Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ပင်လောင်းနှင့် ဖယ်ခုံတွင် တိုက်ပွဲများ ​ရက်ဆက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေ
====================

001
မဇ္စျိမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင်ပြီးခဲ့သည့် ​ဖေ​​ဖော်ဝါရီလကစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခုဧပြီလတွင်လည်း တိုက်ပွဲများ ​ရက်ဆက်ဖြစ်ပွားနေကာ စစ်​ရေးတင်းမာ​နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင် ဖယ်ခုံမြို့နယ် မြောက်စလုံးနှင့် တောင်စလုံးတို့တွင် တနေ့လုံးနီးပါး တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများလည်းပြုလုပ်​နေကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ PNDF (KK)က ပြောသည်။

“​လေးရက်​နေ့မှာ ​မြောက်စလုံးမှာ မနက် ငါးနာရီက​နေစပြီး တ​စ်နေကုန်နီးပါးဖြစ်တယ်။ တိုက်ပွဲပြင်းထန်တယ်။ စကစ​ ကနေ ​လေယာဥ်နဲ့ ဗုံးလာကြဲတယ်။ ​၄ ရက်​နေ့ ညကိုးနာရီခွဲမှာလည်း ထပ်မံပြီး တိုက်​လေယာဥ်နဲ့ ဗုံးလာကြဲတယ်။ ၄ ရက်နေ့မှာ မြောက်စလုံးမှာဖြစ်ပြီးတော့ ၅ ရက်နေ့မှာ တောင်စလုံးမှာ စကစက လေယာဉ်နှစ်စီးနဲ့ ဗုံးလာကြဲတယ်။ ဗုံးလာကြဲပစ်ခတ်တဲ့အခါ တောင်စလုံးမှာရှိတဲ့ နေအိမ်တွေထိခိုက်ပျက်စီးမှုတွေ များစွာ ပျက်စီးလောင်ကျွမ်းခဲ့တယ်”ဟု PNDF (KK)မြေပြင်သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ထို့​နောက် ဧပြီလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် အခြေအနေ စောင့်ကြည့်​နေသည့် အနေအထားပြန်ဖြစ်နေသော်လည်း ထိတွေ့တိုက်ပွဲများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

“ဒီရက်ပိုင်းက သတင်းတွေ အရမ်းကြီး ကျယ်ကျယ်ပြန့်ပြန့်မထွက်ဘူးဆိုပေမယ့် ရှမ်းပြည်ပဲပေါ့နော်။ ဖယ်ခုံနဲ့ အဲ့ဒီ တောင်စလုံးတို့ ဘာတို့ဆိုတာက ရှမ်းပြည်နယ်ဘက်မှာလည်း စစ်ရေးက ဘယ်အချိန်ဖြစ်မလဲဆိုတဲ့ အခြေအနေတစ်ခုပေါ့။ အရမ်းတင်းမာနေတဲ့ အနေအထားတစ်ခုတော့ရှိတယ်။ တိုက်ပွဲတွေလည်း ဖြစ်နေတယ်။

ဒီမော့ဆိုဘက်မှာလည်း စစ်ရေးအတင်းမာဆုံး အခြေအနေဖြစ်နေတယ်” ဟု ကယား(ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု KRU မှ ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောသည်။
၂၀၂၃ ခုနှစ် မတ်လ တစ်လတာကာလအတွင်း ကယားပြည်နယ်( ကရင်နီ )၊ လွိုင်ကော်မြို့နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင် ငါးခုဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)က ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်များသည် ပင်လောင်းမြို့နယ် ၊ ဖယ်ခုံမြို့နယ်၊ ဒီမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်တို့အား စစ်ကြောင်းထိုးစဉ်တွင် ကျေးရွာများအတွင်းရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း KNDFက ဖော်ပြသည်။

ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပင်လောင်းမြို့နယ်အတွင်း တောင်မဲသင်း၊ လုံးပျဉ် ၊ ပင်ပုံ၊ နမ့်နိန်းကျေးရွာများ အပါအဝင် ရွာရှစ်ရွာခန့် စစ်ဘေးရှောင်နေရပြီး ပင်လောင်းမြို့နယ်မြောက်ဘက်ခြမ်းတွင် ရွာ​လေးရွာမှ စစ်ဘေးရှောင်ဦးရေ ၆,၀၀၀ ဝန်းကျင်ရှိကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

“စစ်ရှောင်တွေက လောလောဆယ်က ဆန်၊ ဆီ၊ ဆေး၊ ဆားတွေက အလှူရှင်တွေက သိပ်မလာကြတော့လေ နောက်တစ်လလောက်ဆိုရင် ဆန် တစ်လစာလောက်ပဲ ရှိတော့တယ်။ အဝေးက အလှူရှင်တွေလည်း မလာကြတော့ ကျွန်တော်တို့ ဒေသခံတွေပဲ အလှူခံဖို့ အစည်းအဝေးခေါ်လိုက်တယ်”ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၂ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆင်ရေးအတွင်း အပြစ်မဲ့ပြည်သူအနည်းဆုံး ၃၃ ဦးသတ်ဖြတ်ခံခဲ့ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)က ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းနီးပါးရှိလာပြီဖြစ်ပြီး ထိုအထဲမှ လူဦးရေ ၁ ဒသမ ၄ သန်းကျော်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်ကြောင်း UN OCHA Myanmar က ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ
#ပင်လောင်းမြို့နယ်
#ဖယ်ခုံမြို့နယ်
#SHRF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤1👎1🔥1🥰1
​​အိန္ဒိယက မြန်မာ့အရေးမှာ ဘာကြောင့် သံတမန်နည်းလမ်းနဲ့ သတိကြီးစွာ လျှောက်လှမ်းနေတာလဲ
=======================

မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင်ဖြစ်ပွားခဲ့သော ကမ္ဘာ့နိုင်ငံများ၏ ရှုတ်ချမှုကိုခံခဲ့ရသည့် အာဏာသိမ်းမှုအပြီး ၂ နှစ်အကြာတွင် အကျဉ်းချခံထားရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအား ဖျက်သိမ်းလိုက်ခြင်းသည် နိုင်ငံအား လှုပ်လေမြုပ်လေ အရှုပ်တော်ပုံထဲသို့ ရောက်သွားစေသည့် နောက်ထပ်လမ်းစတစ်ခုပင်ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁2🤮1🤣1
​​ဘုတလင်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့
===================

လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ၊ အနောက်တောင်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ယနေ့ ဧပြီလ ၈ ရက် နံနက် ၆ နာရီ အချိန်တွင် စတင်၍ ယုန်လေးကုန်း(ရွာသစ်) ၊ တရော်တော နှင့် ကုက္ကိုယ်စု ကျေးရွာများကို မီးတင်ရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ မီးရှို့သွားတာတော့ နံနက်ပိုင်း အစောကြီး ရှို့သွားတယ်။ ယုန်လှေးကုန်းကို စပြီးရှို့တယ် ၊ ပြီးတော့ တရော်တော နှင့် ကုက္ကိုလ် စု ရွာတွေကို ဆက်ပြီး ရှို့တယ်။ လက်ရှိမှာတော့ မီးသတ်နေတုန်းပါပဲ၊ မီးလောင် အိမ်ခြေစာရင်းကတော့ အတိအကျ မသိရသေးဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးကဆိုသည်။
ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် ယုန်လှေးကုန်း ၊ ကုက္ကိုယ်စု ၊ တရော်တော ၊ နှောပင်ရိုး၊ ဇီးတော စတဲ့ ကျေးရွာများ မှ ဒေသခံပြည်သူ ၅,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း သိရသည်။

“ ခေတ်ကာလ မကောင်းတဲ့ကြားက စစ်ရှောင်နေရတာနဲ့ တောအလုပ်၊ တောင်အလုပ်လေးကို ဖြောင့်ဖြောင့် မလုပ်ရဘူး။ လက်လုပ် ၊ လက်စားတွေဆိုတော့ စားဝတ်နေရေး အခက်အခဲ တော်တော်လေးရှိနေတာပေါ့။ အခုလည်း တောထဲမှာပဲ စစ်ရှောင်နေရတာ ။ ရာသီဥတုကလည်း ပူတော့ ချွေးထွက်များပြီး အမောဖောက်တာတွေလည်း ရှိနေတယ်” ဟု အခြားဒေသခံ တစ်ဦးကဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် နှောပင်ကျေးရွာတွင် ရောက်ရှိတပ်စွဲနေပြီး လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ ရှိနေကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဘုတလင်မြို့နယ်
#စစ်ကောင်စီတပ်
#စစ်ကြောင်းထိုး
#မီးရှို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🤬4😢4❤1😁1
​​ထိုင်း၏ ချင်းမိုင်မြို့၌ လေထုညစ်ညမ်းမှု ဆိုးရွားနေ၍ နေအိမ်မှပင် အလုပ်လုပ်ကြရန် အာဏာပိုင်တို့ ညွှန်ကြား
========================

ထိုင်းနိုင်ငံ၏ ချင်းမိုင်မြို့သည် ကမ္ဘာ့ လေထုအညစ်ညမ်းဆုံး မြို့ ဖြစ်နေသည်ဟု ဧပြီ ၇ ရက်က အဆင့်သတ်မှတ်ခံရပြီးနောက် အန္တရာယ်ရှိသော လေထုကို ရှောင်ရှားနိုင်ရန် မြို့နေပြည်သူများ နေအိမ်မှပင် အလုပ်လုပ်ကြရန် အာဏာပိုင်တို့က တိုက်တွန်းသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥3👏1
“ဘီလူးစစ်ကြောင်းဟာ PDF တွေကို စိတ်ဓါတ်စစ်ဆင်ရေးလုပ်တာလို့ပဲ မြင်တယ်”
===================

ဂျူချန်း

မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် အမျိုးသမီးအဖွဲ့တစ်ခုဖြစ်သည့်T GR Women Drone Force အဖွဲ့သည် ၂၀၂၂ ဩဂုတ်လမှ စတင်ကာ စစ်ကောင်စီတပ်များအား ဒရုန်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်လျက်ရှိသည်။

အဆိုပါ မြောင်မြို့နယ်တွင် အမျိုးသမီးများအား စစ်ကောင်စီတပ်က ဖမ်းဆီးကာ အဓမ္မပြုကျင့်သည့် ဖြစ်စဉ်များ ရှိသည့်အပြင် စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့ဝင်များအား ခေါင်းဖြတ်သတ်ဖြတ်ခြင်းများလည်း လုပ်ဆောင်လျက်ရှိသည်။

“ ကျဆုံးပြီးသား ရဲဘော်တွေကို ခေါင်းဖြတ်တယ်။ ခြေဖြတ်၊ လက်ဖြတ်ပြီး လူမြင်မကောင်းအောင်လု ပ်တယ်။ ဒါတွေကို မြင်လိုက်ပြီဆို ငါတို့ကိုလည်း ဒီလိုလုပ်မှာပဲလို့ ကြောက်စိတ်ဝင်အောင် ထည့်နေတာလို့ မြင်တယ်။ စိတ်ဓာတ်စစ်ဆင်ရေးပေါ့” ဟု TGR Womne Drone Force အဖွဲ့ခေါင်းဆောင် ကျားခင်စိန် ကပြောသည်။

“အမျိုးသမီး အယောက် ၂၀ ကို ဖမ်းသွားပြီးတော့ အမျိုးသမီး ခုနစ်ယောက်ကို အဓမ္မပြုကျင့်တာမျိုးတွေ၊ ပြုကျင့်ပြီး ထားပစ်ခဲ့တာမျိုးတွေ ရှိတယ်ရှင့်” ဟု ကျားခင်စိန်က မဇ္ဈိမ ကိုပြောသည်။

သင်္ကြန်တွင်လည်း စစ်ကောင်စီ ဦးစီးကျင်းပသည့် နေရာများတွင် သွားရောက်ဆင်နွှဲခြင်း မပြုဘဲ ကျဆုံးသွားသည့် ရဲဘော်များကို စာနာသောအားဖြင့် မိမိတို့ ပတ်ဝန်းကျင်ရှိ အဝန်းအဝိုင်းတွင်သာ သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြရန်လည်း TGR Womne Drone Force အဖွဲ့ခေါင်းဆောင် ကျားခင်စိန်က တိုက်တွန်းထားသည်။

https://youtu.be/n1PZdXBJ6Ak

မေးမြန်း/တင်ဆက်= ဂျူချန်း

စာတည်း။ ။ အောင်ကျော်ဖြိုး
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16❤2👏1🥴1🍌1
CDF-Senthang ၏ ဒုတိယအကြိမ်မြောက် အရန်တပ်ဖွဲ့သင်တန်းပြုလုပ်
====================

မောင်ခက်နွေ
(မဇ္ဈိမ)။ ။ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် ချင်းကာကွယ်ရေးတပ် CDF-Senthang က ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် အရန်တပ်ဖွဲ့ သင်တန်းကို အောင်မြင်စွာပြုလုပ်သည်ဟု ယမန်နေ့ ဧပြီလ ၇ရက်နေ့တွင် CDF-Senthang က ထုတ်ပြန်ထားသည်။
“သင်တန်းဖြစ်မြောက်နိုင်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးသူအားလုံးအပေါ် ကျေးဇူးတင်ကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပထမအကြိမ် အရန်တပ်ဖွဲ့သင်တန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြီးဆုံးခဲ့သည်ဟု သိရသည်။
CDF-Senthang သည် ချင်းအမျိုးသားတပ်ဦး-ချင်းအမျိုးသားတပ်မတော်(CNF/CNA) ၏ လမ်းညွှန်ကွပ်ကဲမှုအောက်ရှိ အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

CDF-Senthang ကို၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

#ချင်းပြည်နယ်
#ဟားခါးမြို့
#CDF-Senthang
#အရန်တပ်ဖွဲ့သင်တန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20🥰4😁2
​​ဒေါက်တာခလမ်ဆမ်ဆွန် ထောင်ဒဏ် ၆နှစ် ချမှတ်ခံရမှု အယူခံဝင်မည်

(မဇ္ဈိမ)
။ ။ ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ထောင်ဒဏ်ခြောက်နှစ် အမိန့်ချမှတ်အပေါ် အယူခံဝင်သွားမည်ဖြစ်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေထံက သိရသည်။
အမှုအားလုံးအတွက် အယူခံဝင်ရန် စီစဉ်နေပြီး တက်နိုင်သမျှ အစွမ်းကုန် ကြိုးစားသွားမည်ဟု ၎င်းက ဆိုသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ယမန်နေ့ ဧပြီလ ၇ ရက်တွင် စစ်ကောင်စီ လက်အောက်ခံ မြစ်ကြီးနား ထောင်တွင်းတရားရုံးက အပြီးသတ် စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။
" ကြိုးစားလို့နိုင်သမျှ အကုန်ကြိုးစားမယ်။ အယူခံကို ထပ်ဝင်လို့ရမယ့် လုပ်ငန်းစဥ်တွေကို ကျွန်‌ေတာ်တို့ မနေ့ကတည်း စလုပ်နေပါပြီ"လို့အမှူကို လိုက်ပါဆောင်ရွက်ပေးနေသည့် KBC အဖွဲ့မှ သတင်းရင်းမြစ်က ဆိုသည်။
ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ပုဒ်မ ၁၇(၁)ပုဒ်မအတွက် ထောင်ဒဏ် နှစ် နှစ်၊ ၅၀၅ (က) ပုဒ်မအတွက်ထောင်ဒဏ် တစ်နှစ်နှင့် ပုဒ်မ ၅၂(က) ပုဒ်မ အတွက် ထောင်ဒဏ် သုံးနှစ် စုစုပေါင်း ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။
KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနှင့် ဗိုလ်ချုပ်ဂွမ်မော်တို့ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် သွားရောက်တွေ့ဆုံခဲ့သည်ဟုဆိုကာ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁)၊ လူငယ်ဆွေးနွေးပွဲတစ်ခုတွင် " ခရစ်တော်၌ နိုင်ငံတော်ကိုတည်ထောင်ကြပါစို့" ဆိုသည့် ခေါင်းစဉ်ဖြင့် ဝေမျှရာတွင် နိုင်ငံတော်အကြည်ညိုပျက်စေသည့် စကားလုံးအသုံးအနှုန်းများ တွေ့ရသည်ဆိုကာ ပုဒ်မ ၅၀၅-ကဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗိုလ်မှူးသူအောင်ဇော်က တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ပညာရေးဒုဝန်ကြီး ဒေါ်ဂျာထွယ်ပန်တို့နှင့် သွားရောက်တွေ့ဆုံသည်ဟုဆိုကာ ပုဒ်မ ၅၂(က)ဖြင့် မြစ်ကြီးနား ထောင်တွင်း တရားရုံးက မတ်လ ၁၄ ရက်တွင် ထပ်တိုး တရားစွဲဆိုခဲ့သည်။
ဒေါက်တာခလမ်ဆမ်ဆွန်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ဆေးစစ်ရန်သွားသည့်အချိန် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ကောင်စီစစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲရသည်။
ဖမ်းဆီးခံရပြီးနောက် မြစ်ကြီးနား စစ်တပ်စစ်ကြောရေးတွင် မိသားစုနှင့် ဆက်သွယ်ခွင့်မရဘဲ ၂၄ ရက်ကြာ နေခဲ့ရပြီး‌ေနာက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် မြစ်ကြီးနား အကျဉ်းထောင်သို့ ရွှေ့ပြောင်းခံခဲ့ရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#ဒေါက်တာခလမ်ဆမ်ဆွန်
#အယူခံဝင်
#ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁1💩1
အကြွေစောတဲ့ ကြယ်ဖြူလေးများဆီသို့ ကတိစကား

- ချမ်းငြိမ်း
သူငယ်ချင်းရေ
မင်းတို့ငါတို့တတွေက စစ်အာဏာသိမ်းမှုတွေနဲ့ ခဏခဏ ကြုံတွေ့နေကြရတဲ့ မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းလာခဲ့ကြတယ်လေ
ငါတို့ရဲ့ရှေ့က ခေတ်အဆက်ဆက်မှာ ငါတို့ရဲ့ အကိုအမတွေ စစ်အာဏာသိမ်းမှုတွေနဲ့ အဆင့်ဆင့်ကြုံတွေ့ခဲ့ကြရပြီး တော်လှန် ပုန်ကန်ခဲ့ကြရင်း အသက်ပေါင်းများစွာ ဘဝပေါင်းများစွာ စတေးပေးဆပ်ခဲ့ကြဖူးတယ်လေ
ဒါပေမဲ့သူတို့တတွေ အောင်ပန်းကို မဆင်မြန်းနိုင်ခဲ့ကြဘူးလေ…
သူငယ်ချင်းရေ.....
သူငယ်ချင်းရေ ဟုအစချီရင်း ရွတ်ဖတ်‌နေသည့်ကဗျာရွတ်သံက အခမ်းအနားအတွင်း ပျံ့လွင့်နေသည်။ ချည်ထည်အကျီအဖြူနှင့် ဘောင်းဘီရှည်အနက်ရောင်ဝတ်ဆင်ထားသည့် ရဲဘော်တုတ်ကြီးက စင်မြင့်တနေရာမှနေ၍ ရွတ်ဖတ်နေခြင်းဖြစ်သည်။
ထိုကဗျာက ပြီးခဲ့သည့် တော်လှန်ရေးကာလ နှစ်နှစ်တာကာလအတွင်း ကျဆုံးသွားသော သူ၏ ရဲဘော် ရဲဘက်များအား ရည်ညွှန်း၍ ရဲဘော်တုတ်ကြီး သီကုံး‌ရေးစပ်ထားသော ကဗျာဖြစ်သည်။
ကဗျာရွတ်နေစဉ် ရဲဘော်တုတ်ကြီး၏ မျက်နှာအမူအယာသည် ညိုးရော်သွားလိုက်၊ တင်းမာသွားလိုက်ဖြစ်နေသည်။ ရုတ်တရက်ကျဆင်းလာသည့် မျက် ရည်စီးကြောင်းကလည်း ရေကာတာ တာရိုးကျိုးကျသည့်အလား ထိန်းချုပ်မရအောင် သူ့ပါးပြင်ပေါ် တရဟော စီးကျလာတာကို မြင်နေရသည်။
👍14🔥1😁1
ရဲဘော်တုတ်ကြီးက ကဗျာရွတ်နေချိန် စင်အောက်တွင် ရှိနေသူများကလည်း မျက်လုံစုံမှိတ်ထားသည်။ ခေါင်းငုံ့ထားကြသည်။သူတို့အားလုံး၏ စိတ်အလျဉ်က တနေရာရာသို့ စူးနစ်ရောက်နေကြပုံရသည်။ ထိုနေရာဝန်းကျင်တွင် ကဗျာရွတ်သံက ခပ်အုပ်အုပ်၊ ခပ်မှန်မှန် လွင့်ပျံ့နေသည်။
အထက်ပါမြင်ကွင်းက ဧပြီလ ၂ရက် နံနက်က စစ်ကိုင်းတိုင်း ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးစခန်းတနေရာမှမြင်ကွင်းဖြစ်သည်။
ရဲဘော်တုတ်ကြီးက ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထောက်ပို့ရဲဘော်။သူ့ရင်တွင်းဖြစ်များကို စိုးရွှေဇယ် - ကျောက်လုံးကြီးအမည်ဖြင့်လည်း ဖွင့်အံရေးလေ့ရှိသူ။ ထိုနေ့ ဧပြီလ ၂ရက်သည် စစ်အာဏာရှင်အား လက်နက်ကိုင်တော်လှန်ရန်ဆုံးဖြတ်ခဲ့သည့် ကနီဒေသ၏ အညာသားတစုအတွက် သမိုင်းဝင်နေ့လည်းဖြစ်သည်။
ရဲဘော်တုတ်ကြီးတို့၏ ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLG PDF) ကို ၂၀၂၁ခုနှစ် ဧပြီလ ၂ရက်တွင် စတင်ဖွဲ့စည်းခဲ့ရာယခု ၂၀၂၃ ခုနှစ် ဧပြီ ၂ရက်တွင် တည်ထောင်ခြင်း နှစ်နှစ်မြောက်ခဲ့ပြီ။ တပ်ဖွဲ့ကို ကျောက်လုံးကြီးဆရာတော်က ဦးဆောင်ပြီး လူပုဂ္ဂိုလ် ၃၅ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။အာဏာရှင်၏ ယုတ်ကန်းသမျှကို နဖူးတွေ့ဒူးတွေ သိမြင်လာသော ဒေသခံအများအပြား လာရောက်ပူးပေါင်းကြသည်။
နှစ်နှစ်အတွင်း တပ်ဖွဲ့ဝင်အင်အား ထောင်ချီရှိလာသည်။ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းသုံးရင်းလည်း ရှိနေပြီ။စစ်အာဏာရှင်တပ်အား ထိပ်တိုက်ရင်ဆိုင်ခဲ့သည့် တိုက်ပွဲပေါင်းလည်းအလီလီ တိုက်ခဲ့ပြီးပြီ။ စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ် ၁၉ ဦးလည်း ကျဆုံးခဲ့ရသည်။
ယခုကျင်းပသည့် အခမ်းအနားက စစ်ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် အသက်ပေးသွားခဲ့သော သူရဲကောင်းများအား အောက့်မေ့လွမ်းဆွတ်ရင်း
ရှေ့အနာဂတ် တော်လှန်ရေးခရီးကြမ်းကို တက်ညီလက်ညီဆက်ကြရန် ထပ်တိုးသံနိဌာန်ချခြင်းလည်းဖြစ်သည်။
အခမ်းအနား ပြင်ဆင်ထားပုံက ပြည့်စုံခမ်းနားလှသည်မဟုတ်။ အခမ်းအနားပကာသနထက် PDF ရဲဘော်များ၏ တော်လှန်ရေးသံနိဌာန်နှင့် ယုံကြည်ချက်ကသာ ကြီးမားနေသည့် အငွေ့အသက်ကို ခံစားရစေသည်။
လက်နက်အင်အားအသာစီးရထား‌သည့် အရိုင်းအစိုင်းစစ်တပ်ကို တုတ်၊ဓား၊လေးခွ၊တူမီးဖြင့်စတင်ခုခံတော်လှန်ရင်း ကျဆုံး ကြွေလွင့်ခဲ့ရသည့် ရဲဘော်များအတွက် ကျန်ရစ်သူတို့၏ လွမ်းသူ့ပန်းစည်းများဖြင့် စီခြယ်ထားသည်။
ပန်းစည်းတစည်းချင်းစီတွင် သနပ်ခါးပန်း၊ ဂန္တမာပန်း၊ နှင်းဆီပန်းအဖြူ၊ နှင်းဆီပန်းအနီ စသည့် ပန်းအမျိုးအစားများဖြင့် ဖန်တီးထားသည်။
ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စတင်တည်ထောင်သည့် ၂၀၂၁ ခုနှစ် ဧပြီလ ၂ရက်ကပင် ပထမဆုံးတိုက်ပွဲခေါ်သံညံခဲ့သော တပြေအေးတိုက်ပွဲတွင် ရဲဘော်စိုးသူကျဆုံးခဲ့သည်။ ထို့နောက်ရဲဘော်အာကာမိုး၊ အာကာဖြိုး၊ ချစ်မင်းစိုး၊ ဌေးလွင်၊ ကျော်မင်းသိန်း၊ လင်းခန့်ကျော်၊ မောင်မောင်စိုး၊ မြင့်သူအောင်၊ မျိုးသန့်ဇင်၊ နိုင်လင်းထွန်း၊ နေမျိုးဦး၊ ပြည့်ဖြိုးကျော်၊ စန်းမင်းနိုင်၊ ဝေယံစိုး၊ သန်းကျော်စိုး၊ ဇော်ကြီး၊ ဇော်ဝင်းထွဋ်၊ သန်းကျော်ဌေး စသည့် ကျဆုံးရဲဘော်များ၏ အငွေ့အသက်များက ယနေ့ကျင်းပသည့် အခမ်းအနားကို လွမ်းမောဖွယ်ရာ လွမ်းခြုံနေသည်။
" သူငယ်ချင်းရေ
မင်းတို့ငါတို့တတွေ ဆိုးအတူ ကောင်းအတူ ရင်ဆိုင်မျှဝေကြရင်း တော်လှန်ရေး ရောင်နီဦးကို ဖမ်းဆုပ်နိုင်ခဲ့ကြပြီလေ…
ဒါပေမဲ့ သူငယ်ချင်းရာ
စစ်ပွဲဆိုတာ အကျိုးအမြတ်တွေရှိသလို ပေးဆပ်ရမှုတွေလည်း ရှိတယ်ကွာ
အဲ့ပေးဆပ်မှုတွေထဲမှာ မင်းနာမည်လည်း ပါသွားခဲ့ပြီလေ...
တော်လှန်ရေးမှာ အကြွေစောတဲ့ ကြယ်ဖြူလေး အဖြစ်နဲ့ပေါ့…
ရဲဘော်တုတ်ကြီး၏ ကဗျာရွတ်သံကလည်း ဆို့နင့်‌ကြေကွဲဖွယ်ရာ လွင့်ပျံ့လာပြန်သည်။
ထိုကျဆုံးရဲဘော်များကို ရည်စူးပြီး သံဃာတော် ခုနှစ်ပါးပင့်ဖိတ်ကာ ရေစက်ချအမျှဝေခြင်း၊ ဝတ္ထုငွေကပ်လှူခြင်းနှင့် ဆွမ်းကပ်လှူခြင်းများ ပြုလုပ်ကြသည်။ အခမ်းအနားသို့ မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပေါင်းများနှင့် ဒေသခံအများအပြားတက်ရောက် လာကြသည်။
စစ်အာဏာရှင်တော်လှန်ရေး၏ ပင်မအုတ်မြစ်ဖြစ်သော ဒေသခံများနှင့် ကျဆုံးရဲဘော်များ၏ မိသားစုဝင်များကလည်း အခမ်းအနားသို့ အရောက်လာကြပြီး သွားလေသူ သူရဲကောင်းများကို ဦးညွှတ်ကြသည်။
👍19🔥1😁1
ဧည့်ခံကျွေးမွေးမှုကလည်း ရိုးစင်းလှသလို ပြည်သူ့အုပ်ချုပ်ရေးယန္တရားအသက်ဝင်နေပြီဖြစ်သည့် ဒေသတခု၏ သရုပ်သကန်အတိုင်း အေးအေးဆေးဆေးရှိသည်။ကုမ္မာရီအမျိုးသမီးများနှင့် ကာလသားများက ဧည့်ခံကျွေးမွေးကြသည်။ ဒေသအစားအစာများဖြစ်သော ကြက်သားငရုတ်သီးထိုး၊ ပဲကြော်နှင့်ချဉ်ပေါင်ရွက်၊ မျှစ်ချဉ်၊ ခရမ်းချဉ်သီး၊ ရုံးပတီသီး၊ ဂေါ်ဖီထုတ်၊ မုန်လာဥဖြူ၊ ပန်းမုံလာ၊ အာလူးစသည်တို့ ပါဝင်သော သီးစုံချဉ်ရည်ဟင်းတို့ဖြင့် ချက်ပြုတ်ကျွေးမွေးကြသည်။
အခမ်းအနားသို့ တက်ရောက်လာသည့် မဟာမိတ်တပ်ဖွဲ့ဝင်များမှ ရဲဘော်များသည် တပ်ဖွဲ့တဖွဲ့ချင်းစီ၏ သတ်မှတ်ထားသည့် ဝတ်စုံယူနီဖောင်းများအား စမတ်ကျကျ ဝတ်ဆင်ထားကြသည်။
ရဲဘော်အများစုက ဆယ်ကျော်အသက်အရွယ်များဖြစ်သည်။ လူလတ်ပိုင်း၊ လူကြီးပိုင်းတွေလည်းပါသည်။ သူတို့အားလုံးတွင် ယခုသူတို့ပါဝင်ဆင်နွှဲနေသော စစ်အာဏာရှင်တော်လှန်ရေးကြီး မုချအောင်မြင်ရမည်ဟူသော ယုံကြည်ချက်များ ပြည့်လွမ်းနေသည်ကို အထင်းသားမြင်နေရသည်။
👍20❤4🔥1🥴1
အတူတူတိုက်ပွဲဝင်ရင်း ကျဆုံး‌ကြွေလွင့်သွားခဲ့ကြသည့် သူငယ်ချင်း ရဲဘော်ရဲဘက်များကိုလည်း သူတို့အားလုံး လွမ်းဆွတ်နေကြသည်။တိုက်ခိုက်ရေးရဲဘော်များပီပီ မျက်နှာဟန်ပန်များက တည်တံ့တင်းမာနေသော်လည်း သွားလေသူ သူငယ်ချင်း ရဲဘော်ရဲဘက်များအား သတိရစိတ်ကြောင့် တချက်တချက် ညိုးငယ်သွားကြသည်။
တော်လှန်ရေးခရီးကြမ်း နှစ်နှစ်တာကာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ကျဆုံးကြွေလွင့်သွားသော အာဇာနည်သူရဲကောင်းများအတွက် အာဇာနည်ကုန်းတည်ဆောက်ရန် ရည်ရွယ်ထားသည့်ဟု ကျောက်လုံးကြီးဆရာတော်( ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဦးဆောင်နာယကဆရာတော်) က မိန့်ကြားလာသည်။ထိုအာဇာနည်ကုန်းသည် သူတို့ဒေသ၏ အထင်ကရ သမိုင်းပုံရိပ်ဖြစ်လာလိမ့်မည်။
" ဒီလိုအာဇာနည်ကုန်းတည်ဆောက်ရတာက လေးစားထိုက်တဲ့သူ ဂုဏ်ပြုထိုက်တဲ့သူတွေကို လေးစားဂုဏ်ပြုခြင်းဖြစ်တယ်။ ဒီအာဇာနည်သူရဲကောင်းတွေဟာဆိုရင် ပြည်သူလူထုအတွက် တွက်ပွဲဝင်ရင်း ကျဆုံးသွားကြရတာဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေကလည်း ပြစ်မထားကြပါနဲ့။ သူတို့အတွက် လုပ်ပေးနိုင်တာဆိုလို့ ဒါပဲရှိတယ်။ ဖြစ်အောင်လည်းလုပ်မယ် " ဟု ကျောက်လုံးကြီးဆရာတော်က မိန့်ကြားသည်။
အာဇာနည်ကုန်းတည်ဆောက်ရန် စိတ်ကူးပုံဖော်ထားသော ပုံစံကိုလည်း ဆရာတော်က တပါတည်း မိန့်ကြားသည်။
ကျယ်ဝန်းပြန့်ပြူးသော ကုန်းမြင့်မြေပြန့်တနေရာတွင် အာဇာနည်သူရဲကောင်းလေးများ၏ အုတ်ဂူလေးများတည်ဆောက်မည်။ ညာဘက်ထောင့်တွင် ကုန်းမြင့်ပေါ်သို့ တက်ရောက်မည့် အတက်လမ်းနှင့် တဘက်တွင် အထွက်လမ်းဟူ၍ လမ်းနှစ်လမ်းဖြင့် တည်ဆောက်သွားမည် ဖြစ်သည်။
တူမီး၊ လေးခွတို့ဖြင့်စတင်ခဲ့သော
စစ်အာဏာရှင်ကို တော်လှန်ရရေး ခရီးကြမ်းတွင် လမ်းခုလတ်၌ ကျန်ရစ်ကြွေလွင့်ခဲ့ရသော သူရဲကောင်းလေးများ၏ ဇာတိမာန်များ လွမ်းခြုံထားသော အာဇာနည်ကုန်းသည် မကြာမီတွင် ချင်းတွင်းမြစ်ဝှမ်းဒေသ ကနီမြို့နယ်တနေရာ၌ ပေါ်ပေါက်လာတော့မည်။
ဧပြီလ ၂ရက်နေ့က ကနီမြို့တွင် နွေရာသီ၏ ပုံမှန်အခြေအနေအတိုင်း မိုးသားတိမ်ရိပ်ကင်းစင်ပြီး အပူငွေ့ကဲနေခဲ့သည်။ သစ်ရိပ်သစ်တောကို ဖြတ်တိုက်လာတတ်သော လေအေးကြောင့်သာ အပူဒဏ်မှ အနည်းငယ် သက်သာရာရစေသည်။ သို့သော် တော်လှန်ရေးခရီးကြမ်း နှစ်နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်လာသော ပြည်သူ့ကာကွယ်ရေးရဲဘော်များ၊ ဒေသခံအရပ်သားများ၏ ရင်ထဲတွင်တော့ စစ်အာဏာရှင်အမြစ်ပြတ်အောင် အမြန်ဆုံးမောင်းထုတ်နိုင်ရေး ဇောကသာ ကြီးစိုးနေသည်။ စစ်အာဏာရှင်ပြုတ်ကျပြီး ပြည်သူများအကြောက်တရားကင်းမဲ့သည့် နိုင်ငံရေးစနစ်သို့ ရောက်အောင် သူတို့အားလုံးရှေ့ဆက် တိုက်ပွဲဝင်ကြမည်ဟု သံနိဌာန်ချလိုက်ကြသည်။
ရဲဘော်တုတ်ကြီး၏ ကဗျာရွတ်သံက အခမ်းအနားကျင်းပရာ ဝန်းကျင်တဝိုက် လွင့်ပျံ့လာပြန်သည်။
သူငယ်ချင်းရေ
မင်းရဲ့အနစ်နာခံပေးဆပ်မှုတွေ အလဟဿ မဖြစ်စေရပါဘူးကွာ… မင်းရည်ရွယ်ခဲ့တဲ့ ပန်းတိုင်ကို တနေ့မှာ သေချာပေါက် လှမ်းကိုင်နိုင်ဖို့အတွက် ငါတို့တတွေ အရိုးကြေကြေ အရေခမ်းခမ်း မဆုတ်မနစ်တမ်း ကြိုးပမ်းသွားမှာပါကွာ… ပြည်သူအပေါင်း အကြောက်တရား ကုန်ဆုံးသည်အထိ မဖောက်မပြား ကြိုးစားသွားပါ့မယ်ကွာ… မင်းသယ်ခဲ့တဲ့ဝန်တွေရော ငါပိုးလို့ အဆတိုးပြီး ကြိုးစားနေပါတယ်။
သေချာပါတယ်သူငယ်ချင်း
မင်းလိုချင်တဲ့ ပန်းတိုင်ကို ငါတို့ တနေ့လှမ်းကိုင်နိုင်မှာပါ… မဝေးကွာလှတော့တဲ့ နေ့တနေ့မှာပေါ့…. "
စာတည်း - မောင်ကြီး
#mizzima
#ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#တည်ထောင်ခြင်းနှစ်နှစ်မြောက်
#ကြယ်ဖြူလေးများ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤3🔥1😁1