Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
CDM ဝန်ထမ်းနှင့် ဖခင်ဖြစ်သူကို စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ဖမ်းဆီးသတ်ဖြတ်
=========================

ဓာတု
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာတွင် စိုက်ပျိုးရေးဌာနမှ CDM ဝန်ထမ်းနှင့် ၎င်း၏ဖခင်ဖြစ်သူ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ အင်အား ၂၅ ဦးခန့်နှင့် ပျူစောထီးဆိုသူများက ၎င်းတို့နေအိမ်အုတ်နံရံကိုကျော်တက် ကာ ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

“သူတို့ကို အိမ်မှာမသေရုံတမယ်ရိုက်ပြီး ဖမ်းသွားတာ။ နောက်နေ့မနက်ကျ စျေးသည်လေးတွေက အလောင်းတွေ့လို့သွားကြည့်တော့ သားဖြစ်တဲ့သူက ကတုံးနဲ့မို့သာသိတာ မျက်နှာတွေက ပုံဖော်လို့မရ အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာ။ မသေခင်ညှဉ်းပန်းနှိပ်စက်ပြီး သေနတ်နဲ့ပစ်သတ်ထားတဲ့ပုံစံပဲ။ ဦးလှဖေတို့သားအဖကရိုးရိုးပြည်သူတွေ၊ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းနဲ့မှလဲ မချိတ်ဆက်ဘူး အကြောင်း မဲ့ပစ်သတ်ခံရတာ” ဟု ၎င်းတို့နှင့်နီးစပ်သည့် ဒေသခံတဦးက မဇ္စျိမကိုပြောသည်။

စက်တင်ဘာလ ၂၄ ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်က ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၅ ရက် နံနက် ၇ နာရီခန့်တွင် ပေါက်စိမ်းလမ်းခွဲအရှေ့ဘက်ဇရပ်တွင် ဖခင်ဖြစ်သူ အသက် ၆၂ နှစ်အရွယ် ဦးလှဖေနှင့် စိုက်ပျိုးရေးဌာနမှ CDM ဝန်ထမ်းဖြစ်သူ အသက် ၃၃ နှစ်အရွယ် ကိုသိန်းဆွေဦး(ခ)ကတုံးတို့၏ ရုပ်အလောင်းများကို ပြန်တွေ့ရခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

၎င်းတို့သားအဖနှစ်ဦးအား ရိုက်နှက်နေချိန်တွင် နေအိမ်ရှိမိသားစုဝင်အမျိူးသမီးများ ဝတ်ဆင်ထားသည့် လက်ဝတ်ရတနာများနှင့် စျေးရောင်းစျေးဝယ်အတွက်စုဆောင်းထားသည့်ငွေကြေးများ စုစုပေါင်း ပစ္စည်း နှင့်ငွေတန်ဘိုး သိန်း ၁၀၀ ဝန်းကျင်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးဆိုသူများက ယူဆောင် သွားသည်ဟု ဆိုသည်။

မြင်ခြံမြို့နယ်တွင် ပြီးခဲ့သော စက်တင်ဘာလ ၁၉ ရက်နေ့က ရွှေဘုံသာရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင် ဆိုသူ နဘူးအိုင်လမ်းခွအနီးတွင် အသတ်ခံခဲ့ရသည်ဟု ဆိုသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဦးလှဖေနှင့် ကိုသိန်းဆွေဦး(ခ)ကတုံးတို့အား စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့ဝင်ဆိုသူများက ကာကွယ်ရေးတပ်ဖွဲ့များနှင့်အချိတ်အဆက်ရှိသည်ဟု သံသယဖြင့် စွပ်စွဲ ပစ်သတ်သွားခြင်းဖြစ်နိုင်သည်ဟု ဒေသခံအချို့ကယူဆနေကြသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း
#မြင်းခြံမြို့နယ်
#CDM
#သေမှုသေခင်း

ပုံ-ပြည်သူနှင့်အတူ ပူးပေါင်းလာသည့် အမျိုးသမီးကို ဒေသခံများမှ စားစရာများထောက်ပံ့

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬20👍6😁2🔥1
​​၂ လ နီးပါးအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော်  CDM ဝင်ရောက်လာကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနဆို
===============

001

(မဇ္စျိမ)။   ။ ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၁ ရက်နေ့အထိ နှစ်လနီးပါးကာလအတွင်း စစ်ကောင်စီတပ်သား ၅၂ ဦး ပြည်သူ့ရင်ခွင်ကို ချိတ်ဆက်ပြီး CDM ဝင်ရောက်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေကပြောသည်။

စက်တင်ဘာလ ၂၆ ရက်နေ့က နွေဦးတော်လှန်ရေးအောင်ပွဲသတင်းများနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူလူထုထံသို့ အစီရင်ခံတင်ပြရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ပြည်သူ့ရင်ခွင်သို့ ချိတ်ဆက်လာသည့် အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များတွင် ၁၄ ဦးမှာလက်နက်များ ယူဆောင်လာကြောင်း သိရသည်။

ထို့ကြောင့် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါလက်နက်များအတွက် ထပ်ဆောင်းချီးမြှင့်ငွေများကိုလည်း ထုတ်ပေးခဲ့ကြောင်း ဦးမောင်မောင်ဆွေက ပြောသည်။

NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် စစ်ကောင်စီတပ်မှ CDMဝင်ရောက်လာသူများကို လက်ခံနေသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် CDMမဝင်ရောက်နိုင်သေးသူများကိုလည်း အမာခံသတင်းပေးပို့သူ(ဖရဲသီး)များအဖြစ် ပြုလုပ်ရန် ယခင်ကပင် ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။

“ဖရဲသီးစီမံချက်မှာ ပူးပေါင်းပါဝင်ဆောင်ရွက်ချင်ပါတယ်လို့ ဆက်သွယ်လာတဲ့သူတွေကလည်း အမြောက်အမြားရှိပါတယ်။ အဲ့ဒီလူတွေကိုလည်း ကျွန်တော်တို့ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ဆက်လက်ပြီးတော့ ဖရဲသီး စီမံချက်တွေမှာ ဆောင်ရွက်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီကျွန်တော်တို့ကို ပေးဖို့ဆောင်ရွက်လျက်လည်းရှိပါတယ်”ဟု ဦးမောင်မောင်ဆွေကပြောသည်။

စစ်ကောင်စီအနေဖြင့် စစ်ဆင်ရေးများတွင် အဘက်ဘက်မှ ကျဆုံးလာသည်နှင့် အမျှ ထိပ်ပိုင်းခေါင်းဆောင်များကို ဖြုတ်၊ထုတ်၊သတ်ပြုလုပ်လာခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်လာခြင်းတို့ကိုလည်း တွေ့နေရကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက ထည့်သွင်းပြောဆိုသည်။

“ထိပ်တန်းခေါင်းဆောင်တွေကလည်း အပေါ်ပိုင်းမှာ ပြိုလဲလာတာနဲ့အမျှ အောက်ပိုင်းတပ်ရင်းတပ်ဖွဲ့တွေမှာလည်း စစ်မတိုက်တာ၊ အမိန့်မနာခံဘဲနဲ့ ထောင်ကျခံတာ၊ ထွက်ပြေးလာတာတွေလည်း အမြောက်အမြားကိုရှိနေပါတယ်”ဟု ဆိုသည်။

စစ်အာဏာသိမ်းကာလအတွင်း ပြည်သူ့ဘက်သို့ ကူးပြောင်းလာသည့် စိစစ်ပြီး စစ်ကောင်စီတပ်သား ဦးရေ ၃,၀၀၀ ကျော်နှင့်
ရဲတပ်သား ဦးရေ ၁၀,၀၀၀ ကျော် စုစုပေါင်း ဦးရေ ၁၃,၀၀၀ကျော်ရှိကြောင်း ၂၀၂၃ခုနှစ်၊ စက်တင်ဘာလအစောပိုင်းက ထုတ်ပြန်ခဲ့သည့် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့်အစီရင်ခံစာအရ သိရသည်။

ထို့ပြင် လက်နက်နှင့်တကွ ပြည်သူ့ဘက်ရပ်တည်လာသူများထံမှ သေနတ်မျိုးစုံ အလက် ၇၀ကျော်၊ ကျည်ပေါင်း ၁၀,၀၀၀ကျော်၊ ဗုံးသီးနှင့် ဆက်စပ်ပစ္စည်းများ လက်ခံရရှိခဲ့ပြီး 
ကျပ်သိန်းပေါင်း ၃,၀၀၀ ကျော်ကို ဂုဏ်ပြုငွေအဖြစ် ချီးမြှင့်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#CDM
#NUG ကာကွယ်ရေးဝန်ကြီးဌာန
------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤8👍3😁1🤮1
​​ပူတာအိုမှာ အဖမ်းခံရသည့် CDM ကျောင်းအုပ်ဆရာကြီး ပြန်လွတ်လာ
======================

အဂမ်
မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ်၊ နမ်းခမ်းကျေးရွာမှ အဖမ်းခံရသည့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ကျောင်းအုပ်ဆရာကြီးသည် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြန်လွတ်လာပြီဟု မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။
ဖမ်းဆီးခံရသည့် အသက် ၆၀ အရွယ် ကျောင်းအုပ်ဆရာကြီး ဦးဟေဆန်းသည် ပူတာအိုမြို့နယ်၊ မူလာရှီးဒီအထက်တန်းကျောင်း၏ ကျောင်းအုပ်ဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့ ည ၉ နာရီမှာ ၎င်း၏ နေအိမ်၌ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က ၎င်းကို ဖမ်းဆီးပြီးနောက် ပူတာအိုအခြေစိုက် ဗျူဟာတပ်ရင်းတွင် ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဖမ်းခံရသည့် ကျောင်းအုပ်ဆရာကြီး ဟေဆန်းသည် ဆီးချို၊ သွေးချိုနှင့် ကျောက်ကပ်ရောဂါ ခံစားနေသူဖြစ်ပြီး ပူတာအို နေအိမ်သို့ ခေတ္တပြန်လာစဥ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

“ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ပြန်လွတ်လာခဲ့ပါပြီ၊ အခုအိမ်ကို ပြန်ရောက်ပါပြီဗျ၊ ဘာမှလည်း ထိခိုက်မှု မရှိပါဘူး” ဟု မိသားစုဝင်တဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပူတာခရိုင်အတွင်းရှိ ဌာနအသီးသီးမှ ဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသော်လည်း လက်ရှိမှာ CDM အချို့သည် ခံဝန်ကတိဖြင့် လက်မှတ်ထိုး ရုံးပြန်တက်နေကြကြောင်းလည်း မြို့ခံများက ပြောသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
Photo - အဖမ်းခံရသည့် CDM ကျောင်းအုပ်ဆရာ ကြီး ဟေဆန်း

#CDM
#ပူတာအို
#မချမ်းဘော့
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23❤2🔥1
မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ CDM ကျောင်းဆရာမကို စစ်​ကောင်စီတပ်က ဖမ်းဆီး
===============

၀၀၈

(မဇ္ဈိမ)။   ။ ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်းအောက်တိုဘာ ၉ရက်က တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာ၌ မှတ်ချက်ပေးခဲ့ခြင်းကြောင့် မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် နေထိုင်သည့် CDM ကျောင်းဆရာမ ဒေါ်မိုးမိုးသူကို အောက်တိုဘာ ၁၂ရက်၊ ညနေ ၅နာရီကျော်တွင် စစ်​ကောင်စီတပ်ဖွဲ့က နေအိမ်ကို စီးနင်းဝင်ရောက် ဖမ်းဆီးသွားကြောင်းသိရသည်။

"အဖမ်းခံရတာ ဟုတ်တယ်။"ဟု မိသားစုဝင်နှင့်နီးစပ်သူတဦးက အတည်ပြုပြောသည်။

ဆရာမသည် အထက(ပလစ)ကျောင်းမှ ၂၀၂၁ ခုနှစ်ကတည်းက CDMပြုလုပ်ခဲ့ပြီး နေအိမ်တွင် ဟော့ပေါ့ရောင်းချနေသူဖြစ်ရာ သတင်းဌာနတခုအောက်တွင် မှတ်ချက်ဝင်ရေးခဲ့၍ စစ်လော်ဘီများက ဖမ်းဆီးရန် တိုင်ကြားခြင်းကြောင့် ယခုလို ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

"ယုတ်မာတာကတော့ ကမ်းကုန်ပဲ။ မမိုး(ဆရာမ)ဆီကို ဟော့ပေါ့လှမ်းမှာပြီး အိမ်ကိုလာဖမ်းတာပဲ။ သူယုံချက်နဲ့သူ ရပ်တည်နေတာပါ။ ဒါကို အခုလို အဖမ်းခံရတော့ စိတ်မကောင်းဘူး။"ဟု ဆရာမနှင့် ရင်းနှီးသူတဦးကဆိုသည်။

စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုကို လူမှုကွန်ရက် စာမျက်နှာတွင် မှတ်ချက်ဝင်ရေးသူ မတ္တရာမြို့နယ်မှ ကိုထွန်းနိုင်နှင့် စဥ့်ကူးမြို့နယ်မှ မမေငယ် ဆိုသူတို့ အောက်တိုဘာ ၁၁ရက်နေ့က ဖမ်းဆီးခံခဲ့ရ​သေးကြောင်း သိရသည်။

ပုံစာ -ဖမ်းဆီးခံထားရသည့် CDM ဆရာမ ဒေါ်မိုးမိုးသူ

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မုန်လိုင်ခက်ရွာ 
#စစ်ရှောင်စခန်း
#CDM

-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬11👍3🔥1
​​CDM ဝန်ထမ်းများနေရာတွင် အစားထိုးခန့်အပ်သော ပြန်တမ်းဝင်အရာရှိစာရင်းကို စစ်ကောင်စီမှ ထုတ်ပြန်ကြေညာ
==================

ငြိမ်းချမ်း(MMIT)
မဇ္ဈိမ။ ။ CDM ဝန်ထမ်းအများစု နေရာတွင် အစားထိုးခန့်အပ်မည့် ပြန်တမ်းဝင်အရာရှိစာရင်းကို စစ်ကောင်စီ၏ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီးဌာနမှ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၃ရက် နေ့စွဲဖြင့် ကြေညာသည်။
ကြော်ငြာစာအမှတ်(၃/၂၀၂၃)ဖြင့် ဝန်ကြီးဌာန/ အဖွဲ့အစည်း ၂၁ ခုမှပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် လစ်လပ်ရာထူး ၄၇၇ ဖြင့် ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင် ၊ စက်မှုဝန်ကြီးဌာန တို့မှပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး ၃၁​ နေရာ၊ စုစု​ပေါင်းရာထူး ၅၀၈​နေရာတို့အတွက်​ ရွေးချယ်ခံရသူများစာရင်း​ ကြေညာခြင်းဖြစ်ကြောင်း CDM အရာထမ်း တဦးမှ Mizzima ကိုပြောသည်။

ကြေညာထားချက်အရ ပြန်တမ်းဝင်အရာရှိ စတင်ခန့်အပ် လစ်လပ်ရာထူး ၅၀၈ နေရာအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ခေါ်ယူခဲ့ပြီး လျှောက်ထားသူ ကျား ၁,၂၂၅ ဦး၊ မ ၁,၄၂၄ ဦး စုစုပေါင်း ၂,၆၄၉ ဦးရှိခဲ့ကြောင်း သိရသည်။

ယင်းတို့အနက်မှ ရေးဖြေနှင့် လူတွေ့စစ်ဆေးအောင်မြင်သူ ၂၂၉ ဦးကိုလစ်လပ်နေရာအလိုက် ခန့်အပ်မည်ဟုဆိုသည်။ ၂၂၉ ဦးအနက် ဝန်ထမ်းများမှ ဖြေဆိုအောင်မြင်သူ ၁၄၄ ဦးရှိကာ ပြင်ပမှ ဖြေဆိုအောင်မြင်သူ ၈၅ ဦးရှိကြောင်းသိရသည်။

“CDM လုပ်ခဲ့တဲ့ လူတွေရဲ့ ပေးဆပ်မှုကို ပြည်သူတွေ မေ့ကုန်မှာစိုးတယ်၊ ကျွန်တော်တို့ ဆေးလောကကတော့ အလွယ်တကူ အစားထိုးဖို့ မလွယ်သလို ၊အရှက်မရှိ လျှောက်တဲ့သူလည်း နည်းတယ်၊ ကျန်တဲ့ဌာနတွေကတော့ ရွံစရာကောင်းတယ်ဗျ၊ ပြန်တမ်းဝင် အရာထမ်းဖြစ်ဖို့က မလွယ်ကူခဲ့ကြဘူး။ ခွေးတိုးပေါက်က အလွယ်ဝင်လာသူတွေကို ပြည်သူတွေက စောင့်ကြည့်ထားစေချင်တယ်” ဟု ရန်ကုန်မှ CDM အရာထမ်း တဦးက Mizzima ကိုပြောသည်။
“ ရာထူးတိုး၊ ပင်စင်ယူတွေကြောင့် နေရာလစ်လပ်တာက နည်းပါတယ်၊ CDM နေရာ လွတ်ကုန်တာက ၉၅ ရာခိုင်နှုန်း မကဘူး၊ အမှုထမ်းဘဝကနေ အရာထမ်းဖြစ်ဖို့ အချိန်အများကြီး ပေးခဲ့ရတာပါ။ အမှန်တရားဘက်က ပြည်သူနဲ့ ရပ်ခဲ့တဲ့ ကျွန်မတို့ကို မေ့မထားကြဖို့ ပြည်သူနဲ့ NUG ကို ပြောချင်ပါတယ်” ဟု မန္တလေးမှ CDM အရာထမ်း တဦးကလည်း Mizzima ကို ပြောသည်။

“ပြည်သူ ရှုံးလို့မရဘူး၊ ဒီတခါ ပြည်သူရှုံးရင် ဘယ်တော့မှ မြန်မာပြည်မှာ တရားမျှတမှုတို့ အမှန်တရားတို့ ၊ဒီမိုကရေစီတို့ ရှိလာတော့မှာ မဟုတ်ဘူး၊ သွေးမအေးကြပါနဲ့၊ ပြည်သူဘက် ရပ်ခဲ့တဲ့ သူတွေကို ပြည်သူကမှ မကြည့်ရင် ဘယ်လိုလုပ်မလဲ၊ CDM လုပ်တဲ့အမှုထမ်း၊ အရာထမ်းတွေ ဒုက္ခရောက်မယ်ဆိုတာ သိသိနဲ့ ပြည်သူ့ဘက်မှာ ရပ်တည်ခဲ့တာပါ။ တော်လှန်ရေးကို သွေးမအေးကြဘဲ အမြဲစိတ်ထဲထည့်ပြီး နိုင်တဲ့နေရာက ကူပေးကြဖို့ ပြောချင်တယ်” ဟု နေပြည်တော်မှ CDM အရာထမ်းတဦးကလည်း Mizzima ကို ပြောသည်။

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီးဌာနမှကြေညာချက်အရ လျှောက်ထားသူ မရှိသော လစ်လပ်နေရာများ ရှိပြီး၊ လျှောက်ထားသူများရှိသော်လည်း ရွေးချယ်ခံရသူမရှိသော လစ်လပ်နေရာများလည်း ရှိနေသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊စွမ်းအင်ဝန်ကြီးဌာန ၊စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ နိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ၁၀ ခုတို့အတွက် ရွေးချယ်ခံရသူ ၁၁၅ ဦးတို့သည် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ ဖွင့်လှစ်မည့် အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ် (၁၁) သို့ မပျက်မကွက် တက်ရောက်ကြရမည်ဟု ကြေညာချက်တွင်ပါရှိသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊သယံဇာတနှင့် သဘာဝဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် လျှပ်စစ်ဝန်ကြီးဌာန ရှစ်ခုတို့အတွက် ရွေးချယ်ခံရသူ ၁၁၄ ဦးတို့သည် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)တွင် ၂၀၂၃ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ ဖွင့်လှစ်မည့် အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ် (၁၂) သို့ မပျက်မကွက် တက်ရောက်ကြရမည်ဟု စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ကြေညာချက်တွင်ပါရှိသည်။

စာမူတည်းဖြတ် - သန့်ဇော်(သန်လျင်)

#mizzima
#CDM
#ပြန်တမ်းဝင်အရာရှိ
#နိုင်ငံ့ဝန်ထမ်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🤮9❤2😁1🖕1
​​လွိုင်ကော်တက္ကသိုလ် Non CDM ဝန်ထမ်း ၁၃၄ ဦးနှင့် မိသားစုဝင်များကို ဘေးလွတ်ရာပို့ဆောင်ထားဟု IEC ထုတ်ပြန်
====================

ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်တွင် ၁၁.၁၁ စစ်ဆင်ရေး စတင်ပြီးနောက် လွိုင်ကော်မြို့အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေရာ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသည့် လွိုင်ကော်တက္ကသိုလ်မှ စစ်ကောင်စီလက်အောက်ခံဝန်ထမ်း ၁၃၄ ဦးနှင့် ၎င်းတို့၏ မိသားစုဝင် ၆၄ ဦး စုစုပေါင်း ၁၉၈ ဦးကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ဘေးလွတ်ရာသို့ ပို့ဆောင်ကာ ဘေးကင်းလုံခြုံစွာ ထိန်းသိမ်းထားကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က နိုဝင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါဥခူ ရပ်ကွက်တွင်ရှိသည့် လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို နိုဝင်ဘာ ၁၃ ရက်နေ့တွင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တက္ကသိုလ်တွင်း ပိတ်မိနေသည့် စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများကို ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်ပြီး လွိုင်ကော်တက္ကသိုလ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
“တက္ကသိုလ်နားက အနီးဝန်းကျင်မှာတော့ ကျနော်တို့ တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ ဖြစ်ပါတယ်” ဟု KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ တိုက်ပွဲဖြစ်ပွားပြီးနောက် လွိုင်ကော်တက္ကသိုလ်တွင်းရှိ ကျောင်းသူကျောင်းသားများနှင့် ဆရာဆရာများ၏ အခြေအနေနှင့် ပတ်သက်၍ “ကျောင်းသားကျောင်းသူတွေနဲ့ ဆရာဆရာမတွေကိုတော့ ကျနော်တို့ ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်တယ်။ ဆက်လက်ပြီး ကျန်ရှိနေတဲ့လူတွေကယ်ထုတ်ရေးကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိတယ်” ဟု သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၁၄ ရက်နေ့တွင် ပြောသည်။

ထိန်းသိမ်းထားသည့် Non CDM ဝန်ထမ်းများ၏ အသေးစိတ်အချက်အလက်များကိုမူ စာရင်းပြုစုနေဆဲဖြစ်ပြီး ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံး လုံခြုံသည့် နေရာတွင်ရှိကြောင်း Karenni IEC မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် လွိုင်ကော်တက္ကသိုလ်ကို ကရင်နီပူးပေါင်းတပ်များမှ ဝင်ရောက်စီးနင်းထားပြီး ထိန်းသိမ်းထားသည့် Non CDM ဝန်ထမ်းများကိုလည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC )မှ ရေသားပြုစုထားသည့် “CDM နိုင်ငံဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်း” ပါ ပြဋ္ဌာန်းချက်များနှင့် လူ့အခွင့်အရေးကို အခြေခံကာ ဆက်လက်စီမံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Karenni IEC မှ ဖော်ပြထားသည်။

“CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒ စာတမ်း” အခန်း(၄) ဖြစ်သည့် Non-CDM နိုင်ငံ့ဝန်ထမ်းများကို အရေးယူခြင်းတွင် အပိုဒ်(၉) ၌ အာဏာသိမ်းကာလအတွင်း ကျူးလွန်ခဲ့သည့် အဂတိလိုက်စားမှုများ၊ လာဘ်ပေးလာဘ်ယူများကို ပြန်လည်ဖော်ထုတ်စစ်ဆေးအရေးယူခြင်းလည်းကောင်း၊ အပိုဒ်(၁၁) ၌ အာဏာသိမ်းကာလအတွင်း ရယူထားသည့် ပုံမှန်ခံစားခွင့်နှင့် အထူးခံစားခွင့်များကို ပြန်လည်ပေးအပ်စေခြင်း၊ ဝန်ထမ်းကျင့်ဝတ် ပျက်ယွင်းကြောင်း နိုင်ငံ့ဝန်ထမ်းလုပ်သက်ဆိုင်ရာ မှတ်တမ်းစာအုပ်တွင် ထည့်သွင်းခြင်းလည်းကောင်း Non CDM ဝန်ထမ်းများကို အရေးယူခြင်းဆိုင်ရာ အခြားအချက်အလက်များ ပါရှိသည်။

ပုံအညွှန်း- လွိုင်ကော်တက္ကသိုလ်အတွင်း Non CDM ဝန်ထမ်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေစဉ် (Karenni IEC)
စာတည်း - သန့်ဇော်(သန်လျင်).

#mizzima
#လွိုင်ကော်မြို့
#CDM
#တက္ကသိုလ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍27❤7😁4
တိုက်ပွဲပြင်းထန်နေသော မတူပီမြို့တွင် ရဲတပ်ကြပ် ၁ ဦး လက်နက်ချ ပူးပေါင်း
===================

ကိုခင်မောင်
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေချိန် မြို့မ ရဲစခန်းမှ ရဲတပ်ကြပ်တဦးသည် ၎င်း၏ မိသားစုဝင်များကို ခေါ်ဆောင်ပြီးချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ( CDF- Matupi) ထံံ လာရောက်ပူးပေါင်းခဲ့သည်။

လက်နက်နှင့် အတူ အလင်းဝင်လာသော ထိုရဲတပ်ကြပ်နှင့် ၎င်း၏ မိသားစုများအား ငွေကြပ် သိန်း၅၀ ချီးမြင့်ခဲ့သည်ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ( CDF- Matupi) တာဝန်ရှိသူက ဒီဇင်ဘာလ ၂ ရက်နေ့တွင် မဇ္ဈိမကို ပြောသည်။

“နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ကျွန်တော်တို့ဆီကို ဆက်သွယ်အလင်းဝင်လာတာပါ၊ သူတို့မိသားစုကတော့ လူခြုံနေပါပြီ၊”ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

မတူပီမြို့မရဲစခန်းမှ ပြည််သူနှင့်အတူ ပူးပေါင်းလာသော ရဲတပ်ကြပ်သည် G-3 သေနတ်တလက်၊ ကျည်ဘောက်နှစ်ခု၊ ကျည်ဆံ ၁၀၄ တောင့်ကိုယူဆောင်လာပြီး မိသားစုပါ ခေါ်ဆောင်လာကာ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီထံ နိုဝင်ဘာလ ၃၀ ရက်တွင် လာရောက်ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပြည်သူနှင့်အတူ ပူးပေါင်းလာသော ရဲတပ်ကြပ် မိသားစုကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ -မတူပီမှ ဆုငွေ ကျပ်သိန်း ၅၀ အား ချီးမြင့်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် မတူပီမြို့နယ်ရှိ စစ်ကောင်စီတပ်များနှင့် ရဲသားများအနေဖြင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီနှင့် အမြန်ဆုံးပူးပေါင်းပေးပါရန် နောက်ဆုံးအကြိမ် ဖိတ်ခေါ်တိုက်တွန်းထားသည်။
၂၀၂၃ ခုနှစ်အတွင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီထံသို့ ပူးပေါင်းလာသည့် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင် ၁၀ဦးရှိပြီဖြစ်ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူထံက သိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီ ခန့်တွင် မတူပီ-မင်းတပ်လမ်းက စစ်တပ် ကာကင်းကုန်စခန်းအား ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ - မတူပီမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတဦး အပါအဝင် ခုနစ်ဦးကျဆုံးပြီး လက်နက်များလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ပုံအညွှန်း ။ ။ မတူပီမြို့မရဲစခန်းမှ အလင်းဝင်လာသူ ရဲတပ်ကြပ် မိသားစုနဲ့ သူယူဆောင်လာသော လက်နက်များ
ပုံ။ ။ CDF- Matupi
စာတည်း။ ။ နောင်နောင်

#မတူပီ
#လက်နက်ချ
#CDM
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤16👍8😁3
​​အင်းတော်မြို့တွင် Non CDM ဝန်ထမ်း ၁၀၀ ကျော် အလင်းဝင် 

ကိုခင်မောင်

(မဇ္စျိမ)။    ။စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် Non-CDM ဝန်ထမ်း ၁၀၀ ကျော်သည် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ ဘက်ပြောင်းခိုလှုံကာ အလင်းဝင်ရောက်လာခဲ့ကြောင်း အင်းတော်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နောက်ဆုံးထားကာ ပြည်သူလူထုဘက်မှရပ်တည်ပြီး အလင်းဝင်ရောက်ကြရန် အင်းတော်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားပြီးနောက် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော Non-CDM ဝန်ထမ်း ၁၀၂ ဦးသည် အလင်းဝင်ရောက်လာခဲ့ကြောင်း အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက မဇ္စျိမအားပြောသည်။

“ကျွန်တော်တို့ စိစစ်ပြီးသားဦးရေက ၁၀၂ဦးရှိပါတယ်။ ပညာရေးဝန်ထမ်းတွေ၊ ထွေအုပ်ရုံးက ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ဌာနပေါင်းစုံက ဝန်ထမ်းတွေပါဝင်ပါတယ်ဗျ။ အဲဒီထဲမှာ ပညာရေးဝန်ထမ်းကတော့ လူဦးရေအများဆုံးပါ။ နောက်ထပ်လည်း CDM လုပ်ဖို့ ဆက်သွယ်လာတဲ့သူရှိပါတယ်။ “ ဟု အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ ကဆိုသည်။

အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သို့ ဆက်သွယ်လာသော Non CDM ဝန်ထမ်းများအား စစ်ကောင်စီတပ်နှင့် ထပ်ပြီး မပတ်သက်ရန် ခံဝန်လက်မှတ်ထိုးစေပြီး နေရပ်တွင် ပြန်နေခွင့်ပြုထားကြောင်း ၎င်းတာဝန်ရှိက ဆက်လက်ပြောပြသည်။

“တစ်ချို့ Non-CDM ဝန်ထမ်းကျတော့ မြို့သိမ်းတွေစပြီဆိုကတည်းက အထုပ်ပိုက်ပြီး ထွက်ပြေးလာကြတယ်။ တချို့ကျတော့ အလင်းဝင်ရန် ထုတ်ပြန်ချက်ထုတ်ပြီးတဲ့နောက်မှာမှ ဝင်လာကြတယ်။ ထပ်ပြီး ဝင်ရောက်လာမယ့် သူများရှိရင်လည်း ကြိုဆိုပါတယ်။” ဟု အင်းတော်မြို့နယ် ပအဖမှ တာဝန်ရှိသူက ဆိုသည်။

အင်းတော်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းအားလုံး ဒီဇင်ဘာလ ၂၃ ရက်နေ့ နောက်ဆုံးထား၍ ဆောင်ရွက်ဆဲဖြစ်သည့် ရုံးလုပ်ငန်းအားလုံးကို ရပ်တန့်ကာ ဌာနဆိုင်ရာ စာရွက်စာတမ်းများ၊ ပြည်သူပိုင်ပစ္စည်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရထံ အလင်း ဝင်ရောက်ကြရန်၊ အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နိုဝင်ဘာလ ၂၄ရက်တွင် သတိပေးထုတ်ပြန်ထားသည်။

အလင်းဝင်ရောက်ခြင်းမရှိသည့် Non CDM ဝန်ထမ်းများကို တည်ဆဲ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူအပြစ်ပေးမည်ဖြစ်ကြောင်းလည်း အဆိုသတိပေးချက်တွင် ဖော်ပြထားသည်။

အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ညွှန်ကြားချက်များနှင့်အညီ CDM ဝန်ထမ်းများကို ထိထိရောက်ရောက် ကူညီခြင်း၊ တော်လှန်ရေးကို ထိထိရောက်ရောက် ပါဝင်ကူညီခြင်းပြုခဲ့သည်ဟု အထောက်အထားခိုင်လုံသည့် Non-CDM ဝန်ထမ်းများကို စိစစ်ချိန်ဆ၍ အရေးယူခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်းနှင့် ကြားကာလအတွင်း သတ်မှတ်ထားသည့် ကာလတို စာချုပ်ဖြင့် တာဝန်ပေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#အင်းတော်မြို့နယ် 
#ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
#အမျိုးသားညီညွတ်ရေးအစိုးရ
#CDM 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤1
​​ကနီမြို့မရဲစခန်းက စစ်ကောင်စီတပ်သား လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်
===============

လွှမ်းမိုး

(မဇ္ဈိမ)။   ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့ပေါ်တွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ် ခလရ(၈၇)မှ တပ်သား ဖိုးလပြည့်( တ/၅×××၁၅) သည် လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်ခဲ့ကြောင်း သိရသည်။

 ဒီဇင်ဘာ ၆ ရက်နေ့ ညပိုင်း၌ ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) ဖြင့် ချိတ်ဆက်၍ CDM ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း KLG PDF ထံမှ သိရခြင်း ဖြစ်သည်။

“ ကနီမြို့ပေါ် စခန်းကနေ စထွက်ထွက်ချင်း ရဲတွေနဲ့ ကျနော် စတင်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ရဲကင်းစခန်းနားကို အီနာဂါ နှစ်လုံးပစ်ပြီး ကျနော် ထွက်ပြေးခဲ့တယ်။ ကျနော်ကို လိုက်ရှင်းတဲ့ စုပေါင်းစပ်ပေါင်း ၁၀ ယောက်နဲ့ နှစ်နာရီနီးပါး ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်။ တရက်ကျော်လောက် အစာရေစာ ငတ်ခံပြီးမှ ကနီနယ်ခံ တယောက်က ချိတ်ဆက်ပေးလို့ ကာကွယ်ရေး တပ်ဖွဲ့တွေဆီ ရောက်ရှိခဲ့တာ ဖြစ်တယ်” ဟု CDM တပ်သား 
ဖိုးလပြည့်က မဇ္ဈိမကို ပြောသည်။

အဆိုပါ တပ်သားသည် MA2 တလက် ၊ ကျည်ဘောက် ငါးခု နှင့် ကျည် ၁၄၀ တို့ဖြင့် ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) တပ်ဖွဲ့ကို ချိတ်ဆက်၍ CDM ပြုလုပ်ခဲ့တာဖြစ်ကြောင်း KLG PDF ထံမှ သိရသည်။

စစ်သက် ရှစ်နှစ်တာအတွင်း အာဏာသိမ်းပြီးနောက် စစ်ဆင်ရေး ထွက်ခဲ့သည့် အခြေအနေများကို CDM တပ်သားက အခုလိုပြောပြပါသည်။

“ ကလေးမြို့ အင်အား ၁၀၀ ကျော်နဲ့ တပ်ထိုင်စဉ်က တာဟန်းဘက်မှာ PDF ထောက်ပို့ လုပ်နေသူတွေ ၊ PDF နဲ့ဆက်စပ်တယ် ထင်သူတွေကို ဒကစ မှူးရဲ့ အမိန့်နဲ့ သွားဖမ်းပြီး စစ်ဆေးတာတွေရှိတယ်။ ဒကစ က စစ်လို့မရတဲ့သူတွေကို တပ်ရင်းတွေ ဆီပို့တယ်။ ကျနော်သိရသလောက် ရိုက်စစ်ရင်း သေဆုံးသွားတဲ့ ပြည်သူ ခုနစ်ယောက်ရှိပါတယ်။ 

စစ်ဆင်ရေးကာလတွေမှာလည်း ရှမ်းနီနဲ့ ပေါင်းပြီး ဟုမ္မလင်းဘက်က ပင်ခုတ်ရွာက နေအိမ်မီးရှို့ခဲ့တာတွေ ရှိတယ်” ဟု CDM တပ်သား ဖိုးလပြည့်က ဆိုသည်။

အဆိုပါ CDM ပြုလုပ်လာသည့် တပ်သားကို KLG PDF မှ ဆုကြေးချီးမြှင့်မည်ဖြစ်ပြီး ၊ လက်ရှိကာလတွင် တိုက်ပွဲများဆက်တိုက် ဖော်ဆောင်နေရသည့်အတွက် ငွေကြေး အခက်အခဲ ရှိနေကြောင်း KLG PDF ထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကနီမြို့မရဲစခန်း
#KLGPDF
#CDM
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19😁2
https://www.youtube.com/watch?v=DNmQiXh4X-A
“CDM နဲ့ နိုင်ငံရေးသမားတွေ ကြားထဲ LGBT ကို လက်ခံနိုင်ဖို့ အရမ်းအားနည်းနေတာကို တွေ့ရတယ်”
👍10