Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကျောက်မဲတွင် မြို့နယ် စည်ပင်ဦးစီးမှူး နှင့် လျှပ်စစ်အင်ဂျင်နီယာ ပစ်ခတ်ခံရ၍ သေဆုံး
👍10❤1🔥1
ကျောက်မဲတွင် မြို့နယ် စည်ပင်ဦးစီးမှူး နှင့် လျှပ်စစ်အင်ဂျင်နီယာ ပစ်ခတ်ခံရ၍ သေဆုံး
===================

MTO
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဦးစီးမှူး နှင့် လျှပ်စစ်ဌာနမှ လျှပ်စစ် အင်ဂျင်နီယာ တို့ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ ဩဂုတ်လ ၆ ရက် နေ့လယ် ၁၁ နာရီ ဝန်းကျင်တွင် ကျေက်မဲမြို့ မြို့တော်ခန်းမ အနောက်ဘက်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဘေးကပ်ရပ်ရှိလက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် ဝင်ရောက်ပစ် ခတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အဲ့ဆိုင်မှာ ကျောက်မဲမြို့ စည်ပင်ဦးစီးမှူး အသစ်ပြောင်း လာတာမကြာသေးဘူး ။ အဲ့လူရယ် နမ္မတူ EPC က လျှပ်စစ်အင်ဂျင်နီယာ ရယ် လက်ဖက်ရည်အတူသောက်နေမှာပေါ့ ။ အဲ့တာကို ဝင်ပစ်သွားတယ် နှစ်ယောက် သေတယ်” ဟု ၎င်းက ပြောသည်။

ပစ်ခတ်မှုအတွင်း စည်ပင်ဦးစီးမှူး၊လျှပ်စစ်အင်ဂျင်နီယာတို့ နေရာတွင် သေဆုံးခဲ့ပြီး ရပ်ကွက် (၁ ) ၏ အုပ်ချုပ်ရေးမှူးလည်း လက်ကို သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။
၎င်းတို့ ပစ်ခတ်ခံခဲ့ရသည့် လက်ဖက်ရည်ဆိုင်သည် မြို့တော်ခန်းမ၏ နောက်တွင် တည်ရှိပြီး စစ်ကောင် စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ လာရောက်လေ့ရှိသည့် ဆိုင်တစ်ခုဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး
ပုံအညွှန်း- ကျောက်မဲတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု (ဓာတ်ပုံ-ပေးပို့)

#Mizzima
#စည်ပင်ဦးစီးမှူး
#လျှပ်စစ်အင်ဂျင်နီယာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18👏2🔥1🥴1
၂၀၂၃ခုနှစ်ကမ္ဘာ့ငြိမ်းချမ်းရေးအညွှန်းကိန်းအစီရင်ခံစာနဲ့မြန်မာနိုင်ငံအခြေအနေ|CommonGround- Episode(1)
===================

ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းအချင်းချင်းကြား ဘေးတိုက်ပဋိပက္ခတွေကိုကျော်လွန်ပြီး သင့်မြတ်မှုပိုကောင်းလာရေး အထောက်အကူပြနိုင်ဖို့ Common Ground အစီအစဥ်ကို Mizzima က အပတ်စဥ်တင် ဆက်ပေးနေပါတယ်။

https://youtu.be/s0PV6dcOlvA

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥1🕊1
မိုးရွာသွန်းမှုကြောင့် မြဝတီ - အာရှလမ်းမကြီးပေါ်တွင် တောင်ပြိုမှုဖြစ်ပွား
🔥4😢4
မိုးရွာသွန်းမှုကြောင့် မြဝတီ - အာရှလမ်းမကြီးပေါ်တွင် တောင်ပြိုမှုဖြစ်ပွား
======================

YT
(မဇ္ဈိမ)။ ။ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ တောနော်ရေတံခွန်အနီး၊ အာရှလမ်းမကြီးပေါ်တွင် တောင်ပြိုမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် ဒေသတွင်းသတင်းရင်းမြစ်ထံက သိရသည်။

" တောနော်ရေတံခွန်နားမှာပေါ့။ မနက် ၆ နာရီနောက်ပိုင်းမှာ ဖြစ်တာပါ။ မိုးရွာတော့ တောင်ကျရေတွေ အစီးများပြီးတော့ တောင်ပြိုတာပေါ့။ ခဏတော့ လမ်းပိတ်သွားပေမယ့် ၁၁ နာရီကျော်ကျော်လောက်မှာ လမ်းပြန်ပွင့်သွားပါတယ်" ဟု မြဝတီမြို့နယ် ဒေသတွင်းသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ယနေ့ ဩဂုတ်လ ၆ ရက်နေ့၊ နံနက် ၆ နာရီ ၃၀ မိနစ်ဝန်းကျင်က မြဝတီ- ကော့ကရိတ် သွားရာ အာရှလမ်းမကြီးပေါ်၊ တောနော်ရေတံခွန်အနီးတွင် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းရာမှ တောင်ပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အာရှလမ်းပေါ်ကြီးပေါ်အထိ မြေတင်ခဲ့၍ လမ်းပိတ်ဆို့မှု ငါးနာရီနီးပါး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးအား ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်နေပြီဖြစ်သော်လည်း အာရှလမ်းမကြီးပေါ် နေရာအချို့တွင် ရေဖုံးလွှမ်းမှု အနည်းငယ် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြဝတီမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့မှစ၍ မိုးဆက်တိုက် ရွာသွန်းမှု၊ တောင်ကျရေစီးဆင်းမှုများပြီး သောင်ရင်းမြစ်ရေ မြင့်တက်လာမှုကြောင့် သောင်ရင်းမြစ်ကမ်းအနီးရှိ အမှတ် (၅) ရပ်ကွက်၊ သရက်ပင်ဂိတ်အနီးရှိ ရပ်ကွက်တွေ၊ အမှတ် (၁) ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရပ်ကွက်များမှ ဒေသခံများအား ယာယီကယ်ဆယ်ရေးစခန်း ငါးခုဖွင့်ထားကာ ရွှေ့ပြောင်းထားစေကြောင်း သိရသည်။
" ဒီနေ့လည်း မိုးကတော့ ရွာပါတယ်။ဒါပေမဲ့ ချောင်းရေက မတက်လာတော့ပါဘူး။ မိုးရွာတဲ့ တောင်ကျရေတွေကြောင့်ပဲ ရေကြီးနေတာပါ။ကယ်ဆယ်ရေးစခန်းက ငါးခုဖွင့်ထားပါတယ်။ လက်ရှိတော့ လူဦးရေ ၁,၀၀၀ နီးပါးလောက် ရှိပါတယ်" ဟု အဆိုပါ သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယမန်နေ့ ဩဂုတ်လ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ သောင်ရင်းမြစ်ရေသည် ၎င်း၏ စိုးရိမ်ရေမှတ်အထက် နှစ်ပေခန့် မြင့်တက်နေပြီး အဆိုပါ စိုးရိမ်ရေမှတ်များအတိုင်း လာမည့် ဩဂုတ်လ ၇ ရက်နေ့အထိ ဆက်လက်တည်ရှိနေနိုင်ကြောင်းကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးကားလမ်းအနီး၊ ရသေ့တောင်စခန်း‌နှင့် ကျီးကန်းပါးစပ်တို့တွင် မိုးနေ့စဉ်ရက်ဆက် ရွာသွန်းမှုကြောင့် တောင်ကျရေစီးဆင်းမှုများပြီး တောင်မြေပြိုမှု ဖြစ်ပွားခဲ့ပြီး ကျိုက်ထီးရိုးတောင်တက်ကားလမ်းတွင် မြေတင် ပိတ်ဆို့မှု ခေတ္တဖြစ်ပေါ်ခဲ့ပြီး ဒေသခံနေအိမ်အချို့၊ ဈေးဆိုင်အချို့ ပျက်စီးခဲ့ကာ စေတီနှစ်ဆူ ပျက်စီးခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မိုးရွာသွန်း
#မြဝတီ အာရှလမ်းမ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥3😢3❤1
​​Very Ordinary Couple
============

အီဒုန်ဟီးနဲ့ ဂျန်ယောင်းတို့ဟာ ဘဏ်တစ်ခုတည်းက ဝန်ထမ်းတွေဖြစ်ပြီး သူတို့တွဲနေကြတယ်ဆိုတာကို သူတို့ချင်းလမ်းခွဲတော့မှ တစ်ရုံးလုံးသိလိုက်ရတယ်။

လမ်းခွဲပြီး ကိုယ်စီကိုယ်စီ ရည်းစားသစ်ရပြီဆိုမှ တစ်ယောက်ကိုတစ်ယောက်က သဝန်တိုတာတွေ၊ သံယောဇဉ်မပြတ်တာတွေနဲ့ နောက်ဆုံးမှာတော့ ပြန်တွဲဖြစ်သွားကြလေရဲ့။

ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ဆိုတဲ့ သာမန်စုံတွဲတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတွေကိုအခြေခံထားတာဖြစ်လို့ ပျင်းစရာကောင်းမယ်လို့ထင်ရပေမယ့် အချစ်ဇာတ်မြူး ကားကောင်းလေးပါ။
အချစ်ဆိုတာကို ပျော်စရာ၊ ကြည်နူးစရာတွေနဲ့ပဲ ရေးဖွဲ့သီညွှန်းကြလေ့ရှိပေမယ့် ပြင်ပဘဝက အချစ်ခရီးလမ်းတွေဟာ အမြဲတမ်း ပန်းခင်းလမ်းမဟုတ်ဘဲ အကြိုက်မတူတာတွေ၊ သဘောကွဲလွဲတာတွေ စသဖြင့် ကတောက်ကဆအခြေအနေတွေလည်းအများကြီးပါ။

ဒီဇာတ်ကားမှာ သာမန်ချစ်သူစုံတွဲတို့မှာ ဖြစ်လေ့ဖြစ်ထရှိတာလေးတွေကို ရိုးရိုးရှင်းရှင်းလေး ရိုက်ပြသွားတာဖြစ်လို့ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းမယ့်ဇာတ်ကားကောင်းလေးလို့ ညွှန်းဆိုပါရစေ။
Mizzima + တွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

ပြသမည့်ရက်။ ။ 6.8.2023
#New ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀ )နာရီ
#Replay ပြန်လည်ပြသမည့်အချိန်။ ။ည (၁၀:၃၀ ) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍4😁2
PDF များစျေး၀ယ်ထွက်ခဲ့သည့် မတ္တရာ စကျင်ရွာကို စစ်ကောင်စီ ၀င်စီး၊ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရ
🤬11😁5
PDF များစျေး၀ယ်ထွက်ခဲ့သည့် မတ္တရာ စကျင်ရွာကို စစ်ကောင်စီ ၀င်စီး၊ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရ
=====================

007
(မဇ္ဈိမ)။ ။ PDF များ စျေး၀ယ်ထွက်ခဲ့သည့် စကျင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ သြဂုတ်လ ၆ ရက် မနက်၄ နာရီတွင် ဝင်ရောက်စီးနင်း၍ စကျင်ကျေးရွာနှင့် အနီးရှိကျေးရွာ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေကြရကြောင်း သိရသည်။

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာကို စစ်ကား ခုနစ်စီးပါသော ယာဥ်တန်းဖြင့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး စီးနင်းဝင်ရောက်လာပြီး မွှေနှောက်ရှာဖွေခဲ့ကြောင်း သိရသည်။

“မနက် ၄ နာရီလောက်ကတည်းက စစ်ကားခုနစ်စီးပါတဲ့ ယာဉ်တန်းနဲ့ ဝင်မွှေတယ်။ PDF တွေ မတွေ့တော့ ရွာသား လေး၊ ငါးယောက်ကို ဖမ်းခေါ်သွားတယ်။ စကျင်ရော ။စကျင်အနီးအနားကကျေးရွာတွေရော အခုအကုန်ထွက်ပြေးနေရတယ်” ဟု မတ္တရာမြို့ခံတစ်ဦးက ပြောသည်။

မန္တလေးမြို့နှင့် မိုင်၂၀ ခန့်သာကွာဝေးသော ထိုကျေးရွာသို့ ယမန်နေ့ သြဂုတ်လ ၅ ရက် ညနေပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖြစ်သည့် တောကြီးမြွေပွေးတပ်ဖွဲ့က စျေး၀ယ်ထွက်ခဲ့သည့် ဗီဒီယိုကလစ် တစ်ခုကို ၎င်းအဖွဲ့တာ၀န်ခံဗိုလ်တီက Facebook တွင် တင်ခဲ့သည်။

၎င်းတို့အဖွဲ့သည် စကျင်ကျေးရွာစျေးအတွင်း လိုအပ်သည်များ၀ယ်ယူပြီး စစ်ကောင်စီကို စိန်ခေါ်ကာပြန်ထွက်သွားသည်ကို ထိုဗီဒီယိုတွင် မြင်ရသည်။

“ သေရဲတဲ့ကောင် ထွက်ခဲ့ဆိုလို့ စျေးသွား၀ယ်တာ။ ဆူးကို မဆူးဘူး။ ဘယ်ပြေးကြလဲ မသိဘူး။ PDF ဆိုတာ တောထဲမနေတော့ဘူး ခေါင်းစိမ်းတို့” ဟု ဗိုလ်တီက ဗီဒီယိုတွင် ဆိုသည်။
၎င်းဗီဒီယို လူမှုကွန်ရက်ပေါ် ပြန့်နှံ့သွားပြီးနောက်ပိုင်း စစ်ကောင်စီထောက်ခံသူများက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဖိအားပေးရေးသားဝေဖန်ခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီက စကျင်ကျေးရွာကို ၀င်ရောက်စီးနင်းပြီးနောက် အနီး၀န်းကျင်တွင် စစ်စခန်းဖွင့် အထိုင်ချကာ မတ္တရာတစ်မြို့နယ်လုံးကိုလည်း လုံခြုံရေးတင်းကြပ်ထားကြောင်း သိရသည်။
“ မြွေပုံကန် ၊ ပို၀ ၊ ညောင်အုပ် အဲဒီဘက်က ကျေးရွာတွေ အကုန်ထွက်ပြေးနေရတယ်။ စကျင်ရွာနဲ့ အနီး၀န်းကျင် ရွာတွေကို စစ်ကောင်စီ ၀င်စီးထားတယ်။ မတ္တရာမြို့ အ၀င်၊ အထွက်ကိုလည်း ပိတ်ဆို့ထားတယ်” ဟု ဒေသခံက ပြောသည်။

ပြီးခဲ့သည့်ဇွန်လက စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ပေါ်စျေးသို့ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ စျေး၀ယ်ထွက်ခဲ့သည်ကိုအကြောင်းပြုပြီး စစ်ကောင်စီက ဆားတောင်မြို့အနီး ကျေးရွာများအား စီးနင်း၀င်ရောက်ကာ အိမ်ခြေ ၁,၀၀၀ကျော်ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူငါးဦးထက်မနည်းကိုလည်း သတ်ဖြတ်သွားသည်။

Zero ပြောက်ကျားတပ်ဖွဲ့ စျေး၀ယ်ထွက်ခဲ့သည့် ဗီဒီယိုကို ၎င်းအဖွဲ့ ကပင် Facebook လူမှုကွန်ရက်ပေါ် တင်ခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#စကျင်ရွာ
#စစ်ကောင်စီတပ်စီးနင်း

ပုံအညွှန်း - တောကြီးမြွေပွေးတပ် စကျင်ရွာသို့ စျေးဝယ်ထွက်စဥ်( ဓာတ်ပုံ- တောကြီးမြွေပွေးတပ် တင်ခဲ့သည့် ဗီဒီယိုမှ Screenshot ထားခြင်းဖြစ်သည်)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21❤13😁4🤬4🔥1
ဘားအံနှင့် ဘီးလင်းတွင် ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်း ၁၄ ခု ဖွင့်လှစ် ၊ ရေဘေးသင့် ဒေသခံ ၆,၀၀၀ ရှိ
🔥6👍3
ဘားအံနှင့် ဘီးလင်းတွင် ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်း ၁၄ ခု ဖွင့်လှစ် ၊ ရေဘေးသင့် ဒေသခံ ၆,၀၀၀ ရှိ
====================

YT
(မဇ္ဈိမ)။ ။ မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေစီးဆင်းမှု၊ သံလွင်မြစ်ရေနှင့် ဘီးလင်းမြစ်ရေ မြင့်တက်မှုတို့ကြောင့် ကရင်ပြည်နယ် ၊ ဘားအံမြို့နယ်နှင့် မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် အရေးပေါ် ကူညီကယ်ဆယ်ရေးစခန်း ၁၄ ခုရှိ ရေဘေးသင့်ပြည်သူ ၆,၀၀၀ အား အကူအညီပေးနေရကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းများထံက သိရသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ စခန်းငါးခုတွင် မြို့နယ်အနိမ့်ပိုင်းရပ်ကွက်များမှ လူဦးရေ ၁,၅၆၆ ဦးအား ကူညီထာက်ပံ့မှုများ ပြုလုပ်ပေးလျက်ရရှိကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းတစ်ခုထံက သိရသည်။ မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ်တွင် စခန်း ကိုးခု ဖွင့်လှစ်ထားရှိပြီး လူဦးရေ ၄,၂၀၀ ကို ကူညီထောက်ပံ့ခဲ့ပြီး လက်ရှိထိုစခန်းများတွင် ၃,၄၀၀ ကျော်သာရှိတော့ကြောင်း သိရသည်။

" လက်ရှိကတော့ ကယ်ဆယ်ရေးစခန်းက ငါးခုပေါ့နော်။ မိုးကလည်း ရွာနေသေးတယ် အများကြီးတော့ မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ရေက မကျသေးတော့ ဆက်စောင့်ကြည့်ရဦးမယ်" ဟု ဘားအံမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ကူညီမှုပြုလုပ်ပေးနေသည့် သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ဘားအံမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့မှစ၍ မိုးရွာသွန်းမှု၊ တောင်ကျရေစီးဆင်းမှုနှင့် သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ဘားအံမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ယနေ့ ဩဂုတ်လ ၆ ရက်နေ့၊ ညနေ ၇ နာရီ မေးမြန်းချက်အရ ဘားအံမြို့နယ်တွင် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက် နှစ်ပေ သုံးလက်မခွဲခန့် မြင့်တက်နေပြီး မိုးရွာသွန်းမှု အနည်းငယ်ရှိနေသေးကြောင်း သိရသည်။

ထို့အတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင်လည်း ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်မှစတင်၍ မိုးရွာသွန်းမှု၊ တောင်ကျရေစီးဆင်းမှု၊ ဘီးလင်းမြစ်ရေ မြင့်တက်မှုတို့ကြောင့် ဘီးလင်းမြို့နယ်ရှိ အနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်များ၊ ဘီးလင်းမြစ်ကမ်းနားဘေးရှိ ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး ရန်ကုန်- မော်လမြိုင်အဝေးပြေးလမ်းမကြီးပေါ်အထိ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ရေဘေးသင့်ဒေသများအတွက် ယာယီကူညီကယ်ဆယ်ရေးစခန်း ကိုးခု ဖွင့်လှစ်ထားရှိပြီး ရေဘေးသင့်ပြည်သူ ၃,၄၀၀ ကျော်အား ထားရှိကာ အစားအသောက်၊ ရေ မှစ၍ လိုအပ်သည့် အကူအညီများကို လူမှုကူညီရေးအသင်းများ၊ အလှူရှင်များမှ ဆက်လက်အထောက်အပံ့ပြု ကူညီနေကြကြောင်း သိရသည်။

" ကယ်ဆယ်ရေးစခန်းက ကိုးခုဖွင့်ထားရတယ်။ လူဦးရေက အကုန်လုံးက ၄,၂၀၀ လောက်ရှိတယ် ပထမက။ အဲ့ဒီထဲမှာမှ တချို့တဝက်က ရေကျသွားလို့ ပြန်နေနေလို့ရနေပြီဆိုတော့ လက်ရှိ လူဦးရေက ၃၄၀၀ လောက်တော့ ရှိသေးတယ်" ဟု ဘီးလင်းမြို့နယ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင် မိုးရွာသွန်းမှု လျော့နည်းခဲ့ပြီး ဘီးလင်းမြစ်ရေသည်လည်း အနည်းငယ် လျော့ကျသွားကြောင်း၊ ရန်ကုန်- မော်လမြိုင်ကားလမ်းမကြီးပေါ်တွင် ရေလွှမ်းမိုးမှုများ မရှိတော့၍ ခရီးသည်ယာဉ်များ၊ အိမ်စီးကားများသာမက ဆိုင်ကယ်များပါ ပုံမှန်အတိုင်း သွားလာနိုင်နေပြီဖြစ်ကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန​၏ ယနေ့ ဩဂုတ်လ ၆ ရက်နေ့၊ နေ့လယ် ၁ နာရီ ထုတ်ပြန်ချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့နယ်တွင် စိုးရိမ်ရေမှတ်အထက် နှစ်ပေခွဲခန့် ကျော်လွန်နေပြီး ဩဂုတ်လ ၈ ရက်နေ့အထိ အဆိုပါ ရေအမှတ်တွင် ဆက်လက်တည်ရှိနေနိုင်ကြောင်း၊ ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် တစ်ပေခန့် မြင့်တက်နေပြီး ဩဂုတ်လ ၇ ရက်နေ့တွင် ရေပြန်ကျနိုင်ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း- ဘားအံမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ဖွင့်လှစ်ထားသော ယာယီကယ်ဆယ်ရေးစခန်းများ (ဓါတ်ပုံ- မိုးမြင့်ထက် )

#Mizzima
#ကူညီကယ်ဆယ်ရေးစခန်း
#ရေကြီးရေလျှံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🔥2😢1