Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ရန်ကုန်မြို့ရှိ နိုက်ကလပ်နှင့်ဘားများ ယာယီပိတ်ကြောင်း ထုတ်ပြန်ထားကြ
====================

ကီရာ
(မဇ္ဈိမ)။ ။ရန်ကုန်မြို့ရှိ နိုက်ကလပ်နှင့်ဘားများကို ယာယီပိတ်ထားကြောင်း ၎င်းတို့‌၏ လူမှုကွန်ရက် စာမျက်နှာများတွင် ဇူလိုင်လ ၃ ရက်နေ့က ရေးသားထားသည်ကို တွေ့ရသည်။

မည်သည့် အချိန်ထိ ပိတ်ထားမည်ဟု ရေးသားထားခြင်းမရှိဘဲ ယာယီပိတ်ထားမည့်အကြောင်းနှင့် အချို့ ကလပ်များမှာ ဆိုင်အတွင်း ပြင်ဆင်မှုများလုပ်ဆောင်ရန် ယာယီပိတ်ထားမည်ဖြစ်သည်ဟု ရေးသားထား ကြသည်ကိုလည်း တွေ့ရသည်။

ရန်ကုန်ရှိ ပိုင်အိုနီးယားကလပ်က “ဒီနေ့ ဆိုင်ကို ယာယီပိတ်ပါတယ်။ ပြန်ဖွင့်မယ့်အကြောင်း page မှာ ကြေညာပေးသွားပါမယ်” ဟု လည်းကောင်း၊ Vuvuzela Bar@ Beer က “ဆိုင်အတွင်း ပြင်ဆင်မှုများ လုပ်နေပါသဖြင့် ဆိုင်ခေတ္တပိတ်ထားမည့်အကြောင်း အကြောင်းကြားအပ်ပါသည်”ဟု လည်းကောင်း ရေးသားထားကြသည်ကို တွေ့ရသည်။

ယင်းသို့ ဘားနှင့် ကလပ်များ ယာယီပိတ်ထားခြင်းနှင့်ပတ်သက်၍ ရန်ကုန်ရှိ နိုက်ကလပ်နှင့် ဘားများသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ အချို့ဆိုင်များက ဖုန်းလိုင်းများဖြတ်တောက်ထားကြပြီး အချို့ဆိုင်များမှာ ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ပြီးခဲ့သည့်လပိုင်းက ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ Honey Nest ဘားအား စစ်ကောင်စီတပ်ဖွဲ့က ဝင် ရောက်စစ်ဆေးခဲ့ပြီးနောက် ယနေ့အထိ အဆိုပါဘားသည်လည်း ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးဘဲ ယာယီ ပိတ်ထားကြောင်း ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။

ရန်ကုန်ရှိ နိုက်ကလပ်နှင့် ဘားများသည် ပုံမှန် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ဖွင့်လှစ်သော်လည်း Honey Nest ဘား ဝင်ရောက်စစ်ဆေးခံရပြီးနောက် ညနေ ၅ နာရီ မှ ည ၁၁ အထိဟု အချိန်ပြောင်းလဲ သတ်မှတ်ထားသည်ကိုလည်း တွေ့ရသည်။
နိုက်ကလပ်နှင့် ဘားများက ဆိုင်ဖွင့်ချိန်ပြောင်းလဲသတ်မှတ်ခဲ့သော်လည်း သီးသန့်အခန်းများ စီစဉ်ပေးရ သူများ ပိုမိုများပြားလာသည်ဟု ဆိုသည်။

အဆိုပါ သီးသန့်အခန်းများသည် ည ၁၁ နာရီခွဲမှ နံနက် ၄ နာရီထိ၊ နံနက် ၄ နာရီခွဲမှ နံနက် ၇ နာရီအထိ နှင့် နံနက် ၇ နာရီခွဲမှ နံနက် ၁၀ နာရီအထိ အချိန်အမျိုးမျိုးရှိပြီး After Party ၊ After to After ၊ သီးသန့် အခန်းများ သို့မဟုတ် Day Club ဟူ၍ ပုံစံအမျိုးမျိုး ခေါ်ဝေါ်ကြသည်ကိုလည်း တွေ့ရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ရန်ကုန်တိုင်း
#NightClub
#Bar
#စစ်ကောင်စီ
Photo - AFP
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤1👏1
​​မန္တလေးတွင် နိုက်ကလပ်နှင့် ဘားမှပြန်လာသူများကို ဖမ်းဆီးငွေညှစ်ခြင်းများရှိဟုဆို
=====================

007
(မဇ္စျိမ)။ ။ မန္တလေးမြို့တွင် ညအချိန် နိုက်ကလပ်နှင့် ဘားများမှ ပြန်လာသူများအား ကားဖြင့်လိုက်ဖမ်းပြီး ငွေညှစ်သည့်ဖြစ်စဉ်များ ယခုရက်ပိုင်း ဖြစ်ပွားနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ကြသူများထံက သိရသည်။

"ဘားကနေ ကျွန်တော်တို့ထွက်လာတော့ လူနှစ်ယောက်က လမ်းလယ်ထွက်ပြီး တားတယ် ။မင်းတို့ ညဘက်မထွက်ရဘူးဆိုတာ မသိဘူးလား ဘာပုဒ်မနဲ့အရေးယူမယ် ဘာညာဆိုပြီး ငွေညှိခိုင်းတယ်။ ငါးသိန်းတောင်းတယ်။ ကျွန်တော်တို့ သုံးသိန်းနဲ့ဖြတ်ခဲ့ရတယ်" ဟု ဇူလိုင်လ ၂ ရက် ညပိုင်းက ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ မြို့ခံတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်မှာ မန္တလေးတိုင်း ၊ အောင်မြေသာစံမြို့နယ် ၂၆ လမ်းနှင့် ၅၈ လမ်းထောင့်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ ဖမ်းဆီးငွေညှစ်ခံရသူ လေးဦးထက်မနည်းရှိနေပြီဖြစ်ကြောင်း သိရသည်။
"အရင်လတွေတုန်းကတော့ တစ်ညလုံးဖွင့်ထားပေးလို့ရတော့ အများစုက ညဘက်မပြန်ကြဘူး။ တစ်ညလုံးကလပ်ထဲမှာပဲ ပျော်ကြပြီး မနက်မှပြန်တယ်။ တချို့လည်း ကလပ်နဲ့အနီးဆုံး ဟိုတယ်၊ တည်းခိုခန်းတစ်ခုထဲ၀င်အိပ်လိုက်ကြတယ်၊ ငွေညှစ်ခံရတဲ့ကိစ္စက ဒီနှစ်ရက်သုံးရက်မှာ စကြားရတာပဲ၊ ကျွန်တော် သိရသလောက် လေးငါးခါလောက်ရှိပြီ" ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် Night Club ၀န်ထမ်းတစ်ဦးက ပြောသည်။

ကားဖြင့်ငွေလိုက်ညှစ်သည့်အဖွဲ့တွင် ယူနီဖောင်း၀တ်တစ်ဦးနှင့် အရပ်၀တ်တစ်ဦးအပြင် ကားပေါ်တွင် အနည်းဆုံး နှစ်ဦးခန့် ရှိမည်ဟု ခန့်မှန်းရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အခြားတစ်ဦးက ပြောသည်။

"ရုတ်တရတ်ဆိုတော့ ကျွန်တော်တို့လည်းကြောင်သွားတယ်။ သူတို့က သေနတ်တွေလည်းပါတယ်။ လာလိုက်ခဲ့ဆိုပြီး၊ အောင်ပင်လယ်ကန်ပတ်လမ်းဘက် ခေါ်သွားတယ်။ ဟိုရောက်တော့မှ ငွေညှစ်တာမှန်းသိရတာ၊ လက်စွပ်တောင်းတော့ ပေးလိုက်တယ်။ ငွေငါးသိန်းထပ်တောင်းတယ်၊ ငွေမပါလို့ Kpay ပေးမယ်ဆိုတာမရဘူး။ အဲဲဒါနဲ့ Bar ပြန်သွားပြီး ၀န်ထမ်းတစ်ယောက်ကို အကူအညီတောင်းပြီးဖြေရှင်းလိုက်ရတယ်" ဟု ၎င်းကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ Night Out ထွက်ပြီးပြန်လာသူများအား ငွေညှစ်တောင်းယူခြင်းကိုလက်သင့်မခံကြောင်း၊ နောက်နောင်ထပ် လုပ်လာလျှင် နယ်မြေအပိုင် ရဲစခန်းနာမည်နှင့်တကွ ထုတ်ဖော်ပြောဆိုသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းများကို ဝါဒဖြန့်ပေးနေသည့် တယ်လီဂရမ်ချန်နယ်များက ရေးသားဖော်ပြထားကြသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#မန္တလေးတိုင်း
#NightClub
#Bar
#ဖမ်းဆီးစစ်ဆေး

ဓာတ်ပုံ- မန္တလေးက ကလပ်တစ်ခုကို တွေ့ရစဉ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁4🔥2😱1