Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
လော်ဘီတွေ အလုပ်ဖြစ်နိုင်သလား
သတင်းမှား ဒါမှမဟုတ် ဝါဒမှိုင်း (propaganda) ဆိုတာ ခေတ်အဆက်ဆက် အစိုးရနဲ့အာဏာပိုင်တွေ အသုံးပြုခဲ့တဲ့ အင်မတန်ထိရောက် တဲ့လက်နက်တခုဖြစ်ပြီး တင်ဆက်မှုပုံစံသာကွာရင်ကွာမယ် လက်ရှိ ကာလတွေမှာလည်း သုံးနေကြသေးတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဆိုပါတယ်။
“သတင်းအမှားကို လူထုကိုဝါဒမှိုင်းတိုက်ဖို့ အသုံးပြုသလို တန်ပြန် သမိုင်းသက်သေ တည်ဆောက် ဖို့နဲ့ ဆန့်ကျင်ဖက်သက်သေ (သို့) counter narrative တည်ဆောက်ဖို့လည်း သုံးကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံသမိုင်းမှာ စစ်အာဏာရှင် အဆက်ဆက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။ ထိလည်း ထိရောက်ခဲ့ပါတယ်” လို့ ၎င်းကဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ ရန်သူအင်အားကို နည်းနိုင်သမျှ နည်းသွားအောင်လုပ်နေသလို မဟာမိတ် အင်အား ကို တိုးသထက်တိုးလာအောင် ကြိုးစားနေတဲ့ နေရာမှာ ရန်သူအချင်းချင်းကြား (တော်လှန်ရေး ဘက်သား အချင်းချင်း) စိတ်ဝမ်းကွဲဖို့ သတင်းအမှား (သို့) ဝါဒမှိုင်းကိုသုံးတယ်လို့လည်း ပြောပါတယ်။
ခံယူချက် ရှုမြင်မှု ဝေဝါးနေသူတွေ ပိုပြီး အတွေးအခေါ်အခြေယိုင်နဲ့အောင်လည်း သုံးသလို အချင်းချင်း ကြား စိတ်ပျက်နေကြတဲ့လူတွေ ဒီဘက်ကိုကူးလာလို့ အဆင်ပြေအောင်(သို့) ကူးဖို့လိုအပ်တဲ့ သက်သေ အကြောင်းအရာ (justifications)တွေရသွားအောင် သတင်းအမှားတွေ ဖန်တီးတည်ဆောက်ပေးလေ့ရှိ ပြီး သတင်းအမှား (သို့) ဝါဒမှိုင်းတွေကို သေချာဂရုတစိုက်လေ့လာပြီး တန်ပြန် သတင်းအမှန်ဖေါ်ထုတ် နိုင်ဖို့၊ ဝါဒမှိုင်းရဲ့ အားနည်းချက် (fallacies)တွေကို ကျယ်ကျယ်ပြန့်ပြန့် လူထုသိရှိနိုင်ဖို့ အင်မတန် အရေး ကြီးပါတယ်” လို ဒေါက်တာစိုင်းကြည်ဇင်စိုးက ရှင်းပြပါတယ်။
လူမှုကွန်ရက်ပလက်ဖောင်းတွေမှာ စစ်ကောင်စီအလိုကျမီဒီယာတွေရဲ့ ပျံ့နှံ့နေမှုကို လေ့လာကြည့်တဲ့ အခါမှာ Telegram မှာ NP News က စောင့်ကြည့်သူ ၄၇,၀၀၀ ကျော်၊ People Media က ၇၆,၀၀၀ ကျော်၊ Myanmar Hard Talks က ၃၀,၀၀၀ ကျော်၊ သူရိယနေဝန်းက ၂၂,၀၀၀ ကျော် စသည်ဖြင့် သောင်း ဂဏန်းပတ်ဝန်းကျင်မှာ ရှိကြတာကိုတွေ့ရပေမယ့် မြန်မာတွေအသုံးများတဲ့ TikTok ပလက်ဖောင်းမှာ တော့ NP News က ကျော်မျိုးမင်းကို ကြည့်ရှုနေကြသူ မနည်းတာတွေ့ရပါတယ်။
TikTok မှာ NP News ကို ကြိုက်နှစ်သက်သူ ၂.၇ သန်း၊ စောင့်ကြည့်သူ ၃၃၂,၀၀၀ ကျော်ရှိတာတွေ့ရပါ တယ်။ NP News ဟာ ဝက်ဘ်ဆိုက်ကနေလည်း သတင်းတွေတင်ဆက်နေပေမယ့် TikTok မှာတော့ ကျော်မျိုးမင်းရဲ့ သတင်းသုံးသပ်ချက်တွေကို အများဆုံးဖော်ပြထားတာတွေ့ရပါတယ်။ NP News ရဲ့ TikTok မှာဖော်ပြထားတဲ့ရုပ်သံဖိုင်တွေထဲမှာ ကြည့်ရှုသူ ၂.၃ သန်းကျော်အထိရှိပါတယ်။ သုံးသပ်ထားတဲ့ သတင်းအကြောင်းအရာကတော့ အစုံပါပဲ။ နစကရဲ့လုပ်ဆောင်ချက်တွေကို ဝေဖန်တာလည်းပါသလို ဒီမိုကရေစီအင်အားစုတွေရဲ့နဲ့ပတ်သက်ရင်တော့ စစ်ကောင်စီလေသံအတိုင်းပဲဆိုတာကို ကြည့်ရှုသူတိုင်း သတိပြုမိပါလိမ့်မယ်။ NP News ဟာ ဝက်ဘ်ဆိုက်အပြင် App အနေနဲ့လည်းရှိပြီး လစဉ်ကြေးပေးပြီး အသုံးပြုနိုင်တယ်လို့လည်း သိရပါတယ်။
ဆန်းစစ်တွေ့ရှိချက်တွေအရဆိုရင် စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ မီဒီယာတွေထဲမှာတော့ NP News က ပျံ့နှံ့မှုအားအကောင်းဆုံးဖြစ်တာ တွေ့ရပါတယ်။ မီဒီယာသိမြင်နှံ့စပ်မှု(media literacy) အား နည်းသူတွေအပေါ်မှာ သက်ရောက်မှုရှိလာတာကို တွေ့လာရပါတယ်။
နိုင်ငံရေးဆိုတာ လူကြားမှာ ရဲရဲတင်းတင်းမပြောဝံ့တော့တဲ့ ဒီလိုအချိန်မျိုးမှာ အခုလိုမျိုး စစ်ကောင်စီရဲ့ အားနည်းချက်တချို့ကိုဝေဖန်ထောက်ပြပြီး တဖက်မှာလည်း တော်လှန်ရေးအုပ်စုတွေ၊ နိုင်ငံရေးအင်အား စုတွေအပေါ် စစ်အာဏာရှင်အဆက်ဆက် စွပ်စွဲပုတ်ခတ်တဲ့ အသုံးအနှုန်းတွေနဲ့ နေ့စဉ်ပြောဆိုနေခြင်းက လူထုအပေါ် အနည်းနဲ့အများ လွှမ်းမိုးလာနိုင်ပါတယ်။
စစ်ကောင်စီအတွက် ဝါဒဖြန့်ချိပေးနေကြတဲ့ မီဒီယာအများစုဟာ စာနယ်ဇင်းအတတ်ပညာနဲ့ဝေးသူတွေ ဖြစ်တာကြောင့် ပျံ့နှံ့မှုနဲ့ထိရောက်မှု အားမကောင်းလှပေမယ့် သတင်းမီဒီယာလောကမှာ နှစ်ပေါင်းများ စွာကျင်လည်ခဲ့ပြီး စာဖတ်ပရိသတ်ကို လှည့်စားနိုင်တဲ့သူတွေရဲ့ ဝါဒဖြန့်ချိရေးကိုတော့ သတိထားဖို့လိုပါ လိမ့်မယ်။
လူထုအနေနဲ့ကတော့ သတင်းအချက်နဲ့အလက်နည်းပညာခေတ်မှာ သတင်းတွေကိုဖတ်ရှုနား ထောင်ရင်း ဝါဒဖြန့်ချိသူတွေရဲ့ ထောင်ချောက်ထဲကို ရောက်မသွားဖို့ကလည်း အရေးကြီးပါတယ်။ သတင်းတု သတင်း မှားတွေကို ဖော်ထုတ်တဲ့အဖွဲ့အစည်းတွေရှိလာပေမယ့် အမှန်တဝက်နဲ့ဝါဒဖြန်တဲ့ကိစ္စကတော့ ကိုင်တွယ် ရခက်ပါတယ်။

#medialiteracy #misinformation #propagada #myanmar #press
👍25😁2