Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ရွာသားအချို့အားဖမ်းဆီးသဖြင့် ဒေသခံ ၁,၀၀၀ ကျော် ထွက်ပြေးရ
🤬7🤯3👍1🔥1😁1
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ရွာသားအချို့အားဖမ်းဆီးသဖြင့် ဒေသခံ ၁,၀၀၀ ကျော် ထွက်ပြေးရ
===================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်က ရွာသားအချို့ကိုဖမ်းဆီးစစ်ဆေးနေ၍ ဒေသခံ ၁,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ သိရသည်။

တနင်္သာရီမြို့နယ် အနောက်မော်တုန်းကျေးရွာသို့ ဩဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀၀ ဝန်းကျင်ခန့်စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာသား ၁၀ ဦးကျော်ကို ဖမ်းဆီးစစ်ဆေး ခဲ့၍ အနောက်မော်တုန်းနှင့် အရှေ့မော်တုန်းကျေးရွာများမှ လူဦးရေ ၁,၀၀၀ ကျော် နေအိမ်စွန့်ခွာထွက် ပြေးခဲ့ရသည်ဟု ဒေသခံများနှင့် PDF တပ်ဖွဲ့ဝင်များထံမှ သိရသည်။

အရှေ့မော်တုန်းရွာခံတဦးက “စစ်တပ်က ရွာထဲကိုဝင်ဝင်ချင်း ရွာခံတွေကိုလိုက်ဖမ်းပြီး ဟိုမေးဒီမေးလုပ် တော့ ကျန်တဲ့ရွာသူရွာသားတွေလည်း ဘယ်သူမှ မနေရဲတော့ဘဲ အကုန်ထွက်ပြေးကုန်ကြတယ်”ဟု ပြော သည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ရွာသား ၁၄ ဦးနှင့် ဆိုင်ကယ် ငါးစီးကို ဖမ်းဆီးထားကြောင်း ဒေသခံများ ကပြောဆိုသော်လည်း မဇ္ဈိမအနေဖြင့် အတည်မပြုနိုင်ခြင်း မရှိသေးပေ။

ယခုကဲ့သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသော်လည်း ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့အထိ နှစ်ဖက် ပစ်ခတ်မှုများမဖြစ်ပွားသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် အရှေ့မော်တုန်းကျေးရွာအုပ်စုအတွင်းမှ ဘန်းလမွတ်၊ ထုံနွယ်၊ ရွာမနှင့် အန္ဒာပြင် ကျေးရွာများ၌ အင်အားဖြန့်ကျက်ထားပြီး ဥယျာဥ်ခြံများအတွင်းထိ ဝင်ရောက်သွားလာနေကြောင်း သိရ သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီမြို့နယ်
#စစ်ကြောင်းထိုး
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢8🤬2👍1🔥1😁1
စစ်ကောင်စီရဲ့ထိုးစစ်တွေကြောင့် မြန်မာ့သမိုင်းမှာ စစ်ဘေးရှောင်အရေအတွက် အများဆုံးဖြစ်လာ
===========================

KMN (မဇ္ဈိမ)။ ။စစ်ကောင်စီရဲ့ထိုးစစ်ဆင်နေမှုတွေကြောင့် မြန်မာ့သမိုင်းမှာ စစ်ဘေးရှောင်အရေအတွက် အများ ဆုံးဖြစ်လာနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်အထိ ကိန်းဂဏန်းတွေအရ ပြည်တွင်းနေရပ် စွန့်ခွာထွက်ပြေးနေသူ ၁ ဒသမ ၉ သန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

ဒီအထဲက လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးဟာ စစ်တပ် အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

စစ်ကောင်စီရဲ့ထိုးစစ်ဆင်နေမှုတွေကြောင့်သာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတာလို့ အမျိုးသားညီညွတ် ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

https://youtu.be/ZEy2fiCTqxM

#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
❤8😢6👍2😁1
နေပြည်တော်အနီး တောင်ပေါ်ဒေသရှိ စစ်တပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီ ဗိုလ်မှူး အပါအဝင် ၁၄ ဦးသေဆုံးဟု PDFပြော
👏16👍3😁3❤2
နေပြည်တော်အနီး တောင်ပေါ်ဒေသရှိ စစ်တပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီ ဗိုလ်မှူး အပါအဝင် ၁၄ ဦးသေဆုံးဟု PDFပြော
=====================

001
(မဇ္စျိမ)။ ။ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ် အရှေ့တောင်ပေါ်ဒေသရှိ စစ်ကောင်စီ၏ အမှတ် (၆၀၆ ) ခြေမြန်တပ်ရင်း လက်အောက်ခံ စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း နေပြည်တော် PDFထံက သိရသည်။

အဆိုပါ တိုက်ပွဲတွင်လည်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့် တဦး၊ ဗိုလ်ကြီးအဆင့် တဦးအပါအဝင် ၁၄ ဦးကျဆုံးပြီး ထွက်ပြေးလွတ်မြောက်သွားသူ ၁၂ ဦးရှိကြောင်း ဆိုသည်။

နေပြည်တော်အနီးဖြစ်ပွားသည့်တိုက်ပွဲဖြစ်သည့်အတွက် စစ်ကောင်စီဘက်က ဩဂုတ်လ ၁၁ ရက်နေ့တွင် လေကြောင်းပစ်ကူများအသုံးပြုခဲ့ကာ ကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်မှ ရဲဘော် နှစ်ဦးကျဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“နေပြည်တော်မှာ ဆိုတော့ လေကြောင်းပစ်ကူချက်ချင်းရောက်လာတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စခန်းလည်း သိမ်းလိုက်နိုင်ပါတယ်။ လက်နက်များလည်း ရရှိခဲ့ပါတယ်”ဟု နေပြည်တော် PDF တာဝန်ရှိသူကပြောသည်။

ထိုတိုက်ပွဲကို နေပြည်တော် PDF၊ ရှမ်းတောင်စစ်ဒေသခွဲမှ PDF တပ်ရင်းများ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF)၊ ကရင်နီတပ်မတော် (KA) နှင့် ကရင်အမျိုးသားအစည်းအရုံး( KNU)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အရှေ့တောင်ပေါ်ဒေသရှိ ဘိုမ၊ သံတောင်၊ နန်းလွင်ဆန်းနှင့် တောင်မြင့်ရေပူကျေးရွာတစ်လျှောက်တွင် ဩဂုတ်လ ၈ ရက်နေ့ကစပြီး ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့အထိ စစ်ရေးလှုပ်ရှားမှုများ ဆက်ရှိနေသည့်အတွက် ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်ရန် မေတ္တာရပ်ခံကြောင်းလည်း နေပြည်တော် PDFကဆိုသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများကို မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသကဲ့သို့ စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာခြင်းမရှိသေးပေ။
'လမ်းများအားလုံးနေပြည်တော်သို့ ' စစ်ဆင်ရေးစီမံချက်အတိုင်းဆောင်ရွက်နေခြင်းဖြစ်ပြီး နေပြည်တော်သို့ရောက်ရှိမည့် လမ်းအားလုံးမှ ထိုးဖောက်ဝင်ရောက်မည်ဖြစ်ကြောင်း နေပြည်တော် PDF တာဝန်ရှိသူတဦးကပြောသည်

အမျိုးသားညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က “လမ်းများအားလုံးနေပြည်တော်သို့ စစ်ဆင်ရေး”ကို ချမှတ်ထားပြီး နိုင်ငံတဝန်းရှိတော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် နေပြည်တော်သို့ ဦးတည်ကာ ချီတက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လအတွင်းက ပြောဆိုထားဖူးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
ပုံအညွှန်း - နေပြည်တော် pdfတပ်ဖွဲ့ဝင်များအား ပြီးခဲ့သည့် ဧပြီလအတွင်းက တွေ့ရစဥ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤21👍7👏5😁2
​​ယင်းမာပင်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်
=====================

MTO
(မဇ္ဈိမ)။ ။စစ်ကိုင်တိုင်း၊ ယင်းမာပင်မြို့နယ် အင်ကြင်းတောင်အနီးသို့ ရောက်ရှိလာသည့် စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Brother Defense Force(BDF) အဖွဲ့ထံမှ သိရသည်။
ဩဂုတ်လ ၁၂ ရက်နေ့က ယင်းမာပင်မြို့မှ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းသုံးကြောင်း ခွဲထွက်လာ သည့် စစ်ကောင်စီစစ်တပ်ကို အင်ကြင်းတောင်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BDF အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

“ရှေ့ထွက်မိုင်းခြောက်လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်၊ အနည်းဆုံးငါးကောင်လောက် ကျနိုင်တယ်။ ဒဏ်ရာ ရတာတွေလည်း ရှိတယ်” ဟု ၎င်းကပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်မှလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်တွင် ထိခိုက်မှုမရှိကြောင်း BDF အဖွဲ့မှ တာဝန် ရှိသူက ပြောသည်။
“ကျတော်တို့ ရဲဘော်တွေကို လက်နက်ငယ်တွေ၊ ၆၀ တွေ၊ ၇၉ တွေ နဲ့ သူတို့ဘက်ကလိုက်ပစ်တာနဲ့ ပြန် ဆုတ်ခဲ့ရတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Brothers Defense Force(BDF)အဖွဲ့နှင့် တွေ့မရှောင်မဲမှောင်အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#စစ်ကောင်စီတပ်
#မိုင်းဆွဲတိုက်ခိုက်

ပုံအညွှန်း-ကာကွယ်ရေးတပ်ဖွဲ့၏ လက်လုပ်လက်နက်များ။(ဓာတ်ပုံ-Brothers Defense Force)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤2😁2🤯1
​​စစ်ကောင်စီလေတပ်မှ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦး သေဆုံး
====================

001
(မဇ္စျိမ)။ ။စစ်ကောင်စီလေတပ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၈၅)မှ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးသည် ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့ ညပိုင်းက ရုတ်တရက် သေဆုံးသွားကြောင်း ၎င်းနှင့်နီးစပ်သူအချို့၏ လူမှုကွန်ရက်တွင် ရေးသားချက်အရ သိရသည်။

အသက် ၅၆ နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦး၏ နာရေးကို ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် စစ်သချိုင်းတွင် စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
၎င်းသည် ရုတ်တရက် နှလုံးအမောဖောက်ကာ သေဆုံးခြင်းဖြစ်ကြောင်း လူမှုကွန်ရက်တွင် ပြောဆိုမှုများလည်းရှိကာ နာရေးကြော်ငြာတွင်မူ ၉၆ ပါးရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့် စစ်ကောင်စီ လေတပ်မှ အရာရှိများ၏ အမည်နှင့် အချက်အလက်များကို ထုတ်ပြန်နေသည့် Operation Spitfireက ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးအား စစ်ရာဇဝတ်မှုကျူးလွန်သူတစ်ဦးအဖြစ် ၂၀၂၂ခုနှစ် အစောပိုင်းက ထုတ်ပြန်ခဲ့ဖူးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#စစ်ကောင်စီလေတပ်
# ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦး
ပုံအညွှန်း- ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦး၏ နာရေးဖိတ်စာ(ဓာတ်ပုံ - လူမှုကွန်ရက်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏15😁4
​​မတည်မငြိမ်မှုများအကြား ပါကစ္စတန်တွင် ယာယီဝန်ကြီးချုပ် ခန့်အပ်
=======================

ပါကစ္စတန်တွင် လူဦးရေအနည်းဆုံး ပြည်နယ်မှ လူသိနည်းသော လွှတ်တော်အမတ်တစ်ဦးကို ယာယီဝန်ကြီးချုပ်အဖြစ် ဩဂုတ် ၁၂ ရက်တွင် ခန့်အပ်တာဝန်ပေးလိုက်သည်။ ၎င်းသည် ကျင်းပရန် သုံးလခန့်သာ လိုတော့သည့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ နိုင်ငံကို ဦးစီးကြပ်ကြပ်သွားရမည် ဖြစ်သည်။

ဘာလူချီစတန်ပြည်နယ်မှ အထက်လွှတ်တော်အမတ် အန်ဝါး- အယ်လ်-ဟက်ခ် ကက်ကာသည် လများကြာ နိုင်ငံရေး၊ စီးပွားရေး မတည်မငြိမ်မှုဒဏ်ခံထားရသည့် နိုင်ငံကို ပဲ့ကိုင်သွားရမည် ဖြစ်သည်။ လက်ရှိတွင် ယင်းနိုင်ငံ၏ ပေါ်ပြူလာအဖြစ်ဆုံး နိုင်ငံရေးသမား အီမရန် ခန်းသည် ထောင်ဒဏ်ကျခံနေရသည်။

ယခင်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သော ရာထူးစွန့်သွားသည့် ညွန့်ပေါင်းအစိုးရနှင့် အတိုက်အခံခေါင်းဆောင် ရာဂျာ ရီယာ့ဇ် အာမက်ဒ် တို့ ရွေးချယ်သော ယာယီ ဝန်ကြီးချုပ် ကက်ကာကို သမ္မတ အရစ်ဖ် အယ်လ်ဗီက အတည်ပြုပေးခဲ့သည်။

“ဝန်ကြီးချုပ် ဘယ်သူပဲ ဖြစ်သင့်၊ဖြစ်သင့် အဲဒီလူဟာ သေးငယ်တဲ့ ပြည်နယ်တစ်ခုကနေ လာတဲ့လူဖြစ်သင့်တယ်လို့ ကျွန်တော်တို့ ပထမဆုံး သဘောတူခဲ့ကြတယ်။ ဒါမှလည်း သေးငယ်တဲ့ ပြည်နယ်တွေရဲ့ မကျေနပ်ချက်တွေကို ကိုင်တွယ်နိုင်မှာဖြစ်တယ်” ဟု ရီယာ့ဇ်က ပြောသည်။

ပါကစ္စတန် ယာယီဝန်ကြီးချုပ် ဖြစ်လာသည့် အသက် ၅၂ နှစ်အရွယ် ကက်ကာသည် နိုဝင်ဘာတွင် ကျင်းပရန် စီစဉ်ထားသော အထွေထွေနှင့် ပြည်နယ် ရွေးကောက်ပွဲများ မတိုင်မီအထိ နိုင်ငံကို ဦးဆောင်ရမည် ဖြစ်သည်။ သို့သော် ထိုရွေးကောက်ပွဲများသည် လာမည့်နှစ်မတိုင်မီအထိ နှောင့်နှေးကြန့်ကြာလိမ့်မည် ဖြစ်ကြောင်း အရာရှိတချို့က ပြောထားသည်။

ကက်ကာသည် နိုင်ငံရေးလုပ်သက် နည်းပါးသလို ပါကစ္စတန်နိုင်ငံရေးတွင် ဩဇာသက်ရောက်မှု များစွာမရှိသော်လည်း ယင်းက ၎င်းအပေါ် ထောက်ခံမှု ရစေရာတွင် အလုပ်ဖြစ်နိုင်ကြောင်း နိုင်ငံရေးအကဲခတ်တစ်ဦးဖြစ်သည့် ဟက်ဆန် အက်စ်ကာရီ ရစ်ဇ်ဗီက ပြောသည်။
❤8🔥2
​​ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲရှိသည့်နေရာကို ကာကွယ်ရေးတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်
======================

MTO
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကံသာကျေးရွာတွင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ ဩဂုတ်လ ၁၃ ရက် နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ငါန်းဇွန်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

“ဒရုန်းနဲ့ ဗုံးသီးလေးလုံးကြဲချတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်ဖွဲ့ ထိခိုက်မှုရှိနိုင်ပေမယ့် အသေးစိတ် အခြေအနေကတော့ စုံစမ်းဆဲပါ” ဟု ငါန်းဇွန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ကံသာကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၃၀ ခန့် ရှိပြီး အနီးအနားကျေးရွာများမှဒေသခံများကို ဖမ်းဆီးခြင်း နှိပ်စက်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း ငါန်းဇွန်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့က ပြောသည်။

ယခုတိုက်ခိုက်မှုကို ငါန်းဇွန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့်အတူ Black Eagle Force ၊ Black Eagle Drone Force ၊ မြင်းခြံခရိုင်တပ်ရင်း (၇)တပ်ခွဲ (၁)၊ ငါန်းဇွန် မီးနဂါးနှင့် ဒေါင်းဖိုင်တာအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ငါန်းဇွန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များသည် ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက် ၊ ၁၀ ရက် နှင့် ၁၁ ရက်နေ့များကလည်း ငါန်းဇွန်မြို့နယ် ရေလည်သောင်ကျေးရွာနှင့် လက်ပံသာကျေးရွာတို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထား သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း
#ငါန်းဇွန်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

ပုံအညွှန်း-ကာကွယ်ရေးတပ်ဖွဲ့မှ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည့် မှတ်တမ်း။ (ဓာတ်ပုံ-Ngazun People”s Defense Force)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤14👍4😁3👏2
​​မလေးရှား ပြည်နယ်ရွေးကောက်ပွဲများ၌ ဝန်ကြီးချုပ် အန်ဝါ၏ ညွန့်ပေါင်းအဖွဲ့က အတိုက်အခံအုပ်စု၏ စိန်ခေါ်မှုကို ဟန့်တားနိုင်ခဲ့
====================

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၏ အာဏာရ ညွန့်ပေါင်းအုပ်စုသည် ကျင်းပပြီးစီးသွားသော ပြည်နယ်ရွေးကောက်ပွဲများတွင် အတိုက်အခံ မဟာမိတ်အဖွဲ့တစ်ဖွဲ့၏ စိန်ခေါ်မှုတစ်ရပ်ကို ဟန့်တားပျက်ပြားစေခဲ့ကြောင်း ဩဂုတ် ၁၃ ရက် တရားဝင်ရလဒ်များက ပြသသည်။ ယင်းကဲ့သို့ အနိုင်ရမှုက အစ္စလမ္မစ် အရှေ့တောင်အာရှ နိုင်ငံတွင် အာဏာ စုစည်းခိုင်မာစေအောင် လုပ်ဆောင်ရေး အန်ဝါအတွက် အချိန်ဆွဲထားနိုင်စေရန် ထောက်ကူလိမ့်မည် ဖြစ်ကြောင်း အကဲခတ်များက ပြောသည်။

စနေနေ့တွင် ကျင်းပသည့် ပြည်နယ်ခြောက်ခု ရွေးကောက်ပွဲက အန်ဝါအတွက် လက်ရှိအချိန်အထိ အခက်ခဲဆုံးသော နိုင်ငံရေး စိန်ခေါ်မှု ဖြစ်ခဲ့သည်။ အန်ဝါသည် မပြတ်သားသော အထွေထွေ ရွေးကောက်ပွဲတစ်ရပ်အပြီး ညီညွတ်သော အစိုးရတစ်ရပ်ကို ဦးဆောင်ရန် ယမန်နှစ် နိုဝင်ဘာလက ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။

ပြည်နယ်လွှတ်တော်အမတ်များ ရွေးကောက်ခြင်းက ပါလီမန်တွင် အန်ဝါ၏ လက်ရှိ သုံးပုံနှစ်ပုံ အများစု အနေအထားအပေါ် သက်ရောက်မည် မဟုတ်ပေ။

သို့သော် ယခု ပြည်နယ်လွှတ်တော်အမတ် ရွေးကောက်ပွဲများသည် တရုတ်နှင့် အိန္ဒိယလူမျိုးများလည်း ရှိနေသည့် မလေးရှားနိုင်ငံတွင် လူနည်းစု လူမျိုးစုများကို ပိုမို ပါဝင်ခွင့်ပြုနိုင်သည့် ပိုမို၍ အားလုံးပါဝင်သော လူ့အဖွဲ့အစည်းတစ်ခုအတွက် တွန်းအားပေးမှု အပါအဝင် အန်ဝါအတွက် အများထောက်ခံမှုဆိုင်ရာ တိုင်းတာမှုတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံရသည်။

ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည့် ရလဒ်များအရ အန်ဝါ၏ Pakatan Harapan ညွန့်ပေါင်းအဖွဲ့သည် ဆီလန်ဂေါ၊ ပီနန် နှင့် နီဂရီ ဆမ်ဘီလန် ပြည်နယ် သုံးခုတွင် ထိန်းချုပ်မှုကို ဆက်ထိန်းထားနိုင်ခဲ့ကြောင်း ပြသသည်။

အတိုက်အခံ မဟာမိတ်အုပ်စုဖြစ်သည့် Perikatan Nasional သည် ကီဒါ၊ တီရန်ဂါနူ နှင့် ကီလန်တန် ပြည်နယ်များတွင် ထိန်းချုပ်ထားနိုင်ခဲ့ကြသည်။

နိုင်ငံ၏ အကြီးဆုံးသော ဆိပ်ကမ်း ရှိသည့် ဆီလန်ဂေါနှင့် နိုင်ငံ၏ ရှင်သန်နေသော semiconductor လုပ်ငန်း ရှိရာ ပီနန် တို့ကို ဆက်ထိန်းထားနိုင်ခြင်းက အန်ဝါအတွက် အထူးဆုလာဘ်များ ဖြစ်ကြောင်း အကဲခတ်များက ပြောသည်။

သို့သော် ဆီလန်ဂေါ တွင် အတိုက်အခံတို့က အားကောင်းသော ချဉ်းနင်းဝင်ရောက်မှုများ လုပ်လာနိုင်ခြင်းနှင့်အတူ အာဏာရညွန့်ပေါင်းအုပ်စုသည် သုံးပုံနှစ်ပုံ အများစုအနေအထားကို ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
👍10🔥1🥰1👏1
​​မွန်ပြည်နယ်တွင် ရေကြီးရေလျှံမှုများကြောင့် ဒေသခံများ​၏ မိုးစပါးခင်း ပျက်စီးဆုံးရှုံး
======================

YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်တွင် မိုးဆက်တိုက်ရွာသွန်းမှု၊ တောင်ကျရေစီးဆင်းမှုတို့ကြောင့် မြစ်ရေတိုးမြင့်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့၍ ဒေသခံများ​၏ မိုးစပါးစိုက်ခင်းများ ရေမြှုပ်ကာ ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများ၊ လူမှုကူညီရေးအသင်းများထံက သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်မှစ၍ ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်လာတာ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ် အနိမ့်ပိုင်းဒေသများနှင့် ဘီးလင်းမြစ်ကမ်းဘေးရှိ ဒေသခံများနေထိုင်ရာ ကျေးရွာများအတွင်းအထိ ရေကြီးရေလျှံမှုများဖြစ်ပေါ်ပြီး ဒေသခံများ​၏ မိုးစပါးစိုက်ခင်းများပါ ရေမြှုပ်ပျက်စီးခဲ့ခြင်းဖြစ်သည်။

" သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ် နှစ်မြို့နယ် ပေါင်းမယ်ဆိုရင်တော့ တွက်ရမှာတောင် ခပ်ခက်ခက်ပဲ။ ဒီနှစ်မိုးရာသီ လယ်မြေဧက တော်တော်များများ ပျက်စီးသွားတာကိုး။ ဧက လေး၊ ငါးသောင်းလောက်ရှိမယ်။ ခန့်မှန်းပေါ့နော် အတိအကျတော့ ကျွန်တော်တို့လည်း စာရင်းမကောက်တော့ မသိရဘူး" ဟု ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ဒေသခံများ​၏ မိုးစပါးစိုက်ခင်းများကို ပြန်လည်စိုက်ပျိုးပါကလည်း မိုးနှောင်းပိုင်း၊ သက်ငယ်မိုးစပါးသာ စိုက်နိုင်တော့မည်ဖြစ်ပြီး ထိုကဲ့သို့ စိုက်ပျိုးရန်လည်း လက်ရှိအနေအထားအရ အခက်အခဲများစွာကြုံနေရကြောင်း သိရသည်။

" သုံးရက်လောက်မြှုပ်ရင်တော့ အကြောင်းမဟုတ်ဘူး ။ အခုဟာက ခုနစ်ရက်၊ ရှစ်ရက်ဆိုတော့ မြှုပ်ပြီး ပြန်ပေါ်တော့ သုံးလို့မရတော့တာထက် ပုပ်ကုန်တာပေါ့၊ အခုက ရေပြန်ကျသွားပြီဆိုပေမယ့် ဒီဟာတွေကို ပြန်လုပ်ဖို့ဆိုရင်တော့ တော်တော်အခက်အခဲဖြစ်တယ်။ အခုချိန်ကို ချက်ချင်းပြန်စိုက်နိုင်ရင်တောင်မှ မိုးနှောင်းပိုင်း သက်ငယ်လောက်ပဲ စိုက်လို့ရတော့မယ်။ သက်ကြီးတော့ စိုက်လို့အဆင်မပြေတော့ဘူး " ဟု သထုံမြို့နယ် ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

လယ်မြေအငှားစိုက်ပျိုးသူများ ရှိသကဲ့သို့ ကိုယ်ပိုင်လယ်မြေများတွင် စိုက်ပျိုးသူများလည်းရှိပြီး ယခုကဲ့သို့ ပျက်စီးသည့်အခါ မျိုးစပါးအသစ် ဝယ်ယူရန်လည်း အခက်အခဲရှိကြကြောင်း၊ မြေအမျိုးအစားနှင့်ကိုက်ညီမည့် မျိုးစပါးများအား တောင်သူအချင်းချင်းသာ ချိတ်ဆက်ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။

" မျိုးစပါးတွေကတော့ ပြန်ဝယ်ဖို့က လယ်သမားအချင်းချင်းဆီကပဲ ဝယ်ရတာပေါ့။ အဲ့ဒီလို လယ်သမားအချင်းချင်း ဝယ်ဖို့တောင် အဆင်ပြေတဲ့သူတွေရှိသလို အဆင်မပြေတဲ့သူတွေလည်း ရှိတယ်။ နိုင်ငံတော်ကနေ မျိုးစပါးစီစဉ်ပေးရင်တော့ ပိုအဆင်ပြေနိုင်တယ်။ လောလောဆယ် မြို့နယ်အနေနဲ့ စီစဉ်ပေးထားတဲ့ မျိုးစပါးရောင်းပေးတာမျိုး စီစဉ်ပေးတာတော့ မရှိသေးပါဘူး" ဟု ဒေသတွင်းသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

ဘီးလင်းမြို့နယ်တွင် ကျားကွင်းကျေးရွာ၊ အလူးလေးကျေးရွာ အရှေ့ပိုင်းနှင့် အလယ်ပိုင်း၊ ဘကျဲကျေးရွာ၊ ဝက်သိုးဝကျေးရွာ၊ နို့ကဲကျေးရွာ၊ ဟတ်ကြီးကျေးရွာ၊ ဟလိမ်ကျေးရွာ၊ ခေါ်ထီးခီးကျေးရွာ၊ ဘဲလင်းနို့ကျေးရွာ၊ ထော်ဖိုးထကျေးရွာ၊ ပယ်ဝတ္ထကျေးရွာ၊ နှင်းပုလဲကျေးရွာ၊ ရွှေလှေကျေးရွာ၊ ညောင်ပုလင်ကျေးရွာ၊ လိပ်ခုံးကျေးရွာ၊ ဒေါက်ရပ်ကျေးရွာ၊ ဒေါင်းတောင်ကျေးရွာ၊ အဝန်းကြီးကျေးရွာ၊ သထုံမြို့နယ်တွင် ဒုံဝန်းကျေးရွာ၊ မိုးကောင်းကျေးရွာ၊ ဝင်းဖုန်းကျေးရွာ၊ ဒူးရင်းဆိပ်ကျေးရွာ၊ ဆိပ်ကျွန်းကျေးရွာ၊ မရမ်းကုန်းကျေးရွာ၊ တောကြီး၊ တောင်ကြီးကျေးရွာ၊ ကတိုက်ကြီးနှင့် ကတိုက်လေးကျေးရွာများရှိ စပါးစိုက်ခင်း လယ်မြေများ ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အတူ အတ္ထရံမြစ်ရေ စိုးရိမ်ရေအမှတ်ထက် တိုးမြင့်ပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့၍ ကျိုက်မရောမြို့နယ် အနိမ့်ပိုင်းဒေသများတွင်လည်း ဒေသခံများ​၏ မိုးစပါးစိုက်ခင်းများ ရေနစ်မြှုပ်ပျက်စီးမှုများ ရှိကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ရေနှစ်မြှုပ်
#စပါးခင်း
#မွန်ပြည်နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😢6🔥2
Media is too big
VIEW IN TELEGRAM
(ကတ်တမင် (ketamine)သုံးစွဲမှုနဲ့ စိတ်ပိုင်း ရုပ်ပိုင်းကျန်းမာရေး) __ ကျန်းမာသုတ လူမှုဘဝ Episode - 28

Watch more detail- https://youtu.be/WT-kXJxA6Ec

#ketamine #ဒေါက်တာဖြိုးသီဟ #reels #shorts #Mizzima #ကျန်းမာသုတလူမှုဘဝ
🌭3
​​ထိုင်းတွင် ခရီးသွားစက်လှေ တိမ်းမှောက်မှုကြောင့် လူ ၁ ဦး သေဆုံး
====================

ထိုင်းနိုင်ငံတောင်ပိုင်းတွင် စက်လှေမတော်တဆမှု ဖြစ်စဉ်တစ်ခုကြောင့် ခရီးသွားတစ်ဦး သေဆုံးပြီး အခြားတစ်ဦး ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့က ဩဂုတ် ၁၃ ရက်တွင်ပြောသည်။

ဩဂုတ် ၁၂ ရက် ညနေပိုင်းက ဖတ်ချာဘူရီ ပြည်နယ် Ban Laem ခရိုင် Bangtaboon မြစ်တွင် ထိုင်းခရီးသွားခုနစ်ဦး လိုက်ပါလာသော ထို ခရီးသွားစက်လှေသည် ရေဆင်နှာမောင်းတစ်ခုနှင့် ကြုံတွေ့ပြီး တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

ကယ်ဆယ်ရေးသမားများသည် အမျိုးသမီး လေးဦးနှင့် အမျိုးသားတစ်ဦးကို ရေထဲမှ ပြန်လည်ဆယ်ယူကယ်တင်နိုင်ခဲ့ပြီး အခြား ခရီးသည်နှစ်ဦးကို ညနက်ပိုင်းအထိ ရှာဖွေခဲ့ကြသည်။

ယင်းနောက် ၎င်းတို့သည် အသက် ၂၀ နှစ်အရွယ် အမျိုးသားတစ်ဦး၏ အလောင်းကို ရှာတွေ့ထားကြောင်း ဒေသရဲတပ်ဖွဲ့က ဩဂုတ် ၁၃ ရက် မနက်ပိုင်းတွင် ပြောသည်။

နောက်ထပ် အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးဟု ယုံကြည်ရသည့် ခုနစ်ဦးမြောက် ခရီးသည်နှင့်ပတ်သက်ပြီး သတင်းမရရှိသေးပေ။

ထိုင်းတွင် ရေကြောင်းနှင့်ပတ်သက်ပြီး ညံ့ဖျင်းသည့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး မှတ်တမ်းတစ်ခု ရှိသည်။ ခရီးသွားအချက်အချာနေရာများတွင် မတော်တဆမှုများ ဖြစ်ပွားထားခဲ့ပြီး ၂၀၁၈ ခုနှစ်ကဆိုလျင် အပန်းဖြေကျွန်း ဖူးခက်အနီးတွင် စက်လှေနစ်မြုပ်၍ တရုတ်ခရီးသွား ၅၀ ဦးနီးပါး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့သည်။
👍10🔥2😢2❤1
​​မြိုင်မြို့ပေါ် တွင် ကင်းပတ်နေသည့် စစ်ကောင်စီတပ်သား ၃ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၂ လက် သိမ်ဆည်းရရှိ
====================

ပါခွီး
(မဇ္စျိမ) ။ ။ မကွေးတိုင်း ၊ မြိုင်မြို့ပေါ်တွင် ကင်းပတ်နေသော စစ်ကောင်စီတပ်သားများကို အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး သေနတ်နှစ်လက် သိမ်းဆည်းရခဲ့ ကြောင်း မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေးတပ်ဦး (MVRF) တပ်ဖွဲ့ထံက သိရသည်။

မြိုင်မြို့ပေါ် မြို့ပတ်လမ်းတွင် ဆိုင်ကယ်နှစ်စီးဖြင့် ကင်းပတ်ထွက်လာသော စစ်ကောင်စီတပ်သားသုံးဦးကို ဩဂုတ်လ ၁၂ရက် ည ၉နာရီ ၁၅မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ သူတို့လာမယ်ဆိုတာ ကြိုပြီးသတင်းရခဲ့တာပါ ။ သူတို့ကို မျက်ခြေမပြတ် စောင့်ကြည့်နေပြီး ရတဲ့အခွင့်အရေးကို အကောင်းဆုံးအသုံးချပြီး မြို့ထဲအထိ အခုလို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ” ဟု MVRF အုပ်ချုပ်ရေးတာဝန်ခံ ဦးအောင်ဇေယျ က မဇ္စျိမ ကိုပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ပြီး ၎င်းတို့ကိုင်ဆောင်သော MA1 တစ်လက်နှင့် MA4 တစ်လက်ကို သိမ်းဆည်းခဲ့ကာ ဆိုင်ကယ်တစ်စီးမီးရှို့ဖျက် ဆီးနိုင်ခဲ့ကြောင်းဆိုသည်။

မြိုင်မြို့တွင် စစ်ကောင်စီတပ် ၊ ရဲနှင့် ပျူစောထီးအင်အား ၈၀ခန့်ရှိပြီး အမက (၂) စာသင်ကျောင်းတွင် တပ်စွဲထားသည့် တပ်မှ လက်နက်ကြီးများဖြင့် အနီးဝန်းကျင်ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မြိုင်မြို့ကို ရိက္ခာများဖြတ်တောက်ရန်လုပ်ဆောင်လျက်ရှိပြီး အချို့ပြည်သူများမှာ ဆန်တပြည် ၁၀,၀၀၀ကျပ် ပေးဝယ်စားသောက်နေရကြောင်း ဦးအောင်ဇေယျက ဆက်လက်ပြောဆိုသည်။

တော်လှန်ရေးကာလကြာလာသည်နှင့်အမျှ ပြည်သူများပန်းလာကြသော်လည်း အားလျော့စိတ်ပျက်ခြင်းမရှိစေလိုကြောင်း စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး အတွက် ရသည့်နည်းလမ်းများဖြင့် အဆုံးတိုင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိပေးသည်ဟု MVRF ခေါင်းဆောင်က ပြောကြားခဲ့သည်။

ဇူလိုင်လ ၁၉ရက်နေ့က ခေတ်အဆက်ဆက်က ကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်းများကို လေးစားဂုဏ်ပြုသောအားဖြင့် MVRF နှင့် မဟာမိတ်များက မြိုင်မြို့ အခြေပြု ကပစ စက်ရုံကို တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မြိုင်မြို့ပေါ်
#MVRF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤7👏2😁2🥱1
​​Raaghu (2023)
============

Raaghu ဆိုတဲ့ ဒီဇာတ်ကားလေးကတော့ ထူးခြားတဲ့ ဇာတ်ကားတစ်ခုပါ။ ဘာလို့လဲဆိုရင် ဒီဇာတ်ကားတစ်ကားလုံးမှာ သရုပ်ဆောင်မင်းသား Vijay Raghavendra တစ်ယောက်တည်းသာ ပါဝင်ပြီး ကျန်တဲ့ သရုပ်ဆောင်တွေကတော့အသံနဲ့ပဲ ပါဝင်သရုပ်ဆောင်ထားတာပါ။

ဒီကားထဲမှာ ရာဂူးက ဆေးကုမ္ပဏီတစ်ခုက ဆေးဝါးတွေကို မှာယူသူအိမ်အရောက် လိုက်လံ ပို့ဆောင်ပေးရတဲ့ delivery man တစ်ဦးပါ။ နိုင်ငံထဲမှာ ကိုဗစ်ရောဂါကြောင့် lockdown အမိန့်မချခင်တနေ့မှာတော့ ရာဂူးဟာ သူ့ချစ်သူ ဂျန်နီနဲ့တွေ့ဖို့ ချိန်းထားခဲ့ပါတယ်။
ချိန်းထားတဲ့အချိန်ကျော်သွားပေမဲ့ ဂျန်နီရောက်မလာခဲ့ပဲ ရာဂူးဟာလည်း ချိန်းထားတဲ့ ဘားမှာမေ့လဲသွားပြီး သတိရတော့ အိမ်ပြန်ရောက်နေခဲ့တယ်။

ဂျန်နီရဲ့ဖုန်းကိုဆက်ကြည့်တော့ ဂျန်နီမဟုတ်တဲ့ သူစိမ်းတစ်ယောက်က ဖုန်းကိုင်ပြီး သူ့ရဲ့တရားမဝင်အလုပ်တွေကို လုပ်ပေးဖို့ ရာဂူးကို ခြိမ်းခြောက်ပါတော့တယ်။ ဂျန်နီ့ကို ဖမ်းထားတဲ့ သူစိမ်းရဲ့ သရုပ်မှန်က ဘာလဲ။

ရာဂူးမှာရော ဘယ်လို လျို့ဝှက်ချက်တွေ ရှိနေလဲ။ ဂျန်နီ့ကို ပြန်တွေ့ရဖို့ ဘယ်လို စွန့်စားခန်းတွေ လုပ်ရမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၁၃.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၁၄.၈.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍2🔥1