါ်) ပေါက်ယန်ပန် နှင့် ရှောက်ယန်ကူ(ခေါ်) ဟော်ချွင်ထင် တို့နှစ်ဦးသည် အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် ဦးဆောင်ပြုလုပ်နေသည်ကို သက်သေအခိုင်အမာဖြင့် တွေ့ရှိထားပြီဟု တရုတ်နိုင်ငံ၊ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ၎င်းတို့နှစ်ဦးကို ဖမ်းမိနိုင်ရေး သတင်းပေးနိုင်ပါက တရုတ်ယွမ် ၁၀၀,၀၀၀ မှ ယွမ် ၅၀၀,၀၀၀ ( မြန်မာငွေ သိန်း ၃၀၀ခန့်မှ သိန်း ၁,၅၀၀ခန့်)အထိ ပေးမည်ဟု ဆုကြေးထုတ်လိုက်ခြင်းဖြစ်သည်။ ၎င်းတို့၏ အွန်လိုင်းငွေလိမ်မှုကြောင့် တရုတ်ပြည်သူများစွာနစ်နာနေကြောင်းလည်း ဖော်ပြထားသည်။

ချန်ယန်ပန်သည် မြန်မာနိုင်ငံ၌ ပေါက်အိုက်ပန်း ဟု လူသိများပြီး “ဝ”ပြည်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူးဖြစ်ကြောင်း၊ ပေါက်အိုက်ပန်းသည် ယခင်က ဝ တပ်မတော်၊တပ်မဟာ (၄၆၈) တပ်မှူးဖြစ်ပြီး UWSA ဥက္ကဋ္ဌ ပေါက်ယူချန်းနှင့် ဆွေမျိုး တော်စပ်ကြောင်း မြန်မာနိုင်ငံရေးနှင့် တိုင်းရင်းသား အရေးလေ့လာသူတဦးက မဇ္ဈိမကို ပြောသည်။ 

၎င်းက “ပေါက်အိုက်ပန်က လက်ရှိ ဝပြည်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူး၊ နောက်တ ယောက်ကတော့ မိုင်းလင်းခရိုင်မှူး။ပေါက်အိုက်ပန်က တူဆိုတာထက် အမျိုးအရင်းထဲက တူတော့ မဟုတ်ဘူး။ အမျိုးနီးစပ်ထဲကလို့ သိတယ်။ အရင်ကတော့ သူ့ကို ပေါက်ယူချန်းရဲ့ မွေးစားသားလို့တောင်ပြောကြတယ်” ဟု ဆိုသည်။

ပေါက်အိုက်ပန်းသည် ယခင် ၂၀၀၅ ခုနှစ် စက်တင်ဘာလတွင် ဘိန်းဖြူ ၄၉၆ ကီလိုဂရမ် နှင့် အတူ ရှမ်းပြည် အရှေ့ပိုင်း မိုင်းပြင်း မြို့နယ်၌ ဖမ်းဆီးခံခဲ့ရကာ UWSA နှင့် စစ်ကောင်စီတို့ ဒုတိယ အကြိမ် အပစ်ရပ် ငြိမ်းချမ်းရေး တည်ဆောက်ပြီး နောက်ပိုင်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် ၎င်းအား စစ်တွေထောင်မှ ပြန်လွှတ်ပေးခဲ့ကြောင်း ယင်းဖြစ်စဉ်ကို သိရှိထားသူတဦးကပြောသည်။

ရှောက်ယန်ကူ(ခေါ်) ဟော်ချွင်ထင်ကို အိုက်ဟော့ ဟု လူသိများကာ မိုင်းလင်းခရိုင်မှူးဖြစ်ပြီး ပေါက်ယူချန်း၏ သားမက်ဟောင်းဟု သိရသည်။ 

“ဟော်ချွင်ထင်ကို မြန်မာပြည်က အိုက်ဟော့လို့ပဲ သိကြတာ" ဟု အခြားသတင်းရင်းမြစ်တဦးက ပြောသည်။

၎င်းတို့နှစ်ဦးသည် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မိုင်းပေါက်နှင့် ဝိန်းကောင် တို့တွင် ကာစီနိလုပ်ငန်းနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ အဓိက လုပ်ကိုင်ကြသည်ဟု မြန်မာနိုင်ငံရေးလေ့လာသူတဦးက ပြောသည်။ 

ပေါက်အိုက်ပန် နှင့် အိုက်ဟော့တို့နှစ်ဦးသည် UWSA မှဟုတ်မဟုတ်နှင့်တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ ဖမ်းဝရမ်းထုတ်ခြင်းကိစ္စနှင့်ပတ်သက်၍ မဇ္ဈိမမှ UWSA လားရှိုးမြို့အခြေစိုက် ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းအား မေးမြန်းခဲ့ရာ ၎င်းအနေဖြင့် အထက်အရာရှိများထံ မေးထားဆဲဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့်လအနည်းငယ်က တရုတ်အစိုးရတာဝန်ရှိသူများ၏ မြန်မာနိုင်ငံခရီးစဉ်တွင် မြန်မာ-တရုတ်နယ်စပ်ဒေသများမှ အွန်လိုင်းငွေလိမ်းလုပ်ငန်းများကို ဖော်ထုတ်ရန် စစ်ကောင်စီအား ဖိအားပေးခဲ့သည်။အွန်လိုင်လိမ်လည်မှုအပါအဝင် အွန်လိုင်းလောင်းကစားမှုများနှင့် ဆက်နွှယ်နေသည့် လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှု စသည့်ရာဇဝတ်မှုများကို တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို လေးနိုင်ငံပူးပေါင်းပြီးနှိမ်နင်းရန်အတွက် ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ကျင်းပခဲ့သည့် အစည်းအဝေး၌ ဆွေးနွေးခဲ့ကြသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့နှင့် ၆ ရက်နေ့တွင် “ဝ”ပြည်နယ်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁,၂၀၇ ဦးကို UWSA ဌာနချုပ်ရှိရာ ပန်းဆန်မြို့ရှိ နယ်ခြားတံတားဂိတ်မှတဆင့် တရုတ်ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ၏ ပြန်ကြားရေးစာမျက်နှာ WSTV တွင် စက်တင်ဘာလ ၈ ရက်နေ့ကထုတ်ပြန်ထားသည်။

မဇ္ဈိမမှ မြန်မာနိုင်ငံရှိ တရုတ်သံရုံးအား အွန်လိုင်းငွေလိမ်ခြင်းနှင့်ပတ်သက်၍ ဝရမ်းထုတ်ထားသူနှစ်ယောက်အကြောင်း မေးမြန်းရန်အတွက် ယနေ့ ညနေ ၆နာရီခန့်တွင် ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ အမျိုးသမီးတဦးမှ ဖုန်းလက်ခံဖြေကြားပြီး ၎င်းအနေဖြင့် ပြောဆိုခွင့်မရှိသဖြင့် သိလိုသည့် အကြောင်းအရာများအား email ပို့ ပေးရန်နှင့် ပို့ရမည့် email ကိုလည်း အထက်အရာရှိကိုမေးမြန်းပြီးနောက် ပြန်လည်ပြောပြမည်ဟုဆိုသည်။

စာတည်း - အေးချမ်း
#mizzima
#အွန်လိုင်းငွေလိမ်လုပ်ငန်း
#UWSAထိန်းချုပ်ဒေသ
#ငွေလိမ်ဂိုဏ်း
#ဝရမ်းထုတ်
👍13😁4❤1👎1🔥1
တရုတ် ဖမ်းဝရမ်းထုတ်ထားသည့်UWSA အရာရှိ ၂ဦး ရာထူးမှ ထုတ်ပယ်ခံရ
=====================

ဂျူချန်း
(မဇ္ဈိမ)။ ။ အွန်လိုင်းငွေလိမ်လုပ်ငန်းကို ဦးဆောင်ပြုလုပ်သည်ဟုဆိုကာ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ အရာရှိနှစ်ဦးကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) သတင်းထုတ်ပြန်သည်။
UWSA ၏ ဆောက်လုပ်ရေးဌာနမှူးကြီး ပေါက်အိုက်ပန်းနှင့် မိုင်းလင်းခရိုင်မှူး အိုက်ဟော်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း UWSPက အောက်တိုဘာလ ၁၆ရက်တွင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။ပေါက်အိုက်ပန်းကို ၎င်း၏ရာထူးအပြင် ပါတီမှပါ ထုတ်ပယ်လိုက်ကြောင်း ဖော်ပြထားသည်။

၎င်းတို့ နှစ်ဦးသည် “ဝ”ပြည်နယ်အစိုးရနှင့် အိမ်နီးချင်းနိုင်ငံများအပေါ် နိုင်ငံရေးအရ ယုံကြည်မှုနှင့် ရင်းနှီးမှုများကို ထိခိုက်စေသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ UWSA (လာရှိုးမြို့) ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းအား ယနေ့ အောက်တိုဘာလ ၁၈ရက်နံနက်တွင် မေးမြန်းရာထုတ်ပြန်ချက်အတိုင်းပင်ဖြစ်ကြောင်း ဖြေဆိုသည်။ ပေါက်အိုက်ပန်း နှင့်အိုက်ဟော်အား မည်သို့အရေးယူမည်ကို မေးမြန်းရာတွင်မူ ဖြေဆိုခြင်း မရှိတော့ပေ။

ပေါက်အိုက်ပန်း နှင့်အိုက်ဟော်သည် တရုတ်နိုင်ငံသားများ ထိခိုက်နစ်နာစေသည့်အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် ဦးဆောင်ပြုလုပ်နေသည်ကို သက်သေအခိုင်အမာဖြင့် တွေ့ရှိထားပြီဟုတရုတ်နိုင်ငံ၊ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြီးခဲ့သည့် အောက်တိုဘာ လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ၎င်းတို့အကြောင်းကို သတင်းပေးနိုင်သူအား တရုတ်ယွမ် ၁၀၀,၀၀၀ မှ ယွမ် ၅၀၀,၀၀၀ ( မြန်မာငွေ သိန်း ၃၀၀ခန့်မှ သိန်း ၁,၅၀၀ခန့်)အထိ ပေးမည်ဟု ဆုကြေးသတ်မှတ်ပြီး ၀ရမ်းထုတ်ခဲ့သည်။

ပေါက်အိုက်ပန်း နှင့်အိုက်ဟော်အား ယခုကဲ့သို့ ရာထူးမှ ထုတ်ပယ်လိုက်ခြင်းသည် UWSA အပေါ် တရုတ်၏ ဩဇာလွှမ်းမိုးမှုရှိသည်ကို တွေ့မြင်နိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူတဦးက ပြောသည်။

တရုတ်နိုင်ငံသားများ အထိနာနေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နှိမ့်နင်းရန် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အားတရုတ်က ဖိအားပေးလျက်ရှိသည်။နေပြည်တော်တွင်အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA နှစ်ပတ်လည်နေ့ အခမ်းအနားသို့ လာရောက်ခဲ့သည့် တရုတ်အစိုးရကိုယ်စားလှယ်ကလည်း စစ်​ကောင်စီ​ခေါင်း​ဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ယင်းကိစ္စ ထည့်သွင်းပြောကြားသွားကြောင်းသတင်းရရှိသည်။

ယခုနှစ်ပိုင်းအတွင်း မြန်မာဘက်အခြမ်းမှ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်သူဟု သံသယရှိသူ တရုတ်နိုင်ငံသား စုစုပေါင်း ၄,၆၆၆ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်းတရုတ် ပြည်သူ့လုံခြုံရေးဌာနက အောက်တိုဘာ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အိုက်ဟော် (ခ) ရှောက်ယန်ကူ (ခ) ဟော်ချွင်ထင်
စာတည်း - အေးချမ်း

#mizzima
#UWSAအရာရှိနှစ်ဦး
#ရာထူးမှထုတ်ပယ်
#အွန်လိုင်းငွေလိမ်လုပ်ငန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁3
​​တရုတ်ဖမ်းဝရမ်းထုတ်ထားသည့် “ဝ”အရာရှိနှစ်ယောက်ကို စစ်ကောင်စီ ထပ်မံဝရမ်းထုတ်
===========

ဂျူချန်း

(မဇ္ဈိမ)။ ။ တရုတ်က ဖမ်းဝရမ်းထုတ်ထားသည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ ထုတ်ပယ်ခံအရာရှိနှစ်ဦးအား စစ်ကောင်စီက ထပ်မံ၍ ဝရမ်းထုတ်ပြန်လိုက်သည်။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများ၊ လူကို သွေးဆောင်ဆွဲခေါ်မှုများ၊ ပြန်ပေးမှု များဖြင့် ချန်ရန်ပန်(ခ)ပေါက်အိုက်ပန်းနှင့် ရှောက်ရန်ပန်(ခ)ဟော်ချွင်ထင်ကို ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပန်ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ထားကြောင်း စစ်ကောင်စီလက်အောက်ခံ မြဝတီရုပ်မြင်သံကြားက ယနေ့ အောက်တိုဘာလ ၁၈ ရက် ညနေပိုင်းတွင် ကြေငြာခြင်းဖြစ်သည်။ 

၎င်းတို့နှစ်ဦးကို တရုတ်နိုင်ငံသားများ နစ်နာစေသည့် အွန်လိုင်းငွေလိမ်ခြင်းကို ဦးဆောင်လုပ်ကိုင်နေသည်ဟုဆိုကာ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနမှ အောက်တိုဘာ ၁၂ ရက်နေ့တွင် ဝရမ်းထုတ်ခဲ့ပြီး သတင်းပေးနိုင်သူကို ယွန် ၁၀၀,၀၀၀ မှ ၅၀၀,၀၀၀( မြန်မာငွေ သိန်း ၃၀၀ခန့်မှ သိန်း ၁,၅၀၀ခန့်) အထိ ပေးမည်ဟု ဆုငွေထုတ်ထားသည်။ 

အောက်တိုဘာ ၁၆ ရက်နေ့တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ ဆောက်လုပ်ရေးဌာနမှူးကြီးဖြစ်သူ ပေါက်အိုက်ပန်း နှင့် မိုင်းလင်းခရိုင်မှူး ဟော်ချွင်ထင်တို့ကို ရာထူးမှ ထုတ်ပယ်ကြောင်း “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဗဟိုကော်မတီကထုတ်ပြန်သည်။
ထို့နောက် စစ်ကောင်စီမှ ပေါက်အိုက်ပန်းနှင့် ဟော်ချွင်ထင်ကို အောက်တိုဘာ ၁၇ ရက်နေ့တွင်ထပ်မံ၍ ဝရမ်းထုတ်ပြန်ခြင်းဖြစ်သည်။

သို့သော်အဆိုပါအွန်လိုင်းလိမ်လည်မှုများတွင် စစ်ကောင်စီက ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။အကြမ်းဖက်စစ်တပ်အား မြန်မာနိုင်ငံတွင် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုခင်းများနှင့် ငွေကြေးလိမ်လည်မှုများကို အဓိကဆောင်ရွက်ကျူးလွန်သူအဖြစ် ရှုတ်ချကြောင်းနှင့်အဆိုပါရာဇ၀တ်မှုများမှ ၎င်းတို့ရရှိထားသည့် တရားမဝင်ငွေကြေးစီးဆင်းမှုများကို ဖော်ထုတ်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လတ်တလောတွင် တရုတ်နိုင်ငံသားများ အထိနာနေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများအား နှိမ်နင်းရန် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကိုတရုတ်က ဖိအားပေးလျက်ရှိသည်။ 

စာတည်း - အေးချမ်း

#mizzima
#တရုတ်
#ဖမ်းဝရမ်း
#UWSA
#စစ်ကောင်စီ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁11👍4
#Satellite images reveal alarming #rareearth #mining expansion in #Myanmar’s #UWSA territory: https://eng.mizzima.com/2025/06/21/23635
👍3👎2