Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​နမ့်ခမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ဟု TNLA ထုတ်ပြန်
================

009

လားရှိုး(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့အနီးရှိ စခန်းသစ်တပ်စခန်း ကိုစီးနင်းတိုက်ခိုက်စဉ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက် ခဲ့၍ တပ်ဖွဲ့ဝင်အချို့အဆိပ်ငွေ့သင့်ပြီး ကုသမှုခံယူနေရကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သလို မြေပြင်ရှိစစ်ကောင်စီတပ်ကလည်း အဆိပ်ငွေ့ဗုံးဟုယူဆရသော အငွေ့ဗုံးအမျိုးအစားနှစ်လုံးထက်မနည်း ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့တိုက်ခိုက်ခံခဲ့ရမှုကြောင့် ထုံထိုင်းမူးဝေခြင်း၊ အသက်ရှုကြပ်ခြင်းနှင့် သတိလစ် မေ့မြောခြင်းများဖြစ်ခဲ့ကြောင်း မြေပြင်ရှိ TNLA တပ်ဖွဲ့ဝင်များက ပြောကြားသည်။

“တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဗုံးတွေနဲ့ဆက်တိုက်ပစ်နေတော့ အငွေ့ဗုံးမှန်းသတိမထားမိကြဘူး။ သူတို့ ပစ်တဲ့ဗုံးကအငွေ့ကိုရှုမိလို့ ခေါင်းမူးပြီး သတိလစ်သွားတယ်” ဟု TNLA တပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကိုပြော သည်။

တပ်ဖွဲ့ဝင်များကို ဆေးကုသပေးနေစဉ် အောက်ဆီဂျင်ကျဆင်းခြင်း၊ ကိုယ်ခံအားကျဆင်းပြီး စိုးရိမ်စိတ် များနေခြင်းကြောင့် အောက်ဆီဂျင်ပေးရခြင်း၊ အဆိပ်ဖြေဆေးနှင့် အားဆေးများသွင်းပေးခဲ့ရကြောင်း TNLA ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ဆိုသည်။

မြေပြင်တိုက်ပွဲများတွင် ဒဏ်ရာတစုံတရာမရှိဘဲ တပ်ဖွဲ့ဝင်များ၌ အလားတူလက္ခဏာများပြနေခြင်းမှာ ဓာတ်ငွေ့အဆိပ်သင့်ခြင်းကြောင့်ဖြစ်နိုင်ကြောင်း TNLA ၏ ကျန်းမာရေးဌာနမှ ဆရာဝန်တစ်ဦးက ပြော သည်။

“ဘယ်လိုအဆိပ်အမျိုးအစားလဲဆိုတာ မသိရသေးပေမယ့် အသက်ရှုကြပ်တာနဲ့ အဆုပ်ကိုထိခိုက်နိုင်တဲ့ အဆိပ်မျိုး ဖြစ်နိုင်ပါတယ်။ လူနာတွေကိုတော့ စောင့်ကြည့်နေရသေးပါတယ်” ၎င်းကဆိုသည်။
လက်ရှိတွင် ဆေးကုသမှုခံယူနေရသောတပ်ဖွဲ့ဝင်များအားလုံး ပြန်လည်သက်သာနေပြီဖြစ်ကြောင်း သိရ သည်။

စစ်ကောင်စီသည် နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် ဓာတုဗေဒလက်နက် အဆိပ်ငွေ့ဗုံးဖြင့် တိုက် ခိုက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ “TNLA က အကျအဆုံးများလို့ ယခင်က တည်းက သုံးနေကျအသံတွေ ထွက်လာတယ်။ အဆိပ်ဓာတ်ငွေ့နဲ့တိုက်ပါတယ်တို့ ဘာတို့ဆိုပြီး ထွက်လာ တာပါ”ဟု နိုဝင်ဘာလ ၁၉ ရက်နေ့က သတင်းထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ပြီးခဲ့သော နိုဝင်ဘာလ ၄ ရက်နေ့က လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ မိုးကျက်တပ်စခန်းကို တိုက်ခိုက်စဉ် ကလည်း အဆိပ်ငွေ့ဗုံးဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

TNLA တပ်ဖွဲ့မှတိုက်ခိုက်နေသော နမ့်ခမ်းမြို့အနီးရှိ စစ်ကောင်စီ၏ စခန်းသစ်တပ်စခန်းမှာ နှစ် ၂၀ ကျော် ခန့်တပ်စွဲထားပြီး အမြောက်တပ်နှင့် ရဟတ်ယာဉ်ကွင်းများရှိသလို ဆက်သွယ်ရေးမြောင်း အဆင့်ဆင့်ရှိ သော အခိုင်အမာတပ်စခန်းတခုဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

တိုက်ပွဲအတွင်း နိုဝင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်မှလက်နက်ကြီးကြောင့် နမ့်ခမ်းမြို့ အောင် ချမ်းသာရပ်ကွက်တွင် နေအိမ်တလုံး ထိမှန်ပျက်စီးခဲ့သလို အောင်ချမ်းသာနှင့် သာယာကုန်းရပ်ကွက်တို့မှ မြို့ခံများ နီးစပ်ရာဆွေမျိုးတွေထံ တိမ်းရှောင်ခိုလုံနေကြရသည်။

နမ့်ခမ်းမြို့အတွင်း၌လည်း ဒေသခံများမှာ နေအိမ်ထဲတွင်သာနေထိုင်နေကြပြီး စျေးဆိုင်အများစု ပိတ် သိမ်းထားရကာ TNLA က မြို့ကို လုံခြုံရေးတင်းကြပ်ထားကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#နမ့်ခမ်းမြို့
#TNLA
#အဆိပ်ငွေ့ဗုံး

ဓာတ်ပုံ- နမ့်ခမ်းမြို့တွင် တွေ့ရသည့် TNLA တပ်ဖွဲ့ဝင်များ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬8👍2🔥1
နမ့်ခမ်းတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ် အမျိုးသမီးအပါအဝင် ဒေသခံ ၂ ဦး သေဆုံး
================

ဂျူချန်း

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင်းသို့ စစ်ကောင်စီတပ်၏ စခန်းသစ်ကုန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး တဦး၊​ အမျိုးသား တဦး သေဆုံးကာ အသက် သုံးနှစ်အရွယ် ကလေးငယ်အပါအဝင် ဒေသခံ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က ထုတ်ပြန်သည်။

ယမန််နေ့ နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ ၄နာရီခန့်တွင် နမ့်ခမ်းမြို့ တောင်ဘက်ရှိ စစ်ကောင်စီ၏ စခန်းသစ်ကုန်းမှ လက်နက်ကြီး ငါးကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နမ့်ခမ်းမြို့တွင်း လူနေထိုင်ရာ ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၄၀ အရွယ် အမျိုးသားနှင့် အမျိုးသမီး သေဆုံးခဲ့ရာ အသက် သုံးနှစ်အရွယ် ကလေးငယ်တဦး အပါအဝင် အရပ်သား ခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း PSLF/TNLA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

“ခြောက်ဦးက ဒဏ်ရာ ရတယ်၊ နှစ်ဦးကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ ဆုံးသွားတဲ့နှစ်ယောက်က အိမ်ထဲမှာနေနေတာ။ အိမ်ဘေးကိုလည်း လက်နက်ကြီးကျတော့ အစထိမှန်တာ။ တော်တော်များများတော့ ဒဏ်ရာ ပြင်းထန်ကြတယ်” ဟု တားအိုက်ကျော်က ပြောသည်။

ဒဏ်ရာ ရရှိသူများအနက် အချို့သည် နမ့်ခမ်းဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး အချို့ကို မူဆယ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။ 

နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းနှင့် မြို့မရဲစခန်းများကို TNLA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထိန်းချုပ်ထားပြီး ယင်းစခန်းသစ်ကုန်း တခုသာ ကျန်ရှိကြောင်း တားအိုက်ကျော်က ပြောသည်။ 

ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်နေ့တွင် နမ့်ခမ်းမြို့၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ​ အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် အရပ်သားများ ထိခိုက်သေဆုံးရခြင်းဖြစ်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ထုတ်ပြန်ထားသည်။

ယင်းအပြင် နိုဝင်ဘာ ၂၀ ရက်နေ့ ည ၁၁နာရီခွဲ အချိန်ခန့်တွင်လည်း နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တဦး လက်နက်ကြီးကျည်စထိမှန် သေဆုံးကာ ၎င်း၏ မိဘနှစ်ဦး၊ အကိုဖြစ်သူနှင့် အိမ်နီးချင်း ကလေးငယ်တဦး စုစုပေါင်း လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA နှင့် တအာင်းအမျိုးသမီးအဖွဲ့အစည်း ထုတ်ပြန်ထားသည်။

“တမန်နေ့ညကပေါ့။ နမ့်ဆန်မြို့နယ်ထဲက အုမ်းစွမ်ရွာထဲကိုလည်း လက်နက်ကြီး လာပစ်ချတော့ ကလေးတယောက် ဆုံးသွားတယ်” ဟု တားအိုက်ကျော်က ပြောသည်။

သေဆုံးသွားသည့် အမျိုးသမီးငယ်သည် လွေးမြသန္တာလင်း(၁၄ နှစ်)ဖြစ်ပြီး အမေဖြစ်သူ ဒေါ်မြညွန့်၊ အဖေဖြစ်သူ ကိုလှထွန်း၊ အကိုဖြစ်သူ မိုင်းရဲလင်းနောင်၊ အိမ်နီးချင်းမှ အသက် ၁၃ နှစ်အရွယ် လွေးမြင့်စံ တို့ အသီးသီး ကျည်စထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေး ၁၀၂၇ ကာလအတွင်း နမ့်ဆန်၊ နမ့်ခမ်း၊ နမ့်ဖတ်ကာ၊ သိန္နီ၊ ကွတ်ခိုင် စသည့် တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၄၀ ထက်မနည်း သေဆုံးခဲ့ရကြောင်း PSLF/TNLA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်ကပြောသည်။

လက်ရှိတွင် သီပေါမြို့နယ်၊ ကျင်သီတံတား၊ လားရှိုးမြို့နယ် မိုင်းကျက်စခန်း၊ လားရှိုးနှင့်သိန္နီလမ်းကြား ၁၃မိုင်နှင့် ၁၄ မိုင် စသည့် နေရာများတွင် TNLA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ပုံအညွှန်း-ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိသူများ (PSLF/TNLA)

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#နမ့်ခမ်းမြို့
#မြန်မာသတင်း
#TNLA
#အမျိုးသမီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢5🔥2😁1🤬1
​​ရှမ်းမြောက် ထောက်ပို့လမ်းကြောင်းပေါ်မှ တံတား ပြင်နေသည့် စစ်ကောင်စီတပ်အား TNLA တိုက်ခိုက်
==================

009
လားရှိုး(မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ အင်အားဖြည့်တင်းရန် သီပေါမြို့အနီးရှိ ကျင်သီတံတားအား ပြုပြင်နေသော စစ်ကောင်စီတပ်ဖွဲ့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က ယ‌နေ့ နိုဝင်ဘာလ ၂၂ရက်နံနက်တွင် တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ၏ထောက်ပို့လမ်းကြောင်းအား ဖြတ်တောက်ရန်အတွက် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် TNLA က မိုင်းခွဲဖျက်ဆီးခဲ့သည့် ကျင်သီတံတားအား စစ်ကောင်စီကလာရောက်ပြင်ဆင်စဉ် တိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။

" စကစရဲ့ ထောက်ပို့ယာဉ်တန်းတွေအတွက် တံတားပြင်နေတာလေ။ TNLAက မနက်အစောပိုင်းကရော အခုညရောတိုက်နေတာ။ တံတားက ပြင်လို့ မလွယ်လောက်သေးဘူး" ဟု သီပေါမြို့ခံ အမျိုးသမီးတဦးက ပြောသည်။

စစ်အင်ဂျင်နီယာတပ်မှ တပ်ဖွဲ့ဝင်များအပါအဝင် အင်အား ၂၀၀ ခန့်သည် ကျင်သီတံတားသို့ ယမန်‌နေ့ နိုဝင်ဘာ ၂၁ရက်ညတွင် ရောက်ရှိလာခဲ့ခြင်းဟု ဒေသခံများကပြောသည်။ တံတားကို ပြုပြင်ရန် စစ်တပ်သုံး တံတားထိုးကားများပါတွေ့ရသည်ဟု ဆိုသည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့ကို TNLA က နံနက်၆ နာရီမှစတင်ကာ ၃နာရီခန့်ကြာ တိုက်ခိုက်ခဲ့ပြီး ညနေ ည ၆ နာရီတွင်လည်း တိုက်ပွဲထပ်မံဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်နေချိန်၌ ကျောက်မဲမြို့အခြေစိုက် အမှတ် (၅၀၂) အမြောက်တပ်မှနေ၍ စစ်ကောင်စီက သီပေါမြို့အနီးသို့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ လက်နက်ကြီးကျည်သည် စံဖိတ်ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သားတဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့‌သည်ဟု ဒေသခံများကပြောသည်။

သီပေါမြို့နယ် ကျင်သီတံတားအနီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က ယနေ့ ထုတ်ပြန်ထားပြီး အသေးစိတ်ကို ဖော်ပြထားခြင်း မရှိသေးပေ။

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLAနှင့် မန္တလေး PDFက နောင်ချိုမြို့နှင့်ဂုတ်တွင်းတံတားကို အောက်တိုဘာလ ၂၉ ရက်တွင်
ထိန်းချုပ်ခဲ့ပြီး ပြင်ဦးလွင်မြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို သီတင်းပတ် နှစ်ပတ်ခန့် တားဆီးခဲ့သည်။ ထိုကာလအတွင်းတိုက်ပွဲများဖြစ်ပွားခဲ့ပြီး TNLAနှင့် မန္တလေး PDF ပူးပေါင်းတပ်သည် နိုဝင်ဘာလလယ်တွင် ယင်းနေရာမှ ပြန်ဆုတ်ခွာခဲ့သည်။ ထိုနောက်ပိုင်းတွင် စစ်ကောင်စီယာဉ်တန်းသည် ကျောက်မဲမြို့သို့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင်ရောက်ရှိလာခဲ့သည်။

အထက်ပါ ယာဉ်တန်းသည် ကျောက်မဲမြို့ မှ အမှတ် (၅၀၂) အမြောက်တပ်စခန်းတွင် ဝင်ရောက်ပြီး လားရှိုးမြို့နှင့် သီပေါမြို့ဘက်ကို သွားရောက်ရန်ကြိုးစားနေသည်။ယနေ့ဖြစ်ပွားသောတိုက်ပွဲကြောင့် သီပေါမြို့ပေါ်တွင် လူအသွားအလာနည်းပါးနေပြီး မြို့အထွက် ဒုဌ၀တီတံတားအနီးတွင်လည်း ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်းဒေသခံများကပြောသည်။

နောင်ချိုမြို့နှင့် ကျောက်မဲမြို့တွင်မူ ရဲစခန်းနှင့်ဌာနဆိုင်ရာရုံးများ ယနေ့အထိ ဖွင့်လှစ်ခြင်းမရှိသေးပေ။
စစ်ကောင်စီတပ်သည် မြို့ပေါ်၌ ပေါ်ပေါ်ထင်ထင်မနေရဲသေးဘဲ မြို့အနီးတွင်လည်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ လှုပ်ရှားနေသည်ဟု မြို့ခံများကပြောသည်။

စာတည်း - အေးချမ်း

#Mizzima
#သီပေါမြို့
#ကျင်သီတံတား
#စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်
#TNLA

ပုံ - လက်နက်ကြီးထိမှန်၍ ဒဏ်ရာရသူများအား သယ်ဆောင်လာစဉ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍37🤮4🥰1
တရုတ်နယ်စပ် ကျင်စန်းကျော့ဂိတ်တွင်း ကုန်ကား ၁၀၀ ကျော် မီးလောင်၊ ကျပ်သိန်းပေါင်း သိန်းချီဆုံးရှုံး
=================

009

လားရှိုး(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကျင်စန်းကျော့ဂိတ်ထဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ယမန်နေ့ နိုဝင်ဘာ ၂၃ရက် မနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး အနီးအနားရှိ ကုန်ကား ၁၀၀ စီးကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ မနက် ၉ နာရီခန့်အချိန်တွင် ကျင်စန်းကျော့ဂိတ်ရှိ စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး စက်တင်ဘာလကုန်ပိုင်းက တိုက်ပွဲများကြောင့် ကုန်သွယ်ရေးစခန်းတွင်း ပိတ်မိနေသည့် ကုန်ကားများ မီးလောင်ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

“ စစ်ကောင်စီရောက်လာလို့ ကားဝင်းထဲက ဝန်ထမ်းတွေ ရှောင်ထားတာလေ။ ဒရုန်းသံတွေကြားပြီး တိုက်ခိုက်ခံရတာ။ စစ်ကောင်စီက ကုန်ကားတွေကို အကာအကွယ်ယူထားသလိုနဲ့ ကားအနီးမှာပဲ နေကြတယ်။ အဲ့လိုနဲ့ပဲ ကားတွေလည်း မီးလောင်ကြတာပေါ့။ ”ဟု ဆယ်ဝမ်းဟွာကျင်းကားဝင်းထဲရှိ ကုန်သည်တဦးက ပြောသည်။

စစ်ဆင်ရေး ၁၀၂၇ ကြောင့် တရုတ်နယ်စပ်တလျောက်နှင့် ကုန်သွယ်ရေးဂိတ်များ ဆုံးရှုံးနေသည့် စစ်ကောင်စီတပ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးမားဆုံးကုန်သွယ်မှုရှိနေသော ကျင်စန်းကျော့ဂိတ်တွင်း နိုဝင်ဘာလ ၂၀ ရက်နေ့တွင် တပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ခန့်ဖြင့် အင်အားဖြည့်တပ်စွဲခဲ့ကြောင်း သိရသည်။
 
ကျင်စန်းကျော့ဂိတ်တွင်း ပုဂ္ဂလိကပိုင် New Star Light ကုမ္ပဏီ ဆယ်ဝမ်းဟွာကျင်း ကားဝင်းထဲရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ပေါက်ကွဲအားပြင်းထန်သည့် ဗုံးကြောင့် ကားဝင်းအတွင်း ကုန်ကားများ မီးလောင်ကျွမ်းခဲ့ကြောင်း ကုန်သည်များက ဆိုသည်။

လူမှုကွန်ရက်စာမျက်နှာပေါ်၌ ပျံ့နှံ့နေသည့် ဓာတ်ပုံများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးလောင်နေသည့်ကုန်ကားအနီး သွားလာလှုပ်ရှားနေသည်ကို တွေ့ရပြီး မီးငြိမ်းသတ်နေသည့်အထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့် တွေ့ရသည်။ 

ထိုတိုက်ခိုက်မူကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခြင်းဖြစ်သည်ကို ကုန်သည်များနှင့် ဒေသခံများက မသိရှိရသေးဟု ဆိုသည်။

ယမန်နေ့ ညနေ ၅ နာရီခွဲအထိ ကုန်ကားများကို မီးငြိမ်းသတ်ခဲ့ရပြီး အနည်းဆုံး ကုန်ကားအစီး ၁၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း New Star Light ကုမ္ပဏီနှင့်နီးစပ်သည့် ကုန်သည်တဦးက ပြောသည်။
 
“ ကုမ္ပဏီဘက်က ကားအစီးရေ ၁၂၈ စီးလောက် မီးလောင်ခဲ့တယ်လို့ ပြောတယ်။ ဒါပေမယ့် အတိအကျတော့ မသိရသေးဘူး ၁၀၀ စီးတော့ ကျော်နိုင်တယ်။ တရုတ်ပြည်က ပိုင်တဲ့ ကုန်ကားတွေလည်း မီးလောင်ခဲ့တယ်လို့ ကြားတယ်။ ” ဟု ပြောသည်။

မီးလောင်ဆုံးရှုံးခဲ့ရသည့် ကုန်ကားများသည် တရုတ်ပြည်မှ စက်ပစ္စည်း၊ အိမ်သုံးပစ္စည်းနှင့် စားသောက်ကုန်များတင်သွင်းလာသည့် ကုန်ကားများဖြစ်ပြီး တစီးကို ခန့်မှန်းတန်ဖိုး ကျပ် သိန်း သုံးထောင်ခန့်ရှိကာ စုစုပေါင်းတန်ဖိုး ကျပ် သိန်းပေါင်း သုံးသိန်းကျော် ဆုံးရှုံးနိုင်သည်ဟု အထက်ပါ ကုန်သည်တဦးထံက သိရသည်။

ကျင်စန်းကျော့ကုန်သွယ်ရေးစခန်းတွင်း ပုကလိကပိုင် ကားဝင်းအများအပြားရှိပြီး တိုက်ပွဲများကြောင့် ကုန်ကားပေါင်း ၁,၀၀၀ ကျော် ပိတ်မိနေဆဲဖြစ်သည်။

ကျင်စန်းကျော့ဂိတ်နှင့် အနီးဆုံး မူဆယ်မြို့နယ် ကြူကုတ်(ပန်ဆိုင်း)မြို့ ဝမ်တိန်နယ်စပ်ဂိတ်များကို ကိုးကန့်တပ်ဖွဲ့ ( MNDAA )နဲ့ မဟာမိတ်များက ယခုလ လဝက်ခန့်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး မူဆယ် ၁၀၅ မိုင်နှင့် ကျင်စန်းကျော့ဂိတ်တွေကိုလည်း မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့က ဆက်လက် သိမ်းပိုက်ရန် ထိုးစစ်ဆင်နေခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆကြကြောင်း သိရသည်။

ယနေ့(နိုဝင်ဘာ ၂၄)တွင် ကျင်စန်းကျော့ဂိတ်အနီး ပုံမှန်သွားလာနေကြပြီး ယမန်နေ့ည ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်ဘက်က မူဆယ်မြို့အနီး စယ်လန့်ကျေးရွာအုပ်စုထဲရှိ တောတောင်များအနီးကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

မူဆယ်မြို့ပေါ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း မရှိသေးဘဲ စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြု လူအင်အား ဖြည့်တင်းနေသလို လက်နက်ခဲယမ်းရိက္ခာများ လေထီးဖြင့် ပစ်ချမှုကို ယခုရက်အတွင်း ခပ်စိပ်စိပ်ပြုလုပ်နေကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် မူဆယ်မြို့ခံတွေက ဆိုသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် တရုတ်နယ်စပ် နမ့်ခမ်းမြို့တွင် စစ်ကောင်စီတပ်၏ လက်ကျန် (စခန်းသစ်) တပ်စခန်းကို TNLAဘက် သီတင်းတပတ်ခန့် စီးနင်းတိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူများ နေ့စဉ်ပြုလုပ်နေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#TNLA
#တရုတ်နယ်စပ် 
#ကျင်စန်းကျော့ဂိတ်

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2
စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ် တပ်စခန်း ၂ ခု TNLA ထပ်မံ သိမ်းပိုက်
===============

ဂျူချန်း

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်တပ်စခန်း နှစ်ခုကို ဒီဇင်ဘာ ၅ ရက် ညပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA )မှ ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA မှ ယနေ့ ဒီဇင်ဘာ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

“သုံ့ပန်းအနေနဲ့ ဖမ်းမိတာတော့ မရှိဘူး။ မိုင်းလုံဘက်စခန်းမှာတော့ သေဆုံးအလောင်းတွေ ကောက်ရတာတော့ ရှိတယ်။ အသေးစိတ်တော့ မသိရဘူး။ စခန်းကို ရှင်းတဲ့အချိန် အလောင်းတွေ တွေ့ရပေမယ့် ရာထူးတပ်ဆင်ထားတာမရှိတော့ ဘာရာထူးလဲ မသိရဘူး” ဟု PSLF/TNLA ပြန်ကြားရေးတာဝန်ခံ တားအိုက်ကျော်က မဇ္ဈိမကို ပြောသည်။

ကျောက်မဲမြို့နယ်ရှိ မိုင်းလုံတပ်စခန်းကို ယမန်နေ့ ဒီဇင်ဘာ ၅ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်၍ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားပြီးနောက် ည ၈ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း တားအိုက်ကျော်က ပြောသည်။

အလားတူ နမ့်ခမ်းမြို့နယ်ရှိ မိုင်းဝီ တပ်စခန်းကိုလည်း ဒီဇင်ဘာ ၅ ရက် ညသန်းခေါင်အချိန်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA မှ ထုတ်ပြန်သည်။

 စစ်ကောင်စီ၏ မိုင်းဝီတပ်စခန်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေးရက်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ရာ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း TNLA မှ ထုတ်ပြန်ထားသည်။ 

မိုင်းလုံတပ်စခန်းတွင် အလယ်ပိုင်းတိုင်းလက်အောက်ခံ ခလရ(၈၈) မှ အထိုင်ချတပ်စွဲထားပြီး မိုင်းဝီတပ်စခန်းတွင် နည်းဗျူဟာ စကခ(၁၆) မှ အထိုင်ချတပ်စွဲထားခြင်းဖြစ်ကြောင်း သိရသည်။ မိုင်းလုံတပ်စခန်းကို သိမ်းပိုက်ပြီးနောက် စခန်းရှင်းလင်းချိန်တွင် သေဆုံးနေသည့် စစ်ကောင်စီတပ်သားအလောင်းများကို တွေ့ရပြီး မိုင်းဝီတပ်စခန်းတွင်မှု သေဆုံးစစ်သားအလောင်းများကို မတွေ့ရသော်လည်း လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တားအိုက်ကျော်က ပြောသည်။

ယနေ့ နိုဝင်ဘာ ၆ ရက်နေ့တွင် နမ့်ခမ်းမြို့ စခန်းသစ်ကုန်းအနီးဝန်းကျင်နှင့် သီပေါမြို့တို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
စစ်ဆင်ရေး ၁၀၂၇ အတွင်း စစ်ကောင်စီ၏ အရေးပါသည့် တပ်စခန်းကြီးငယ် ၅၃ ခုကို TNLA မှ သိမ်းပိုက်ထားကြောင်း TNLA မှ ထုတ်ပြန်ထားသည်။

ပုံအညွှန်း-မိုင်းလုံနှင့် မိုင်းဝီတပ်စခန်းမှ သိမ်းဆည်းရရှိသည့် လက်နက်များ (PSLF/TNLA)

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကျောက်မဲမြို့နယ်
#နမ့်ခမ်းမြို့နယ်
#TNLA

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16👏3😁1
Negotiations underway between #KIA and #TNLA to address territorial disputes in northern #Shan State

https://eng.mizzima.com/2025/01/30/18711
👍2😁1
#Myanmar military #airstrikes in #TNLA -controlled areas result in 28 deaths, 66 injuries, despite peace efforts

https://eng.mizzima.com/2025/02/12/19108
😁3👎1