Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မိုးထဲလေထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သရက်ချောင်းမြို့နယ် ကနက်သီရိရွာက ဒေသခံများ
========================

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ကနက်သီရိ‌ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်တပ်စွဲလာတဲ့အတွက် ဒေသခံအများစု မိုးထဲလေထဲ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ သိရပါ တယ်။

ဇွန်လ ၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်တပ်စွဲထားတဲ့အတွက် တိမ်းရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်နေရသူတွေဟာ သိမ်ကုန်း၊ ဝဲရစ်၊ ကမြိုင်၊ ရငဲ၊ ကျွဲမင်းကုန်းနဲ့ ကနက်သီရိရွာက ဒေသခံတွေ ဖြစ်ပြီး အများစုက နီးစပ်ရာ မြို့၊ ရွာတွေကို ရွှေ့ပြောင်းနေကြရတာဖြစ်တယ်လို့ သိရပါတယ်။

https://youtu.be/trZ9-69B-zE

ရုပ်သံတည်းဖြတ်။ ။ ရွှေနွယ်

#တနင်္သာရီတိုင်း
#သရက်ချောင်းမြို့နယ်
#စစ်ကောင်စီ
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢7😁2🔥1
​​ကျောက်ကြီးမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်ခံရ၍ ၃ ဦးသေဆုံး၊ နေအိမ် ၅ လုံး မီးလောင်ပျက်စီး
===================

YT
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ သံဃာတစ်ပါးနှင့် ကလေးငယ်နှစ်ဦး သေဆုံးကာ နေအိမ်ပျက်စီးမှုများ ရှိသည်ဟု တပ်မဟာ (၃) KNLA သတင်းအရင်းအမြစ်ထံက သိရသည်။

"ဆရာတော်တစ်ပါးနဲ့ ကလေးနှစ်ယောက် ပါတယ်လို့တော့ လောလောဆယ်သိထားရတယ် ဝါးပင်စုနဲ့ တောကြောင်ပေါက်က။ ဘယ်သူဘယ်ဝါမှန်းတော့ သေချာမသိရသေးဘူး။ ဒဏ်ရာရထားတဲ့သူတွေလည်းရှိတယ်။ အစတွေစင်တာ။ အခုတော့ ထွက်ပြေးနေကြပြီ ဆိုင်ကယ်တွေနဲ့ရော သုံးဘီးတွေနဲ့ပါ" ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

ယမန်နေ့ ဇွန်လ ၁၀ ရက် ညနေပိုင်းတွင် ဝါးပင်စုကျေးရွာအနီး၌ တပ်မဟာ (၃) KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် နတ်သံကွင်းမြို့ အပြင်ဘက်ရှိ စစ်ကောင်စီဂိတ်နှင့် ကျောက်ကြီးမြို့နယ် အခြေစိုက် ခလရ-၆၀ တို့မှ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးကျည်ကျရာ ကျေးရွာများမှ ဒေသခံများအနေဖြင့် နီးစပ်ရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။

"မနေ့က (ဇွန်လ ၁၀ ရက်)ညနေက ဝါးပင်စုကျေးရွာ အနီးမှာ ထိတွေ့ တိုက်ပွဲတစ်ကြိမ် ဖြစ်ခဲ့ပါတယ်။ မနေ့ညနေကနေ ဒီနေ့ (ဇွန်လ ၁၁ ရက်) မနက်အထိ ပစ်ခတ်နေတုန်းပါ" ဟု တပ်မဟာ (၃) KNLA သတင်းအရင်းအမြစ်က မဇ္ဈိမကိုပြောသည်။

ကျောက်ကြီးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေအတွင်းရှိပြီး ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့က ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ရှိ ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းငါးခုအား တပ်မဟာ (၃) KNLA ပါဝင်သော တော်လှန်ရေးအင်အားစုများက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်တွင် ၄၀ ဦးခန့် သေဆုံးခဲ့ကာ စစ်ကောင်စီတပ်၏ အင်အားဖြည့်တင်းရေး၊ ရိက္ခာ၊ လက်နက် ပို့ဆောင်ရေးတို့အတွက် အသုံးပြုနေသော စစ်တောင်းတံတား (နတ်သံကွင်း) အပါအဝင် တံတားသုံးစင်းအား တပ်မဟာ (၃) တော်လှန်ရေးအင်အားစုများက ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထိုပစ်ခတ်မှုများအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် အသက်ငါးနှစ်အရွယ် ကလေးနှစ်ဦးနှင့် အမျိုးသမီးသုံးဦး၊ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ပဲခူးတိုင်း
#ကျောက်ကြီးမြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9👍3😁2🔥1😢1
ဘိုကလေးတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်သူများ၏ နေအိမ်များကို စစ်ကောင်စီက ချိပ်ပိတ်
🤬12🔥3👍2
ဘိုကလေးတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်သူများ၏ နေအိမ်များကို စစ်ကောင်စီက ချိပ်ပိတ်
==========================

မင်းထက်
(မဇ္စျိမ)။ ။ ဘိုကလေးမြို့နယ်တွင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှစ်ဦး နှင့် အကြမ်းဖက်ပုဒ်မများဖြင့် အကျဥ်းကျနေသူတဦး၏နေအိမ်များကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့၊ အောင်သပြေ(၉)ရပ်ကွက်မှ အမျိုးသမီးတဦး၏နေအိမ်၊ အမှတ်(၃)ရပ်ကွက် ဗလကြီး(ခေါ်) ကိုကျော်နိုင်၏ နေအိမ်နှင့် ဘိုကလေးမြို့တဖက်ကမ်း သာပေါင်းကျေးရွာမှ အမျိုးသားတဦး၏နေအိမ်တို့ ဇွန်လ ၉ ရက်နေ့က ချိပ်ပိတ်ခံခဲ့ရခြင်းဖြစ်သည်။

နေအိမ်ချိပ်ပိတ်ခံရသူသုံးဦးအနက် အောင်သပြေ(၉)ရပ်ကွက်မှ အမျိုးသမီးနှင့် သားပေါင်းကျေးရွာမှ အမျိုးသားတို့မှာ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟုသိရပြီး အမှတ်(၃)ရပ်ကွက်မှ ဗလကြီး(ခေါ်) ကိုကျော်နိုင်မှာ အကြမ်းဖက်ပုဒ်မသုံးခုဖြင့် ဖျာပုံအကျဥ်းထောင်တွင် အကျဉ်းကျခံနေရသည်ဟု ဒေသခံ တဦးကပြောသည်။
“ကိုကျော်နိုင်ကတော့ ထောင်ထဲမှာအမှုရင်ဆိုင်နေရတယ်။ စုစုပေါင်းအမှုသုံးမှုမှာ တမှုကအမိန့်ချပြီးပြီ လို့ သိရတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ အခုထိထွက်ပြေးနေကြရတယ်ဗျ” ဟု ဒေသခံကဆိုသည်။

အဆိုပါနေအိမ်များအား ဘိုကလေးမြို့နယ် စစ်ကောင်စီအဖွဲ့ဝင်များ၊ ရဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သတင်းတပ်ဖွဲ့(SB)မှ အောင်မြင်ဦးနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ ကိုမျိုးတို့က လိုက်လံချိပ် ပိတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတဦးကလည်းပြောသည်။

စစ်ကောင်စီသည် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တော်လှန်နေကြသည့် PDF အဖွဲ့ဝင်များ၊ NUG နှင့် အဆက်အသွယ်ရှိသူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား အကြမ်းဖက်ပုဒ်မများဖြင့်အမှုဖွင့်ကာ ၎င်းတို့၏နေအိမ်များအား လိုက်လံချိပ်နေခြင်းဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေသည့် ဧရာဝတီတိုင်းမှ လွှတ် တော်ကိုယ်စားလှယ်များ၊ PDF တပ်ဖွဲ့ဝင်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏ နေအိမ် ၁၀၀ နီးပါး ချိပ်ပိတ်ခံထားရသည်ဟု သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ဧရာဝတီတိုင်း
#ဘိုကလေးမြို့နယ်
#စစ်အာဏာသိမ်းမှုဆန့်ကျင်သူ
#နေအိမ်ချိပ်ပိတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬17👍5🔥1
​​မန္တလေးတွင် စစ်ကောင်စီ နေရာနှစ်ခု ဗုံးပစ်ခံရ၊ စစ်ကောင်စီအတွက် ၀င်ငွေရှာပေးသည့်နေရာများဖြစ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ဟုဆို
======================

007
(မဇ္စျိမ) ။ ။ မန္တလေးမြို့တွင် ယမန်နေ့ ဇွန်လ ၁၀ ရက်က စစ်ကောင်စီ၏ ယာဉ်ထိန်းရဲတပ်ဖွဲ့ လိုင်းခန်းနှင့် မြန်မာ့အာမခံလုပ်ငန်းရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း မန္တလေးအခြေစိုက်No More Dictatorship People Defence Force( NMD PDF) က ယနေ့ ဇွန်လ ၁၁ ရက် နေ့လယ်ပိုင်းတွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ နေ့လယ် ၃ နာရီခွဲခန့်က ချမ်းအေးသာစံမြို့နယ် ၆၃ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ မန္တလေးတိုင်း မြန်မာ့အာမခံလုပ်ငန်း(ရုံး) နှင့် ည ၈ နာရီခန့်တွင် အောင်မြေသာစံမြို့နယ် ၁၈ လမ်း၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားရှိ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ နေထိုင်ရာလိုင်းခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“လမ်းပေါ်မှာ ပြည်သူတွေဆီက အကြောင်းမရှိ၊ အကြောင်းရှာပြီးငွေညှစ်ရာမှာ အဓိကလုပ်ဆောင်နေတဲ့ ဘဲဥ( ယာဥ်ထိန်းရဲ)တွေကို ပြည်သူလူထုကိုယ်စား ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

မြန်မာ့အာမခံလုပ်ငန်း(ရုံး)သည် ယာဉ်လိုင်စင်သက်တမ်းတိုးရာတွင် အရေးပါသောရုံးဖြစ်ခြင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့သည် ယာဉ်အသုံးပြုသူများအား အကြောင်းအမျိုးမျိုးပြကာ စစ်ကောင်စီအတွက် ၀င်ငွေရှာဖွေပေးနေခြင်းတို့ကြောင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NMD PDF တာ၀န်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာ့အာမခံလုပ်ငန်း(ရုံး)တိုက်ခိုက်ခံရမှုတွင် ရုံးအဆောက်အအုံနှင့် ရုံးတွင်းရပ်ထားသော ကားတစ်စီး ထိခိုက်ပျက်စီးမှုရှိကြောင်း၊ ယာဉ်ထိန်းလိုင်းခန်းတိုက်ခိုက်ခံရမှုတွင် ထိခိုက်မှုတချို့ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် မေလအတွင်းကလည်း ချမ်းမြသာစည်မြို့နယ် အခွန်ရုံးနှင့် ပြည်ကြီးတံခွန်မြို့နယ် အခွန်ရုံး၊ အမရပူရမြို့နယ် မြို့မ ရဲစခန်းနှင့် လ၀ကရုံးတို့ ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပြီးလူထိခိုက်သေဆုံးမှုနှင့် နေအိမ်အဆောက်အအုံပျက်စီးမှုတို့ရှိခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
# ဗုံးပစ်ခံရ
#မန္တလေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24😁3👏2
​​ပဇီကြီးကျေးရွာအတွက် အနက်ရောင်ပရိုဖိုင်းချိန်းခဲ့သည့် မေပန်းချီကို စစ်ခုံရုံးက ထောင် ၃ နှစ်ချမှတ်
===================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုအတွက် လူမှုကွန်ရက်စာမျက်နှာတွင် ဝမ်းနည်းကြောင်း အနက်ရောင်ပရိုဖိုင်(Profile) ပြောင်းလဲခဲ့သည့် သရုပ်ဆောင်မေပန်းချီကို ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများက ဇွန်လ ၁၀ရက်တွင် ဖော်ပြထားသည်။

သရုပ်ဆောင် မေပန်းချီအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ကဖြင့် မြောက်ဒဂုံမြို့နယ် စစ်ခုံရုံးက ထောင်ဒဏ်သုံးနှစ် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက အတည်ပြုသည်။

“မေပန်းချီကိုတော့ လွန်ခဲ့တဲ့ ခြောက်ရက်လောက်က စစ်ခုံရုံးက ချလိုက်ပြီပြောတယ်” ဟု ရှေ့နေတစ်ဦးက ဆိုသည်။

သရုပ်ဆောင်မေပန်းချီ အပါအဝင် အဆိုတော်ရွှေရည်သိန်းတန်နှင့် The Voice ဂျာနယ်၏ အယ်ဒီတာချုပ်ဟောင်း ဦးကျော်မင်းဆွေတို့ကို စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွင် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည့်အတွက် ဧပြီလ တတိယအပတ်အတွင်းက စစ်ကောင်စီကဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ဦးကျော်မင်းဆွေတို့လည်း ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များတွင် ဒီကနေ့နံနက်ပိုင်းက ဖော်ပြလာကြသည်။ စစ်ကောင်စီနှင့်နီးစပ်သည့် နောင်တော်လေး၏ တယ်လီဂရမ်ချန်နယ်တွင်မူ ယမန်နေ့ ၁၀ရက် ညပိုင်းကတည်းက အဆိုပါသတင်းကို ဖော်ပြထားသည်ကို တွေ့ရသည်။

နောင်တော်လေးသည် အမျိုးသားရေးလှုပ်ရှားသူတစ်ဦးဖြစ်ပြီး Myanmar Nation Post ဟူသည့် မီဒီယာတစ်ခုကို တည်ထောင်ထားကာ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေသူတစ်ဦး ဖြစ်သည်။
၎င်းဖော်ပြချက်တွင် “ကျော်မင်းဆွေဟာ ယခင် NLDအစိုးရလက်ထက်မှာ သူ့တပည့်ရေးတဲ့ တပ်မတော်ကို အပုပ်ချစော်ကားတဲ့ သရော်စာကြောင့် ထောင်ကျခဲ့ရပြီး ထောင်ထဲမှာ အခွင့်ထူးခံအဖြစ် အကျဉ်းထောင်ဝန်ထမ်းများက အခွင့်အရေးပေးခဲ့ပါတယ်” ဟု ရေးသားထားသည်။

အဆိုပါဆောင်းပါးသည် ကျည်ထောင်စုသစ္စာဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၇ခုနှစ်တွင်The Voice နေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့သည့် ဗြိတိသျှကိုကိုမောင်ရေးသားခဲ့သည့် သရော်စာဆောင်းပါးတစ်ပုဒ်ဖြစ်သည်။ ထိုဆောင်းပါအတွက် စာရေးသူနှင့်အယ်ဒီတာချုပ် နှစ်ဦးစလုံးကို စစ်တပ်က တရားလိုလုပ် တရားစွဲဆိုခဲ့ပြီး စာရေးသူကို တရားသေလွှတ်ပေးကာ အယ်ဒီတာချုပ်ကို ကျပ်သိန်း၁၀၀ဖြင့်အာမခံပေးခဲ့သည်။

လက်ရှိတွင် အယ်ဒီတာချုပ်‌ဟောင်း ဦးကျော်မင်းဆွေကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ကဖြင့် တရားစွဲဆိုထားပြီး အမိန့်ချမှတ်ထားခြင်းရှိမရှိနှင့်ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြနိုင်ခြင်း မရှိသေးပေ။

“အမိန့်ချတာတော့ မကြားမိသေးပါဘူး” ဟုဦးကျော်မင်းဆွေနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

စစ်ကောင်စီသည် ၎င်းတို့စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခုခံတော်လှန်တိုက်ခိုက်နေကြသည့်သူများကို လေကြောင်းသုံးတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည့်အပြင် တော်လှန်ရေးအတွက် ထောက်ခံအားပေးသူများနှင့် ၎င်းတို့၏ လူ့အခွင့်ရေးချိုးဖောက်မှုများအပေါ် လူမှုကွန်ရက်တွင် ဝေဖန်ပြောဆိုမှုများကိုပင် စောင့်ကြည့်ဖမ်းဆီးမှုများ ရှိနေသည်၊။

စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင်မူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် တော်လှန်ရေးတွင်ပါဝင်သည့်ထင်ပေါ်ကျော်ကြားသူများ၏ လူမှုကွန်ရက်စာမျက်နှာများတွင် မှတ်ချက်(COMMENT)ပေးသူများကိုပင် ဖမ်းဆီးရန် လှုံ့ဆော်မှုများရှိသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လူ့အခွင့်ရေး ချိုးဖောက်ခံရမှုများ၊ ဖမ်းဆီးသတ်ဖြတ်ခံရသူများသည် နေ့စဉ်နှင့်အမျှရှိနေသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ဇွန်လ ၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် အရပ်သား စုစုပေါင်းသည် ၂၃၂,၉၉ဦး ရှိနေပြီး ၃,၆၄၉ဦးကို သတ်ဖြတ်ထားကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#စစ်ကောင်စီ
#ဖမ်းဆီးမှု
#ထောင်ဒဏ်
# ပဇီကြီးကျေးရွာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬18👍6👎1🔥1🖕1
ဒေသခံလူထု၏ လယ်ယာမြေများတွင် ဝင်ရောက်လုပ်ကိုင်နေသည့် ပျူစောထီးများကို ဗုံးသီးချ သတိပေး
===========================

ပါခွီး (မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ဒေသခံများ၏ လယ်ယာမြေများတွင် ဝင်ရောက်လုပ်ကိုင် နေသည့်ပျူစောထီးတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့်ဗုံးချသတိပေးခဲ့ကြောင်း ဒီမိုကရက်တစ်ဒေသခံတပ်ပေါင်း စု(DLC)က ထုတ်ပြန်ထားသည်။

မုံရွာမြို့နယ်၊ တောပု(ပျူစောထီး)ကျေးရွာနှင့် ထိစပ်နေသောကျေးရွာများမှ လယ်ယာမြေပိုင်ဆိုင်ကြသူ များမှာ အသက်အန္တရာယ် ထိခိုက်မည်ကိုကြောက်လန့်သဖြင့် လယ်ယာလုပ်ကိုင်နိုင်ခြင်းမရှိသည်ကို အခွင့်ကောင်းယူ၍ အဆိုပါလယ်ယာမြေများကိုလုပ်ကိုင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

“သူတို့က ရွာအနားရှိတဲ့ လယ်မြေတွေကို ဝင်လုပ်ကိုင်နေတာ၊ စခ(စစ်ကောင်စီတပ်သား)တွေနဲ့ ပေါင်းပြီး လုယက်နေတာတွေကြောင့် သတိပေးဗုံးချခဲ့တာပါ” ဟု DLC တပ်ဖွဲ့မှတာဝန်ရှိသူတဦးက ပြောသည်။

ကာကွယ်ရေးတပ်ပေါင်းစုသည် တောင်သူလုပ်ငန်းခွင်ဝင်နေသည့် ပျူစောထီးများကို ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီးတစ်လုံးချ သတိပေးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ယခုသတိပေးချက်ကို မလိုက်နာဘဲ ဒေသခံများ၏ လယ်ယာမြေများတွင် လုပ်ကိုင်ခြင်းနှင့် ခိုးဆိုးလုနှိုက် ခြင်းများကျူးလွန်ပါက သက်ညှာခြင်းရှိမည်မဟုတ်ဘဲ ပြတ်သားစွာဖြင့် ပြည်သူ့ကိုယ်စား ပြင်းထန်စွာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တောပုကျေးရွာမှပျူစောထီးအဖွဲ့ဝင်များသည် ၎င်းတို့နှင့်ထိစပ်သည့်နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး စစ်ကြောင်းထိုးသည့်အချိန်တိုင်းတွင် ရွှေ၊ ငွေ၊ အဖိုးတန်ပစ္စည်းနှင့် ရိက္ခာများကို လိုက်လံသယ် ယူလေ့ရှိကြောင်း သိရသည်။

အဆိုပါရွာနှင့် အနီးဆုံးကျေးရွာဖြစ်သည့် ကြာပိုင်ကျေးရွာသို့ ဝင်ရောက်စဉ်တွင် တောပုရွာမှ ပျူစောထီး များသည် ကလေးကစားစရာများ၊ စက်ဘီးများမှအစ ဆန်၊ ဆီ၊ ဆားနှင့် အခြားလိုအပ်သော ပစ္စည်းများကို လာရောက်ယူဆောင်ခဲ့ကြောင်း သိရသည်။

ယခု သတိပေးဗုံးချခဲ့သည့် ဒီမိုကရက်တစ်ဒေသခံတပ်ပေါင်းစု(DLC)သည် စစ်ကောင်စီတပ်အား တော် လှန်တိုက်ခိုက်နေသည့် ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (အောက်ချင်းတွင်း) (DGF Lower Chindwin) ၊ ဗန္ဓုလနှင့် အဖွဲ့သားများ ၊ မြို့ပြမုဆိုး(Urban Hunter Force )၊ နေမင်းတမန် (Sun King Envoy)၊ Monywa Brave Heart ၊ The Ants Local Defence Force နှင့် ဂဠုန်ရာဇာ Revolution Foece တို့ ပူး ပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

https://youtu.be/6ywZIJgWJgo

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်တိုင်း
#မုံရွာမြို့နယ်
#တောပုကျေးရွာ
#ပျူစောထီး
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14🔥5
စိတ်ကျန်းမာရေး ​| ကျန်းမာသုတ လူမှုဘဝ Episode - 17
=====================

''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်ကနေ ဒီတစ်ခါမှာတော့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး တင်ဆက်ပေးချင်ပါတယ်။
လူတစ်​ယောက်ရဲ့ စိတ်ကျန်းမာ​ရေးအတွက် သူ့ရဲ့ ငယ်ဘဝက ဘယ်​လောက် အ​ရေးကြီးသလဲ၊ ကိုယ့်ရဲ့ ငယ်ဘဝ စိတ်ဒဏ်ရာ​တွေကို ဘယ်လိုကုစားသင့်သလဲဆိုတာနဲ့ က​လေး​တွေမှာ ဒီလိုဆိုးရွားတဲ့ ငယ်ဘဝ​တွေ မဖြစ်ရ​အောင် ဘာ​တွေ လုပ်​ဆောင်သင့်သလဲဆိုတာတွေကို ဒေါက်တာ ဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။

https://youtu.be/7iDXoQWeDNI

#စိတ်ကျန်းမာရေး
#ကျန်းမာသုတလူမှုဘဝ
#ဒေါက်တာဖြိုးသီဟ
#ChildhoodTrauma
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2🔥2
​​စစ်ကောင်စီတပ်ဖွဲ့၀င်များ အရပ်ဝတ်ဖြင့် သွားလာနေသည့် အမှတ် (၈) လမ်းမကြီးတွင် KNLA ပူးပေါင်းတပ်ဖွဲ့များက စစ်ဆေးမှုများပြုလုပ်မည်
========================

YT
(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်များ ဝတ်ကာ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအား ဆက်သွယ်ထားသော အမှတ််(၈) လမ်းမကြီးပေါ် ဒေသခံများနှင့် ရောနှော ဖြတ်သန်းသွားလာနေ၍ တပ်မဟာ (၆) KNLA တပ်ရင်း (၂၇)၊ PDF ပူးပေါင်းတပ်ဖွဲ့များက လုံခြုံရေးတိုးမြှင့်ကာ စစ်ဆေးမှုများဆောင်ရွက်မည်ဖြစ်ကြောင်း ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သည်။

စစ်ကောင်စီသည် ထိုသို့ ဖြတ်သန်းသွားလာပြီး စစ်ကောင်စီတပ်စခန်းများ၊ ဂိတ်စခန်းများ၊ ကင်းတဲများ၊ရဲစခန်းများသို့ စစ်အင်အားတိုးမြှင့်ခြင်း၊ ရိက္ခာ၊ စစ်လက်နက်ပစ္စည်းများ သယ်ယူခြင်းတို့ကို ပြုလုပ်နေသဖြင့် တော်လှန်ရေးအင်အားစုများအနေဖြင့် တိုက်ခိုက်မှုများ ပြုလုပ်သည့်အခါ ဒေသခံများ ထိခိုက်မှုရှိနိုင်သဖြင့် ထိုအန္တရာယ်အား ကာကွယ်ရန် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" စစ်ကောင်စီက အရပ်ဝတ်တွေနဲ့ သွားတယ်၊ လာတယ်၊ လက်နက်တွေကိုဖွက်သွားတယ်။ ဒေသခံတွေနဲ့ ပေါင်းပြီးသွားတယ်။ တစ်ခုခုဖြစ်လို့ရှိရင် သူတို့က ပြည်သူတွေနဲ့ အတူတကွသွားတဲ့အတွက် ပြည်သူတွေထိခိုက်တယ်လေ။ အဲ့ဒီအန္တရာယ်ကိုကာကွယ်ဖို့ ကြိုတင်ပြီး စာထုတ်တဲ့သဘောပါ" ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Special Operation Force) တာဝန်ခံကိုအောင်စံရှားက ဆက်လက်ပြောဆိုသည်။

KNLA တပ်ရင်း (၂၇) တပ်ရင်းမှူး စောနယ်ဒါထူးလက်မှတ်ထိုးခဲ့သော အဆိုပါ ထုတ်ပြန်ချက်တွင် အချက်လေးချက်ပါဝင်ပြီး အမှတ် (၈) လမ်းမကြီးသို့ ဖြတ်သန်းသွားလာနေသော ပြည်သူများအနေဖြင့် တောလှန်ရေးတပ်ဖွဲ့ဝင်များ စစ်ဆေးသည့်အခါ ကြည်ဖြူစွာ စစ်ဆေးခွင့်ပြုရန်နှင့် စစ်ကောင်စီနှင့် ပတ်သက်သည်များအား သယ်ဆောင်ခြင်းမပြုရန် မေတ္တာရပ်ခံထားပြီး ထိုထုတ်ပြန်ချက်အား လိုက်နာခြင်းမရှိ၍ တစ်စုံတစ်ရာဖြစ်လာပါက တာဝန်ယူမည်မဟုတ်ကြောင်း ဆိုထားသည်။

" စစ်ကောင်စီနဲ့ပတ်သက်တဲ့ ရောင်းဝယ်ဖောက်ကားမှုတွေ၊ အသွားအလာတွေကို အဓိက ပိတ်ပင်သွားမှာဖြစ်တယ်" ဟု ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။

အဆိုပါ အမှတ် (၈) လမ်းမကြီး​၏ မွန်ပြည်နယ်ဘက်ခြမ်းဖြစ်သည့် မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့သည် KNU တပ်မဟာ (၆)၊ KNLA တပ်ရင်း (၂၇) အုပ်ချုပ်ရာ နယ်မြေဖြစ်သည်။ ထို့ပြင့် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်နှင့် တပ်မဟာ (၄) ဘိတ်၊ ထားဝယ်ခရိုင်တို့အား ဆက်သွယ်ထားသည့် လမ်းမကြီးဖြစ်ပြီး တပ်မဟာ (၆) KNLA တပ်ရင်း (၂၇)၊ PDF ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် နယ်မြေစိုးမိုးရေးအတွက် ပိုမိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#အမှတ် (၈) လမ်းမကြီး​
#လုံခြုံရေးတိုးမြှင့် စစ်ဆေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🔥3
ဇွန်လ (၁၁) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================

ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...

စစ်ကောင်စီကို ပံ့ပိုးကူညီနေတဲ့ ရုရှားနိုင်ငံကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း NUCC ထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ

ရိုဟင်ဂျာတွေကို ပြန်ပို့မယ့် အစမ်းစီမံကိန်းကို ဘင်္ဂလားဒေ့ရှ်က ရပ်ဆိုင်းသင့်တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပြောကြားလိုက်တဲ့သတင်းအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Vox Pop အစီအစဉ်ကိုတင်ဆက်သွားမှာပါ။

ဒီတစ်ပတ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကနေ စွန့်ခွာဖို့ ပြောဆိုမှုအပေါ် အသံနဲ့ အမြင်တွေကိုတင်ဆက်ပေးထားပါတယ်။

အဲ့ဒီနောက်မှာတော့ "နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်" အစီအစဉ်ကို ထုတ်လွှင့်သွားမှာပါ။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/joY-IXAXfWc

#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🤮4
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၁ ဇွန် ၂၀၂၃)
============

အမျိုးသားညီညွတ်ရေး အစိုးရ

• မြန်မာပြည်သူများကို နည်းမျိုးစုံဖြင့် ရက်စက်စွာ သတ်ဖြတ်နေသော အကြမ်းဖက် စစ်ကောင်စီကို ထင်ရှားစွာ ပံ့ပိုးကူညီနေသည့် ရုရှားနိုင်ငံကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပြီး မြန်မာစစ်တပ်သို့ စစ်လက်နက် ပစ္စည်းများ ၊ စစ်ထောက်လှန်ရေး နည်းပညာများ ပံ့ပိုးမှုများကို ရပ်ဆိုင်းရန် သတိပေးကြောင်း အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) က ဇွန် ၁၀ ရက်တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

• အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက မီးဘေးသင့် စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာနှင့်အကူအညီများ ဆက်လက် ထောက်ပံ့ပေးနေကြောင်း သတင်းထုတ်ပြန်ထားသည်။

• စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း ဖမ်းဆီးခံခဲ့ရသည့် Zarmani Revolution Forece အဖွဲ့ခေါင်းဆောင်၊ အခြားအဖွဲ့ဝင် နှင့် ဒေသခံတစ်ဦး အပြင် ကျေးရွာတစ်ခု၏ ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ခံတို့ကို ဖမ်းဆီး ခဲ့မှု နှင့် သေဆုံးခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖြေရှင်းပေးရန် စစ်ကိုင်းခရိုင် အမှတ် ၁ တပ်ရင်းမှူးက ဇွန် ၁၀ ရက်က စာထုတ်ပြန်တောင်းဆိုလိုက်သည်။
👍17😁2
ရခိုင်ကို ဝင်‌မွှေနေတဲ့ နောက်တိုးမုန်တိုင်း
👍4🔥3
ရခိုင်ကို ဝင်‌မွှေနေတဲ့ နောက်တိုးမုန်တိုင်း
===============

ရွှေနွယ်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပုံစားရွာက ဆွေရိပ်မျိုးရိပ်မရှိရှာတဲ့ ဒေါ်မသန်းစိန်တစ်ယောက် သူ့ခြံထဲက သရက်ပင်မှာ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေသွားပါတယ်။ပုံစားရွာခံတွေကို အထိန့်တလန့်ဖြစ်စေခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ မေလ ၂၀ရက်နေ့ နံနက်ဝေလီဝေလင်းအချိန်မှာ ဖြစ်ခဲ့တာပါ။

အဲ့ဒီနေ့ မနက်ဝေလီဝေလင်းမှာ ပုံစားရွာလယ်လမ်းကိုဖြတ်လျှောက်လာတဲ့ မအေးပုံ(အမည်လွှဲ) တစ်ယောက် အထိန့်တလန့်မြင်ကွင်းတစ်ခုကြောင့် ‌ကြက်သေသေသွားခဲ့ပါတယ်။ အရုပ်ကျိုးပြတ်သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းဟာ လမ်းဘေးခြံထဲက သစ်ပင်မှာ တွဲလောင်းကျနေပါတယ်။

သေဆုံးနေသူက မအေးပုံနဲ့ တရွာတည်းနေသူ ဒေါ်မသန်းစိန်။ မိုခါမုန်တိုင်းတိုက်ခံရလို့ အိမ်ပြိုသွားတာကြောင့် ရုတ်တရက် အိမ်ခြေမဲ့သွားသလို စားဝတ် နေရေးလည်း အဆင်မပြေရှာတာကြောင့် လူလော ကထဲ မနေချင်တော့ကြောင်း ဒီရက်ထဲနေ့စဉ်ရက် ဆက် ငြီးတွားနေတဲ့ဒေါ်မသန်းစိန်။မအေးပုံတယောက် ရုတ်တရက် မင်သက်နေရာကနေ အသိဝင်လာပြီး ဘေးပတ်ဝန်း ကျင်ကို အော်ခေါ်လိုက်တယ်။ ရွာလူကြီးကိုလည်း အကြောင်းကြားလိုက်တယ်။ ရွာလူကြီးရောက်လာပြီးတဲ့နောက် ဒေါ်မသန်းစိန်ရဲ့ အလောင်းကို သစ်ပင်ကနေ ဖြုတ်ပြီး စစ်ဆေးကြတယ်။ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားတဲ့အကြောင်း စိစစ်အတည်ပြုပြီးတဲ့နောက်မှာတော့ ခြံဝန်းတ‌နေရာမှာ ဒေါ်မသန်းစိန်ရဲ့နာရေးကိုပြင်လိုက်ပါတယ်။ ဆွေမျိုး အရင်းအချာမရှိရှာသူမို့ ရွာကလူတွေကပဲ နာရေးကိုစီစဉ်ပေးလိုက်ကြပါတယ်။
အသက် ၄၀ အရွယ် ဒေါ်မသန်းစိန်ဟာ ရွာမှာ ရရာအလုပ်ကို နေ့စားလိုက်လုပ်ပြီး ချို့ချို့တဲ့တဲ့နဲ့ပဲ ကိုယ့်ဝမ်းကိုယ်ကျောင်းနေရသူပါ။ကောက်စိုက်၊ ပျိုးနှုတ် ရရာအလုပ်အကုန်လုပ်တယ်။ရတဲ့ငွေကိုခြစ်ချုပ်စုပြီး သစ်သားနဲ့ဝါးရောရာ အိမ်သေးသေးလေးတစ်လုံးသူဆောက်ခဲ့တယ်။ ပုံစားရွာသူ၊ရွာသားတွေရဲ့ လုပ်အားနဲ့ လွန်ခဲ့တဲ့ ‌၆ နှစ်လောက်က ဆောက်ခဲ့တာပါ။ အဲ့ဒီခေတ် ကာလက ကာလပေါက်ဈေး ၁၅သိန်းကျပ်ခန့် ကုန်ကျခဲ့ပြီး ဒီအိမ်လေးအပေါ် ဒေါ်မသန်းစိန်က တော်တော်လေး သံယောဇဉ်ကြီးရှာတယ်လို့ ပုံစားရွာခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ရက်တုန်းက ရခိုင်ပြည်နယ်ကို မွှေနှောက် ဖျက်ဆီးခဲ့တဲ့ မိုခါမုန်တိုင်းဟာ ဒေါ်မသန်းစိန်တို့ရဲ့ ပုံစားရွာလေးကိုလည်း ချေမွပစ်လိုက်ပါတယ်။ အိမ်ခြေ ၈၀ ခန့်ရှိတဲ့ ပုံစားရွာမှာ မလဲမပြိုခဲ့တာဆိုလို့ ငါးအိမ်ပဲ ရှိပြီး ဒေါ်မသန်းစိတ်ရဲ့အိမ်လေးကတော့ နေလို့မရအောင်ကို ပျက်စီးသွားခဲ့တာပါ။ နောက်ရက်‌တွေမှာတော့ ဒေါ်မသန်းစိန်တစ်‌ယောက်နေ့စဉ်လို တမှိုင်မှိုင်တထွေထွေဖြစ်နေခဲ့တယ်လို့မအေးပုံက ဆိုပါတယ်။ တရွာလုံး မုန်တိုင်းဘေးသင့်ခဲ့တာကြောင့် အချင်းချင်းလည်း မကူညီနိုင်ခဲ့ကြပါဘူး။ရွာကလည်း ဘယ်ကိုကြည့်ကြည့် အပျက်အစီးမြင်ကွင်းတွေပဲ တွေ့နေရတာက စိတ်ထိခိုက်စရာလို့ ဆိုကြပါတယ်။ ပုံစားရွာတရွာလုံးကိုယ့်အပူနဲ့ကိုယ် လောင်မြိုက်နေရချိန်မှာ ဒေါ်မသန်းစိန်ကတော့ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းနဲ့ သူ့ရင်ဆိုင်နေရတဲ့ဒုက္ခတွေကနေ လွတ်မြောက်ရာလမ်းကို ထွက်သွားခဲ့တယ်လို့ မအေးပုံက ဆိုပါတယ်။

“တကိုယ်တည်းလည်းဖြစ်၊ အားကိုးရာလည်းမရှိ၊ သူ့အပိုင်အိမ်လည်းပျက်၊ တရွာလုံးလည်းပျက်တဲ့အခြေအနေမှာ စိတ်အားလျော့သွားပုံရပါတယ်" လို့ မအေးပုံကပြောပါတယ်။

မုန်တိုင်းဒဏ်သင့်အမျိုးသမီးတစ်ဦး အခုလို အဆုံးစီရင်သွားခြင်းဟာ ဘေးသင့်ရခိုင်ပြည်သူလူ ထုရဲ့ လတ်တလော ဒုက္ခတွေကို လူ့အဖွဲ့အစည်းက သတိထားမိအောင် လှစ်ဟပြသလိုက်တဲ့ အဖြစ် အပျက်လို့ ကျောက်တော်မြို့ခံတွေနဲ့ အရပ်ဖက်အဖွဲ့တွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံနဲ့အဝှမ်း အစစအရာရာ ချွတ်ခြုံကျနေတဲ့ အခြေအနေမှာမှ မိုခါက အင်အားအလွန်ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ မြန်မာကို ဝင်လာခဲ့တာပါ။ ရှုပ်ထွေးတဲ့ နိုင်ငံရေးဂယက်အောက်က ရခိုင်ပြည်နယ်ဟာ မိုခါမုန်တိုင်းဘေးကို တည့်တိုးရင်ဆိုင်ခဲ့ရသလို မုန် တိုင်းဘေးကြိုတင်ကာကွယ်ရေးရော၊ ပြန်လည်ထူ ထောင်ရေးမှာပါ အမိမဲ့သား ရေနည်းငါးဘဝကို ရင်ဆိုင်ခဲ့ရတယ်လို့ ဘေးသင့်ပြည်သူတချို့ကပြောပါတယ်။

စာတည်း - မောင်ကြီး

#mizzima

#မိုခါဆိုင်ကလုန်းမုန်တိုင်း
#ရခိုင်ပြည်နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢18👍7🔥2❤1
​​မြင်းခြံမြို့နယ်တွင် ကင်းပတ်ထွက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံး
====================

MTO
(မဇ္ဈိမ)။ ။မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ်အတွင်းရှိ ကြည်ရွာမှထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ နှစ်ဦးလုံးသေဆုံးသွားကြောင်း မြင်းခြံခရိုင်တပ်ရင်း(၆)၊ တပ်ခွဲ (၁)၊ နောင်ရိုး အထူးပြောက်ကျားတပ်ဖွဲ့ NYSGF က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မြင်းခြံမြို့နယ် ကြည်ရွာမှ ဆီးမီးခုံဖက်သို့ ဆိုင်ကယ် ဖြင့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း NYSGF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကင်းပတ်ထွက်တာ နေ့တိုင်းနီးပါး ထွက်တယ်။ သူတို့ ပြန်တောင်မပစ်နိုင်ဘူး ချက်ခြင်းတန်းလဲသွား တာ” ဟု ၎င်းက ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ MA-1 တလက်၊ 5.56 ကျည် ၁၆ တောင့်နှင့် ဖုန်း တလုံးသိမ်းဆည်းရမိခဲ့ကာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိ‌ကြောင်း NYSGF အဖွဲ့က ထုတ် ပြန်ထားသည်။

ယင်းအပြင် နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့ NYSGF အဖွဲ့အနေဖြင့် မြင်းခြံခရိုင်အတွင်း စစ်ဆင်ရေး များကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပျူစောထီးအဖွဲ့ဝင်များနှင့် အနီးကပ်နေထိုင်သွားလာခြင်းများကို ရှောင်ရှားကြပါရန် အသိပေးကြေညာ ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း
#မြင်းခြံမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍31👏2😁1🥴1
ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်
========================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။

"ငါတို့အလှည့်မကြာခင်လာမည် စစ်ခွေးမျိုးသုဥ်းစေရမယ်"စာသားပါ ဘန်နာအားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေ ရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၁၀၉)ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။

#ဆန္ဒပြ
#Mizzima
👍23❤9😁2