Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ကျော်ကြားသူများ၏ တိုက်ရိုက်ထုတ်လွှင့်မှုများကိုအသုံးပြုကာ ကိုယ်ရေးအချက်အလက် ခိုးယူနေ

Sai Khant
(မဇ္ဈိမ)။ ။လူမှုကွန်ယက်တွင် နာမည်ကျော်ကြားသူများ၏ တိုက်ရိုက်ထုတ်လွှင့်မှုများကို ပြန်လည်အသုံး ပြုကာ ကိုယ်ရေးအချက်အလက်များကို ခိုးယူမှုများရှိနေသည်။
“ᴸᶦᵛᵉKona storee-" အမည်ဖြင့်‌ ဖေ့စ်ဘုတ်စာမျက်နှာမှ နာမည်ကျော်ကြားသည့် ဖူးပွင့်ခိုင်အပါအဝင် လူမှုကွန်ယက်တွင်ကျော်ကြားသူများ၏ ယခင်ထုတ်လွင့်ခဲ့သည့် တိုက်ရိုက်ထုတ်လွင့်မှုများကို ပြန် လည်ထုတ်လွှင့်မှုများ ပြုလုပ်နေသည်။
ယင်းသို့ထုတ်လွှင့်ရာတွင် ဖုန်းဘေလ်လှူနေခြင်းဖြစ်ကြောင်း၊ ဖုန်းဘေလ်ကို ကံစမ်းမဲဖြင့် မဲဖောက်ပေး မည်ဟုဆိုကာ ကြည့်ရှုသူများကို ဆွဲဆောင်လျက်ရှိသည်။
ထိုပေ့ချ်သည် ၂၀၂၃ ခုနှစ်‌ ဖေဖော်ဝါရီလတွင် “ ᴸᶦᵛᵉKhinswintwah fans- ” အမည်ဖြင့် စတင်အသုံးပြု ထားခြင်းဖြစ်သည်။
၎င်းတို့က ၀က်ဘ်ဆိုက်တစ်ခုကို ရည်ညွန်းထားပြီး အဆိုပါ၀က်ဘ်ဆိုက်တွင် မှတ်ပုံတင်သူများထဲမှ ကံထူးရှင်ရွေးချယ်ကာ ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်မည်ဖြစ်ကြောင်း မက်လုံးပေးဖိတ်ခေါ်ထားသည်။
မဇ္စျိမ၏ အချက်အလက် စစ်ဆေးသူများက ၎င်းတို့ ရည်ညွှန်းထားသည့် https://tinyurl.com/3mseas3f ၀က်ဘ်ဆိုက်လင့်ကို ၀င်ရောက်ကြည့်ရှုသည့်အခါ သံသယဖြစ်စရာကောင်းသည့် စာမျက်နှာတစ်ခုသို့ ရောက်ရှိသွားသည်ကို တွေ့ရသည်။
ထိုစာမျက်နှာတွင် ကံထူးရှင်ကို ငွေသားဆု ကျပ်သိန်း ၅၀ ချီးမြှင့်မည်ဖြစ်ကြောင်းဖော်ပြထားပြီး ကံစမ်း ရန်အတွက် မှတ်ပုံတင်ပြုလုပ်ရန် ဝင်ရောက်ရမည်ဖြစ်သည်။
ထို မှတ်ပုံတင်ရန်လင့်မှဝင်ရောက်သည့်အခါ ကွန်ပျူတာတွင် ဗိုင်းရပ်ကာကွယ်ရေးအတွက် အသုံးပြု သည့် Kaspersky ဆော့ဝဲလ်က မိမိ၏ ပိုက်ဆံနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ ဆုံးရှုံးနိုင်သည့် အန္တရာယ်ရှိ၍ ဝင်ရောက်ရန် မသင့်ကြောင်း သတိပေးသည်။
ယင်းပေ့ချ်မှထုတ်လွှင့်ထားသည့် တိုက်ရိုက်ထုတ်လွှင့်များတွင် ဖူးပွင့်ခိုင်အပါအဝင် သရုပ်ဆောင်ခင်ဝင့်ဝါ ၏ တိုက်ရိုက်ထုတ်လွှင့်မှုများ၊ အခြားထင်ရှားသူများ၏ ထုတ်လွှင့်မှုများကိုလည်း တွေ့ရသည်။
အဆိုပါထုတ်လွှင့်မှုများနှင့်ပတ်သက်၍ ဖူးပွင့်ခိုင်က ၎င်း၏တရားဝင်စာမျက်နှာတွင် မတ်လ ၂၄ ရက် နေ့က တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ပြုလုပ်ထားသည်။ ၎င်းအမည်ဖြင့်စာမျက်နှာအတုများမှ လွန်ခဲ့သည့် ခြောက်လခန့်က ထုတ်လွှင့်မှုများကို ပြန်လည်အသုံးပြုကာ အတုများပြုလုပ်နေကြောင်း၊ ကံစမ်းမဲငွေ ၆၀၀,၀၀၀ ရရှိရန်အတွက် ငွေ ၂၀,၀၀၀ ကြိုတင်လွဲခိုင်းခြင်းများ မပြုလုပ်ကြောင်း ရှင်းပြထားသည်။
လင့် - t.ly/j5kc ,
ထိုသို့သောစာမျက်နှာများသည် အင်တာနက်သုံးစွဲမှုမြင့်မားလာသည့်နောက်ပိုင်းတွင် တစနှင့်တစ ပိုမိုများ ပြားလာကာ အင်တာနက်အသုံးပြုအချို့ကို ရည်ရွယ်ပြီး ဖွင့်လှစ်လာကြခြင်း ဖြစ်သည်။
မက်လုံးပေး ဆွဲဆောင်မှုများဖြင့် အင်တာနက်အသုံးပြုသူများကို ၎င်းတို့စာမျက်နှာအား ပြန်လည်မျှဝေ ခိုင်းခြင်း၊ ကြိုက်နှစ်သက်ကြောင်းပြုလုပ်ခိုင်းခြင်းများလုပ်ဆောင်ပြီး လူသိများလာစေရန် ပြုလုပ်နေခြင်း လည်း ဖြစ်သည်။
ထို့ပြင် ဝက်ဘ်ဆိုက်လင့်များအား ဝင်ရောက်ပါက မိမိ၏ ဖုန်း၊ ကွန်ပျူတာကို ပျက်စီးစေသည့် ဗိုင်းရပ်စ် များကူးစက်နိုင်ပြီး မိမိ၏ ကိုယ်ရေးအချက်အလက်များကို ခိုးယူနိုင်ရန် ဆောင်ရွက်ထားခြင်းများလည်း ရှိနိုင်သည်။
ထို့ကြောင့် ကျော်ကြားသူများ၏ တိုက်ရိုက်ထုတ်လွင့်မှုများကို ပြန်လည်အသုံးပြုပြီး ကံစမ်းမဲဖောက် ပေးမည်ဟု ဆွဲဆောင်နေသည့် ပေ့ချ်များရှိနေပြီး ၎င်းတို့ ဖော်ပြထားသည့် လင့်များသို့ မဝင်ရောက်ကြရန် သတိပေးလိုက်ရပါသည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_live
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁3❤2
ယက္ခညီနောင်အဖွဲ့က လက်လုပ်သေနတ်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များအား ပေးအပ်

ကိုခင်မောင်
(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ အခြေစိုက် ယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့ ထုတ်လုပ်ထားသည့် 9mm အော်တိုသေနတ်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များဆီသို့ ပေးအပ်ကူညီခဲ့သည်ဟု မေလ ၂၄ရက်စွဲဖြင့် ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
ကျေးလက်နေ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ထိပါး နှောင့်ယှက်နေသော စစ်ကောင်စီတပ်၏ ရန်မှ ကြိုတင်ကာကွယ်ရန်အတွက် ကျေးရွာ၏ လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသူများ အဆင်ပြေစေရန် ရည်ရွယ်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“စစ်ကိုင်းတိုင်းအတွင်း ကျေးရွာနှစ်ရွာက ကျေးရွာလုံခြုံရေးတွေဆောင်ရွက်နေတဲ့ ဒေသခံအဖွဲ့အစည်းတွေအတွက် ထောက်ပံ့ပေးခဲ့တာပါ။ အခုပေးတဲ့သေနတ်တွေကို သုံးလလောက်အချိန်ယူပြီး စထုတ်လုပ်ထားတာပါ” ဟု ယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဉာဏ်လင်းက ပြောသည်။
9mm အော်တိုသေနတ်တစ်လက်လျှင် မြန်မာငွေကျပ် ၂၀၀,၀၀၀ ဝန်းကျင် ကုန်ကျပြီး သုံးလခန့် အချိန်ယူ ထုတ်လုပ်ခဲ့ကြောင်းလည်း ၎င်းကဆက်ပြောသည်။
👍22❤5😁2
ကုန်ကြမ်းအနေဖြင့် သံနှင့် သတ္တုများကို အသုံးပြုထားပြီး စစ်ကောင်စီတပ်ဖွဲ့နှင့် အပေါင်းအပါများအား ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်၍ သတိထားနေထိုင်ကြရန် ယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေး တာဝန်ခံက ဆိုသည်။
''စစ်ကောင်စီနဲ့ ဒလန်တွေ၊ ပျူတွေကိုပြောချင်ပါတယ်။ ဘီလူးတွေက ဘယ်တော့မှ သက်သက်လွတ်မစားဘူး'' ဟုလည်း ကိုဉာဏ်လင်းက ပြောသည်။
လက်ရှိအချိန်တွင်လည်း 9mm အော်တိုသေနတ်များ အလက်ရေ ၃၀ခန့်ကို ဆက်လက်ထုတ်လုပ်နေဆဲဖြစ်ပြီး မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှပါဝင်ကူညီပေးကြရန် ယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံတောင်းဆိုထားသည်။
ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့တွင်လည်း အင်အား ၇၀ ဝန်းကျင်ရှိသော ညောင်ပင်ဝန်းတိုက်နယ် ရဲစခန်းရှိ စစ်ကောင်စီတပ်သားများကို ယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ၆၀ မမ၊ ၈၀ မမ လက်နက်ကြီး အလုံး ၂၀ခန့်အသုံးပြုကာ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ယက္ခညီနောင်အဖွဲ့
#ပေးအပ်ကူညီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤3👏2😁2
Mizzima Weekly Sports အစီအစဉ်

-ဖော်မြူလာဝမ်းပြိုင်ပွဲမှာ Honda က Aston Martin အင်ဂျင်ပါတနာအဖြစ် ၂၀၂၆ မှာ ပြန်လာမယ်

-ပီအက်စ်ဗီနဲ့ စာချုပ်ဖျက်သိမ်းပြီး ကလပ်နဲ့ လမ်းခွဲလိုက်တဲ့ နစ္စတယ်ရိုင်း

-ဂျပန်ကလပ် ဗစ်ဆယ်ကိုဘေးကနေ အင်နီယေစတာ ထွက်ခွာမှာဖြစ်ပေမယ့် ဆက်လက်ကစားဖို့ ဆုံးဖြတ်ခဲ့

-တော့တင်ဟမ်ဟာ သူနဲ့ ငြိတွယ်မှုမရှိတဲ့ တစ်ခုတည်းသော အသင်းပဲလို့ ရိုးမားနည်းပြ ဟိုဆေး မော်ရင်ဟို ပြော

-လူမျိုးရေးခွဲခြားမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဗလင်စီယာအသင်းကို ကွင်းတစ်စိတ်တစ်ပိုင်း ၅ ပွဲ ပိတ်ပင်စေပြီး ဒဏ်ရိုက်ခဲ့တဲ့ အကြောင်းတွေအပါအဝင် စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/VluIuhJEn5A
👍6😁2❤1
၂၀၂၄အမေရိကန်သမ္မလောင်းတွေကြား ရေပန်းစားလာတဲ့ Bitcoinရဲ့အနာဂတ်အလားအလာ

ဒီမိုကရက်တစ်ပါတီဘက်က ၂၀၂၄ အမေရိကန် သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မယ့် သမ္မတလောင်း ရောဘတ်ကနေဒီ ဂျူနီယာ (Robert Kennedy Jr) မှ နိုင်ငံတကာမှ နိုင်ငံရေး လှုပ်ရှား ဆောင်ရွက်မှုတွေမှာ အမြင်မတူတာကြောင့် ဘဏ်အကောင့်တွေ ပိတ်ခံရခြင်းနဲ့ ပက်သက်တဲ့ အကြောင်းတွေကို Tweet လုပ်ရင်း နောက်ဆုံး အပိုင်းမှာ မြန်မာပြည် အကြောင်းကို ထည့်ပြောသွားခဲ့တဲ့အကြောင်း အသေးစိတ် ဆောင်းပါးရှည်ကို အရင်တစ်ပတ်က တင်ဆက်ခဲ့ပြီးပါပြီ။
👍11❤1😁1🤮1
ပြီးခဲ့တဲ့ အပတ်က အမေရိကန်ပြည်ထောင်စု၊မိုင်ယာမီမြို့မှာ ကျင်းပခဲ့တဲ့ Bitcoin 2023 Conference မှာ ရောဘတ်ကနေဒီ ဂျူနီယာ (Robert Kennedy Jr)အပါအ၀င်နောက်ထပ် ရီပတ်ဘလီကန်ပါတီဘက်က ၀င်ရောက်ယှဥ်ပြိုင်မယ့် သမ္မတလောင်း ဗေးဗစ် အာမက်ဆာရီ (vivek ramaswamy) နှစ်ဦးစလုံးက မဲဆွယ်စည်းရုံးရေး ရန်ပုံငွေတွေကို Bitcoin နဲ့ လက်ခံသွားမယ့်အကြောင်း မိန့်ခွန်းမှာ ထည့်ပြောသွားခဲ့ပါတယ်။

ဒါဟာ အမေရိကန်သမိုင်းပထမဆုံး မဲဆွယ်စည်းရုံးရေး ရန်ပုံငွေတွေကို Bitcoin နဲ့လက်ခံတာ ပထမဆုံးဖြစ်ပါတယ်။ ရောဘတ်ဟာ ယခင် ၃၅ ဦးမြောက် အမေရိကန် သမ္မတဖြစ်တဲ့ ဂျွန်ကနေဒီရဲ့ တူ အနေနဲ့ ဆွေမျိုး တော်စပ်ပါတယ်။ ဗေးဗစ်ကတော့ အမေရိကန် စီးပွားငန်းရှင်၊ နိုင်ငံရေး လောကထဲမှတော့ မျက်နှာသစ် လူတစ်ဦးဖြစ်ပြီးတော့ လက်ရှိမှာ Amazon ရဲ့ အရောင်းရဆုံး စာရင်းတွေထဲမှာပါတဲ့ "Woke, Inc."နဲ့ "Nation of Victims" စာအုပ်တွေကို ရေးသားထုတ်၀ေထားပါတယ်။

Bitcoin ငွေကြေး နည်းစနစ်ဟာ “ဒီမိုကရေစီနဲ့လွတ်လပ်မှုရဲ့သင်္ကေတ” ဖြစ်တယ်လို့ ရောဘတ်က ထောက်ပြသွားပါတယ်။ ဗေးဗစ်ကလည်း “Let’s make the 2024 election a referendum on fiat currency” ဆိုပြီးပြောသွားပါတယ်။

သူ ဆိုလိုတာက အစိုးရရဲ့ အမိန့်အာဏာကြောင့် ဒီ ငွေစက္ကူတွေဟာ ဥပဒေအရ ငွေပေးငွေချေ လုပ်နိုင်ပြီး အစိုးရက မလိုလားတဲ့ အချိန်အခါရောက်ရင် အခွင့်အာဏာနဲ့ ပြန်ရုတ်သိမ်းနိုင်တာကြောင့် ငွေကြေးလွတ်လပ်ခွင့် အပြည့်အ၀မရရှိတဲ့အနေတဲ့အထားဖြစ်နေပါတယ်။ Bitcoin ငွေကြေး နည်းစနစ် ဘယ်အစိုးအရအဖွဲ့အစည်းကမှ ထိန်းချုပ်ထားတာမျိုးမဟုတ်ဘဲ ငွေကြေးလွတ်လပ်ခွင့် အပြည့်အ၀ရတဲ့အချက်ကြောင့် အစိုးရငွေကြေးစနစ်ကို သမ္မတရွေးကောက်ပွဲ ပြိုင်ပွဲဝင်သူ ဗေးဗစ်က မနှစ်သက်တဲ့သဘောပါ။

တစ်ဖက်မှာလည်း သမ္မတလောင်းနှစ်ဦးဖြစ်တဲ့ ရောဘတ်နဲ့ ဗေးဗစ်ဟာ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) ရဲ့ Bitcoin ငွေကြေး နည်းစနစ်ကို ဆန့်ကျင်မှုတွေ ရှိနေတဲ့အတွက် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပြီး Bitcoin mining လုပ်ငန်းတွေအပေါ် အခွန်၃၀ရာခိုင်နှုန်းတိုးကောက်မယ့်အကြောင်း သမ္မတ ဘိုင်ဒင်က ပြီးခဲ့အပတ်မှာ ပြောထားပါတယ်။

လွန်ခဲ့တဲ့ ရက် အနည်းငယ် အတွင်းကမှ သမ္မတရွေးကောက်ပွဲ ပြိုင်ပွဲကို ဝင်ရောက်လာတဲ့ ရွန်ဒီဆန်းတစ်(စ်) (Ron DeSantis) ဟာ နည်းပညာ လုပ်ငန်းရှင် အီလောင်မက်စ် (Elon Musk) နဲ့ အတူ Twitter မှာ သူ့ရဲ့ ရွေးကောက်ပွဲ လှုပ်ရှားမယ့် အကြောင်းတွေကို ဖွင့်ချခဲ့ပြီး သူသာ သမ္မတ ဖြစ်လာခဲ့ရင် Bitcoin လို နည်းပညာမျိုးကို လွတ်လပ်စွာ ပြုလုပ်ခွင့်ပေးမယ်လို့ ပြောသွားပါတယ်။ တချိန်တည်းမှာပဲ ရွန်ဒီဆန်းတစ်(စ်) နဲ့ ပါတီတစ်ခုတည်းကနေ ပြိုင်နေတဲ့ အသက် ၃၇ နှစ် အရွယ် ဗေးဗစ်ကတော့ သူသည်သာ Bitcoin နည်းပညာကို ထဲထဲဝင်ဝင်နားလည်တဲ့ သမ္မတရွေးကောက်ပွဲပြိုင်သူ ဖြစ်တယ်လို့လည်း ပြန်လည် ကြွေးကြော်ပါတယ်။ အသက် ၇၆ နှစ် ရှိပြီတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် နဲ့ အသက် ၈၀ ရှိပြီဖြစ်တဲ့ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒင်တို့ကတော့ Bitcoin နည်းပညာ အကြောင်းကို အခုချိန်ထိ မပြောဆိုသေးတာကို သတိပြုမိပါတယ်။

Bitcoin ငွေကြေး နည်းစနစ်ကို ဒီမိုကရေစီနိုင်ငံတွေအပါအ၀င် တခြားသော အင်အားကြီးတွေနိုင်ငံအများစုက သူတို့ရဲ့ သက်ဆိုင်ရာအစိုးရငွေကြေးစနစ်တွေကို ထိခိုက်လာမှာ စိုးရိမ်တဲ့ အတွက် အမြင်မကြည်ကြပါဘူး။ မြန်မာနိုင်ငံမှာလည်း ၂၀၂၀ခုနှစ် မေလ (၁၅) က မြန်မာနိုင်ငံဗဟိုဘဏ်က Bitcoin အပါအ၀င် တခြားသော Cryptocurrencyတွေကိုအသုံးပြုပါက ဥပေဒ ပုဒ်မ ၁၇၁ အရ အရေးယူခံရမှာဖြစ်တဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။

အခုလို ကမ္ဘာ အင်အားကြီးနိုင်ငံတစ်နိုင်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတလောင်းတွေနဲ့ Bitcoin ငွေကြေး နည်းစနစ်အပေါ် အမြင်ပြောင်းလာတဲ့အချက်ဟာ ၂၀၂၄ အမေရိကန် ရွေးကောက်ပွဲနဲ့အပြိုင် စိတ်၀င်းစားဖို့ ကောင်းနေပါတယ်။

ကိုးကား
၁. Robert F. Kennedy Jr. to accept campaign donations in Bitcoin (cointelegraph.com)
၂. US presidential candidate Vivek Ramaswamy to accept Bitcoin for campaign donations (cointelegraph.com)
၃. Robert Kennedy Jr. to Accept BTC for Campaign Contributions, Says Bitcoin Is an 'Exercise in Democracy' (Bitcoin.com)
၄. U.S. Presidential Candidate Ramaswamy Takes Potshot at DeSantis Bitcoin Remark (coindesk)
👍7❤2😁1🤮1
မိုးဗြဲတွင် လေကြောင်းတိုက်ခိုက်ခံရ အရပ်သားထိခိုက်မှုရှိ

ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တွင် ယနေ့ မေလ ၂၇ ရက်နေ့ နံနက် ၇နာရီခန့်တွင် စစ်ကောင်စီတပ်မှ လေကြောင်းသုံး တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးဖြင့်လည်း ပစ်ခတ်ခဲ့သဖြင့် ဘုန်းကြီးကျောင်းအဆောက်အဦနှင့် နေအိမ်အချို့ ပျက်ဆီးခဲ့ပြီး အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာရရှိကာ တစ်ဦး စိုးရိမ်ရကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တာဝန်ခံမှ သိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးဗြဲမြို့ ပေါ်ဦးရပ်ကွက်တွင် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရကြောင်း မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ခံ ကိုနေကောင်း ကပြောသည်။
မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်တွင်လည်း ပေါင် ၅၀၀ ဗုံးကြဲသွားပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
😢3❤2🔥2👏1😁1
“ဘုန်းကြီးကတော့ မထိဘူးလို့တော့ ပြောတယ်။ ကျောင်းကတော့ ကြေမွသွားတာပဲ။ ကျနော်တို့လည်း မထွက်ကြည့်ရဲဘူး။ ကိုယ့်အိမ်ကိုယ် နေနေတာ။ အခုလည်း တစ်ချက်တစ်ချက် လက်နက်ကြီးသံကြားနေရတယ်ဗျ။ မြို့စွန်မှာတော့ ဟိုဘက်ကြားလိုက် မြောက်ဘက်ကြားလိုက်၊ တောင်ဘက်ကြားလိုက်ပေါ့” ဟု မိုးဗြဲမြို့မှ ဒေသခံတစ်ဦးက ယနေ့ နေ့ခင်း ၁၂ နာရီခွဲတွင် ပြောသည်။
ယနေ့ နံနက် ၅နာရီခန့်တွင် MoBye PDF၊ KNDF နှင့် မြို့ပြပြောက်ကျား ပူးပေါင်းတပ်ဖွဲ့မှ မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်တွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀) တပ်ရင်းတပ်ဖွဲ့များအား သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူနှင့်အတူ မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂) တပ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“လက်နက်ကြီးက (၄၂၂) ကနေ လှမ်းထုတယ်။ မိုးဗြဲမြို့ ပတ်လည်ကို ထုတာ” ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုနေကောင်း က မဇ္ဈိမ ကိုပြောသည်။
ဧပြီလ ၂၆ ရက်နေ့တွင် ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခဲ့ရာ လေးနာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးကာ နှစ်ဦးကို လက်ရ ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ထိုတိုက်ပွဲတွင် အထိနာထားသည့် စစ်ကောင်စီတပ်သည့် ယနေ့တိုက်ပွဲတွင်လည်း ထိုနေ့ကဲ့သို့ အထိအခိုက်များမည်ကို စိုးရိမ်သဖြင့် လေကြောင်းပစ်ကူနှင့်အတူ လက်နက်ကြီးပစ်ကူပါ အင်အားသုံးတိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ကိုနေကောင်းက ပြောသည်။
“လေယာဉ်နဲ့ လာကြဲစရာ အကြောင်းတော့မရှိဘူး။ ဒါပေမယ့် အရင်တစ်ခေါက်က ဖြစ်သွားတဲ့ကိစ္စနဲ့ ပိုပြီး အခဲမကြေပြီး လာကြဲသွားတဲ့ပုံစံမျိုးဖြစ်တယ်။ အရင်က (ညောင်ဝိုင်းရပ်ကွက်)မြောက်ဘက်ကို တပ်စွဲထားတာ။ ဧပြီလထဲ ထိတွေ့မှုဖြစ်ပြီးတော့ ဒီတောင်ဘက်ကို တပ်စွဲထားတယ်။ ခုထပ်ဖြစ်တော့ လေယာဉ်က မြောက်ဘက် ဘုန်းကြီးကျောင်းကို ကြဲတာ” ဟု ကိုနေကောင်း က မဇ္ဈိမ ကို ပြောသည်။
ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့ ည ၉နာရီ ၃၀ မိနစ်ခန့်တွင်လည်း မိုးဗြဲရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနေအိမ် နှစ်လုံး ပျက်စီးခဲ့ရကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်းရှိ မိုးဗြဲ၊ ဖယ်ခုံနှင့် ပင်လောင်း တို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားလေ့ရှိရာ စစ်ကောင်စီတပ်မှ အရပ်သားပြည်သူများရှိသည့် စစ်ဘေးရှောင်စခန်းများ၊ ဆေးရုံများသို့ မကြာခဏ လေကြောင်းဖြင့် ဦးတည်တိုက်ခိုက်တတ်သောကြောင့် ပြည်သူများအနေဖြင့် လေယာဉ်သံကြားပါက ဗုံးခိုကျင်းထဲသို့ အမြန်ဆုံး ဝင်ရောက်ပေးကြရန် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်မှ မေတ္တာရပ်ခံထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မိုးဗြဲ
#လေကြောင်းတိုက်ခိုက်
#ဗုံးခိုကျင်း
#ရှမ်းပြည်နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤2😁1
​​ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို အမြန်ဆုံး စတင်လိုကြောင်း တရုတ်ပြော

မိုးသောက်
(မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်ရှိ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.e.Mr.Chen Hai က စစ်ကောင်စီ၏ ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် မေလ ၂၄ ရက်နေ့က တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့် ကြုံနေရသော်လည်း အကောင် အထည်ဖော် ဆောင်ရွက်ရန် နှစ်ပေါင်းများစွာကြိုးပမ်းနေသည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးစတင်နိုင်ရန်အတွက် တရုတ်ဘက်မှ ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ရခိုင်ပြည်နယ်ကျောက်ဖြူမြို့တွင် တည်ရှိပြီး စက်မှုဇုန်စီမံကိန်း၊ လူနေအိမ်ရာစီမံကိန်းနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းတို့ ပါဝင်သည်။
မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင်ရှိပြီး ဘင်္ဂလားပင်လယ်အော်ကို မေးတင်ထားသည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းသည် အထက်ပါ စီမံကိန်းသုံးခုအနက် အရင်ဆုံးစတင်မည့် စီမံကိန်းဖြစ်ကြောင်း လေ့လာသူများက ပြောသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို အမြန်ဆုံး စတင်လိုကြောင်း တရုတ်ဘက်က ထုတ်ပြောလာမှုအပေါ် မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက ယခုလို သုံးသပ်သည်။
“ပိုးလမ်းနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ စီမံကိန်းကြီးက ဒီနှစ်ကုန်မှာ အစည်းအဝေးကြီး တစ်ခုလုပ်စရာရှိတယ်၊ အဲဒီမှာ သူတို့လုပ်ထားတဲ့ စီမံကိန်းတွေ ဘာတွေပြီးတယ်၊ မပြီးဘူး ဘာလို့ပြီးတယ် ဒါမျိုးတွေပြန်ဆန်းစစ်မယ့် ညီလာခံတစ်ရပ် နှစ်ကုန်ပိုင်းမှာ လုပ်မယ်လို့ကြားတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းရဲ့ မြန်မာပြည်အလယ်ပိုင်းကို ဖြတ်သွားမယ့်လမ်းကလည်း ပိုးလမ်းမထဲမှာပါတော့ ဒါကိုလောနေတာ၊ ရပ်ထားရတာကြာပြီလေနော်” ဟု မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက သုံးသပ်သည်။
ယခု စီမံကိန်းစတင်မည်ဆိုပါက ဒေသခံလူထုအတွက် စီးပွားရေးတိုးတက်လာနိုင်ခြင်း မရှိသကဲ့သို့ ကောင်းကျိုးထက် ဆိုးကျိုးများသည့် စီမံကိန်းဖြစ်လာမည်ဟု ကျောက်ဖြူစီပွား‌ရေးဇုန်ကို စောင့်ကြည့်လေ့လာနေသည် အမည်မဖော်လိုသော ကျောက်ဖြူဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
“ အထူးသဖြင့် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ လူ့အခွင့်ရေးဆိုင်ရာ ကျင့်ဝတ်တွေ အရမ်းအားနည်းတယ်။ ဒေသဆိုင်ရာ ရိုးရားတွေပေါ်မှာလည်း ကျင့်ဝတ်အရမ်းနည်းတယ်။ အဲဒီလို နိုင်ငံမျိုးက အခုလို မငြိမ်မသက်ဖြစ်နေတဲ့ ပဋိပက္ခတွေ တပုံကြီးဖြစ်နေတဲ့ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လုပ်တယ်ဆိုတာက ကောင်းကျိုးထက်ဆိုးကျိုးကို ပိုများပါလိမ့်မယ် “ဟု ကျောက်ဖြူဒေသခံက ပြောသည်။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း စတင်ပါက တရုတ်နိုင်ငံအတွက် ရေနံတင်ပို့ရာတွင် မလေးကျွန်းဆွယ်ရှိ မလက္ကာ ရေလက်ကြားကို အသုံးပြုရန် မလိုတော့ဘဲ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်အသုံးပြုခွင့် ရရှိစေမည့် မဟာဗျူဟာကျသည့် စီမံကိန်းဖြစ်သည်။

Photo-AFP(ကျောက်ဖြူရှိ တရုတ်လုပ်ငန်းခွင်တစ်ခု)
👎9👍6🔥1👏1🤬1
မွန်နှင့်ကရင်တွင် အများပြည်သူ အသုံးပြုနေသော လမ်းများကို စစ်တပ်က လိုက်ဖျက်ဆီးနေ၊ ကျိုက်ထိုတွင် လမ်းဖျက်ဆီးရန်လာသည့် စစ်တပ်တိုက်ခိုက်ခံရ

YT
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အများပြည်သူသွားလာနေသည့် ကျေးရွာချင်းဆက်လမ်းကို ဘက်ဟိုးဖြင့်ဖျက်ဆီးရန် ရောက်လာသည့် စစ်ကောင်စီတပ်အား KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း ‌သတင်းရရှိသည်။
ပြီးခဲ့သည့် မေလ ၂၅ ရက်ည ၈ နာရီခန့်က ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာအုပ်စု၊ ကျောက်ပုံကြီးကွင်းလမ်းကို ဖျက်ဆီးရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
" ကျောက်ပုံကြီးကွင်းလမ်းဆုံက ဓါတ်မီးတိုင်နဲ့ ပေ ၁၀၀ ဝန်းကျင်ပေါ့နော်။ အဲ့ဒီလောက်အထိကို သွေးကွက်တွေ၊သွေးစက်တွေတွေ့ရတယ်။ ရန်သူဘက်မှာ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ယူဆပါတယ်။ အတိအကျတော့ စုံစမ်းနေဆဲပါ" ဟု ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။
👍16🔥3❤2😁1
တိုက်ခိုက်ခံရသည့် စစ်ကြောင်းတွင် အင်အား ၆၀ ခန့်ပါပြီး ကျောက်ပုံကြီးကွင်းအရောက်တွင် KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။စစ်ကောင်စီတပ်က ဘက်ဟိုးတစ်စီးအား တွဲကားပေါ်တင်၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
တိုက်ခိုက်ခံရပြီးနောက် လမ်းအားမဖျက်ဆီးနိုင်ဘဲ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်က ကျောက်ပုံကြီးကွင်းလမ်းဆုံရှိ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ လုံခြုံရေးစစ်ဆေးရေးဂိတ်ကို ဖျက်ဆီးသွားကြောင်းပူး‌‌ပေါင်းတပ်ဖွဲ့က ဆိုသည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့သည် ကျောက်ပုံကြီးကွင်းအနီးတစ်ဝိုက်ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ည ၁၁ နာရီဝန်းကျင်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးကျည်ခွံများနှင့် အထိုင်ချ ပစ်ခတ်ထားသောနေရာအချို့တွေ့ရကြောင်း ပူးပေါင်းတပ်ဖွဲ့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။
စစ်ကောင်စီတပ်သည် လတ်တလောတွင် မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်အတွင်း စစ်ရေးအရ အထိနာနေသော ဒေသများတွင် အများပြည်သူသွားလာနေသည့် ကျေးရွာချင်းဆက်လမ်းများကို လိုက်လံဖျက်ဆီးနေသည်။ ယခင်ကလည်း စစ်ကိုင်းတိုင်းမှ ကျေးရွာချင်းဆက်လမ်းအချို့နှင့် မြို့ချင်းဆက်လမ်းအချို့ကို ဖျက်ဆီးခဲ့ဖူးသည်။
ကျိုက်ထိုမြို့နယ်တွင် မေလ ၁၉ရက်မှ မေလ၂၄ရက်အတွင်း ရွာချင်းဆက်လမ်းခြောက်လမ်းကို စစ်ကောင်စီတပ်ဖွဲ့က ဖျက်ဆီးသွားသည်ဟု သိရသည်။ ပထမဆုံးအဖျက်ခံရသောလမ်းမှာ ကင်မွန်းစခန်းကျေးရွာ (ကဒတ်ချောင်း) နှင့် ဆောင်နိုင်ကြီးကျေးရွာရွာချင်းဆက်လမ်းဖြစ်ပြီး နောက်ဆုံးဖျက်ဆီးခံခဲ့ရသောလမ်းမှာ လှည်းလမ်းကူးကျေးရွာနှင့် ဆောင်လှိုင်ခွကျေးရွာ ရွာချင်းဆက်လမ်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့ဖျက်ဆီးမည့်လမ်းအနီးတစ်ဝိုက်တွင် ကြိုတင်၍ ကင်းပုန်းဝပ် လုံခြုံရေးယူလေ့ရှိသည်ဟု ဒေသခံများကပြောသည်။ ထို့နောက် ဘက်ဟိုးဖြင့် လမ်းအားဖျက်ဆီးပြီး တချိန်တည်းတွင် ဘေးပတ်ဝန်းကျင်ရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိကြောင်း သိရသည်။ဖျက်ဆီးခံရသော လမ်းများသည် KNU တပ်မဟာ (၁)၊ တပ်ရင်း (၃) နယ်မြေသို့ ဝင်ထွက်သွားလာနိုင်သော လမ်းများဖြစ်သည်။ စစ်ကောင်စီအနေဖြင့် တော်လှန်ရေးအင်အားစုများအား ဖြတ်လေးဖြတ်ပြုလုပ်ရန်၊ ၎င်းတို့​၏ တတပ်စခန်းများ တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရန် လမ်းများကို ယခုကဲ့သို့ ဖျက်ဆီးခြင်းဖြစ်ကြောင်း သထုံခရိုင် PDF တာဝန်ခံက မဇ္ဈိမကို ပြောသည်။
" စစ်တပ်က စစ်ရေးမှာ မနိုင်တော့ ပြည်သူတွေသွားလာနေတဲ့ လမ်းတွေကို ယုတ်ယုတ်မာမာလိုက်ဖျက်နေတာ" ဟု ကျိုက်ထိုမြို့ခံတစ်ဦးကပြောသည်။
စာတည်း - မောင်ကြီး
#mizzima
#ကျိုက်ထိုမြို့နယ်
#ကျေးရွာချင်းဆက်လမ်း
#ဘက်ဟိုးဖြင့်ဖျက်ဆီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥8❤3👍1😁1