Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ CDM ကျောင်းဆရာမကို စစ်​ကောင်စီတပ်က ဖမ်းဆီး
🔥4
မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ CDM ကျောင်းဆရာမကို စစ်​ကောင်စီတပ်က ဖမ်းဆီး
===============

၀၀၈

(မဇ္ဈိမ)။   ။ ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်းအောက်တိုဘာ ၉ရက်က တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာ၌ မှတ်ချက်ပေးခဲ့ခြင်းကြောင့် မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် နေထိုင်သည့် CDM ကျောင်းဆရာမ ဒေါ်မိုးမိုးသူကို အောက်တိုဘာ ၁၂ရက်၊ ညနေ ၅နာရီကျော်တွင် စစ်​ကောင်စီတပ်ဖွဲ့က နေအိမ်ကို စီးနင်းဝင်ရောက် ဖမ်းဆီးသွားကြောင်းသိရသည်။

"အဖမ်းခံရတာ ဟုတ်တယ်။"ဟု မိသားစုဝင်နှင့်နီးစပ်သူတဦးက အတည်ပြုပြောသည်။

ဆရာမသည် အထက(ပလစ)ကျောင်းမှ ၂၀၂၁ ခုနှစ်ကတည်းက CDMပြုလုပ်ခဲ့ပြီး နေအိမ်တွင် ဟော့ပေါ့ရောင်းချနေသူဖြစ်ရာ သတင်းဌာနတခုအောက်တွင် မှတ်ချက်ဝင်ရေးခဲ့၍ စစ်လော်ဘီများက ဖမ်းဆီးရန် တိုင်ကြားခြင်းကြောင့် ယခုလို ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

"ယုတ်မာတာကတော့ ကမ်းကုန်ပဲ။ မမိုး(ဆရာမ)ဆီကို ဟော့ပေါ့လှမ်းမှာပြီး အိမ်ကိုလာဖမ်းတာပဲ။ သူယုံချက်နဲ့သူ ရပ်တည်နေတာပါ။ ဒါကို အခုလို အဖမ်းခံရတော့ စိတ်မကောင်းဘူး။"ဟု ဆရာမနှင့် ရင်းနှီးသူတဦးကဆိုသည်။

စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုကို လူမှုကွန်ရက် စာမျက်နှာတွင် မှတ်ချက်ဝင်ရေးသူ မတ္တရာမြို့နယ်မှ ကိုထွန်းနိုင်နှင့် စဥ့်ကူးမြို့နယ်မှ မမေငယ် ဆိုသူတို့ အောက်တိုဘာ ၁၁ရက်နေ့က ဖမ်းဆီးခံခဲ့ရ​သေးကြောင်း သိရသည်။

ပုံစာ -ဖမ်းဆီးခံထားရသည့် CDM ဆရာမ ဒေါ်မိုးမိုးသူ

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မုန်လိုင်ခက်ရွာ 
#စစ်ရှောင်စခန်း
#CDM

-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬11👍3🔥1
​​ထန်တလန်မြို့တိုက်ပွဲ နှစ်ဖက်အကျအဆုံးရှိ
=============

ပါခွီး

(မဇ္စျိမ)။ ။ ချင်းပြည်နယ်၊ထန်တလန်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ အောက်တိုဘာ ၁၂ရက်နေ့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး နှစ်ဖက်အထိအခိုက်အကျအဆုံးရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၂ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီးချင်းကာကွယ်ရေးရဲ‌ဘော်နှစ်ဦးကျဆုံးပြီး သုံးဦးဒဏ်ရာရရှိထားကာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

တိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ - ဟွားငိုလ်းရမ်း(CDF – Hualngoram) မှ အသက်(၂၄)နှစ်အရွယ်ရဲဘော်နှင့် နောက်တဦး ကျဆုံးခဲ့ခြင်းဟု သိရသည်။ ဒဏ်ရာရသူ သုံးဦးကို ဆေးကုသပေးနေရဆဲဖြစ်သည်။ စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုများကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက " စစ်ကောင်စီဘက်မှာ ဒဏ်ရာရတဲ့သူတွေလည်းများတယ်” ဟုဆိုသည်။

ထန်တလန်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ရက်နေ့ တိုက်ပွဲ၌ ဆေးရုံနှင့် စာသင်ကျောင်းနေရာကို ကောင်စီတပ်တပ်က ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးခြောက်လုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ချင်းကာကွယ်ရေးရဲဘော်များကပြောသည်။ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဟုဆိုသည်။

စစ်တပ်က နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် ထန်တလန်မြို့တွင် ၂၀၂၁ခုနှစ် စက်တင်ဘာ ၁၈ရက်နေ့မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ စစ်ကောင်စီကလည်း ထန်တလန်မြို့ကို အကြိမ်ကြိမ်တိုက်ခိုက်နေရာ ဒေသခံများ နေရပ်စွန့် ခွာခဲ့ကြရပြီး အနီးပတ်ဝန်းကျင်ရွာများနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ သွားရောက် ခိုလှုံနေကြရကြောင်း သိရသည်။ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် ချင်းကာကွာကွယ်ရေးတပ်ဖွဲ့များက ထန်တလန်မြို့အား ထိန်းချုပ်ရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ဆောင်နေသည်။ 

လတ်တလော ထန်တလန်မြို့ စစ်ရေးနှင့် ဒေသတွင်း အခြေအနေများကိုသိရှိနိုင်ရန် CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို မဇ္ဈိမက ဆက်သွယ်ရာ ဖုန်းလိုင်းအခက်အခဲကြောင့် အဆက်အသွယ်မရရှိသေးပေ။

ပုံအညွှန်း - ထန်တလန်မြို့တိုက်ပွဲအတွင်းကျဆုံးသွားသည့်ချင်းကာကွယ်‌ရေးရဲဘော်
ဓါတ်ပုံ - Zofa Journal

စာတည်း - အေးချမ်း

#mizzima
#ထန်တလန်မြို့
#တိုက်ပွဲပြင်းထန်
#CNF
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢8👍5😁3❤2
Golden Boy ဆုအတွက် ဆန်ကာတင်စာရင်းမှာ ဂျုဒ် ဘယ်လင်ဟမ်နဲ့အတူ မန်ယူနှင့် ချယ်လ်ဆီးအသင်းမှ လူငယ်များ ပါဝင်
🔥3
Golden Boy ဆုအတွက် ဆန်ကာတင်စာရင်းမှာ ဂျုဒ် ဘယ်လင်ဟမ်နဲ့အတူ မန်ယူနှင့် ချယ်လ်ဆီးအသင်းမှ လူငယ်များ ပါဝင်
==============

By PKThawn

ရီးယဲလ်မက်ဒရစ် ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်၊ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရာ့စ်မတ်စ် ဟော့ချ်လန်နဲ့ ချယ်လ်ဆီး နောက်ခံလူ လီဗီ ကိုလ်ဝီလ်တို့ဟာ ၂၀၂၃ Golden Boy ဆုအတွက် နောက်ဆုံး ဆန်ခါတင် ၂၅ ဦး စာရင်းမှာ ပါဝင်ခဲ့ကြပါတယ်။

ဒီဆုကို ပြီးခဲ့တဲ့ ၁၂ လအတွင်း ဥရောပရှိ အသက် ၂၁ နှစ်အောက် အကောင်းဆုံးကစားသမားကို ပေးအပ်ချီးမြှှင့်တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ဒီဆုကို ဘာစီလိုနာကြယ်ပွင့် ဂါဗီက ရရှိခဲ့ပါတယ်။ ဒီနွေရာသီမှာ ကစားသမား အယောက် ၁၀၀ ကို ဆန်ခါတင်စာရင်းသွင်းခဲ့ပြီး ယခု ဒီဇင်ဘာလမှာ အခမ်းအနားမစတင်ခင် ၂၅ ဦးအထိ ဆန်ခါချခဲ့တာဖြစ်ပါတယ်။

ဒီဆုကို အီတလီသတင်းစာ Tuttosport မှ ၂၀၀၃ မှာ စတင်တည်ထောင်ခဲ့ပြီး ယခင်ဆုရရှိသူတွေထဲမှာ အာလင်း ဟာလန်း၊ ကိုင်လီယန် အမ်ဘာပေ၊ လီယွန်နယ် မက်ဆီနဲ့ ဝိန်းရွန်နီတို့ ပါဝင်ခဲ့ပါတယ်။ ဘယ်လင်ဟမ်၊ ဟော့ချ်လန်နဲ့ ကိုလ်ဝီလ်တို့ဟာ Golden Boy Index မှ ဆုံးဖြတ်တဲ့ နောက်ဆုံးဆန်ခါတင် ၂၀ ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။

ဂါဗီဟာ ဒေတာနဲ့ ခွဲခြမ်းစိတ်ဖြာမှု ပလပ်ဖောင်း Football Benchmark မှ အကဲဖြတ်တဲ့ အညွှန်းကိန်းဖြင့် စတုတ္ထအဆင့်မှာ ရှိနေပေမယ့် ပြီးခဲ့တဲ့နှစ်များအရ သူ့ကို ယခုဆန်ကာတင်စာရင်းမှာ ထည့်သွင်းမပြုတော့ဖြစ်ပါတယ်။ Tuttosport ဂျာနယ်လစ်တွေမှ အမည်စာရင်းတင်သွင်းထားတဲ့ မျက်နှာသစ်ကစားသမား wildcard ၅ ဦးလည်း ပါရှိပါတယ်။

ရီးယဲလ်မက်ဒရစ်မှ အာဒါဂူလာ၊ ဂျန့်မှ ဘီလာ အယ်လ်ခါနူးစ်၊ ဒိုင်နမို ဇာဂရက်မှ မာတင် ဘာတူရီနာ၊ ဘင်ဖီကာမှ ဂျော်အို နေးဗက်စ်နဲ့ ဘာစီလိုနာမှ လမိုင်း ယာမယ်လ်တို့ဟာ ယခုနှစ်ရဲ့ wildcard စာရင်းမှာပါဝင်ခဲ့တာပါ။

ဟော့ချ်လန်၊ ကိုလ်ဝီလ်တို့နဲ့အတူ ဘရိုက်တန်တိုက်စစ်မှူး အီဗန်ဖာဂူဆန်၊ နွေရာသီအပြောင်းအရွှေ့ကာလက AZ Alkmaar မှ ပြောင်းရွှေ့လာခဲ့တဲ့ ဘုန်းမောက်နောက်ခံလူ မီလော့စ်ကေ့ဇ်တို့ဟာ ကစားသမား ၂၅ ဦးအနက် ပရီးမီးယားလိဂ်မှ ၎င်းတို့ ၄ ဦး ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

လာလီဂါနဲ့ ဘွန်ဒက်လီဂါတို့ဟာ ဆန်ခါတင် ၅ ဦးဖြင့် အများဆုံးဖြစ်ပြီး ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ ဘင်ဖီကာတို့က နောက်ဆုံးဆန်ခါတင် တစ်ဦးစီထက် ပိုများနေပါတယ်။ ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၄ ရက်မှာ တူရင်မှာ ကျင်းပမှာဖြစ်ပြီး ဆုရရှိသူကို နိုဝင်ဘာလမှာ ကြေညာမှာဖြစ်ပါတယ်။

ဘယ်လင်ဟမ်ဟာ ဇွန်လမှာ ရီးယဲလ်မက်ဒရစ်သို့ မပြောင်းရွှေ့ခင် ဒေါ့မွန်အသင်းမှာ ထူးချွန်တောက်ပခဲ့သူဖြစ်ပြီး ယခုနှစ်ဆုအတွက် ရေပန်းအစားဆုံးကစားသမားဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ကစားသမားဟာ ဘာနေဗျူးမှာ သူ့ရဲ့ စွမ်းဆောင်ရည်တွေ အချိန်နဲ့အမျှ ပိုကောင်းလာခဲ့ပါတယ်။

Ref; Mirror

Photo: EPA

#goldenboy #ဘယ်လင်ဟမ် #bellingham
👍2🔥1
​​ရန်ကုန်ရှိ မြို့နယ်တချို့တွင် ဘုရားဝတ်ပြုခြင်း ကန့်သတ်မှုများရှိဟုဆို
================

(မဇ္ဈိမ)

ရန်ကုန်တိုင်းရှိ မြို့နယ်တချို့တွင် ယခုရက်ပိုင်း နေအိမ်များ၊ ဘုရားကျောင်းများအချို့၌ ဘုရားဝတ်ပြုရှိခိုးခြင်းများ မပြုလုပ်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံတားဆီးနေသည်ဟု သိရသည်။

ချင်းလူမျိုးခရစ်ယာန် အများစုနေထိုင်သည့် လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံမြို့သစ်မြို့နယ်များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တရားလိုပြုလုပ်တိုင်တန်းသည့် အသင်းတော်များလည်းရှိနေသည်ဟု သိရသည်။

‘’ကျွန်တော်တို့ ရန်ကုန်ရောက် ချင်းတွေကို ပစ်မှတ်ထားသလိုတောင်ဖြစ်နေတယ်။ ပြီးခဲ့တဲ့အပတ်ကဆို ထောက်ကြန့်ဘက်ခြမ်းမှာ ရပ်ကွက်အုပ်ချုပ်ရေးက ဘုရားကျောင်းရှေ့လာပြီး ငါ့အပိုင်ထဲမှာ ချင်းတွေ ရှုပ်ရှုပ်ယှက်ယှက် လာမလုပ်ကြနဲ့ဆိုသလိုမျိုး ပြောသွားတယ်။ တခါ ရွှေပြည်သာမှာဆိုရင်လည်း ဘုရားကျောင်းမှာ လူငယ်တွေ သီချင်းတိုက်နေကြတာကို ရဲစခန်းကလာဖမ်းခေါ်သွားတယ်၊ နောက်တော့ပြန်လွတ်ပေးလိုက်တယ်။ နောက်တခါ ဘုရားရှိခိုးရင် ခွင့်ပြုချက်မရှိဘဲ မခိုးရဘူး ဖမ်းခံရမယ်ဆိုပြီးပြောသွားတယ်။" ဟု အမှုတော်ဆောင် တဦး က ပြောသည်။

 အသင်းတော်များအနေဖြင့် ဘုရားရှိခိုးကျောင်းများဆောက်လုပ်ရန်အတွက် သာသနာရေး၊ စည်ပင်နှင့် ဌာနဆိုင်ရာ အသီးသီးတွင် အဆင့်ဆင့်ဆောက်လုပ်ခွင့်တင်သည့်အခါတွင်လည်း ဆောက်လုပ်ခွင့်များ ချမပေးခြင်းကြောင့် ရန်ကုန်ရှိ ခရစ်ယာန်အသိုင်းအဝိုင်းအနေဖြင့် နေအိမ်၊တိုက်ခန်းများတွင်သာ စုဝေးပြီး ဝတ်ပြုကိုးကွယ်ခြင်းများ လုပ်နေရသည်ဟုသိရသည်။

‘’ခွင့်ပြုချက်မရှိဘဲ နေအိမ်မှာဘုရားရှိခိုးရင်ဘာဖြစ်လဲဆိုတော့ အဖမ်းခံရတယ်ပေါ့။ ပြီးခဲ့တဲ့နှစ်မှာလည်း အသင်းတော် ပါစ္စတာတပါးကို မြောက်ဒဂုံမှာ ဖမ်းဆီးတာခံရတယ်။ ဆွဲတဲ့အမှုကတော့ ပတ်ဝန်းကျင်ကနေ တိုင်လို့ ဆူညံလို့ ဖမ်းတာပေါ့။ ခွင့်ပြုချက်မရှိဘဲ လူစုလူဝေးလုပ်တယ်။ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်အောင်လုပ်တယ်၊ ဒီလို ခေါင်းစဉ်တပ်ပြီးအမှုဆွဲခံရတယ်။ တကယ်တော့ ကျွန်တော်တို့ ခရစ်ယာန်တွေက တပတ်တရက်ပဲ အချိန်ပိုင်းဝတ်ပြုဘုရားရှိခိုးကြတာလေ။ အခုဆိုရပ်ကွက် ထဲမှာတခြားသောဘာသာဝင်တွေ ဆူညံနေအောင် လော်စပီကာတွေ ဖွင့်နေတာပဲလေ။ ကျွန်တော်တို့တွေလည်းနိုင်ငံသားပဲ၊ အတူတူတော့ခံစားခွင့်၊လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသင့်တာပေါ့’’ဟု မြောက်ဒဂုံရှိ ခရစ်ယာန်ဘာသာဝင်တဦးကဆိုသည်။

ပြီးခဲ့သည့်မေလ ၁ရက်နေ့က ထုတ်ဝေသည့် အမေရိကန်အစိုးရ၏ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်(USCIRF) ၂၀၂၃ ခုနှစ်အတွက် အစီရင်ခံစာတွင် မြန်မာနိုင်ငံကို တရုတ်၊ ကျူးဘား၊ အီရစ်ထရီးယား၊ အီရန်၊ နီကာရာဂွာ၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံတွေနဲ့အတူ ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှု စိုးရိမ်ရတဲ့နိုင်ငံ Country of Particular Concern (CPC) အဖြစ် သတ်မှတ်ထားရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#USCIRF
#ရန်ကုန်တိုင်း
#ဘုရားဝတ်ပြုခြင်း

-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤2🤬2😢1
မန္တလေးတွင် မိုးသည်းထန်စွာရွာ၍ မြို့တွင်းလမ်းမကြီးများနှင့် မြို့သစ်ရပ်ကွက်တချို့ ရေကြီးရေလျှံ
👍4🔥1
မန္တလေးတွင် မိုးသည်းထန်စွာရွာ၍ မြို့တွင်းလမ်းမကြီးများနှင့် မြို့သစ်ရပ်ကွက်တချို့ ရေကြီးရေလျှံ
==================

007

(မဇ္ဈိမ) ။ ။ မန္တလေးမြို့တွင် ယနေ့ အောက်တိုဘာလ ၁၃ ရက် နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့၍ မြို့တွင်းလမ်းမကြီးများနှင့် မြို့သစ်ရပ်ကွက်တချို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး နေ့လယ် ၁ နာရီအထိ ရေမကျသေးကြောင်း သိရသည်။

ယနေ့ နံနက် ၂ နာရီကျော်မှ နံနက် ၆ နာရီဝန်းကျင်အထိ လေးနာရီကြာမိုးသည်ထန်စွာ ရွာသွန်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ 

ထို့ကြောင့် မြို့တွင်းတစ်လျှောက်၊ ၃၅ လမ်းနှင့် ၇၃ လမ်း၊ ၃၅ လမ်းနှင့် ၆၂ လမ်း၊ လမ်း ၃၀ ဘူတာကြီး ရှေ့၊ သိပ္ပံလမ်းနှင့် ၆၂ လမ်းဆုံရာမီးပွိုင့် ဝန်းကျင်တွင် ရေကြီးရေလျှံခဲ့ကြောင်း သိရသည်။ ထို့ပြင် ၇၃ လမ်း(လမ်း ၃၀ နှင့် ၃၈ လမ်းကြား)၊ ၅၆ လမ်း၊ ၅၇ လမ်း၊ ၅၈ လမ်းတို့တွင်နှင့် ၃၆ လမ်းမှ ၃၉ လမ်းကြားဝန်းကျင်နေရာများတွင်  ရေကြီးရေလျှံခဲ့ကြောင်း သိရသည်။ 

“အမေစု လက်ထက်တုန်းက မဖြစ်ဖူးဘူး။ ဒါတွေက အခုမှ စဖြစ်တာ။ အမေစုလက်ထက်တုန်းက၊ ချောင်းတွေဆို ရင် သန့်ရှင်းရေးအမြဲလုပ်တယ်။ အမှိုက်တွေဆယ်ပြီး အကျယ်ကြီးလုပ်ပစ်လိုက်တာ။ အဲဒီကျတော့ ရေစီးက သူ့ဟာနဲ့သူ အဆင်ပြေသွားတာ။ အပေါ်ကိုမတက်တော့ဘူး။ အခုကျတော့ ချောင်းဆယ်သူလည်း မရှိ မြောင်း ဆယ်သူလည်း မရှိဆိုတော့ ရေတွေအကုန်ဝင်ကုန်တာ။ ရေဝင်တဲ့ ရပ်ကွက်တွေမှာ ဘာကူညီကယ်ဆယ်ရေးမှ မရှိဘူး” ဟု ချမ်းမြသာစည်မြို့နယ်(မြို့သစ်) မြရည်နန္ဒာရပ်ကွက် ဒေသခံကပြောသည်။

အလားတူ၊ မြို့သစ် ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်များတွင် လည်း နေ့လယ်ပိုင်းအချိန်အထိ ရေပြန်ကျမသွားသေးကြောင်း ဒေသခံများကဆိုသည်။

မတ္တရာ၊ စဉ့်ကူးနဲ့တံတားဦးမြို့တို့တွင်လည်း အလားတူရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 မန္တလေးနှင့်အနီးတစ်ဝိုက်တွင် လာမည့် ၂၄ နာရီအတွင်း နေရာကွက်ကြား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နံနက် ၇ နာရီတွင်ကြေညာထားသည်။

ပုံအညွှန်း- မန္တလေးမြို့တွင်းလမ်းမကြီးများနှင့် မြို့သစ်ရပ်ကွက်တချို့တွင် ရေကြီးရေလျှံမှုဖြစ်နေသည်(ဓာတ်ပုံ- CJ)

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မန္တလေး 
#ရေကြီးရေလျှံ
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1😱1
စစ်ကောင်စီဟာ “ရှုံးနေတဲ့ ဘောလုံးအသင်းနဲ့ တူနေတယ်” လို့ KNU ‌ပြော 
===================

မဇ္ဈိမ

မကြာခဏ လူအစားထိုး လဲလှယ်တာတွေ လုပ်နေရတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ “ရှုံးနေတဲ့ ဘောလုံးအသင်းနဲ့ တူနေတယ်” လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးက မဇ္ဈိမနဲ့ သီးသန့်အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီဟာ စစ်အာဏာသိမ်းကာလ နှစ်နှစ်ခွဲကျော် ကြာလာတဲ့အချိန်မှာ နိုင်ငံရေးတိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲတွေမှာ အထိနာတဲ့အပြင် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု၊ ဘဏ္ဍာရေး ဒဏ်ခတ်ပိတ်ဆို့မှု အကျပ်အတည်းတွေနဲ့လည်း ရင်ဆိုင်နေရတာပါ။

လာမယ့်အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျရောက်မယ့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ၈ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို စစ်ကောင်စီက ခမ်းခမ်းနားနား ကျင်းပဖို့ ပြင်ဆင်နေတာပါ။

ဒီလိုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနေပေမယ့် အာဏာသိမ်း စစ်ကောင်စီအတွက် နိုင်ငံရေးထွက်ပေါ် မရှိတော့ဘူးလို့လည်း KNU က ပြောပါတယ်။ 

KNU ပြောခွင့်ရသူ ပဒိုစောတောနီးနဲ့ မဇ္ဈိမ သီးသန့် အင်တာဗျူး အပြည့်အစုံကို အောက်တိုဘာလ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီမှာ Mizzima TV နဲ့ တခြား Mizzima platforms တွေမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/6pzFdO3gNHA?si=n1MBKYlW-yEqkAup

#Mizzima
#KNU
#စစ်ကောင်စီ
#NCA
----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🤣2❤1