Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ရွှေဘိုနန်းတော်ဝင်းအတွင်းရှိ စစ်ကောင်စီတပ်ကိုတိုက်ခိုက်၊ ၄ ဦးသေဆုံး ၂ဦးဒဏ်ရာပြင်းထန်ဟုဆို
================

 ရောင်နီ 

မဇ္စျိမ။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ နန်းတော်ဝင်းအတွင်းသို့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်တွင် လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း Flying Dragon Force တပ်ဖွဲ့ တာ၀န်ရှိသူက မဇ္စျိမကိုပြောသည်။ 

ရွှေဘိုမြို့၊နန်းတော်ဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နံနက် ၇ နာရီခန့်တွင် ကာကွယ်ရေးပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟုဆိုသည်။ ရွှေဘိုမြို့ထဲသို့ ကင်းလှည့်ပြီးပြန်လာ‌ သော စစ်ကောင်စီစစ်ကြောင်းသည် နန်းတော်ဝင်းအတွင်း ၀င်လာချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဟု Flying Dragon Force တပ်ဖွဲ့တာ၀န်ရှိသူက ပြောသည်။ 

“ လေးယောက်သေတယ်။ နှစ်ယောက်က ဒဏ်ရာအပြင်းအထန်ရတယ်။ သေဆုံးသွားသူတွေကို ရွှေဘို အုပ်ရှစ်ကန် သုသာန်မှာ သဂြိုလ်တယ်ဆိုပြီး သတင်းရတယ်” ဟု ၎င်းက ပြောသည်။ 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ ငါးဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟုဆိုသည်။ စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေကို မဇ္စျိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်ပစ်ဗုံးဖြင့် ပြန်ပစ်ရာ နန်းတော်ဝင်းတောင်ဘက်ရှိ ဈေးထဲသို့ ကျရောက်ပေါက်ကွဲပြီး အရပ်သား ခုနစ်ဦး ဒဏ်ရာရခဲ့သည်ဟု သတင်းရရှိသည်။

“ မြို့မဈေးက နန်းတော်ဝင်းနဲ့ ကပ်လျက်ရှိတာဗျ။ လက်နက်ကြီးနဲ့ ပစ်တယ်ထင်တဲ့ ဘက်ကို လက်ပစ်ဗုံးနဲ့ပစ်တာ ဈေးထဲကို ကျတယ်။ ပြည်သူခုနှစ်ဦးဒဏ်ရာရတယ်။ သေဆုံးမှုတော့ မရှိခဲ့ဘူး” ဟု 
ရွှေဘိုတိုက်နယ်၊ ပကဖတာဝန်ခံကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ရွှေဘိုမြို့၊ နန်းတော်ဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ လေးဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၂၃ က သတင်းထုတ်ပြန်ထားသည်။ 

ရွှေဘိုမြို့၊ နန်းတော်ဝင်းသည် သမိုင်းမှတ်တမ်းများအရ ကုန်းဘောင်ခေတ် အလောင်းမင်းတရားဦးအောင်ဇေယျ စံမြန်းခဲ့ရာ နန်းတော်နေရာဟု သိရပြီး
ရွှေဘုံရတနာမင်္ဂလာနန်းတော်အဖြစ် လူသိများသည်။ ရွှေဘိုမြို့မဈေး၏ အနောက်ဖက်ကပ်လျက်တွင် တည်ရှိသည်။ ကိုလိုနီခေတ်က နန်းတော်နေရာကို ရွှေဘိုအကျဉ်းထောင်အဖြစ် ပြုလုပ်ခဲ့ဖူးသည်။ ၁၉၉၇ ခုနှစ်တွင် နန်းတော်ကို ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့သည်။ 
အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီတပ်က ရွှေဘိုမြို့ရှိ နန်းတော်ဝင်းအတွင်း အင်အား ၆၀ ခန့်ဖြင့် တပ်စွဲကာ ရွှေဘိုနယ်တ၀ိုက် စစ်ကြောင်းထိုးနေသည့် တပ်များကလည်း နန်းတော်ဝင်းအတွင်း လာရောက်ပူးပေါင်းလေ့ရှိကြောင်း သိရသည်။ 

လက်ရှိအချိန်တွင် ရွှေဘိုမြို့နယ်နှင့် ခင်ဦးမြို့နယ်ကြားတွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းတစ်ကြောင်း လှုပ်ရှားမှုရှိ‌နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ရွှေဘိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် ပြည်သူများအနေဖြင့် ကာကွယ် ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်သတိပေးချက်များကို လိုက်နာကြရန် Flying Dragon Forceက မေတ္တာရပ်ခံသည်။

စာတည်း -မောင်ကြီး

#mizzima
#ရွှေဘိုမြို့နန်းတော်ဝင်း
#လက်နက်ကြီးဖြင့်ပစ်ခတ်
#Flying Dragon Force
 
Photo - ရွှေဘိုမြို့၊နန်းတော်ဝင်းကို Google Mapမှ မြင်တွေ့ရစဉ်


-----------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12👏6❤2😁2