Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဥရောပတစ်ဝှမ်းရှိ ထိပ်တန်း မန်နေဂျာရာထူးသက်တမ်း ၁၆ လအောက်သာရှိကြောင်း Uefa ပြော
=========================

By PKThawn
ပြီးခဲ့တဲ့ ရာသီက ဥရောပရဲ့ ထိပ်တန်းလိဂ်တွေမှာ မန်နေဂျာတစ်ဦးရဲ့ ပျမ်းမျှရာထူးသက်တမ်းဟာ ၁၆ လအောက်သာရှိကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ် (Uefa)ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
၂၀၂၂-၂၃ အတွင်း ဥရောပတစ်ဝှမ်းရှိ ထိပ်တန်း ရာထူးကနေ ထုတ်ပယ်ခံရတာ ၇၃၅ ကြိမ်ရှိခဲ့ပြီး ဒါဟာ စံချိန်တင် ဒုတိယအများဆုံးဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ အမြဲတမ်းနည်းပြအဖြစ် စံချိန်တင် အပြောင်းအလဲ ၁၅ ကြိမ်ရှိခဲ့ပါတယ်။

အစီရင်ခံစာအရ ဥရောပတိုက်ကြီးတစ်ဝှမ်းရှိ ထိပ်တန်း မန်နေဂျာတွေအဖြစ် ထမ်းဆောင်နေတဲ့ ၁,၂၀၉ ဦးရဲ့ ၅ ရာခိုင်နှုန်း အောက်ဟာ သူတို့ရာထူးသက်တမ်းက ၅ နှစ် ဒါမှမဟုတ် ဒီထက်ပိုပါတယ်လို့ ဆိုပါတယ်။

၎င်းတို့ရဲ့ အကျယ်တဝင့် သုတေသနစာတမ်း 'European Club Talent and Competition Landscape' ထဲမှာ Uefa က ၂၀၂၂-၂၃ အတွင်း ဥရောပထိပ်တန်းလိဂ် ၄၈ ခုရှိ ပျမ်းမျှမန်နေဂျာရာထူးသက်တမ်းမှာ ၁.၃၁ နှစ်ဖြစ်ပြီး ၂၀၁၈ နောက်ပိုင်း အနိမ့်ဆုံး (၁.၃ နှစ်) ဖြစ်တယ်လို့ ပြောပါတယ်။

ဝေးလ်၊ မြောက်အိုင်ယာလန်နဲ့ အိုင်ယာလန်သမ္မတနိုင်ငံ အပါအဝင် ၆ နိုင်ငံသာ ပျမ်းမျှသက်တမ်းဟာ နှစ်နှစ်ထက်ကျော်လွန်ပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အနိမ့်ဆုံးပျမ်းမျှနှုန်းက ၂၀၁၆ မှာ ၁.၂၉ နှစ်ဖြစ်ပြီး ၂၀၁၃ မှာ ၁.၄၄ နှစ်ကနေ ကျဆင်းသွားကာ ဘောလုံးစီမံခန့်ခွဲမှုရဲ့ ပိုမိုမရေရာတဲ့ သဘောသဘာဝကို မီးမောင်းထိုးပြပါတယ်။
မန်နေဂျာ အပြောင်းအလဲ အများဆုံး ရာသီဟာ ၂၀၂၀-၂၁ ဖြစ်ခဲ့ပြီး မန်နေဂျာ ၇၆၃ ဦးကို ထုတ်ပယ် ခဲ့ပါ။ ဒါဟာ Covid-19 ကပ်ရောဂါမှာ နည်းပြ အပြောင်းအလဲတွေကို ရွှေ့ဆိုင်းပြီးနောက်ပိုင်းမှသာ ကလပ်တွေရဲ့ ထုတ်ပယ်တာတွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်လာတာကြောင့် ဖြစ်တယ်လို့ Uefa က ပြောပါတယ်။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ မန်နေဂျာစုစုပေါင်း ၄၁ ဦးရှိခဲ့ပြီး ကလပ် ၆ သင်းမှာ အဲဒီရာသီအတွင်း အနည်းဆုံးလိဂ်ပွဲတစ်ပွဲအတွက် မန်နေဂျာအဖြစ် ၃ ဦးက ကိုင်တွယ်ခဲ့ပါတယ်။ ချယ်လ်ဆီးနဲ့ လိဒ်ယူနိုက်တက်တို့ဟာ အဲဒီရာသီမှာ မတူညီတဲ့ မန်နေဂျာ လေးဦးစီ ရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ်အသင်းတွေရဲ့ ၅၅ ရာခိုင်နှုန်းဟာ မန်နေဂျာအပြောင်းအလဲပြုလုပ်တဲ့ ဥရောပလိဂ် 'ကြီး (၅)ကြီး'ရဲ့ အများဆုံးရာခိုင်နှုန်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်နောက်မှာ ပြင်သစ်နဲ့ စပိန်တို့က ၅၀ ရာခိုင်နှုန်း၊ ဂျာမနီ ၄၄ ရာခိုင်နှုန်းနဲ့ အီတလီက ၃၅ ရာခိုင်နှုန်းတို့ အသီးသီး ရပ်တည်ပါတယ်။

Caretaker ဒါမှမဟုတ် ယာယီနည်းပြတွေကို ခန့်အပ်ရာမှာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ မန်နေဂျာအပြောင်းအလဲ ၂၂ ကြိမ်ရှိခဲ့ပြီး ပြင်သစ်နဲ့အတူ 'ထိပ်ဆုံးလိဂ် ၅ခု'မှာ ပူးတွဲအမြင့်ဆုံးဖြစ်ပါတယ်။

၂၀၂၃-၂၄ ရာသီမှာ မန်နေဂျာ အပြောင်းအလဲ တစ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ကာ ဂျူလန် လိုပက်တီဂူဟာ ဩဂုတ်လမှာ ရာသီ မစတင်ခင် ဝုဖ်အသင်းကနေ နှုတ်ထွက်ကာ ဂယ်ရီ အိုနေးလ်နေရာမှာ အစားထိုးဝင်ရောက်ခဲ့ပါတယ်။

ကွင်းတွင်းတက်ရောက်ကြည့်ရှုသူတွေ ကပ်ရောဂါအပြီး ပြန်လည်ကောင်းမွန်လာမှုကို ထင်ဟပ် Uefa ရဲ့ အဆိုအရ ဥရောပတိုက်တစ်ဝှမ်းရှိ ကွင်းတွင်း တက်ရောက်ကြည့်ရှုသူတွေ (ကာကွယ်ဆေးထိုးပြီး ကျန်းမာရေးတိုးတက်လာတာနဲ့အမျှ)ဟာ ဘောလုံးလောကကို ကပ်ရောဂါဘေးကနေ ပြန်လည်ကောင်းမွန်လာစေဖို့ အလေးပေးထားပါတယ်။ ကပ်ရောဂါကာလမှာတော့ ဘောလုံးပွဲစဉ်အများစုကို ကွင်းပိတ်ကစားစေတာ မြင်ခဲ့ရကြမှာပါ။

၂၀၂၂-၂၃ ရာသီအတွင်း ထိပ်တန်းပွဲစဉ်တွေကို ပရိသတ် ၁၀၉ သန်း ကွင်းတွင်းတက်ရောက်ခဲ့ပြီး အောက်တန်းလိဂ်ပွဲစဉ်တွေနဲ့ ဖလားပြိုင်ပွဲတွေအပါအဝင် ၂၀၉ သန်းအထိ တိုးလာတယ်လို့ ဆိုပါတယ်။
ပရီးမီးယားလိဂ်ဟာ ၁၅.၃ သန်းနဲ့ ပရိသတ်ဝင်ရောက်ကြည့်ရှုမှု အများဆုံးလိဂ်ဖြစ်ပြီး ပွဲအနည်းငယ်သာရှိတဲ့ ဘွန်ဒက်လီဂါမှာ ပျမ်းမျှပွဲကြည့်ရှုသူ အများဆုံးဖြစ်ပါတယ်။ စကော့တလန် ပရီးမီးယားလိဂ်ဟာ ၃.၈ သန်းနဲ့ တက်ရောက်ကြည့်ရှုသူစာရင်းမှာ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။

အင်္ဂလိပ်ပိရမစ်ရဲ့ ကြံ့ခိုင်မှုကို အောက်တန်းလိဂ်ပွဲစဉ်တွေကို ပရိသတ်တက်ရောက်တဲ့ ကိန်းဂဏာန်းတွေက ပြသထားပါတယ်။ အင်္ဂလန်မှာ "အောက်တန်းအဆင့် ပရော်ဖက်ရှင်နယ်ပွဲစဉ်တွေ"လို့ သတ်မှတ်ခံရတဲ့ ပရိသတ်တက်ရောက်သူဦးရေ ၂၂.၅ သန်းရဲ့ ထက်ဝက်တောင်မှ ဂျာမနီမှာသာ ရှိပါတယ်။ စပိန်နဲ့င့် အီတလီတို့က ၈ သန်းအောက်မှာ တတိယနဲ့ စတုတ္ထအနေရာမှာ ရပ်တည်ပါတယ်။
ဘာစီလိုနာအသင်းဟာ သူတို့အိမ်ကွင်းပွဲစဉ်တွေကို တက်ရောက်ကြည့်ရှုသူ ၁.၅၉ သန်းနဲ့ အားပေးမှုအများဆုံးအသင်းဖြစ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်က ၁.၄ သန်းနဲ့ ဒုတိယဖြစ်ပါတယ်။

(BBC)
👍7🔥1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီက မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေး ပြန်တည်ဆောက်

Watch more detail - https://youtu.be/KTsWFFMaJdI

#စစ်ကောင်စီ #မြောက်ကိုရီးယား #VideoNews #shorts #reels
🤮6❤3😁2👍1🔥1
ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်အုပ်စုကို တိုက်ခိုက်မှု ၃ ဦးသေဆုံးဟုဆို
======================

လွှမ်းမိုး(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အထက်ပိုင်း၊မြွေပိုင်းတောင်အနီး ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီတပ်ရေယာဉ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သားသုံးဦးသေဆုံးခဲ့ကြောင်း ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) ထံမှ သိရသည်။

စစ်ကောင်စီတပ်ရေယာဉ်အုပ်စုကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၆ နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲသည် မိနစ် ၃၀ ခန့်ကြာခဲ့ကြောင်း KLG PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ AT ကပြောသည်။

“ စနိုက်ပါကို အဓိကထားပြီး အသုံးပြုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်နက်ကြီး တွေနဲ့လည်း ပွိုင့်နေရာ နှစ်ခုကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်း ကဆိုသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့ကြောင်း KLGက ထုတ်ပြန်သည်။

“ စစ်သားသေဆုံးမှုကို စနိုက်ပါ သမားလည်း မြင်လိုက်ရတဲ့အပြင် စစ်သားတွေသုံးတဲ့ ဆက်သွယ်ရေး အိုင်ကွန်တွေက ကျနော်တို့ဆီလိုင်းတွေလာပူးပြီး သေဆုံးကြောင်းကို အတည်ပြုနိုင်ခဲ့တယ်” ဟု
AT ကပြောသည်။

တိုက်ပွဲကို KLG PDF ၏ ယင်းမာပင်ခရိုင် တပ်ရင်း၂၁၊၂၂၊၂၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးရဲဘော်များအထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ရေယာဉ်အုပ်စုတွင် သင်္ဘောခြောက်စီးပါဝင်ပြီး ယနေ့စက်တင်ဘာ၁၄ရက်တွင် ကလေးဝမြို့သို့ ရောက်ရှိသွားပြီဟု သိရသည်။ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်းမြို့ဘက်မှ စုန်ဆင်းလာသည့် ကျောက်စိမ်းနှင့် ကျောက်မီးသွေးမော်တော်ယာဉ်များကို လုံခြုံရေးယူပေးရန် အထက်သို့ ဆန်တက်နေခြင်းဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ဟုမ္မလင်းမှ စုန်ဆင်းလာသည့် ရေယာဉ်အုပ်စုမှာလည်း ယနေ့ နံနက်တွင် မော်လိုက်မြို့၊ ကြာအင်းရွာသို့ ရောက်ရှိနေပြီဟု သိရသည်။ မြစ်ကမ်းဘေးဒေသမှ ပြည်သူများ သတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။

https://youtu.be/gSPHji4nBd4?si=IEqEiJYJKE2Ym176

စာတည်း - အေးချမ်း

#mizzima
#ချင်းတွင်းမြစ်ကြောင်း
#စစ်ကောင်စီတပ်ရေယာဉ်အုပ်စု
#KLG PDF
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11👏2😁1
စစ်ကောင်စီက မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေးပြန်တည်ဆောက်
=======================

မြန်မာ့အာဏာသိမ်းစစ်ကောင်စီက တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို မြောက်ကိုရီးယားဆိုင်ရာ မြန်မာသံအမတ် ပူးတွဲခန့်အပ်ကြောင်း စက်တင်ဘာလ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါသတင်းထုတ်ပြန်ချက်မှာ စစ်ကောင်စီအနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရတဲ့ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေကို ၎င်းရဲ့ လက်ရှိတာဝန်ဝတ္တရားများအပြင် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရတဲ့ သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်လိုက်ပြီးဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ရုရှားနိုင်ငံကို မြောက်ကိုရီးယားခေါင်းဆောင် သွားရောက်နေချိန်မှာပဲ စစ်ကောင်စီက အခုလို သံအမတ်ခန့်အပ်လိုက်တာဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံတွေအလယ်မှာ တစ်နေ့တခြား အထီးကျန်ဖြစ်လာနေတဲ့ မြန်မာစစ်ကောင်စီဟာ အရင်စစ်အစိုးရ တွေလက်ထက်က ပူးပေါင်းဆက်ဆံရေး တိုးချဲ့ခဲ့တဲ့ မြောက်ကိုရီးယားနဲ့ တိတ်တဆိတ် ပြန်လည် ဆက်သွယ် နေတယ်ဆိုတဲ့ သတင်းတွေလည်း ပြီးခဲ့တဲ့နှစ်တည်းက ထွက်ပေါ်လာခဲ့တာပါ။

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ရုရှား ခေါင်းဆောင်တွေ့ဆုံနေချိန်မှာ ဒီလိုလုပ်တာဟာ မြောက်ကိုရီးယားက ရုရှားကိုကူသလို သူတို့ကိုလည်း ကူနိုင်မလားလို့ စစ်ခေါင်းဆောင်က တွေးဆနေပုံရတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ရှုမြင်ကြပါတယ်။
မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချနေတဲ့ နိုင်ငံတွေထဲမှာ ရုရှားနဲ့ ယူကရိန်းပါဝင်နေပါတယ်။

ဒါပေမဲ့ ယူကရိန်းကို လက်ရှိကူညီနေတဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုဟာ မြန်မာစစ်ကောင်စီကို ဆန့်ကျင်နေတဲ့အတွက် ယူကရိန်းအနေနဲ့ စစ်ကောင်စီကို လက်နက်တွေထပ်မံရောင်းချတော့မှာ မဟုတ်ပါဘူး။

ဒါကြောင့် စစ်ကောင်စီဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးတိုးချဲ့နေတာဖြစ်နိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။
၁၉၈၃ အောက်တိုဘာမှာ မြန်မာပြည်ကို တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှမ် လာတဲ့ ခရီးစဉ်မှာတော့ မြောက်ကိုရီးယားရဲ့ ဗုံးကွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တောင်ကိုရီးယား အစိုးရ ဝန်ကြီးတွေနဲ့ မြန်မာတချို့ သေဆုံးခဲ့ရပါတယ်။

ဒီဖြစ်ရပ်အပြီး မြောက်ကိုရီးယားနဲ့သံတမန်အဆက်အသွယ် ပြတ်တောက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ၁၉၈၈ နောက်ပိုင်း မြန်မာပြည်မှာ စစ်အာဏာသိမ်းမှု ထပ်ဖြစ်ပြီး စစ်အင်အားတိုးချဲ့ချိန်မှာတော့ မြောက်ကိုရီးယားဆီက လက်နက်ဝယ်ယူတာတွေ ရှိလာခဲ့တယ်လို့ စစ်ရေးသုတေသီတွေက ယူဆပါတယ်။

အဲဒီနောက် ၂၀၀၇ ခုနှစ် ဦးသန်းရွှေရဲ့ စစ်အစိုးရလက်ထက်မှာ မြောက်ကိုရီးယားနဲ့ သံတမန် ဆက်ဆံရေးပြန်လည်တည်ဆောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာတော့ နျူကလီးယားလက်နက်တားမြစ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုနဲ့အညီ နျူကလီးယားလက်နက်ကိုင်ဆောင်ထားတဲ့ မြောက်ကိုရီးယားနဲ့ သံတမန်ရေးထပ်မံဖြတ်တောက်လိုက်ပါတယ်။

စစ်ကောင်စီဟာ ပိတ်ဆို့အရေးယူမှုတွေကြောင့် စစ်လက်နက်နဲ့ လေယာဉ်ဆီကို တရုတ်ယွမ်ငွေအသုံးပြုပြီး မြောက်ကိုရီးယားကတဆင့် ဝယ်ယူနိုင်ဖို့ မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေး တိုးမြှင့်တာ ဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ) တွေကနေ လက်နက်ကြီးတွေနဲ့ လေယာဉ်ပေါ်ကပစ်ခတ်နိုင်တဲ့ လက်နက်တွေကို ထုတ်လုပ်နေရာမှာ တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေက စက်ရုံတွေမှာ နေထိုင်ကူညီနေတယ်လို့ ကပစမှာ ခြောက်နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM ဗိုလ်ကြီးဝင်းနိုင်စိုး က အင်တာဗျူးတစ်ခုအတွင်း ပြောကြားထားပါတယ်။

https://youtu.be/KTsWFFMaJdI?si=bYnkVu-svyEKKXO2

#Political News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🤮7❤2🔥1🖕1
​​ဖိလစ်ပိုင်တွင် စစ်စခန်းများ ပိုမို ထားရှိရေး အမေရိကန် စဉ်းစား
=====================

Reuters

နှစ်နိုင်ငံကြားက ကာကွယ်ရေး ပူးတွဲသဘောတူညီချက်အရ ဖိလစ်ပိုင်တွင် စစ်အခြေစိုက်စခန်းများ ပို၍ ထားရှိရေးကို အမေရိကန်အနေဖြင့် ကြိုးပမ်းသွားဖွယ် ရှိသည်ဟု အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဒေသအကြီးအကဲက ကြာသပတေးနေ့တွင် ပြောသည်။

ဖိလစ်ပိုင်တွင် အမေရိကန်စစ်တပ်များ အသုံးပြုခွင့်ရသော စစ်စခန်း အရေအတွက်သည် ငါးခုမှ ကိုးခုအထိ ယခုနှစ်အတွင်း တိုးများလာပြီး ယင်းအရေးသည် ဒေသတွင်း အင်အားကြီး တရုတ်အတွက် စိတ်ဆိုးဒေါသထွက်စရာ ဖြစ်စေသည်။ အဆိုပါ ကာကွယ်ရေး ပူးတွဲသဘောတူညီချက်ကိုလည်း ရန်စခြင်း လုပ်ရပ်နှင့် တင်းမာမှုများကို အရှိန်မြှင့်တက်စေမည့်အရာအဖြစ် တရုတ်က ရှုမြင်ထားသည်။

ရေတပ်ဦးစီးချုပ် အကွီလီနိုက သူ့နှင့် ဖိလစ်ပိုင် စစ်ဦးစီးချုပ် ရိုမီယို ဘရောနာတို့သည် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူညီချက် EDCA ‌‌အောက်၌ အမေရိကန် တပ်ဖွဲ့ဝင်များ အသုံးပြုနိုင်မည့် စစ်စခန်းအရေအတွက် တိုးချဲ့ထားရှိရေးကို ဆွေးနွေးခဲ့ကြကြောင်း ပြောသည်။

“ဗိုလ်ချုပ်ကြီး ဘရောနာနဲ့ ကျွန်တော်တို့ဟာ ထပ်တိုးစခန်းတွေ ထားရှိရေးကို စဉ်းစားသုံးသပ်ဖို့ အထက်အကြီးအကဲတွေကို တင်ပြခဲ့တယ်၊ ဒါပေမဲ့ ဒါဟာ လုပ်ကိုင်ဆောင်ရွက်နေဆဲ ရှိပါတယ်”ဟု အကွီလီနိုက ပြောပြီး ဖိလစ်ပိုင်၏ ဖိတ်ခေါ်မှုဖြင့်သာ အမေရိကန်က ယင်းနိုင်ငံတွင် ရှိနေခြင်းဖြစ်သည်ဟု အလေးအနက်ထား ပြောသည်။

အမေရိကန်နှင့် ဖိလစ်ပိုင်တို့၏ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်အတွက် အမေရိကန်က ဒေသတွင်း စစ်ရေးတည်ရှိမှုကို မြှင့်တင်ရာ၌ ထိုင်ဝမ်ကို ရှေ့ရှုလုပ်ဆောင်နေခြင်း ဖြစ်သည်ဟု စိုးရိမ်ပူပန်မှုများ ဖြစ်ပွားပေါ်ပေါက်စေသည်။

ရှိရင်းစွဲ မဟာမိတ်ပြုမှု ပို၍ အားကောင်းရန်နှင့် ဖိလစ်ပိုင်၏ စစ်စွမ်းရည် တိုးတက်ကောင်းမွန်ရန် ရည်ရွယ်ကြောင်း အမေရိကန်က ပြောသည်။

EDCA ၏ ရည်ရွယ်ချက်သည် စစ်သင်တန်းများ လေ့ကျင့်ရန်၊ လူသားချင်း စာနာထောက်ထားရေးနှင့် သဘာဝဘေး တုံ့ပြန်ရေးတို့အတွက် ဖြစ်ပြီး နှစ်နိုင်ငံကြား ဆယ်စုနှစ်ကြာ မဟာမိတ်၏ အဓိက ရပ်တည်ချက်ဖြစ်ကာ ဒေသတွင် လုံခြုံရေး ခြိမ်းခြောက်မှုနှင့် မသက်ဆိုင်ကြောင်း ဘရောနာက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1🍓1
Media is too big
VIEW IN TELEGRAM
ရွေးကောက်ပွဲမှာ ကူညီပေးဖို့ ရုရှားနဲ့ စစ်ကောင်စီတို့ သဘောတူညီခဲ့ကြ

Watch more detail - https://youtu.be/5tLuN3iuflM

#စစ်ကောင်စီ #ရွေးကောက်ပွဲ #VideoNews #shorts #reels
😁10❤1🤮1🌚1
​​အမျိုးသား အာရှဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် အမျိုးသမီးဒိုင်လူကြီး အသုံးပြုမည်
=====================

By PKThawn
ကာတာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပမယ့် လာမယ့်နှစ် အမျိုးသား အာရှဖလားပြိုင်ပွဲအတွက် ဂျပန်ကွင်းလယ်ဒိုင် ယိုရှီမီ ယာမာရှီတာ အပါအဝင် အမျိုးသမီး ဒိုင်လူကြီးတွေဟာ တာဝန်ယူဆောင်ရွက်မှာဖြစ်ကြောင်း တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ပြောပါတယ်။

ကာတာမှာ ၂၀၂၂ အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ရွေးချယ်ခံခဲ့ရတဲ့ ယာမာရှီတာဟာ ဇန်နဝါရီမှ ဖေဖော်ဝါရီအတွင်း ဒေသတွင်းချန်ပီယံရှစ်ပြိုင်ပွဲအတွက် တခြားအမျိုးသမီး ဒိုင်လေးဦးနဲ့အတူ ရွေးချယ်ခံခဲ့ရတာပါ။

"အာရှရဲ့ ဂုဏ်သိက္ခာအရှိဆုံး လက်ရွေးစင်အမျိုးသားအသင်းပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီး ပွဲတာဝန်ရှိသူတွေက သူတို့ရဲ့ ပထမဆုံးကိုင်တွယ်ဖို့ စီစဉ်နေပါတယ်"လို့ အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဗီဒီယိုအကူဒိုင်(VAR) စနစ်ဟာ ပြိုင်ပွဲမှာ ၎င်းကို "ပထမဆုံး အပြည့်အဝ"တာဝန်ယူသွားမှာဖြစ်ကြောင်း AFC က ပြောပါတယ်။
အာရှဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် အသင်းပေါင်း ၂၄ သင်းပါဝင်မှဖြစ်ပြီး အိမ်ရှင် ကာတာအသင်းက လက်ရှိချန်ပီယံဖြစ်ပါတယ်။

ကာတာ ကမ္ဘာ့ဖလားမှာ နောက်ဆုံးရှုံးထွက် ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ပြီးနောက် ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာလည်း ရေပန်းအစားဆုံးအသင်းတွေထဲမှာ ပါဝင်ပါလိမ့်မယ်။
အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲကို လာမယ့်နှစ်မှာ စတင်ကျင်းပမှာဖြစ်ကြောင်း AFC က ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။

(AFP)
Photo: EPA

#Womenreferee #AsianCup
👍11🔥1
ရွေးကောက်ပွဲမှာကူညီပေးဖို့ ရုရှားနဲ့ စစ်ကောင်စီတို့ သဘောတူညီခဲ့ကြ
====================

မြန်မာနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်နဲ့ ရုရှား ရွေးကောက်ပွဲ ကော်မရှင်တို့ကြား လက်မှတ်ရေးထိုးလိုက်ပါတယ်။
စက်တင်ဘာလ ၆ ရက်ကနေ ၁၂ ရက်နေ့အထိ ရုရှားကိုသွားရောက်ခဲ့တဲ့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ရဲ့ခရီးစဉ်အတွင်းလက်မှတ်ထိုးလိုက်ကြတာလို့စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။

မြန်မာစစ်ကောင်စီအပေါ် လက်နက်နဲ့ သံတမန်ရေးအရ ထောက်ပံ့နေတဲ့ ရုရှားနိုင်ငံအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပံ့ပိုးလာနိုင်ခြေ နောက်ထပ် ခြေလှမ်းတခု ပြင်ဆင်လာတာဆိုပြီး ဒေသတွင်း အကဲခတ်တွေ ရှုမြင်ထားကြပါတယ်။
မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းတွေ နဲ့ ရွေးကောက်ပွဲမှာ နည်းပညာအကူအညီ ရဖို့ ရုရှားနဲ့ လက်မှတ်ထိုးတာလို့ စစ်ကောင်စီရဲ့သတင်းမှာဆိုထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ၂၀၂၄ ခုနှစ်မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ပြီးရင် ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ စက်တင်ဘာလ ၉ ရက်က ပြောကြားလာပါတယ်။

ဒါကြောင့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိတယ်လို့ ပြည်တွင်းနိုင်ငံရေး ပါတီတွေက ခန့်မှန်း ပြောဆိုနေပါတယ်။
မဲပေးရာမှာလည်း မဲပြားပေါ်မှာ အမှန်ခြစ်ပြီး ဆန္ဒမဲ ပေးရတဲ့ ရိုးရှင်းတဲ့ စနစ်မသုံးဘဲ အီလက်ထရောနစ် စနစ်ပြောင်းသုံးဖို့စစ်ကောင်စီက စီစဉ်ထားပါတယ်။

ရုရှားနိုင်ငံမှာ ၂၀၂၄ ခုနှစ် မတ်လ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတဲ့အတွက် မြန်မာနိုင်ငံက ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်တဲ့ အဖွဲ့ကို လာရောက် လေ့လာဖို့ ဖိတ်ကြားခဲ့တယ်လို့လည်းသိရပါတယ်။

ရုရှားနိုင်ငံမှာ အတိုက်ခံတွေ ပြည်ပမှာရောက်နေသလို ထောင်ချခံထားနေရတဲ့အချိန် ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပြီး ရွေးကောက်ပွဲဟာ လက်ရှိ သမ္မတ ပူတင်ကိုပဲ အနည်းဆုံး ၂၀၃၀ ခုနှစ်အထိ အာဏာအပ်နှင်းမယ့် ရွေးကောက်ပွဲအဖြစ် လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ရုရှားနဲ့ မြန်မာ နှစ်နိုင်ငံ ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တဲ့အကြောင်း လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုထားကြပါတယ်။

မြန်မာနိုင်ငံမှာလည်းစစ်ကောင်စီ ရွေးကောက်ပွဲကျင်းပမယ့်အစီအစဉ်ကို NUG နဲ့ တော်လှန်ရေးအင်အားစု တွေအပြင် လက်ရှိမှာ စစ်ကောင်စီကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း လက်မခံဘဲ ဆန့်ကျင်ကြဖို့ တရားဝင်ပြောဆိုထားကြပါတယ်။

https://youtu.be/5tLuN3iuflM?si=_RxWgtXX7RoM1FDw

#politicalnews
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍6😁4🤮4❤3
​​ဓာတ်ရောင်ခြည် ထုတ်လွှတ်မှုလယ်ဗယ် မြင့်မားမှုကြောင့် iPhone 12 ရောင်းချမှုကို ရပ်ဆိုင်းရန် ပြင်သစ် ညွှန်ကြား
===================

ဘီဘီစီ
လျှပ်စစ်သံလိုက် ဓာတ်ရောင်ခြည် လွန်ကဲစွာ ထုတ်လွှတ်ခြင်းကြောင့် iPhone 12 ရောင်းချမှုကို ရပ်ဆိုင်းထားရန် နာမည်ကျော် Apple ကုမ္ပဏီကို ပြင်သစ်က ညွှန်ကြားထားသည်။
ထို့ပြင် လက်ရှိ ရှိရင်းစွဲ ဖုန်းများကို ပြုပြင်သွားရန် ရေဒီယိုကြိမ်နှုန်းများကို စီမံခန့်ခွဲသည့် ပြင်သစ် စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်း (ANFR) က အမေရိကန်နည်းပညာကုမ္ပဏီကြီးကို စက်တင်ဘာ ၁၂ ရက်တွင် ပြောသည်။

Apple ကုမ္ပဏီအနေဖြင့် အကယ်၍ ဆော့ဝဲ အဆင့်မြှင့်တင်မှုတခုဖြင့် ယခုကိစ္စကို မဖြေရှင်းနိုင်ဘူးဆိုပါက ယင်းအနေဖြင့် ပြင်သစ်နိုင်ငံတွင် ရောင်းချထားသည့် iPhone 12 ဖုန်းအားလုံးကို ပြန်သိမ်းရလိမ့်မည် ဖြစ်သည်ဟု ANFR က ပြောသည်။

သို့သော် ဤမတိုင်မီက မိုဘိုင်းဖုန်းများမှ ထုတ်လွှတ်သည့် ဓာတ်ရောင်ခြည်ဖြာမှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို ဖြေသိမ့်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြိုးပမ်းထားခဲ့သည်။
လယ်ဗယ်နိမ့် လျှပ်စစ်သံလိုက် စက်ကွင်းများနှင့် ထိတွေ့ခြင်းက လူကို အန္တရာယ်ဖြစ်စေသည် ဆိုပြီး ကောက်ချက်ချရန် သက်သ အထောက်အထား မရှိဟု WHO က ယင်း၏ ဝက်ဘ်ဆိုဒ်တွင် ပြောသည်။

iPhone 12 သည် ၂၀၂၀ စက်တင်ဘာလတွင် ပထမဆုံး ထွက်ရှိခဲ့ပြီး ယင်းကို ကမ္ဘာတဝန်း ရောင်းချနေဆဲဖြစ်သည်။
ကုမ္ပဏီအနေဖြင့် ANFR ၏ သုံးသပ်ချက်အပေါ် ခုခံပြောဆိုထားပြီး iPhone 12 သည် သက်ဆိုင်ရာ စည်းမျဉ်းအားလုံးနှင့် ညီညွတ်ကြောင်း ပြသသည့် ကုမ္ပဏီကိုယ်တိုင်နှင့် third parties (တတိယအဖွဲ့အစည်းများ) လုပ်ဆောင်ထားသော ဓာတ်ခွဲခန်း ရလဒ်များကို ANFR ထံ ပေးအပ်ထားကြောင်း Apple က ဘီဘီစီကို ပြောသည်။
iPhone 12 သည် ကမ္ဘာတဝန်း ဓာတ်ရောင်ခြည် ဖြာထွက်မှု လယ်ဗယ်များဆိုင်ရာ စည်းမျဉ်းများနှင့် ကိုက်ညီသည်ဟု အသိအမှတ်ပြုခံထားရကြောင်း အမေရိကန်ကုမ္ပဏီက ပြောသည်။

ဓာတ်ရောင်ခြည် ထုတ်လွှတ်မှု လယ်ဗယ်များက လက်ခံနိုင်သည့် သတ်မှတ်အဆင့်ထက် ကျော်လွန်နေခြင်းကြောင့် ယခုဆုံးဖြတ်ချက် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း ပြင်သစ်၏ ဒစ်ဂျစ်တယ်ရေးရာ ဝန်ကြီး ယန်း-နိုအယ်လ် ဘားရော့တ်က ပြင်သစ်သတင်းစာ Le Parisien ကို ပြောသည်။

iPhone 12 ၏ တိကျသည့် စုပ်ယူမှုနှုန်း (SAR) သည် တရားဝင် ခွင့်ပြုထားသည်ထက် ကျော်လွန်နေကြောင်းကို ANFR က တွေ့ရှိခဲ့သည်ဟု ၎င်းက ပြောသည်။

“အက်ပဲလ် ကုမ္ပဏီဘက်က နှစ်ပတ်အတွင်း ပြန်လည် ဖြေရှင်းလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။
“သူတို့ အဲဒီလိုမှ မလုပ်နိုင်ရင်တော့ ဒီမှာ ဖြန့်ထားတဲ့ iPhone 12 ဖုန်းအားလုံးကို ပြန်သိမ်းဖို့ အမိန့်ထုတ်ဖို့ ပြင်ဆင်ထားပါတယ်။ စည်းမျဉ်းစည်းကမ်းကတော့ ဒစ်ဂျစ်တယ်လုပ်ငန်းကြီးတွေအပါအဝင် အားလုံးအတွက် အတူတူပဲဖြစ်တယ်” ဟု ၎င်းက ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1
စစ်ကောင်စီဦးဆောင်တဲ့ အာဆီယံလေတပ်ညီလာခံကို အဖွဲ့ဝင် ၅ နိုင်ငံသာတက်ရောက် |Business Round Up(14.9.2023)
===================

- စစ်ကောင်စီဦးဆောင်တဲ့ အာဆီယံလေတပ်ညီလာခံကို အဖွဲ့ဝင် ၅ နိုင်ငံသာတက်ရောက်

- မြန်မာဘဏ်နှစ်ခုကို ဒဏ်ခတ်အရေးယူဖို့ ဩစတေးလျအစိုးရကို ရှောင်တာနယ် တိုက်တွန်း

- တရုတ်နဲ့ အိန္ဒိယ ခရီးသွားတွေကို စစ်ကောင်စီက ဆိုက်ရောက်ဗီဇာဖြင့် လည်ပတ်ခွင့်ပြု

- ဗီယက်နမ်က ကမ်းလှမ်းထားတဲ့ မြန်မာ့ သကြားတန်ချိန် ၁ သောင်း လာမယ့်နှစ် တင်ပို့ရန် စီစဉ်ထား

https://youtu.be/sVxqIb0CE0I?si=cuG-Ox_Nmtf4L-r0

#BusinessRoundUp
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🤮3🍌2
စက်တင်ဘာလ (၁၄)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

01:00 - ရွေးကောက်ပွဲမှာကူညီပေးဖို့ ရုရှားနဲ့ စစ်ကောင်စီတို့ သဘောတူညီခဲ့ကြတဲ့သတင်း

03:14 - ရာထူးတိုးဖြေပြီး မိဘနေအိမ်ကို ခေတ္တပြန်လာတဲ့ ရဲအုပ် ပစ်သတ်ခံရတဲ့သတင်း

04:12 - ရေးမှာ စစ်ကောင်စီတပ်စခန်း ၂ ခုတိုက်ခိုက်ခံရမှု ဒုဗိုလ်နဲ့ စစ်ကောင်စီတပ်သားရဲ့ ဇနီး အပါအဝင် ၄ ဦး သေဆုံးတဲ့သတင်း

06:22 - လားရှိုးမှာ မိုးကြီးပြီး အုတ်တံတိုင်းပြိုကျလို လူသေဆုံးတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/acnQK80jfTw?si=vSfiyIVh9YK18kl7

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🤮1
ရေစကြိုတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်မှု ၄ ဦး ဒဏ်ရာရ
===================

MTO (မဇ္ဈိမ)။ ။မကွေးတိုင်း ရေစကြိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲပြီးနောက် ဒရုန်းဖြင့် ဗုံးသီချတိုက်ခိုက်ခဲ့ရာ လေးဦး အပြင်းအထန်ဒဏ်ရာရရှိ သွားကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၁၃ ရက်နေ့က စစ်ကောင်စီတပ် ခလရ(၂၅၆)နှင့် ရေစကြိုမြို့ပေါ်မှ ပူးပေါင်းအင်အား ၅၀ ခန့်ကို ရေစကြိုမြို့နယ် ညောင်စောက်ကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြိုပကဖမှ တာဝန်ရှိသူတဦးက ပြောသည်။

“ ရေစကြိုမြို့အနောက်ဖက်ကို အင်အား ၅၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ညောင်စောက်နဲ့ မဲကုန်းရွာကြားမှာ မိုင်းလေးလုံးဆွဲတိုက်ခိုက်ပြီးနောက် ဒရုန်းနဲ့ အီနာဂါနှစ်လုံးချတိုက်ခိုက်ခဲ့တယ်။ တိုက် ခိုက်မှုကြောင့် သူတို့ဘက်က လေးဦး အပြင်းအထန်ဒဏ်ရာရတယ်လို့ သိရတယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းက ပြန်လည်ပစ်ခတ်ခဲ့ရာတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ သော်လည်း ဒရုန်းတစီးဆုံးရှုံးခဲ့ရကြောင်း ရေစကြိုပကဖတာဝန်ရှိသူက ပြောသည်။

“ကာလတန်ဖိုး သိန်း ၁၀၀ ကျော်ရှိတဲ့ Mavic 3 ဒရုန်းတစီးဆုံးရှုံသွားတယ်။ Drone Shooter နဲ့ ပစ်ချသွား တာ ဒရုန်နဲ့ချတဲ့မှတ်တမ်းယူထားပေမယ့် ပျက်ကျသွားလို့ မရတော့ဘူး” ဟု ဆိုသည်။

တိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်သည် ရေစကြိုမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားပြီး ဒဏ်ရာရရှိ သူများကို ဆေးရုံတွင် ဆေးကုသပေးနေကြောင်းလည်း ၎င်းကပြောသည်။

လတ်တလောတွင် စစ်ကောင်စီတပ်သည် ရေစကြိုမြို့ပေါ်ရှိ ၎င်းတို့တပ်စွဲထားရာနေရာများနှင့် မြို့ အဝင်၊ အထွက် စစ်ဆေးရေးဂိတ်များတွင်သာရှိနေပြီး ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်းမျိုး မရှိသေးကြောင်း ရေစကြိုပကဖထံမှ သိရသည်။

https://youtu.be/4agT46NkToY?si=hvlYe1wRIUpPXZvN

စာတည်း။ ။စောဖေ

#မကွေးတိုင်း
#ရေစကြိုမြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13🔥1
ကချင်ဒေသတွင်း စစ်မျက်နှာ လှည့်ကြည့်ခြင်း
👍8🔥1
ကချင်ဒေသတွင်း စစ်မျက်နှာ လှည့်ကြည့်ခြင်း
===================

အဂမ်
ကချင်ဒေသမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ သြဇာအာဏာကို ကိုင်လှုပ်နေတဲ့ အင်အားစုတခုကတော့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO ) ပဲဖြစ်ပါတယ်။ KIO ရဲ့ တိုက်ခိုက်ရေးတပ်ဖြစ်တဲ့ ကချင်လွှတ်မြောက်ရေးတပ်မတော် (KIA) ဟာ စစ်ကောင်စီတပ်အတွက် ခပ်သေးသေး အင်အားစုတခုတော့ မဟုတ်ပါဘူး။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ အရပ်သားအစိုးရထံက စစ်တပ် တခါ ပြန်ပြီးအာဏာသိမ်းခဲ့ပါတယ်။ စစ်တပ်ကို နှစ်ပေါင်း ၆၀ ကျော် တော်လှန်ခဲ့တဲ့ KIO ဟာ အာဏာသိမ်းမှုအပေါ် ပြတ်ပြတ်သားသားဆန့်ကျင်ခဲ့ပါတယ်။ KIO ဟာ ကချင်ပြည်နယ်အတွင်းက ဆန္ဒပြပြည်သူတွေကို စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့မယ်ဆိုရင် လက်တုံ့ပြန်မယ်လို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းက ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့(PCG) ကနေ တဆင့် အစောဆုံး သတိပေးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့လည်း ဖြစ်ပါတယ်။ သတိပေးပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့မှာ မြစ်ကြီးနားဆန္ဒပြပြည်သူတွေထဲက အရပ်သား နှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။ အဲ့ဒီလိုသေဆုံးပြီး သုံးရက်အကြာ မတ်လ ၁၁ ရက်မှာ ဖားကန့်က စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းစစ်တပ်ကုန်း စခန်းတခုကို သိမ်းပိုက်တိုက်ခိုက်ခြင်းနဲ့ KIA ဟာ စစ်မျက်နှာ စဖွင့်ခဲ့ပါတယ်။ မဇ္ဈိမရဲ့ လေ့လာတွေ့ရှိချက်အရ စစ်ကောင်စီအာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်ဟာ (အနန့်ပါ ဖြစ်ရပ်ကလွဲလို့) KIA ကို ထိထိရောက်ရောက် တိုက်ခိုက်ထိုးစစ်ဆင်နိုင်ခဲ့တာမရှိပါဘူး။
နွေဦးတော်လှန်ရေးလို့ အများက တင်စားခေါ်ဝေါ်ကြတဲ့ စစ်အာဏာရှင်ကို တော်လှန်တိုက်ထုတ်မှုမှာလည်း KIA ဟာ စစ်ကောင်စီတပ်ကို ဆန့်ကျင်အံတု တိုက်ပွဲဝင်မယ့်သူတွေကို စစ်ရေးလေ့ကျင့်ပေးတာ၊ လက်နက်ခဲယမ်းတပ်ဆင်ပေးတာ၊ ထောက်ပို့ပေးတာ၊ စစ်ရေးအရ အကြံပေးတာနဲ့ ကူညီကွပ်ကဲမှုတွေကို ပါဝင်ဆောင်ရွက်နေပါတယ်။

စစ်အာဏာသိမ်းပြီး သုံးနှစ်တာကာလကို ရောက်ရှိလာချိန် ပြီးခဲ့တဲ့ မေလအတွင်းကစပြီး ကချင်ဒေသမှာ စစ်မီးတွေ ပိုမိုကျယ်ပြန့်လာပါတယ်။ မေလကနေ စက်တင်ဘာလ အထိ KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေက ကချင်ဒေသတွင်း နေရာအနှံ့မှာ ဖြစ်ပွားနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ တိုင်းနဲ့ ပြည်နယ်အလိုက် စစ် ဖြစ်ပွားမှုအကြိမ်အရေအတွက်အရ ၂၀၂၁ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၂ ခုနှစ် သြဂုတ်လ လကုန်အထိ တနှစ်တာအတွင်း ကချင်ပြည်နယ်မှာ စစ်ပွဲအကြိမ်ရေ ၂၄၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ ၂၀၂၃ ခုနှစ် သြဂုတ်လအကုန်ထိ ၂၆၈ ကြိမ်ခန့် စစ်ပွဲဖြစ်ပွားထားပါတယ်။ အဲ့ဒီစာရင်းအရဆိုရင် အခု နွေဦးတော်လှန်ရေးကာလအတွင်း ကချင်ပြည်နယ်မှာ တိုက်ပွဲပေါင်း ၅၀၀ ကျော်ဖြစ်ပွားခဲ့တဲ့ သဘောပါ။

လက်ရှိမှာ KIA ရဲ့ တပ်ဖွဲ့တွေကတော့ ကချင်ပြည်နယ်ရဲ့ နယ်မြေအနေအထားကို အသုံးချပြီး စစ်ကောင်စီတပ်ရဲ့ စစ်ရေးလမ်းကြောင်း၊ ထောက်ပို့ကူညီရေး လမ်းကြောင်းနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ဖြတ်တောက်လှုပ်ရှားလျက်ရှိနေပါတယ်။
ရွှေကူ စစ်မျက်နှာ ဒီစစ်မျက်နှာက ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့ နယ်မြေချင်း ထိစပ်နေတဲ့ ကချင်ဒေသတွင်းက စစ်မျက်နှာတခုပါ ။ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ဒီစစ်မျက်နှာက ကချင်ဒေသတွင်းမှာ အပြင်းထန်ဆုံးစစ်မျက်နှာ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

နိုင်ငံရေးသုတေသီတွေရဲ့ ခန့်မှန်းထားတဲ့အတိုင်းလည်း လက်ရှိမှာ စစ်ရေးပြင်းထန်နေဆဲ ဒေသဖြစ်ပါတယ်။

" ဒီစစ်မျက်နှာက စစ်တပ်အတွက် ကချင်ဒေသတွင်းမှာ KIA ကို ကုန်းကြောင်းရော၊ ရေကြောင်းရော နောက်ပြီး လေကြောင်းနဲ့ပါ တိုက်ခိုက်လို့ရတဲ့ တစ်ခုတည်းသော စစ်မျက်နှာလေ။ နောက်ပြီး စစ်ကိုင်တိုင်းဘက်က စစ်မျက်နှာကို ထိန်းချုပ်ဖို့ဆိုရင် မန္တလေး - ဗန်းမော် - လွယ်ဂျယ် (တရုတ်နယ်စပ်)လမ်းဖြတ်သန်းသွားတဲ့ ဒီရွှေကူမြို့က စစ်ရေးဗျုဟာအရ အရေးပါ လာနေရတာပဲ” ဟု နိုင်ငံရေးသုတေသီ ဦးခွန်းအောင် (အမည်လွဲ) က ဆိုသည်။

စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ သင်္ဘောတွေ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် တက်လာစဥ်မှာ ရွှေကူမြို့နယ်ရဲ့ မြို့အသီးသီးက တော်လှန်ရေးအဖွဲ့တွေက အဲ့ဒီသင်္ဘောကို စောင့်ကြိုတိုက်ခိုက်ကြပါတယ်။

စစ်ကောင်စီဘက်ကလည်း သင်္ဘောပေါ်ကနေ လက်နက်ကြီးနဲ့ မြစ်ကမ်းတစ်လျှောက်က ကျေးရွာတွေကို ပစ်ခတ်တာတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိနေပြီး စစ်ဘေးရှောင် ဦးရေ တစတစ များပြားလာနေပါတယ်။ စစ်ကောင်စီစစ်ကြောင်းတွေကလည်း ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးကြပါတယ်။ အလားတူပဲ စစ်ကောင်စီတပ်ရဲ့လက်အောက်ခံ ရဲဌာန နဲ့ အစိုးရဌာနရုံးတွေလည်း ကာကွယ်ရေးတပ်တွေရဲ့ မကြာခဏ တိုက်ခိုက်ခြင်းကို ခံကြရပါတယ်။
👍23🔥2❤‍🔥1🥰1
​​အားကစားမှာ နှစ်ရှည်လများ အထီးကျန်နေမှုကို အာရှအားကစားပြိုင်ပွဲမှာ မြောက်ကိုရီးယား အဆုံးသတ်ဖို့ ရှိ
=====================

By PKThawn
မြောက်ကိုရီးယားဟာ လာမယ့်သီတင်းပတ်မှာ စတင်မယ့် အာရှအားကစားပြိုင်ပွဲအတွက် မှတ်ပုံတင်ထားတဲ့ အားကစားသမား ၁၉၁ ဦးရှိကြောင်း ပွဲစီစဉ်သူတွေထံကနေ သိရပြီး ယင်းနိုင်ငံဟာ ကမ္ဘာ့ အားကစားလောကနယ်ပယ်ကနေ ၃ နှစ်ကျော် အထီးကျန်နေမှုကို အဆုံးသတ်ဖို့ အသင့်ရှိကြောင်း ဆိုပါတယ်။

ပြေးခုန်ပစ်၊ ဂျွမ်းဘား၊ ဘတ်စကတ်ဘော၊ ဘောလုံး၊ လက်ဝှေ့နဲ့ အလေးမ အားကစားတွေအပါအဝင် တရုတ်နိုင်ငံ ဟန်ဂျိုးမြို့မှာ ယှဉ်ပြိုင်မယ့် မြောက်ကိုရီးယားကစားသမား စာရင်းကို မီဒီယာတွက် အသိအမှတ်ပြုထားတဲ့ ပြိုင်ပွဲရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားဟာ ဇွန်လက ကျူးဘားနိုင်ငံမှာ ကျင်းပတဲ့ အလေးမပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ အလားတူ မျှော်လင့်ထားခဲ့ပေမယ့် သူတို့ဟာ ပြိုင်ပွဲမဝင်နိုင်ခဲ့ပါဘူး။

ကပ်ရောဂါဖြစ်ပွားပြီးနောက် ၂၀၂၀ အစောပိုင်းမှာ မြောက်ကိုရီးယားဟာ သူတို့ရဲ့ နယ်စပ်တွေကို တင်းကျပ်စွာ ပိတ်နှင့်ခဲ့ပြီး Covid ကြောင့် ၂၀၂၁ ကို ပြောင်းရွှေ့ ကျင်းပခဲ့တဲ့ တိုကျိုအိုလံပစ်ကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။

အဲဒီနောက်မှာ နိုင်ငံတကာ အိုလံပစ် ကော်မတီက တိုကျိုမှာ ပါဝင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် မြောက်ကိုရီးယားကို ၂၀၂၂ ဘေဂျင်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ပါဝင်ခွင့်တားမြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ကာဇက်စတန်မှာ တိုက်ကွမ်ဒိုအဖွဲ့တစ်ဖွဲ့ သွားရောက် ယှဉ်ပြိုင်ခွင့်ပြုခြင်းဖြင့် နယ်စပ်ကန့်သတ်ချက်တွေကို အနည်းငယ် ဖြေလျှော့ပေးခဲ့ကြောင်း မကြာသေးခင်က အရိပ်အယောင် ပြလာခဲ့ပါတယ်။

အဲဒီ့မတိုင်ခင်က မြောက်ကိုရီးယားဟာ ၎င်းရဲ့ ပြည်တွင်းအားကစားသမားတွေကို ပြည်ပပြိုင်ပွဲတွေဆီ မစေလွှတ်ခဲ့ပါဘူး။
ဟန်ကျိုးမြို့ရှိ အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားမစတင်ခင် လေးရက်အလို စက်တင်ဘာ ၁၉ ရက်တွင် စတင်မှာဖြစ်ပါတယ်။ အဲဒီနေ့မှာ စီစဉ်ထားတဲ့ ပွဲတွေထဲမှ တစ်ခုဟာ မြောက်ကိုရီးယားနှနဲ့ ထိုင်ဝမ်တို့ကြား အမျိုးသားဘောလုံးပွဲဖြစ်ပါတယ်။

ခေါင်းဆောင် ကင်ဂျုံအွန်းဟာ အားကစားဝါသနာပါသူဖြစ်တယ်လို့ ဆိုပြီး ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ ကာလရှည် မဟာမိတ်ဖြစ်ပြီး အဓိက စီးပွားရေးအကျိုးအမြတ်မိတ်ဖက်ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ အစဉ်အလာအားဖြင့် အထူးသဖြင့် အလေးမအားကစားမှာ အားကောင်းခဲ့ပြီး ၂၀၁၈ ဂျကာတာအာရှအားကစားပြိုင်ပွဲမှာ ရွှေရှစ်ခုနဲ့ ကြီးစိုးထားပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က အမျိုးသမီးအလေးမပြိုင်ပွဲမှာ ရွှေတံဆိပ်ရရှိခဲ့တဲ့ Ri Song Gum နဲ့ Rim Un Sim တို့ဟာ ဟန်ကျိုးမှာ ပါဝင်လာဖို့ စီစဉ်ထားပါတယ်။

ဒါပေမယ့်လည်း မြောက်ကိုရီးယား အလေးမသမားတွေဟာ ၂၀၁၆ Rio အိုလံပစ်ပြိုင်ပွဲအတွက် အရည်အချင်းစစ်ရာမှာ တားမြစ်ဆေးသုံးစွဲတွေ အသုံးပြုခဲ့ဖွယ်ရှိတာကြောင့် IWF အဖွဲ့က အားကစားမှာ တားဖြစ်ဆေးသုံးစွဲမှုအတွက် အပြစ်ပေးခံရတဲ့ နိုင်ငံတွေထဲမှာ မြောက်ကိုရီးယားလည်း အပါအဝင်ဖြစ်ပါတယ်။

အိုလံပစ်ပြိုင်ပွဲထက် ယှဉ်ပြိုင်သူများပြားတဲ့ အာရှအားကစားပြိုင်ပွဲမှာ စုစုပေါင်း ၁၂၂၀၀ ခန့် ပါဝင်ပြီး အောက်တိုဘာ ၈ ရက်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။

(AFP)
Photo: EPA
#AsianGames #NorthKorea
👍7❤1
“ငါတို့သံအမတ် ငါတို့အသံ” ဆိုသည့် ကျေးရွာပေါင်းစုံသပိတ်
====================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအားထောက်ခံသည့် ချီတက်ဆန္ဒပြပွဲကို ယနေ့ စက်တင်ဘာလ ၁၄ ရက်တွင် ပြုလုပ်ခဲ့သည်။

ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် “ငါတို့သံမတ် - ငါတို့အသံ” “Our Ambassador – Our Voice” စာတမ်းကိုင်ဆောင်ပြီး ကြွေးကြော်သံများဟစ်ကြွေးချီတက်ခဲ့ကာ ကျဆုံးအာဇာနည်များကို ဦးညွှတ် အလေးပြုခဲ့ကြသည်။

ပြည်သူ့အစိုးရ NUGနှင့် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် တရားဝင်မှုအရေးတိုက်ပွဲကို ပြည်သူ အားလုံး အတူတကွဝိုင်းဝန်းတိုက်ပွဲဝင်ကြရန် တော်လှန်ရေးအင်အားစုများက နှိုးဆော်ထားသည်။

ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၉၀၅ ရက် မြောက် ချီတက်ခြင်းဖြစ်သည်။

#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#Mizzima
👍10❤1😁1🤮1