Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.8K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ထိုင်းနိုင်ငံ ကားပစ္စည်းစက်ရုံရှိ မြန်မာအလုပ်သမားများ လုပ်ခမရ၍ တိုင်ကြားရာမှ အလုပ်ထုတ်
🤬4👍2🔥2
ထိုင်းနိုင်ငံ ကားပစ္စည်းစက်ရုံရှိ မြန်မာအလုပ်သမားများ လုပ်ခမရ၍ တိုင်ကြားရာမှ အလုပ်ထုတ်
=============

ကိုရွှေမြိတ်

(မဇ္ဈိမ)။  ။ထိုင်းနိုင်ငံ၊ ချွန်ပူရီမြို့တွင် ကား ဆက်စပ်ပစ္စည်းနှင့် သံထည်များ ထုတ်လုပ်သည့် CNA Inter Coating ကုမ္ပဏီတွင် ရွှေ့ပြောင်း မြန်မာ အလုပ်သမား ၁၅ ဦးကို လုပ်ခလစာများ မပေးသဖြင့် တရားရုံးတွင် သြဂုတ်လ ၁၈ ရက်နေက သွားရောက် တိုင်တန်းရာမှ ထိုနေ့မှာပင် အလုပ်ထုတ်ခံလိုက်ရသည်ဟု အလုပ်သမားများနှင့် WAG အဖွဲ့တို့ထံမှ သိရှိရသည်။

အဆိုပါ CNA Inter Coating ကုမ္ပဏီတွင် ကားနှင့် ဆိုင်ကယ်များ၏ အသေးစားဆက်စပ်ပစ္စည်းများ ထုတ်လုပ်ပြီး၊ ကနဦးတွင် ယင်းစက်ရုံသို့ အလုပ်စဝင်သည့် အချိန်၌ အလုပ်သမားများကို ပုံမှန်လုပ်အားခ ထုတ်ပေးသော်လည်း နောက်ပိုင်းတွင် အကြောင်း အမျိုးမျိုးပြပြီး အလုပ်ရှင်ဖြစ်သူက စားစရိတ်သာ ဘတ် ၁,၀၀၀၊ ၅၀၀နှင့် ၂၀၀ တို့ကိုသာ ထုတ်ပေးပြီး လုပ်ခလစာများကို ထုတ်မပေးတော့ဟု အလုပ်သမားများက ပြောသည်။

“အခု လုပ်ခလစာ မရတာ လေးလလောက်ရှိနေပြီး တောင်းတော့လည်း မပေးဘူးရှင့်၊ ဒီအတွက်ကြောင့် ကျွန်မတို့က WAG အဖွဲ့ကို လှမ်းအကူညီတောင်းပြီး ထိုင်း တရားရုံးကို တိုင်တန်း ထားတယ်”ဟု လုပ်ခလစာ မရသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား မစန်းစန်းနွယ်က ပြောသည်။

၎င်းစက်ရုံတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၀ ဦးခန့် အလုပ် လုပ်နေခြင်းဖြစ်ပြီး လက်ရှိတွင် လုပ်ခလစာနှင့် ပတ်သက်၍ အလုပ်ရှင်ဖြစ်သူက လစာပေးရမည့်အချိန်တွင် မပေးဘဲ အလုပ်ထုတ်ပစ်ခြင်းနှင့် ငွေကြေး အနည်းငယ်သာ ပေးခြင်းမျိုး ပြုလုပ်လာကာ အလုပ်သမားအားလုံးနီးပါး အဆိုပါ စက်ရုံမှ အလုပ်ထွက်ကြကြောင်း အလုပ်သမားများထံမှ သိရသည်။

“လောလောဆယ်မှာတော့ ကျွန်မတို့ အဲ့ဒီစက်ရုံက ထွက်လာတဲ့ အလုပ်သမားတွေ အားလုံး အခက်ခဲဖြစ်နေပါတယ်၊ အချို့ကလည်း အလုပ်ရတာ ရှိကြပေမယ့် အချို့မရသေးတော့ စားဝတ်နေရေး အဆင်မပြေမှုတွေ ဖြစ်နေတယ်”ဟု မစန်းစန်းနွယ်က ထပ်ပြောသည်။

လက်ရှိ လေးလနီးပါး လုပ်ခလစာ မရ၍ ထိုင်းတရားရုံးတွင် ဖြေရှင်းပေးဖို့ သွားရောက်တိုင်တန်းခဲ့သည့် မြန်မာအလုပ်သမားများရရှိမည့် လုပ်အားခများမှာ တဦးလျင် ထိုင်းဘတ်ငွေ ၂၀,၀၀၀ ကျော် ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရ သည်။

“ဒီအမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အဖွဲ့ကို လာရောက်အကူညီတောင်းထားလို့ အလုပ်ရှင်ဖြစ်သူကို ထိုင်းတရားရုံးကနေ ဆင့်ခေါ်ခဲ့ပေမယ့် အခုချိန်အထိ လာရောက်ဖြေရှင်းပေးတာမျိုး မရှိသေးလို့ ကျွန်တော်တို့ ထိုင်း အလုပ်သမား ဥပဒေအရ အချိန် နှစ်လ ထပ်စောင့်ခိုင်းထားတယ်၊ တကယ်လို့ ဒီ နှစ်လထဲမှာ လာရောက် ဖြေရှင်းပေးတာမျိုး မရှိရင်တော့ အမှုဖွင့်သွားဖို့ ရှိတယ်”ဟု ထိုင်းနိုင်ငံ အခြေစိုက် WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းက မဇ္ဈိမကို ပြောဆိုထားသည်။

အလုပ်ထုတ်ခံရသူများထဲတွင် အမျိုးသမီး လေးဦးနှင့် MoU ဖြင့် လာရောက်သူ တဦးလည်း ပါဝင်ကြောင်း၊ ထို ၁၅ ဦးထဲ၌ တရားဝင်အထောက်အထားနှင့် နေထိုင်သူ လေးဦးဖြစ်ပြီး ကျန်သည့် ၁၁ ဦးက ထိုင်းအစိုးရက ထုတ်ပေးသည့် အလုပ် လုပ်ခွင့်ပါမစ်ရဖို့ နာမည်စာရင်း (Name list) တင်ထားသူများဟုလည်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#MoU
#ထိုင်းနိုင်ငံ
#ချွန်ပူရီမြို့

ပုံအညွှန်း - ထိုင်းတရားရုံးတွင် သွားရောက် တိုင်တန်ထားသည့်ပုံနှင့် စက်ရုံအတွင်း အလုပ် လုပ်နေသည့်ပုံများ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6👍1🔥1
​​နယ်စပ်တိုက်ပွဲများကြောင့် တရုတ်လုံခြုံရေးဝန်ကြီး မြန်မာစစ်ကောင်စီနှင့် လာရောက်ဆွေးနွေး 
==================

မြန်မာနိုင်ငံ၌ တိုင်းရင်းသား လက်နက်ကိုင်များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများ ဖြစ်ပွားသည့်နောက်တွင် တရုတ်နှင့် မြန်မာ နယ်စပ်တလျှောက် ငြိမ်းချမ်းရေး ထူထောင်နိုင်ရေးနှင့် ပတ်သက်ကာ တရုတ်အများပြည်သူလုံခြုံရေးဝန်ကြီးသည် မြန်မာစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့တွင် ဖော်ပြသည်။ 
 

-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁6🤣4🔥2🤮1
​​ကော့ကရိတ်တိုက်ပွဲအတွင်း အရပ်သား ၉ ဦး သေဆုံး
==============

YT 

(မဇ္ဈိမ)။  ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားကိုးဦး ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများထံက သတင်းရရှိသည်။ 

"စစ်ကောင်စီက လက်နက်ကြီးပစ်လို့ ထိတာတွေချည်းပဲ။ သေတာက ကိုးယောက်၊ ကလေးရော လူကြီးရော အစုံပဲ။ ရပ်ကွက်ချင်းအလိုက်တော့ စာရင်းပြုစုနေတုန်းပဲ၊ ဒဏ်ရာရတာတော့ ၂၀ ကျော်ရှိတယ်" ဟု ကော့ကရိတ်မြို့မှ သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

ကော့ကရိတ်မြို့တွင်း၊ မြို့ပြင်ရှိ စစ်ကောင်စီအထိုင်ချနေရာများအား တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့ နှစ်ရက်ဆက်တိုက် သွားရောက်တိုက်ခိုက်ခဲ့သော တိုက်ပွဲဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်စခန်းများ​၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများကြောင့် အရပ်သားများ ထိခိုက် သေဆုံးခြင်းဖြစ်သည်။ 

ဒေသတွင်း သတင်းရင်းမြစ်​၏ ပြောကြားချက်အရ စစ်ကောင်စီတပ်များ​၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လက်နက်ကြီးထိမှန်သေဆုံးသူ ကိုးဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော် ရှိကာ အဆိုပါ အရေအတွက်အတွင်း ကလေးငယ်များနှင့် အမျိုးသမီးများ ပါဝင်ကြောင်း၊ စာရင်းအတိအကျကိုမူ စာရင်းပြုစုနေဆဲဖြစ်ကြောင်း သိရသည်။ 

" လက်နက်ကြီးထိပြီးတာနဲ့ ပထမဆုံး မဘသက ဘုန်းကြီးတွေ ပျူစောထီးတွေ အရင်ဆုံးရောက်လာတာပဲ။ ပြီးမှ လူနာတင်ကားက ရောက်တာ။ ကျည်အစတွေကို မဘသ ဘုန်းကြီးတွေက ပြန်ကောက်ယူသွားတယ်။ လက်စဖျောက်တဲ့သဘောပေါ့" ဟု အခြားဒေသတွင်းသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။ 

လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သော်လည်း တော်လှန်ရေးအင်အားစုများက မြဝတီ- ကော့ကရိတ် အာရှလမ်းပေါ်တွင် ခရီးသွားယာဉ်များအား စစ်ဆေးမှုတို့ ပြုလုပ်နေပြီး စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ် (BGF)၊ KNU/ KNLA (PC) များကလည်း ကော့ကရိတ်မြို့နယ်အတွင်းသို့ စစ်အင်အား ဖြည့်တင်းလျက်ရှိရာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေသည့် ဒေသခံများအနေဖြင့် နေရပ်တွင် ပြန်လည်နေထိုင်ရန် မဖြစ်နိုင်ကြသေးကြောင်း သိရသည်။ 

" အခုထိတော့ ပြန်မနေရဲသေးဘူး။ စစ်ကားတွေကလည်း မြို့ထဲ ဝင်ထွက်သွားလာနေတုန်းတဲ့။ တိုက်ပွဲပြန်ဖြစ်လို့ ထပ်ပြေးရရင် မချောင်ဘူး" ဟု တံတားဦးရပ်ကွက်မှ ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။ 

ထို့ပြင် အဆိုပါ နှစ်ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်တွင် ဒု- တပ်ရင်းမှူးတဦးအပါအဝင် ၄၀ ကျော် သေဆုံး၍ ထိခိုက်ဒဏ်ရာရသူ များကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ရဲဘော် ငါးဦး ကျဆုံး၍ ထိခိုက်ဒဏ်ရာရသူ ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကော့ကရိတ်မြို့နယ်
#တော်လှန်ရေး

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢6👍4🔥2
​​ရိုဟင်ဂျာနေရပ်ပြန်ရေး ဆွေးနွေးရန် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ် ရောက်ရှိ
===================

ကာလကြာ တန့်နေသည့် နေရပ်ပြန်ရေး အစီအစဉ်တရပ်၏ တစိတ်တဒေသအဖြစ် ရိုဟင်ဂျာ ဒုက္ခသည်များနှင့် တွေ့ဆုံရန် မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ အောက်တိုဘာ ၃၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁4👍2🔥1🤮1
​​ဟားမတ်စ် ဓားစာခံများအရေး ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာတာနှင့် အီဂျစ်သို့ အရေးပေါ် သွားရောက်
=================

အစ္စရေးနိုင်ငံအား တိုက်ခိုက်မှုများ၌ ဟားမတ်စ်တို့ ဓားစာခံအဖြစ် ဖမ်းဆီးထားသော ထိုင်းနိုင်ငံသား ၂၂ ဦး အရေး ဆွေးနွေးပြောဆိုရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီး ဘာဟတ်ဒါ နုကာရာသည် ကာတာနှင့် အီဂျစ်နိုင်ငံသို့ဆီ အင်္ဂါနေ့၌ အားချင်း ခရီးစဉ် စတင်သွားရောက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥2👏1
​​မုံရွာမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရမှု ၅ ဦးသေဆုံး
==============

ပါခွီး

(မဇ္စျိမ)။  ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက် ခဲ့ရာ ငါးဦးသေဆုံးခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော်(Student Armed Force)က အောက်တိုဘာ လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

ဘုတလင်မြို့နယ်၊ ကျီးဗဒုံကျေးရွာမှ အင်အား ၇၀ ခန့်ဖြင့်ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းကို မုံရွာမြို့နယ် ဖန်းခါးကျင်းကျေးရွာအနီး၌ အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ ချုံခိုပြီးတိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်ကသေဆုံးမှုကိုတော့ တိုက်ပွဲအတွင်း မျက်မြင်တွေ့ရ တာရယ်၊ သူတို့ ထမ်းစဥ်နဲ့သယ်ထုတ်သွားတဲ့အရေအတွက်ကို သတင်းရတာနဲ့အတည်ပြုနိုင်တာပါ” ဟု SAF အဖွဲ့တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

ချုံခိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားငါးဦးသေဆုံးခဲ့ပြီး ၎င်းတို့ကို ကျီးဗဒုံကျေးရွာဘက်မှတဆင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အတွင်းသို့ သယ်ဆောင်သွားကြောင်း ဆိုသည်။

မိနစ်၂၀ ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုများကြောင့် စစ်ကောင်စီတပ်သည် ရှေ့ဆက် မတိုးဘဲ ဖန်းခါးကျင်းကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း SAF တာဝန်ရှိသူက ဆက်ပြောသည်။

အဆိုပါတိုက်ပွဲကို ကျောင်းသားလက်ရုံးတပ်တော်နှင့်အတူ Anonymous Hero အဖွဲ့နှင့် ဒေသကာကွယ် ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းသားလက်ရုံးတပ်တော်အနေဖြင့် စစ်ကောင်စီတပ်ကို ဆက်လက်၍ တိုက်ပွဲများဖော်ဆောင်သွား မည်ဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း ဘုတလင်မြို့နယ် ဇီးတောကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာ သည့် စစ်ကောင်စီတပ်ကို SAF နှင့်အတူ မုံရွာခရိုင် အမှတ်(၁၃)တပ်ရင်း (အောင်ဆန်းမျိုးဆက်) ဒေသ ကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ခဲယမ်းအချို့သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#mizzima

ပုံအညွှန်း - ကျောင်းသားလက်ရုံးတပ်ဖွဲ့ဝင်များ (ဓါတ်ပုံ - ကျောင်းသားလက်ရုံးတပ်တော်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😁4👏1
​​၁၀၂၇ စစ်ဆင်‌ရေးတွင် ဒေသပေါင်းစုံမှ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ တပြိုင်နက်ဝင်တိုက်ကြရန် မြောက်ပိုင်းမဟာမိတ်၃ဖွဲ့ တိုက်တွန်း
=================

မဇ္ဈိမ။ ။၁၀၂၇ စစ်ဆင်‌ရေးအဖြစ် စစ်ကောင်စီပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး အခြားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီတပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သောစခန်းများကို တပြိုင်နက်တည်း ဝင်တိုက်ကြရန် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တိုက်တွန်းလိုက်သည်။

စစ်ဆင်‌ရေးငါးရက်မြောက်နေ့ဖြစ်သော ယနေ့ အောက်တိုဘာလ ၃၁ရက် ညနေ ၄နာရီခန့်တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်တိုက်တွန်းခြင်းဖြစ်သည်။

" မိမိတို့၏ စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီ ပူးပေါင်းစစ်ဆင်ရေးများကို အခြားသောမဟာမိတ်များအနေဖြင့်လည်း တပြိုင်နက်တည်း ဆင်နွှဲလာခဲ့ကြသည်ကိုတွေ့ရှိနေရသည်။ ဤသည်မှာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး အတွက် အကြိုနိမိတ်ပင်ဖြစ်သည်။ အခြားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း ဤကဲ့သို့သော ရတောင့်ရခဲ၊ ကြုံတောင့် ကြုံခဲအခွင့်အရေးကို အမိအရဖမ်းဆုပ်ကိုင်ပြီး ကိုယ့်ဒေသအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သောစခန်းများကို တပြိုင်နက်တည်း ဝင်တိုက်ကြရန် မိမိတို့ ညီနောင်မဟာမိတ်သုံးဖွဲ့မှ လေးလေး နက်နက် တိုက်တွန်းလိုက်ပါသည်" ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

ယနေ့ စစ်ဆင်ရေးတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းစစ်ကြောင်းသည် ကချင်ပြည်၊ လိုင်ဇာမြို့မှ ၂၅ကီလိုမီတာခန့် ကွာဝေးသော မြစ်ကြီးနား-ဗန်းမော်ကားလမ်းမ အနီးရှိ စစ်ကောင်စီ၏ “ကန်တောင်ယန် (ဂန်‌ဒေါင်ယန်) စခန်း” ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဟု ထုတ်ပြန်ထားသည်။ ထိုတိုက်ပွဲ၌ စစ်ကောင်စီထံမှ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် အလောင်းအချို့တကိုသိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီ၏ခမရ (၃၈၇) တပ်ရင်းမှူးလည်း တိုက်ပွဲအတွင်း ကျဆုံးခဲ့သည်ဟု အသိပေးထားသည်။

ထို့အပြင်KIAနှင့်AAပူးပေါင်းတပ်ဖွဲ့သည် နမ္မတူမြို့နယ်၊ မုံးမော်၊ နမ့်ဟိုင်းရှိ စစ်ကောင်စီလက်အောက်ခံ ခလရ (၃၂၄) အား အပြီးသတ် ချေမှုန်းသိမ်းပိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

စစ်ဆင်ရေး ငါးရက်တာကာလအတွင်း ကိုးကန့်ပြည်နယ်၊ အထူးဒေသ (၁)မှ ချင်းရွှေဟော်နှင့် ဖောင်းဆိုင်မြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားကြောင်းနှင့် သိန္နီမြို့ကိုလည်း ထိန်းချုပ်ထားဆဲဖြစ်သည်ဟု အသိပေးထားသည်။

၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့်ရက္ခိုင့်တပ်တော် (AA) တို့က ဦးဆောင်ကာအောက်တိုဘာလ ၂၇ ရက် နံနက်မှစတင်၍ စစ်ကောင်စီကို တိုက်ခိုက်နေသည်။စစ်ဆင်ရေးက်ိုကြိုဆိုထောက်ခံခဲ့ကြသော မြန်မာပြည်သူလူထုတရပ်လုံးနှင့် အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ် တဦးချင်းစီကို များစွာကျေးဇူးတင်ပြီး စစ်ဆင်ရေးအောင်မြင်ရန်အတွက် လူထု၏ အားပေးထောက်ခံမှုနှင့် ဝန်းရံပံ့ပိုးမှုသည် အလွန်အရေးကြီး​သော​ကြောင့် ဆက်လက်ပူးပေါင်းပါဝင်ကြရန်မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ကြေညာချက်ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

#Mizzima
#၁၀၂၇ စစ်ဆင်ရေး
#ငါးရက်မြောက်နေ့
#မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တိုက်တွန်းချက်

Photo/ Operation 1027 - 3BHA

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤2🔥2😁2
မြိတ်တွင် တနင်္သာရီနှင့် ပုလောဘက်က လာရောက်ခိုလှုံသည့် စစ်ဘေးရှောင်များကို စစ်ကောင်စီ ခေါ်ယူစစ်ဆေး
🤬4🔥3👍1
မြိတ်တွင် တနင်္သာရီနှင့် ပုလောဘက်က လာရောက်ခိုလှုံသည့် စစ်ဘေးရှောင်များကို စစ်ကောင်စီ ခေါ်ယူစစ်ဆေး
================

ကိုရွှေမြိတ်

(မဇ္ဈိမ) ။  ။ တနင်္သာရီတိုင်း ၊ မြိတ်မြို့နယ်သို့ လာရောက် တည်းခိုနေထိုင်သည့် တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်က စစ်ဘေးရှောင်များအား စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေကြောင်း ဒေသခံများထံက သိရသည်။

မြိတ်မြို့ဒေသခံများကိုလည်း ထိုဒေသမှ စစ်ဘေးရှောင်များ လာရောက်ပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံ ချက်ချင်းလာရောက် အကြောင်းကြားရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်ဟု ဒေသခံများက ဆိုသည်။ 

တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်ကို စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးကြေညာထားသည်။ မြိိတ်မြို့နယ်ရှိ  ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးခေါင်းဆောင်များက ထိုဒေသခံများကို အဓိက ပစ်မှတ်ထား စစ်ဆေးနေပြီး အခြားနေရပ်မှ လာရောက်သူအချို့လည်း စစ်ဆေးခံနေရကြောင်း သိရသည်။ 

“ဒီလိုမျိုး စစ်ဆေးနေတာကတော့ တလကျော် နှစ်လလောက် ရှိနေပြီ။ အဓိကကတော့ တနင်္သာရီနဲ့ ပုလောဒေသတွေက လာတဲ့ သူတွေကို အဓိကထား စစ်ခံရတာမျိုးပါ ။ အရင် ဒီလိုမျိုး မရှိဘူး”ဟု မြိတ်တောင်ကျေးရွာ ဒေသခံ လုံခြုံရေး အရ အမည်မဖော်လိုသူ ဆယ်အိမ်မှူးက မဇ္ဈိမကို ပြောဆိုထား သည်။

အုပ်ချုပ်ရေးမှူးများက စစ်ဘေးရှောင်လာသူများအား ခေါ်ယူစစ်ဆေးပြီးမှသာ ဧည့်စာရင်းဖြင့် နေထိုင်ခွင့်ပြုကြောင်း သိရသည်။ 

“ပုံမှန်အားဖြင့်ကတော့ အရင်က ဒေသခံ မဟုတ်တဲ့ သူတွေကို ဆယ်အိမ်မှူး၊ ရာအိမ်မှူးအိမ်မှာ ဧည့်စာရင်း တိုင်ပြီး နေထိုင်လို့ ရတယ်။ အခုက အဲ့လို မရတော့ဘူး၊။ သူတို့ အရင်စစ်တယ် ပြီးမှ ဘာမှ ပြဿနာ မရှိရင် နေထိုင်ခွင့် ပြုတယ်”လို့ ရေပုံရပ်ကွက်မှ ရာအိမ်မှူး တဦးကလည်း ပြောသည်။

ထိုသို့စစ်ဆေးရာတွင် PDF အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်မှုရှိကြောင်း စစ်ဆေးတွေ့ရှိသူများ နှင့် သံသယရှိသူများကို စစ်ကောင်စီက လာရောက်ခေါ်ယူ ဖမ်းဆီးထိန်းသိမ်းကြောင်း သိရသည်။ 

“စစ်ရှောင်တွေ ဆိုရင် ရပ်ကွက်ထဲက အမျိုးတွေနဲ့ အသိမိတ်ဆွေတွေ နေအိမ်မှာ လုံး၀ တည်းခိုခွင့် မပေးဘူး။ စစ်ရှောင် စခန်းမှာ သွားနေရမယ် ဆိုပြီး အခြား တနေရာကို ခေါ်သွားတာမျိုးတွေလည်း ရှိနေတယ်”လို့ မြိတ်တောင်ကျေးရွာ ဆယ်အိမ်မှူးက ထပ်လောင်း ပြောဆိုသည်။

စစ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ရပ်ကွက်တွင်း စစ်ကောင်စီ သတင်းပေးများ ထားရှိပြီး လာရောက်တည်းခိုသည့် စစ်ဘေးရှောင်များ ရှိ၊ မရှိကို သတင်းရယူကြောင်း သိရသည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မြန်မာသတင်း
#စစ်ဘေးရှောင်
#မြိတ်မြို့နယ် 

( ပုံအညွှန်း- မြို့ပေါ်က ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွေ့ရစဉ်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤬4🔥1
​​ထီးချိုင့်မြို့နယ်တွင် တိုက်ပွဲပြင်းထန် ၊ စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်၍ ညောင်ပင်သာတိုက်နယ်ဆေးရုံ ထိခိုက်ပျက်စီး
=============

ကိုခင်မောင်

(မဇ္စျိမ) ။             ။ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ငါးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် ညောင်သာတိုက်နယ်ဆေးရုံ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။

အောက်တိုဘာလ ၂၇ရက်နေ့ နံနက် ၄နာရီအချိန်ခန့် တွင် ကသာမြို့နယ်ဘက်မှ စစ်ကြောင်းထိုးဝင်လာသော စစ်ကောင်စီတပ်ကို ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ထီးချိုင့်မြို့နယ်၊ မိချောင်းအိုက်ကျေးရွာနှင့် ကြက်သွန်ခင်းကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ ယနေ့ အောက်တိုဘာလ ၃၁ရက်နေ့အထိ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်တဦးက မဇ္စျိမကိုပြောသည်။

“ထီးချိုင့်မြို့နယ် စစ်ပုံးတွင်း အနောက်စွန်ဖျားလေးမှာတိုက်ပွဲဖြစ်နေတာပါ။ ဒီနေ့ ၁၁ နာရီ ၂၀လောက်မှာစဖြစ်တာ အခုချိန်ထိဖြစ်တုန်းရှိသေးတယ်ဗျ။ အခုပစ်ကြတုန်းခတ်ကြတုန်းရှိသေးတယ်ဗျ။ စစ်ခွေးတွေ ထီးချိုင့်မြို့နယ် ပကဖ တပ်မဟာ (၉) နဲ့ တိုက်ပွဲဖြစ်တာဗျ။ လေယာဥ်က ဒီကနေ့မလာသေးဘူး ။ အရင်နေ့က လေးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်တာတော့ရှိတယ်။ အကြီးအကျယ် ပစ်ချတိုက်ခိုက်တာဗျ” ဟု ဒေသခံ သတင်းရင်းမြစ်က ယနေ့ ၃နာရီခွဲခန့်တွင် မဇ္စျိမအားပြောသည်။

အောက်တိုဘာလ ၂၉ရက်နေ့က စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် ထီးချိုင့်မြို့နယ် ဒိုးပင်ကျေးရွာမှာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတဦး ခြေထောက်ကျိုးပဲ့ဒဏ်ရာရပြီး အိမ်မွေးတိရိစ္ဆာန်များဖြစ်သော နွား ၊ ဝက်များ အများအပြား သေဆုံးကာ လူနေအိမ်တလုံးပျက်စီးသည့်အပြင် ညောင်ပင်သာရွာရှိ တိုက်နယ်ဆေးရုံကြီးလည်း ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်ထံက သိရသည်။ 

“တိုက်ပွဲအတွင်းမှာ အကျအဆုံးကတော့ ပွဲပြီးမှ သိရမယ်ဗျ။ ၂၉ရက်နေ့က မော်ကွန်းတောင်မှာဖြစ်တဲ့ ဖြစ်တဲ့ တိုက်ပွဲမှာ ခွေးတွေ(စစ်ကောင်စီတပ်သားတွေ)က အသေအကြေတော်တော်များတယ်လို့ ကြားသိရပါတယ်ဗျ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ထိခိုက်မှုတွေရှိတယ်လို့ သိရတယ်ဗျ” ဟု ဒေသခံသတင်းရင်းမှ ပြောသည်။

ထိုနေ့တွင် ထီးချိုင့်မြို့နယ် မော်ကွန်းတောင်အနီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အထိနာနေသောကြောင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအား လေကြောင်းမှပစ်ခတ်တိုက်ခိုက်သွားခြင်းဖြစ်သည်ဟု အဆိုပါသတင်းရင်းမြစ်ထံက ဆိုသည်။

ထီးချိုင်းမြို့နယ်အတွင်းဖြစ်ပွားသော ငါးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ထီးချိုင့်ပြည်သူ့ကာကွယ်းတပ်ဖွဲ့များ၏ နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေနေသိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါတိုက်ပွဲများကြောင့် ထီးချိုင့်မြို့နယ် ဒိုးပင်ရွာ၊ မိချောင်းအိုက်ရွာ၊ မရသိမ်ရွာ၊ တောမရွာ ချွန်းတောင်းရွာစသော ကျေးရွာ ငါးရွာမှ ဒေသခံလူဦးရေ ၈၀ကျော်သည် စစ်တန်းကျေးရွာ ရတနာပုံကျောင်းတိုက်သို့ စစ်ဘေးတိမ်းရှောင်နေကြသည်ဟု သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မြန်မာသတင်း
#ထီးချိုင့်မြို့နယ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🤬3❤2🔥1
​​PDF များ ကိုယ့်‌ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီဟု KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ပြောကြား
=============

(မဇ္ဈိမ) ။  ။ PDF များ ကိုယ့်‌ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီဟု KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ဘီဘီစီနှင့် အင်တာဗျုးတွင် ‌ပြောသည်။

" PDF က သူတို့ခြေထောက်ပေါ် သူတို့ရပ်တည်နေနိုင်တဲ့ အနေအထားမျိုး ရှိနေပါပြီ" ဟု KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ‌ပြောသည်။

KIA အနေဖြင့် အစောပိုင်းကာလတွင် သင်တန်းပေးခြင်း၊ တိုက်ပွဲ များတွင် ဦးဆောင်ပါဝင်ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်ဟု ၎င်းက ဆက်‌ပြောသည်။

" သူတို့ တိုက်ပွဲ အတွေ့အကြုံ မရှိခင်မှာ ကျွန်တော်တို့တပ်ဖွဲ့တွေ သွားပြီးမှ တိုက်ပွဲတွေမှာ ပါဝင်ပြီးမှ ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ သူတို့က အတွေ့အကြုံရှိနေပါပြီ ။ အသေးစား လက်နက် ပြုပြင်ရေးကအစ လုပ်နိုင်နေပါပြီ ။ ကျွန်တော်တို့ ဒေသမှာ PDF အမြောက်အမြားလာပြီး နေတာ မရှိပါဘူး။ နည်းနည်းပါးပါးပဲ သင်တန်းတက်တာ ရှိပါတယ်။ PDF ကို ကျွန်တော်တို့က ကူညီတယ်ဆိုတာက အခုနောက်ပိုင်းမှာတော့ စိတ်ဓာတ်ရေးရာ အရပဲ အဓိက ကူညီနေတာ ဖြစ်ပါတယ်။ သူတို့ခြေထောက်ပေါ်မှာ တော်တော်လေး ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်နေပြီ ဖြစ်ပါတယ်" ဟု ဒုတိယ‌ဗိုလ်ချုပ်ကြီး ဂွန်မော်က ‌ပြောသည်။

လက်ရှိတွင် NUG လက်‌အောက်ရှိ PDF တပ်ရင်းအချို့မှာ ‌မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က ဦးဆောင်နေသည့် Operation 1027 တွင် ပါဝင်တိုက်ခိုက်လျက်ရှိသည်။

ထို့ပြင် မုန်လိုင်ခက်ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရုတ်ဘက်က မေးမြန်းမှုများ ရှိခဲ့ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရန် ‌ပြောကြား သည်ဟု ၎င်းက ဆိုသည်။

" အခင်းဖြစ်ပြီးတာနဲ့ တရုတ်အစိုးရက ကျွန်တော်တို့ကို ချက်ချင်း အခြေအနေ မေးပါတယ်။ ကျွန်တော်တို့ကလဲ ရထားတဲ့ အထောက် အထားတွေ သူတို့ကို ပေးပါတယ်။ ပြီးတော့ တရုတ်နိုင်ငံဟာ အင်အားကြီး တစ်နိုင်ငံ ဖြစ်ပါတယ်။ နယ်စပ်တစ်လျှောက်မှာ သူ့ရဲ့ ရေဒါ စခန်းတွေ ရှိပါတယ်။ အဲဒီတော့ နယ်စပ်တစ်လျှောက်မှာ ဖြစ်ပျက်တာတွေကို ကျွန်တော်တို့ကို မမေးဘဲနဲ့ အကုန်သိနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က အဖြစ်မှန်တွေ ဘယ်လို ရှိသလဲဆိုတာ တင်ပြတယ်။ သူတို့ အနေနဲ့ကတော့ နယ်စပ်မှာ တည်ငြိမ်မှု ရှိစေချင်တယ်။ အဲတော့ သူတို့ စစ်ကောင်စီ ကိုလဲ ပြောမယ် ကျွန်တော်တို့ကိုလဲ ထိန်းထိန်းသိမ်းသိမ်း လုပ်ပါလို့ပဲ ပြောတယ်။ အထူးအထွေတော့ ကျွန်တော်တို့ကို ပြောတာ မရှိပါဘူး။ သူတို့ နယ်စပ်မှာရှိတဲ့ သက်ဆိုင်ရာ ဌာနတွေနဲ့ အထူးသံတမန် မစ္စတာ တိန်ရှီကျွင်း ကိုယ်တိုင်တိုက်ရိုက်မေးပါ တယ်။ ကျွန်တော်ကလဲ သူ့ကို သေသေချာချာ ရှင်းပြပါတယ်" ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ‌ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤23👍12🔥1😁1