Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မွန်နှင့် ကရင်တွင် ၄ ရက်ဆက် မိုးများ၍ ရေကြီးရေလျှံလာမည်ကို ဒေသခံများစိုးရိမ်
=======================

YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေးရက်ဆက်တိုက် မိုးရွာသွန်းနေ၍ တောင်ကျရေစီးဆင်းမှုများလာပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ ယနေ့ အောက်တိုဘာလ ၈ ရက်နေ့အထိ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ကျိုက္ခမီမြို့နယ်၊ မုဒုံမြို့နယ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်တို့တွင် မိုးဆက်တိုက် ရွာသွန်းနေခြင်းဖြစ်သည်။

မိုးရွာသွန်းမှုများသည်နှင့်အမျှ တောင်ကျရေ စီးဆင်းမှု များလာသဖြင့် ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့မှစ၍ ကျိုက်ထိုမြို့နယ် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ဇေယျာမွန်ရပ်ကွက် ကွက်သစ်ပိုင်းနှင့် အေးရိပ်ငြိမ်ရပ်ကွက်တို့တွင် နေအိမ်များအတွင်း ရေဝင်ရောက်နေပြီး လမ်းမပေါ်တွင်လည်း ရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

" အေးရိပ်ငြိမ်ရပ်ကွက်မှာ ပြီးခဲ့တဲ့တခေါက်က ရေတက်တုန်းကထက် ရေများတယ်။ ဇေယျာမွန်ဘက်မှာလည်း ရေကြီးနေပြီ ကဒက်ချောင်းရေလျှံတာ။ ကယ်ဆယ်ရေးတော့ လုပ်ပေးနေတယ်ကြားတယ် ဒီဘက်တော့ မရောက်သေးဘူး" ဟု ကျိုက်ထိုမြို့နယ် အေးရိပ်ငြိမ်ရပ်ကွက်နေ ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်နှင့် ဩဂုတ်လ ပထမအပတ်ကလည်း မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် မြို့နယ်အချို့တွင် နေ့စဉ်ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများလာပြီး မြစ်ရေ စိုးရိမ်ရေမှတ်အထက် တိုးလာသဖြင့် ကားလမ်းမပေါ်တွင် ရေလျှံခြင်း၊ လူနေအိမ်များအတွင်း ရေဝင်မှုများ ဖြစ်ပေါ်ခဲ့ခြင်းရှိသည်။

ထို့ကြောင့် တောင်ကျရေများစီးဆင်းမှုများလာကာ ရေကြီးရေလျှံမှု ထပ်မံ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြရကြောင်း ဒေသခံများက ဆိုသည်။

" မိုးကတော့ တအားပဲရွာတာ၊ စိတ်ပါကုန်တယ်၊ အခုထိ မတိတ်သေးဘူး။ ရေတော့ မလျှံသေးဘူး။ ဒါပေမဒ့ ဒီလိုပဲ မိုးဆက်ရွာလာရင်တော့ ရေကြီးနိုင်တယ်၊ ရွာသားတွေရဲ့ စပါးတွေ ပျက်စီးမှာ" ဟု ဘီးလင်းမြို့နယ် ဒေသတွင်းသတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

" ဒီမှာလည်း တော်တော်ကိုရွာတာ နေ့ရောညရော။ လမ်းတွေဆိုတာလည်း ဗွက်တွေထပြီး တော်တော်ပျက်စီးနေပြီ။ ဆိုင်ကယ်တွေဆိုလည်း တဘိုင်းဘိုင်းနဲ့ လဲနေတာ။ တို့တွေတော့ ဘယ်မှ သွားမရဲဘူး။ ထပ်ရွာနိုင်သေးလားဆိုတာတော့ ပြောမတတ်။ အခုထိတော့ ရွာတုန်းပဲ" ဟု ကျိုက်ထိုမြို့နယ်၊ တောင်ပေါ်ဒေသတွင် နေထိုင်သည့် ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ထို့ပြင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် အခြေခံလူတန်းစားများ၏ နေ့စဉ်ဘဝ လုပ်ကိုင်စားသောက်ရေးတွင်လည်း အခက်အခဲများ ဖြစ်ပေါ်ကြောင်း သိရသည်။

" ဒီလောက်ရွာနေမှတော့ ဘာမှလုပ်လို့မရဘူးလေ" ဟု ကျိုက်ထိုမြို့နယ်၊ တောင်ပေါ်ဒေသတွင် နေထိုင်သည့် ဒေသခံက ဆိုသည်။
" မိုးရွာတာက အိမ်မှာပဲ နေလို့ရတဲ့သူတွေအတွက်တော့ ကိစ္စမရှိဘူးပေါ့။ တနေ့လုပ်မှ တနေ့ စားရတဲ့သူတွေကျတော့ ဒုက္ခရောက်တာပေါ့။ မိုးရွာတော့ လူတွေက အပြင်မထွက်နိုင်ကြဘူးလေ။ အဲ့ဒါဆို ဦးလေးတို့လည်း အလုပ်ထိခိုက်တာပေါ့။ အလုပ်မထွက်ဖြစ်တာ နှစ်ရက်ရှိပြီ၊ အိမ်မှာပဲ" ဟု မွန်ပြည်နယ်၊ ကျိုက်ထိုနယ်မှ ဆိုင်ကယ် ကယ်ရီမောင်းသူတဦးကလည်း မဇ္ဈိမကိုပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ပြီး ကရင်ပြည်နယ်တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန (MOHADM) ကလည်း အောက်တိုဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ တစ်ပတ်တာအတွင်း မွန်ပြည်နယ်နှင့်ကရင်ပြည်နယ် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ခြောက်ခုတွင် မိုးကြီးခြင်းနှင့်အတူ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ လမ်းတံတား ထိခိုက်ပျက်စီးခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် သတိပြုသွားလာသင့်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#ရေကြီးလျှံ
#Mizzima
#မွန်ပြည်နယ်
#ကရင်ပြည်နယ်
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1👏1😁1😢1
​​စစ်ကောင်စီထံ အခွန်မဆောင်ရေး ဂျပန်ရောက်မြန်မာများ တိုကျိုရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ
==========================

ကီရာ
(မဇ္ဈိမ)။ ။စစ်ကောင်စီထံအခွန်မဆောင်ရေး၊ ပတ်စ်ပို့သက်တမ်းမတိုးရေးလှုပ်ရှားမှုအဖြစ် အောက်တိုဘာ လ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီမှ ၅ နာရီအထိ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် ဂျပန်ရောက်မြန်မာများ ဆန္ဒ ပြခဲ့ကြကြောင်း သိရသည်။

ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့် ဒီမိုကရေစီအစိုးရမဟုတ်သည့်အတွက် အခွန်ပေးဆောင်ရန် မလိုကြောင်းကိုလည်း ဆန္ဒထုတ်ဖော်ပွဲတွင်ဦးဆောင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ်(FWUBC)၏ ဥက္ကဋ္ဌ ဦးမြင့်ဆွေကပြောကြားခဲ့သည်။

“အခွန်ဆောင်တဲ့ ပိုက်ဆံတွေက တိုင်းပြည်ထူထောင်ရေးအတွက်မဟုတ်ဘဲ ပြည်သူလူထုကို အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်မယ့်ဘက် ရောက်သွားမှာဖြစ်တဲ့အတွက် ဒါကို လုံးဝလက်ခံလို့မရပါဘူး။ အများပြည် သူ ရွေးချယ်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရမဟုတ်ဘဲနဲ့ ၂၀၂၀ မှာ ပြည်သူက တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရကို လက်နက်အားကိုးပြီးအကြမ်းဖက်နေတဲ့ အကြမ်းဖက်အုပ်စုကို ဘယ်လိုမှ လက်ခံလို့ မရဘူးဆိုတဲ့ အနေအထားကိုပြရင်းနဲ့လုပ်တာ ဖြစ်ပါတယ်”ဟု ဆိုသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် “ စစ်_တွေကို လုံးဝအခွန်မဆောင်ဘူး၊ ပတ်စပိုစ့်သက်တမ်း ခိုးပြီးမတိုးဘူး၊ စစ်အုပ် စုကထုတ်တဲ့ အမိန့်အာဏာတွေ ဆန့်ကျင်ကြ၊ နွေဦးတော်လှန်ရေးက မုချနိုင်မှာငါတို့သိတယ်”ဟူသော အချက်လေးချက်ကို အဓိကထားလှုံ့ဆော်ခဲ့ကြောင်း သိရသည်။

ဂျပန်တွင်လည်း သတ်မှတ်ထားသည့်အခွန်များကို ပေးဆောင်နေရသည့်အတွက် မြန်မာပြည်တွင် ထပ်မံ အခွန်ဆောင်ရပါက အဆင်မပြေနိုင်ကြောင်းနှင့် မြန်မာသံရုံးအနေဖြင့်လည်း မြန်မာလူမျိုးများ အခက်အခဲ တစုံတရာရှိပါက ကူညီဖြေရှင်းပေးမှုမရှိကြောင်း ဆန္ဒပြပွဲတွင်ပါဝင်သူတဦးက ပြောသည်။

“ကျွန်တော်ကတော့ အခွန်မဆောင်ဘူး။ ဒီမှာလည်းဆောင်ရတယ် မြန်မာပြည်မှာလည်း ဆောင်ရမယ်ဆို အဆင်မပြေဘူး။ အရေးကြီးဆုံးက ကျွန်တော်တို့အခက်အခဲဖြစ်ရင် ကိုယ့်ဘာသာကိုယ်ပဲ ဖြေရှင်းရတာ၊ ဒီကသံရုံးကို အားကိုးလို့မှမရတာ။ သူတို့ပြောတဲ့အတိုင်း တရားဝင်ငွေလွှဲလမ်းကြောင်းက လွှဲပေးရမယ် ဆိုရင်တောင် လွှဲပေးလို့ရသေးတယ်။ အခွန်ကတော့ လုံးဝ မဆောင်ချင်ဘူး” ဟု ၎င်းက ပြောသည်။

လတ်တလောတွင် စစ်ကောင်စီသည် ပြည်ပထွက်ခွာမည့်လုပ်သားများ၏ အလုပ်စာချုပ်များတွင် မြန်မာ ပြည်သို့ အခွန်ပေးဆောင်ရန်နှင့် အခွန်ပြန်လည်ပေးဆောင်ခြင်းမရှိပါက သုံးနှစ် ပြည်ပထွက်ခွာခွင့်ပိတ် သိမ်းမည့်အကြောင်းထည့်သွင်းဖော်ပြထားသည်ဟု သိရသည်။

ပြည်ပရောက်လုပ်သားများသည် သက်ဆိုင်ရာနိုင်ငံအလိုက် သတ်မှတ်ထားသည့်အခွန်များကို ပေးဆောင် နေရပြီး မြန်မာပြည်သို့ ဝင်ငွေခွန်ဆက်လက်ပေးဆောင်ရပါက အခွန်နှစ်ထပ်ပေးဆောင်ရမည့် အခြေ အနေကြုံတွေ့နေရခြင်း ဖြစ်သည်။

““ဂျပန်အစိုးရနဲ့ တချိန်တုန်းက မြန်မာအစိုးရတို့ချုပ်ဆိုထားတဲ့ထဲမှာ အလုပ်သင်နဲ့ ကျွမ်းကျင်လုပ်သား နှစ်မျိုးကို နှစ်ထပ်အခွန်မဆောင်ရပါဘူးဆိုတဲ့ အချက်အလက်တွေ ပါပြီးသားပါ။

ကျွမ်းကျင်လုပ်သားဆို တာ ဂျပန်မှာ သောင်း ၅၀ လောက်ရနေတာမှ မဟုတ်တာ။ သူတို့မှာ မရှိမဲ့ရှိမဲ့လေးနဲ့ လာရတယ်။ ရတော့ လည်းနှစ်ပြားတပဲ၊ အဲဒီနှစ်ပြားတပဲကိုမှ သူတို့က ၁၀ ရာခိုင်နှုန်းထပ်ပြီး ကောက်ချင်တယ်ဆိုရင်တော့ ချိုနဲ့သရေပဲ ကျန်တော့မှာပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ ကန့်ကွက်တာပါ” ဟု FWUBC ဥက္ကဋ္ဌက ဆိုသည်။

အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ပြည်ပရောက်မြန်မာများအနေဖြင့် ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်းပေးဆောင် ရမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ

#ဂျပန်နိုင်ငံ
#တိုကျိုမြို့
#မြန်မာသံရုံး
#ဝင်ငွေခွန်
#ဆန္ဒပြ
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24😁2🤮1
​​မတူပီမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး ဟုဆို
======================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ မတူပီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးသွားကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi က အောက်တိုဘာလ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။

မတူပီ - ဟားခါးလမ်းမပေါ်ရှိ ခရိုင်ရုံး နှင့် ငလိုင်ကျေးရွာအကြားတွင် အင်အား ၈၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို အောက်တိုဘာ ၆ရက် နေလယ် ၁၂ နာရီတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မိနစ် ၃၀ ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ် တပ်သားနှစ်ဦး သေဆုံးပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ခရိုင်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတဲ့အတွက် ကျနော်တို့က စောင့်ပြီးပစ်ခတ်ကြတာပါ ။ သေတဲ့နှစ်ယောက်က မျက်မြင်တဲ့ ဟာ ကိုပဲ အတည်ပြုတာပါ ။ အဲဒီထက် များလည်း များနိုင်သလို့ ဒဏ်ရာရရှိတာလည်းရှိနိုင်တယ်” ဟု CDF – Matupi ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်း က မဇ္စျိမ ကိုပြောသည်။
ထိုစစ်ကောင်စီတပ် စစ်ကြောင်းသည် တပ်စွဲရာမှ လက်နက်ကြီးဖြင့် တောက်လျောက်ပစ်ခတ်ထွက်ခွာလာခြင်းဖြစ်ပြီး တိုက်ခိုက်ခံရပြီးနောက် ခရိုင်ရုံးသို့ ပြန်ဆုတ်သွားကြောင်း ၎င်းကဆိုသည်။

တိုက်ပွဲများ အချိန်မရွေး ဆက်လက်ဖြစ်ပွားနိုင်သဖြင့် မိဘပြည်သူများအနေဖြင့် မတူပီ - ဟားခါးလမ်းပိုင်းကို သွားလာခြင်း ၊ တောထွက်ခြင်းများမပြုလုပ်ကြရန် CDF – Matupi ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယနေ့နံနက် အောက်တိုဘာလ ၈ရက် အထိ ပြန်ဆုတ်သွားသော စစ်ကောင်စီ တပ်သားများ လှုပ်ရှားမှု မရှိသေးဘဲ ၎င်းတို့ ထွက်လာပါက တိုက်ပွဲများဖြစ်နိုင် ကြောင်း ပြောရေးဆိုခွင့်ရှိ သူ ကဆက်ပြောသည်။

အဆိုပါ မတူပီ - ဟားခါးလမ်းပိုင်းသည် ဩဂုတ်လ အတွင်း အဆက်မပြတ်မိုးရွာ သွန်းမှုကြောင့် ရေကြီး ၊ မြေပြိုမှုများရှိနေ၍ ခရီးသွားလာခြင်း မပြုလုပ်ကြရန် ကာကွယ်ရေးတပ်ဖွဲ့က တားမြစ်ထားသောလမ်းဖြစ်ကြောင်းသိရသည်။

စက်တင်ဘာလ ၄ရက်နေ့ကလည်း မတူပီမြို့ အခြေစိုက် ခလရ (၃၀၄) တပ်စခန်းဂိတ် ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးဒဏ်ရာရရှိသွားကြောင်း CDF – Matupi က ထုတ်ပြန်ထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#မတူပီမြို့နယ်
#စစ်ကောင်စီစစ်ကြောင်း

ပုံအညွှန်း - CDF – Matupi တပ်ဖွဲ့ဝင်များ
ဓါတ်ပုံ - CDF – Matupi

-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17😁3❤2🤬2
တေးသံရှင်လင်းလင်းရိုက်ကူးသည့် “The Way” ရုပ်ရှင် နယူးယောက်တွင်ပြသမှု လူ ၄၀၀ ကျော် ကြည့်ရှု
❤16👍5😁2🥰1🤮1
တေးသံရှင်လင်းလင်းရိုက်ကူးသည့် “The Way” ရုပ်ရှင် နယူးယောက်တွင်ပြသမှု လူ ၄၀၀ ကျော် ကြည့်ရှု
====================

ကိုခင်မောင်
(မဇ္စျိမ)။ ။ တေးသံရှင်လင်းလင်းရိုက်ကူးထားသည့် The Way ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု၊ နယူး ယောက်မြို့တွင်ပြသခဲ့ရာ လက်မှတ်အစောင်ရေ ၄၀၀ ကျော်ရောင်းချနိုင်ခဲ့ကာ မြန်မာပြည်ဖွား တိုင်းရင်း သားညီအကိုမောင်နှမများမှ ရုံပြည့်ရုံလျှံကြည့်ရှု့အားပေးခဲ့ကြောင်း Helping Hands for Burma (H2B) အဖွဲ့ထံမှ သိရသည်။

The Way ရုပ်ရှင်ကို Helping Hands for Burma(H2B)အဖွဲ့မှဦးစီးပြီး နယူးယောက်မြို့ Manhattan ရပ်ကွက်၌ အောက်တိုဘာ ၇ ရက် စနေနေ့က မွန်းလွဲ ၁ နာရီတွင် တကြိမ်၊ ၃ နာရီတွင်တကြိမ် စုစုပေါင်း နှစ်ကြိမ်ခွဲပြသခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့မှတာဝန်ရှိသူတဦးက မဇ္စျိမသို့ ပြောသည်။

“The Way ရုပ်ရှင်ပြပွဲမှာ မြန်မာပြည်ဖွား တိုင်းရင်းသားညီအကိုမောင်နှမ ၄၀၀ ကျော် ရုံပြည့်ရုံလျှံ ကြည့် ရှု့အားပေးကြပါတယ်။
လက်မှတ်အစောင်ရေ ၄၀၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။ လက်မှတ်တစောင်ကို ၂၅ ဒေါ်လာပါ။ ဒီပွဲမှာ ဆီချက်ခေါက်ဆွဲ၊ တိုဟူးသုတ်၊ ဖာလူဒါ၊ အာလူးကြော်၊ လက်ဘက်ရည်၊ မုန့်အချို တွေရောင်းပြီး ရန်ပုံငွေရှာခဲ့ပါတယ်” ဟု ၎င်းကပြောသည်။
အဆိုပါ ရုပ်ရှင်ပြပွဲသို့ သံအမတ်ကြီးဦးကျော်မိုးထွန်းနှင့် The Way မှသရုပ်ဆောင်များဖြစ်သော မြတ်နိုး အေး၊ Russel Htet တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒါရိုက်တာလင်းလင်း၊ သရုပ်ဆောင် ချစ်သုဝေနှင့် The Way ရုပ်ရှင်၌ပါဝင် သရုပ်ဆောင်ထားကြသော ရဲဟိန်း၊ Daniel Saw ၊ Daniel Aung ၊ မြတ်မင်းခန့်တို့မှလည်း zoom မှတဆင့် ပရိတ်သတ်များနှင့် တရင်း တနှီး စကားပြောဆိုခဲ့ကြသည်။

The Way ရုပ်ရှင်၏အမှတ်တရ ပစ္စည်းများဖြစ်သော တီရှပ်၊ အိတ်နှင့် ရုပ်ရှင်သီချင်းပါ USB stick နှင့် key chain များလည်းရောင်းချခဲ့ပြီး အမှတ်တရပစ္စည်းကို လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။

“ရရှိတဲ့ရန်ပုံငွေအားလုံးကို မြန်မာပြည်ရဲ့ လိုအပ်တဲ့နေရာတွေကို လှူဒါန်းသွားပါမယ်။ စာရင်းပြုစုနေဆဲ ဖြစ်ပါတယ်။ ရရှိငွေ အတိအကျကို စာရင်းချပြမှာပါ” ဟု Helping Hands for Burma (H2B) အဖွဲ့ မှ တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

The Way ရုပ်ရှင်သည် Festigious နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး ဂီတရုပ်ရှင်ဆု၊ ပထမ အကြိမ် ရုပ်ရှင်ဒါရိုက်တာဆု၊ အကောင်းဆုံးသီချင်းဆုများ ရရှိခဲ့သည်။ အဆိုပါရုပ်ရှင်သည် မိုဘိုင်းဖုန်းဖြင့် ဖန်တီးရိုက်ကူးထားခြင်းဖြစ်ပြီး အောင်မြင့်မြတ်၊ ချစ်သုဝေ၊ မြတ်နိုးအေးအပါအဝင် တော်လှန်ပြည်သူများ ဖြင့် ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
ပုံအညွှန်း။ ။ အောက်တိုဘာလ ၇ရက်နေ့က နယူးယောက်မြို့တွင် ပြသသော The Way ရုပ်ရှင် ဇာတ်ကားပြသမှု မြင်ကွင်း
ဓာတ်ပုံ။ ။ Helping Hands for Burma

#The_Wayရုပ်ရှင်
#အမေရိကန်ပြည်ထောင်စု
#Helping_Hands_for_Burma
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤7🥰1🤮1🥴1
ပုလောမြို့နယ်မှ ကျေးရွာ ၅ ရွာကို စက်သုံးဆီသယ်ယူခွင့်ပိတ်ထား၍ ငါးဖမ်းထွက်ရန် အခက်ကြုံ
🤬8❤2😁1