Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရောဂါခံစာနေရသည့် ကလေးငယ်များ၏ဓါတ်ပုံဖြင့် အလှူငွေ လိမ်လည်ကောက်ခံနေ
====================

ဂျူချန်း
မဇ္ဈိမ ။ ။ရောဂါဝေဒနာခံစားနေရသည့် ကလေးငယ်များ၏ ဓာတ်ပုံများအားအသုံးပြုကာ ဖေ့စ်ဘုတ် အကောင့်တုများဖြင့် အလှူငွေကောက်ခံခြင်းများ ပြုလုပ်လျက်ရှိနေသည်။

“Daw Ya Min” အမည်ရှိ ဖေ့စ်ဘုတ်အကောင့်မှ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် “အမည် ဘုန်းလျှံထွဋ်၊ မိဘအမည် ဦးနှင်းမောင်*ဒေါ်ယမင်းနွယ် ရန်ကုန်ကိုဆေးလာကုသရင်း ရွှေတောင်ဘုန်းတော်ကြီးကျောင်း မှာ ခဏတာတည်းခိုနေရပါတယ်” ဟုဆိုကာ ဗဟန်း၊ ရွှေဂုံတိုင် ဗန်ဒါပင်မှတ်တိုင်အနီး ရွှေတောင်ကျောင်း သို့ လာရောက်လှူဒါန်းနိုင်ကြောင်းနှင့် ဦးနှင်းမောင်အမည်ရှိ Kpay အကောင့်နှင့်အတူ ရောဂါခံစားနေရ သည့် ကလေးငယ်၏ဓာတ်ပုံများဖြင့် အလှူခံထားသည်။ အဆိုပါ ပို့စ်အား မျှဝေသူ ၃,၀၀၀ ကျော်ရှိနေပြီး ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ အလှူငွေတောင်းခံကာ ရရှိကြောင်းပိုစ့်များလည်း ဖြန့်ဝေထားသည်။

အဆိုပါကလေးငယ်အကြောင်း မဇ္ဈိမမှစုံစမ်းခဲ့ရာ ၎င်း၏အမည်မှာ ဘုန်းလျှံထွဋ်(၆ နှစ်)ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တည်းက ဆုံးသွားပြီဖြစ်ကြောင်း ဖခင်နှင့်အဒေါ်ဖြစ်သူထံမှ သိရသည်။ ကလေး၏ ဖခင်အမည်မှာလည်း ဦးနှင်းမောင် မဟုတ်ဘဲ ဦးဖြိုးကိုကို ဖြစ်သည်။

“ကလေးမဆုံးခင်မှာတော့ ကျနော့်အကောင့်ကနေ အလှူခံခဲ့တာရှိပါတယ်။ ဒါပေမယ့် သားမဆုံးခင်မှာပဲ အလှူခံတာ ရပ်ခဲ့ပါတယ်။ သားက ရန်ကုန်ကနေရွာကိုအပြန်လမ်းမှာ ဆုံးသွားတုန်းကလည်း ကျနော့် အကောင့်မှာ လိုက်ဖ်လွှင်ထားတာရှိတယ်။ ကလေးလည်းဆုံးသွားပြီမို့ ခုလိုလိမ်ပြီး အလှူခံနေတာရပ်ကြ ပါတော့။ ကျနော်တင်ထားတဲ့ ပုံတွေနဲ့စာတွေကို အကုန်ကော်ပီယူပြီးတင်နေကြတာ။ သူတို့လုပ်စားနေ တာက နောက်ဆုံး ကျနော်တို့ပဲ မကောင်းဘူးဖြစ်နေတာ။ လိမ်နေတာတွေကိုလည်း ထိထိရောက်ရောက် လေးဖြစ်အောင် လုပ်စေချင်တယ်။ ကျနော်တို့လည်း ဘယ်သူ့ကိုသွားတိုင်လို့ တိုင်ရမှန်း မသိဘူး” ဟု ဘုန်းလျှံထက်၏ ဖခင်ဖြစ်သူမှ မဇ္ဈိမသို့ပြောကြားသည်။

မောင်ဘုန်းလျှံထက်မှာ ရန်ကုန်ကလေးအထူးကုဆေးရုံကြီး(ဟယ်လ်ပင်ဆေးရုံ)တွင် ၂၀၂၁ ခုနှစ် ဇူလိုင် လမှ စတင်ကာ ၂၀၂၂ ဇူလိုင်လအထိ တစ်နှစ်နီးပါးဆေးကုသမှုခံယူခဲ့ပြီး ၂၀၂၂ ခုနှစ် မေလ၌လည်း အိန္ဒိယ သို့ သွားရောက်ဆေးကုသခဲ့ရသေးကြောင်း၊ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီးမှ ရောဂါအခြေအနေကြောင့် ဆေးကုသရန်လက်လျှော့ခဲ့ရပြီး ရွာသို့အပြန်လမ်းတွင်ပင်ဆုံးပါးခဲ့သည်ဟု ၎င်း ၏ဖခင်က ဆိုသည်။

ကလေးငယ်ဆုံးခဲ့သည့်ဖြစ်စဉ်အားလည်း ဖခင်ဖြစ်သူမှ လိုက်ဖ်လွှင့်ထားခဲ့သည်။ လင့် https://bit.ly/3SahdXo

ယခု ကလေးပုံများဖြန့်ဝေနေသည့်အကောင့်သည် ကလေး၏အမေဖြစ်သူ ဒေါ်ယမင်း၏အမည်ဖြင့် အကောင့်ဖြစ်သည်။ သို့သော် ကလေး၏မိခင်မှာ ဖေ့စ်ဘုတ်မသုံးကြောင်းနှင့် ဖခင်ဖြစ်သူမှာလည်း ကလေးအမည်ဖြင့်သာ ဖေ့စ်ဘုတ်သုံးကြောင်းဆိုသည်။

ကလေး၏ အဒေါ်ဖြစ်သူမှလည်း “ပထမတော့ လူလိမ်တွေက ကလေးအဖေရဲ့ ဖေ့စ်ဘုတ်နာမည်နဲ့ တစ်ပုံ စံတည်းလိုက်ဖွင့်ပြီး တင်သမျှပို့စ်တွေ ကူးတင်တယ်။ အဲဒီတုန်းကတည်းက ကလေးအဖေကလည်း ခဏ ခဏ လူလိမ်အကောင့်ပါဆိုပြီးတင်ပါတယ်။ နောက်ပိုင်း အမတို့ကပါ ဝိုင်းပြောကြတော့ ကလေးအမေ နာမည်နဲ့ လုပ်ပြန်ရော။ အမတို့လည်း ကလေးလည်း ဆုံး။ လူလိမ်ကိုလည်း မပြောနိုင်တော့ဘူး” ဟု မဇ္ဈိမ ကို ပြောသည်။

ကလေးအတွက် အလှူငွေကောက်ခံစဉ်ကအသုံးပြုသည့် Kapy အမည်မှာလည်း ဦးဖြိုးကို ဖြစ်ပြီး ဦးနှင်းမောင်အမည်မှာ လိမ်လည်နေခြင်းသာဖြစ်ကြောင်းလည်း ဆိုသည်။

မော်ဒယ်၊ သရုပ်ဆောင် မေပန်းချီကလည်း ၎င်း၏ဖေ့ဘုတ်အကောင့်တွင် အဆိုပါ ဒေါ်ယမင်းအကောင့်မှ ဦးနှင်းမောင်အမည်ရှိ Kpay ဖြင့် လိမ်လည်အလှူခံနေကြောင်းနှင့် ၎င်းမှ ကလေးအားကြည့်လို၍ ဖုန်းခေါ် ချိန်တွင် မကိုင်ဘဲဘလော့သွားကြောင်းလည်း ဆိုထားသည်။ လင့် - https://bit.ly/3kbMwUV

အဆိုပါ ဦးနှင်းမောင်အမည်ရှိ Kpay နှင့် Wave အကောင့်များဖြင့်ပင် ရောဂါခံစားနေရသည့် အခြား မိန်းကလေးငယ် တစ်ဦး၏ပုံဖြင့် ဒေါ်ယဉ်မြအကောင့်မှ အလှူခံထားသေးသည်။

ဒေါ်ယဉ်မြအကောင့်မှ မိန်းကလေးငယ်တစ်ဦး၏ပုံများဖြင့် သမီးလေးနှင်းဧကရီသည် သွားဖုံးကင်ဆာအား ကုသနိုင်ရန် ငွေလိုအပ်သဖြင့် အလှူငွေကောက်ခံကြောင်း သွားဖုံးကင်ဆာရောဂါဝေဒနာ ခံစားနေရသည့် မိန်းကလေးငယ်တစ်ဦး၏ဓာတ်ပုံများဖြင့် ဖြန့်ဝေထားသည်။ ပိုစ့်တွင် အလှူငွေလွှဲရန် ဦးနှင်းမောင် အမည် ဖြင့် K pay နှင့် Wave pay (09758389844) အ‌ကောင့်နံပါတ်များကို ဖော်ပြထားသည်။ ထို wave account ၏ အမည်မှာ နှင်းမောင်ဖြစ်ပြီး ထိုနံပါတ်ဖြင့် Kapy တွင် အကောင့်မရှိချေ။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#Fraud
👍4🤬2🔥1