Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မုန်တိုင်းဒဏ်ခံစားရမည့် လူ ၄၀၀,၀၀၀ ကျော်အတွက် ၁ လစာ ရိက္ခာများပြင်ဆင်ထားဟု WFP ဆို
================

(မဇ္ဈိမ)။  ။ မိုခါမုန်တိုင်းဒဏ် ခံစားရမည့် လူဦး‌ရေ ၄၀၀,၀၀၀ ကျော်အတွက် တစ်လစာ ရိက္ခာများ ပြင်ဆင်ထားကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်နှင့် အနီးအနားဒေသများရှိ လူဦးရေပေါင်း ၄၀၀,၀၀၀ ကျော်၏ လိုအပ်ချက်များကို တစ်လကြာ ပံ့ပိုးပေးနိုင်သည်အထိ လုံလောက်သော စားနပ်ရိက္ခာများကို ကြိုတင်နေရာချထားပြီးဖြစ် ကြောင်း WFP က ဆိုသည်။

“ကျွန်ုမတို့ WFP အနေနဲ့ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်လျက်ရှိသလို၊ အကောင်းဆုံးဖြစ်လာနိုင်ဖို့ကိုလည်း မျှော်လင့်ထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့လမ်းကြောင်းဟာ ပဋိပက္ခနဲ့ဆင်းရဲမွဲတေမှုကို ခံစားနေကြရပြီး၊ ကြံ့ကြံ့ခံနိုင်စွမ်းအားနည်းတဲ့ ဒေသတွေဆီကို ဦးတည်လျက်ရှိပါတယ်။ အဲ့ဒီဒေသတွေက မုန်တိုင်းဒဏ်ခံရနိုင်ခြေရှိတဲ့ လူများစွာဟာ လက်ရှိမှာတောင် WFP ရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ပုံမှန်အားဖြင့် မှီခိုအားထားနေကြရတဲ့အခြေအနေမှာ ရှိနေကြတာပါ။ သူတို့အနေနဲ့ နောက်ထပ် ဘေးအန္တရာယ်တစ်ခုကို ဘယ်လိုမှ ခံနိုင်စွမ်းမရှိကြပါဘူး” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Ms. Sheela Matthew က ပြောသည်။

ထို့ပြင် အရေးပေါ်အခြေအနေ အကြီးစားတုံ့ပြန်ရေးလုပ်ငန်းတစ်ရပ် ဆောင်ရွက်နိုင်ရန် အသင့်ပြင်ထားပြီး စားနပ်ရိက္ခာ၊ ကယ်ဆယ်ရေးအထောက်အပံ့များ၊ မော်တော်ယာဉ်များနှင့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းကိရိယာများအားလည်း ကြိုတင်နေရာချထားကြောင်း WFP က ထုတ်ပြန်သည်။

လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၏ မုန်တိုင်းအသင့်ပြင်မှုနှင့် တုံ့ပြန်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးစနစ်များကိုလည်း တပ်ဆင်နေသည်ဟု WFP ကဆိုသည်။

အကူအညီလိုအပ်လျက်ရှိသော ရပ်ရွာလူထုထံ လူသားချင်းစာနာမှု အထောက်အပံ့များ အပြည့်အဝ သွားရောက်ကူညီခွင့်ရှိမှသာ ဆိုင်ကလုန်းမုန်တိုင်း၏ လတ်တလော အကျိုးဆက်များကို တုံ့ပြန်ဆောင်ရွက်ရေးနှင့် ရေရှည်ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဟု WFP က သုံးသပ်ထားသည်။

စာတည်း ။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မိုခါမုန်တိုင်း
#WFP
#သဘာဝဘေးအန္တရာယ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
မုန်တိုင်း အန္တရာယ်ရှိနေသောကြောင့် မုန်တိုင်းဒဏ်ခံနိုင်သည့် အဆောက်အဦများတွင် နေထိုင်ကြရန် ဂန့်ဂေါ(ပအဖ) သတိပေး
👍10😁3🔥1
မုန်တိုင်း အန္တရာယ်ရှိနေသောကြောင့် မုန်တိုင်းဒဏ်ခံနိုင်သည့် အဆောက်အဦများတွင် နေထိုင်ကြရန် ဂန့်ဂေါ(ပအဖ) သတိပေး
==============

MTO

(မဇ္ဈိမ) ။   ။ ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) သည် မေလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ကုန်းတွင်းသို့ ဝင်ရောက်နိုင်ပြီး ဂန့်ဂေါမြို့သည်လည်း မုန်တိုင်းဒဏ်ကို ခံစားရနိုင်သည့်အတွက် မုန်တိုင်းဒဏ်ကို ခံနိုင်သည့် အဆောက်အဦများသို့ ပြောင်းရွှေ့နေထိုင်ကြရန် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က အသိပေးထုတ်ပြန်ထားသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) အကြိုကာလနှင့် ဝင်ရောက်ဆဲကာလများတွင် မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း နှင့်အခြားနောက်ဆက်တွဲ ဘေးအန္တရာယ်များ ကျရောက်လာနိုင်သည့်အတွက် မုန်တိုင်းဒဏ်ခံနိုင်သည့် အဆောက်အဦများထံ ပြောင်းရွှေ့နေထိုင်ကြရန် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားခြင်း ဖြစ်သည်။ 

ယင်းအပြင် အန္တရာယ်ရှိသည့် မြစ်ချောင်းများဘေးတွင် နေထိုင်ခြင်းမှ ရှောင်ရှားရန်နှင့် အရေးပေါ်အခြေအနေအတွက် ဆေးဝါးများ ၊ စားနပ်ရိက္ခာများကို ကြိုတင်စီစဉ်ထားပြီး အရေးကြီးသည့် စာရွက်စာတမ်းများအား သေချာစွာသိမ်းဆည်းထားကြပါရန်လည်း ဂန့်ဂေါ (ပအဖ) က သတိပေးထားသည်။

အမျိုသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) နှင့် ပတ်သက်၍ အရေးပေါ် တုန့်ပြန်နိုင်ရေးအတွက် အမေရိကန်ဒေါ်လာ တစ်သန်း မတည် ဆောင်ရွက်သွားရန် လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ် တုံ့ပြန်ရေးကော်မရှင်က ယနေ့ မေလ ၁၃ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) သည် မေလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ကုန်းတွင်းပိုင်းသို့ ဝင် ရောက်နိုင်ကြောင်း မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားကြသည်။

စာတည်း ။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။သန့်ဇော်(သန်လျင်)

#ချင်းပြည်နယ်
#ဂန့်ဂေါမြို့နယ်
#မိုခါမုန်တိုင်း
#သဘာဝဘေးအန္တရာယ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁3🔥1
ရခိုင်ဒေသခံများ ပြောပြတဲ့ "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းအတွက် ပြင်ဆင်နေမှုများ (Vox Pop)
================

မဇ္ဈိမ ။ ။ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း“မိုခါ” (MOCHA)သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် မေလ ၁၄ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဖြတ်ကျော်နိုင်သည့်အတွက် အနီရောင်အဆင့်သတ်မှတ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့တွင် ထုတ်ပြန်သည်။

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဖြတ်သန်းသွားမည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ကျောက်ဖြူမြို့များတွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်နေမှုများနှင့်မြောက်ဦးမြို့နယ်မှာ မုန်တိုင်းဒဏ်ရှောင်ဖို့ နီးစပ်ရာဒေသကရောက်လာသူများအား ကူညီရေးတွေလုပ်ကိုင်နေကြသည့် အကြောင်းများနှင့်ပတ်သက်ပြီး ဒေသခံတချို့ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါသည်။

https://youtu.be/U8NkwXnSCQM

တင်ဆက်၊တည်းဖြတ်-မဇ္ဈိမ 

#Mizzima
#ဆိုင်ကလုန်းမုန်တိုင်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
မေလ (၁၃) ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=============================

မြန်မာနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်မယ့် အလွန်အားပြင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေ

မုန်တိုင်းဒဏ်ရှောင်ပြည်သူတွေနဲ့ ပတ်သက်တဲ့သတင်းလွှာတွေကို အဓိကထားတင်ဆက်သွားမှာဖြစ်ပြီး 

မဲဆောက်မှာ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး တရားစွဲတင်နိုင်ရေး ပြင်ဆင်နေပြီဖြစ်ကြောင်း MOWYCA ပြောတဲ့သတင်းအပါအဝင် 

နောက်ဆုံးရပြည်တွင်းသတင်းတွေကိုလည်း တင်ဆက်သွားမှာပါ။

အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင် နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ 

သတင်းတွေအပြီးမှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ သံစဉ့်အိမ် အစီအစဉ်ကိုလည်း တင်ဆက်သွားဖို့ရှိပါတယ်။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/uCmgg2b7ZvU

#Mizzimaradio
#Eveningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤4👍1😁1
​​မုန်တိုင်းသတင်းကို နားစွင့်ပြီး အကာအကွယ်ပေးနိုင်သော နေရာများတွင် သတိပြုနေထိုင်ကြရန် CDF-မင်းတပ် တိုက်တွန်း
==================

ကိုခင်မောင်
(မဇ္ဈိမ)။ ။ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်းရှိ ဒေသခံများအနေဖြင့် မိုခါမုန်တိုင်း (Mocha Cyclone) သတင်းကို ကြိုတင်နားစွင့်ပြီး အကာအကွယ်ပေးနိုင်သော နေရာများတွင် နေထိုင်ကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)နှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့( မင်းတပ်)တို့က ထုတ်ပြန်သည်။

အခုရက်သတ္တပတ်အတွင်း မင်းတပ်မြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ မိဘပြည်သူများအနေဖြင့် လေပြင်းမုန်တိုင်းသတင်းကို နားစွင့်ပြီး အကာအကွယ်ပေးနိုင်သောနေရာများတွင် အထူးသတိပြု နေထိုင်ကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)က တိုက်တွန်းထားသည်။
“အခုက တောင်ယာခင်းထဲမှာ တောင်ယာတဲတွေထိုးပြီးတော့ စပါးစိုက်တဲ့အချိန်ဆိုတော့ မုန်တိုင်းဝင်လာရင် တောင်ယာတဲတွေက မခံနိုင်ဖို့များတယ်။ တောင်ယာထဲအလုပ်လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ နေအိမ်တွေကိုပြန်ပြီးတော့ လုံခြုံခိုင်ခံ့တဲ့ နေရာတွေမှာနေဖို့ အဲလိုမျိုးတွေလုပ်ဖို့ ဆော်သြထားတာရှိတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဆလိုင်းယောမာန်က ပြောသည်။
ယမန်နေ့ မေလ ၁၂ ရက် ညပိုင်းမှစ၍ ချင်းပြည်နယ်တွင် မိုးများရွာသွန်းနေပြီး ယနေ့မေလ ၁၃ရက်အထိ လေပြင်းမုန်တိုင်းမရှိဘဲ မိုးသည်းထန်စွာရွာနေသည်ဟုလည်း မင်းတပ်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်၌ မင်းတပ်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ဆက်သွယ်‌ရေးလိုင်း (တယ်လီဖုန်းလိုင်း၊ အင်တာနက်လိုင်း) အားလုံးကို ဖြတ်တောက်ထားဆဲဖြစ်သောကြောင့် လေပြင်းမုန်တိုင်းသတင်းကို မိဘပြည်သူများ၏ နီးစပ်ရာကျေးရွာ၊ အုပ်စုအလိုက် ရနိုင်သောနည်းလမ်းဖြင့် အမြန်ဆုံး အသိပေးဆော်ဩပေးကြရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဘာမှပြင်ဆင်ထားတာမရှိတဲ့အပြင် မုန်တိုင်းသတင်းနဲ့ ပတ်သက်ပြီးတော့ သိလည်းမသိကြသေးဘူး ပြင်ဆင်ထားတာလည်းမရှိဘူး လို့ပြောရမယ်။ ပြီးတော့လည်း စကစ(စစ်ကောင်စီတပ်ဖွဲ့)ဘက်မှ ဖုန်းလိုင်းအင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတော့ မသိကြတာဖြစ်မယ်။ မုန်တိုင်းထက် လေယာဉ်နဲ့ဗုံးကြဲမှာကိုပဲ ဒေသခံတွေက ကြောက်နေကြတယ်” ဟု မင်းတပ်ဒေသခံတစ်ဦးက ပြောသည်။

ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မိုခါမုန်တိုင်းနှင့်ပတ်သက်ပြီး သတိပေးခြင်းရှိခဲ့သော်လည်း ကြိုတင်ပြင်ဆင်ထားမှုမရှိကြောင်း၊ စစ်ကောင်စီဘက်ကလည်း မုန်တိုင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိကြောင်း ကန်ပက်လက်မြို့နေ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ကန်ပက်လက်မြို့နယ်နှင့် မတူပီမြို့နယ်များတွင် ဖုန်းလိုင်းမရသည့်အတွက် ကျေးရွာများနှင့် တောတောင်ထဲတွင် စစ်ဘေးရှောင်နေကြေသော ပြည်သူများက မိုခါမုန်တိုင်းနှင့်ပတ်သက်ပြီး လက်ရှိအချိန်အထိ မသိရသေးကြောင်းလည်း ဆိုသည်။

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ တီးတိန်ခရိုင်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်ကာ မေလ ၉ ရက်တွင် မြို့နေဒေသခံ အယောက်၁၀၀ခန့်ကို ကမ်းဟောက်ခန်းမသို့ မုန်တိုင်းဒဏ်မှ လွန်ကင်းနိုင်ရန် ပြောင်းရွေ့ခိုင်းထားကြောင်း ဒေသခံများထံမှ သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" ဝင်ရောက်မည့်ဒေသများမှာ ရခိုင်ပြည်နယ်အပါအဝင် လက်ရှိတွင် စစ်ရေးအခြေအနေတင်းမာနေသော စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ အဓိကပါဝင်သည်။

ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" ကြောင့် အဆိုပါဒေသများတွင် ယနေ့ မေလ ၁၃ ရက်နေ့မှစတင်ကာ မေလ ၁၅ ရက်နေ့အထိ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မြေပြိုခြင်း၊ ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြသည်။

စာတည်း ။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ချင်းပြည်နယ်
#မင်းတပ်မြို့နယ်
#CDF-Mindat
#မိုခါမုန်တိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥1😁1👌1
Weekend News Roundup
===========

ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။

-မြန်မာ့အရေး တရုတ်နိုင်ငံအပါအဝင် အရေးပါတဲ့ သက်ဆိုင်သူအားလုံးနဲ့အကြိမ် ၆၀ ထက်မနည်းဆွေးနွေခဲ့ဟု အင်ဒိုနီးရှားဆိုတဲ့သတင်း

-နိုင်ငံတကာ၏အရေးယူမှုကို မခံရသရွေ့ စစ်တပ်က ပြည်သူများအပေါ်သတ်ဖြတ်နေခြင်းကို ရပ်တန့်မှာမဟုတ်ကြောင်း ကုလသံအမတ်ကြီး သတိပေးတဲ့သတင်း

-ယူကရိန်းငြိမ်းချမ်းရေးအတွက်ကြိုးပမ်းဖို့ တရုတ်ကိုပြင်သစ်တောင်းဆို တဲ့သတင်း

-အာကာသဒုံးပျံတစ်ခုရဲ့အပျက်အစီးတွေ ဂျပန်လေပိုင်နက်ထဲကို ကျရောက် တဲ့သတင်း

-မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုချမှတ်ခြင်းက နိုင်ငံရေးပြသာနာကို ဖြေရှင်းနိုင်မယ့်အဖြေ မဟုတ်ဘူးလို့ အင်ဒိုနီးရှားသမ္မတ ပြောတဲ့ သတင်း

-စစ်အုပ်စုနဲ့လက်တွဲနေတဲ့ နိုင်ငံတကာကုမ္ပဏီ ၅ ခုရဲ့ ရင်းနှီးမြှပ်နှံမှုများ နော်ဝေးဗဟိုဘဏ်မှ ပြန်ရုတ်သိမ်း တဲ့သတင်း

https://youtu.be/N1logUttDh0

#weekendnewsroundup
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥2
​​စလင်းမြို့သရက်တောစခန်းကို PDF ကတိုက်ခိုက်သိမ်းပိုက်ဖျက်ဆီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး PDF ရဲဘော်သုံးဦးကျဆုံးဟု NUG ကာကွယ်ရေးထုတ်ပြန်
==============

(မဇ္ဈိမ) ။ ။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ သရက်တောရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မကွေးတိုင်းတပ်ရင်းများက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးကာ PDF သုံးဦးကျဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်က သတင်းထုတ်ပြန်သည်။

သရက်တောရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မကွေးခရိုင် အမှတ်(၁) တပ်ရင်း၊ မကွေးတိုင်းကွပ်ကဲရေးအဖွဲ့နှင့်မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်း ပူးပေါင်းစစ်ကြောင်းက မေလ ၁၁ရက် နံနက် ၃နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တိုက်ပွဲဖော်ဆောင်ခဲ့သည့် ပုံစံကို ဖော်ပြရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကြောင်းလေးကြောင်းခွဲကာ ချဥ်းကပ်ခဲ့ပြီး ကင်းငယ်စစ်ကြောင်းကရှော့တိုက်ဒုံး(၃) လုံးဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊တိုက်ပွဲ စသည်နှင့် စခန်းနောက်ကျောဘက်မှ တာဝန်ယူထားသော ကာဗွန်စစ်ကြောင်းနှင့်တောင်ဘက်မှ ဘုန်းမြတ်အောင်စစ်ကြောင်းတို့က စတင်ပစ်ခတ်ကာပစ်ပေးထားကာ ယက္ခညီနောင်စစ်ကြောင်းက စခန်းမျက်နှာစာသို့ ချဥ်းကပ်ပြီး စစ်ကြောင်းအားလုံး တိုက်စစ်ဖွင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

၃နာရီ၃၀မိနစ်တွင် စခန်းအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး အရာရှိအခန်း ၊ တခြားအခန်း ၊ အသုံးအဆောင်ပစ္စည်းများနှင့် ဆိုင်ကယ် ၆စီးကျော် မီးရှို့ကာ RC နှထပ်တိုက် အပေါ်ထပ်သို့ ဝင်ရောက်ရှင်းလင်းချိန်တွင့် အခန်းထောင့်တွင် ကျန်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ထိပ်တိုက်တိုးခဲ့ကြောင်း၊ ထိုနေရာ၌ပစ်ခတ်မှုတွင် PDF ရဲဘော်သုံးဦးကျဆုံးကာ ခုနှစ်ဦးဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၂ဦး သေဆုံးပြီး G3တစ်လက် ၊ကျည်ဘောက် နှစ်ခု၊ G3ကျည် (၁၅)တောင့် ၊ Dell လက်တော့ တစ်လုံး ၊ USB memory stick နှစ်ခု ၊ ဖုန်းလိုင်းဖြတ် Jammer တစ်ခု ၊ စကားပြောစက် Antenna နှစ်ချောင်း ၊ equipment နှစ်ခု ၊စစ်ဖိနပ် တစ်ရံ၊ ဘဏ်စာအုပ် တစ်အုပ် ၊ ပိုက်ဆံအိတ် နှစ်လုံး ၊ ဒုရဲအုပ် မှတ်ပုံတင်နှင့် ရဲလက်မှတ် နှင့် ငွေ ၇၀,၅၀၀ ကျပ်ကို သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
နံနက် ၄နာရီ အချိန်တွင် စခန်းကို အောင်မြင်စွာ သိမ်းယူမီးရှို့ နိုင်ခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်က သတင်းထုတ်ပြန်သည်။

တိုက်ပွဲသည် အလွန်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်တွင် အကျအဆုံးများ၍ မြို့နယ်အဆင့်၊ ခရိုင်အဆင့် စစ်ကောင်စီတပ်ဖွဲ့တာဝန်ရှိသူများ စုံစမ်းစစ်ဆေးခံနေရကြောင်းမြို့ခံများကပြောသည်။

စာတည်း - မောင်ကြီး

#mizzima
#မကွေးတိုင်း
#စလင်းမြို့
#သရက်တောရဲစခန်း
#တိုက်ခိုက်သိမ်းပိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😭7❤2🔥2👏2
​​တော်လှန်ရေး ၂နှစ်တာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ခန့် ရှင်လင်းနိုင်ခဲ့ပြီး CDFရဲဘော် ၁၂ဦးကျဆုံးဟုဆို
==================

ကိုခင်မောင်
(မဇ္ဈိမ)။ ။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အခြေပြု လှုပ်ရှားနေသော ချင်းကာကွယ်ရေးတပ်ဖွဲ့-ကန်ပက်လက်(CDF-Kanpelet)နှင့် စစ်ကောင်စီတပ်တို့အကြား နှစ်နှစ်တာ ကာလ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးရေ ၂၀၀ ခန့်သေဆုံးကာ ဒေသကွယ်ရေးရဲဘော် ၁၂ဦးကျဆုံးခဲ့ကြောင်း CDF-Kanpelet တာဝန်ရှိသူထံက သိရသည်။

CDF-Kanpeletသည် တော်လှန်ရေးကာလ နှစ်နှစ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း ၁၀၀ကျော်ဖြစ်ပွားခဲ့သည်ဟု
CDF- Kanpelet တည်ထောင်ခြင်း နှစ်နှစ်ပြည့်နေ့သည့် မေလ ၁၃ရက်နေ့တွင် သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ကန်ပက်လက်မြို့နယ်၌ စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများအတွင်း CDF-Kanpelet တပ်ဖွဲ့ဝင် ၁၂ဦးသည် မြင့်မြတ်စွာ ကျဆုံးခဲ့ကြပြီး ကန်ပက်လက်ဒေသခံ ခြောက်ဦးကိုလည်း စစ်ကောင်စီတပ်က မတရားဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်းဆိုသည်။

CDF-Kanpetlet ကို ၂၀၂၁ခုနှစ်၊ မတ်လ ၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကန်ပက်လက်မြို့ပေါ်တွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ၂၀၂၁ခုနှစ် မေလ ၁၃ ရက်နေ့တွင် ပထမအကြိမ် စတင်ပစ်ခတ်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုနေ့ကိုအစွဲပြု၍ CDF-Kanpetlet၏ တော်လှန်ရေးနေ့အဖြစ်သတ်မှတ်ခဲ့ရာ ယနေ့ မေလ ၁၃ ရက်နေ့တွင် ၂ နှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်းနှင့် ခေတ်အဆက်ဆက် တော်လှန်ရေးကာလများတွင် အာဇာနည်သူရဲကောင်းများအား အစဉ်ဦးထိပ်ထားလျက် ထုတ်ပြန်ကြေညာအပ်ကြောင်းလည်းဆိုသည်။

CDF-Kanpetletအနေဖြင့် တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်တပ်ဖွဲ့များနှင့် အတူတကွလက်တွဲပြီး ပန်းတိုင်အောင်မြင်သည့်အထိ ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#CDF-Kanpetlet
#နှစ်နှစ်ပြည့်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤16👍6😁2
Media is too big
VIEW IN TELEGRAM
လက်ရှိအချိန်မှာ PDF အနေနဲ့ အဓိက ရင်ဆိုင်နေရတဲ့ အခက်အခဲက ဘာပါလဲ၊

Watch more detail -https://youtu.be/JZtOKj0hTtQ

#ချစ်သောအညာမြေ #စကားဝိုင်း #shorts #reels #Mizzima
❤10😁3
​​မဲပလီစခန်းအား ပူးပေါင်းတပ်ဖွဲ့ ဒရုန်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်
=================

YT
(မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအနီးရှိ စစ်ကောင်စီ၏ မဲပလီစခန်းအား တပ်မဟာ (၁) ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်အားစု (TPDF) တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ယနေ့ မေလ ၁၃ ရက် နေ့လယ် ၁၂ နာရီကျော်တွင် မဲပလီစစ်ကောင်စီစခန်းအား တပ်မဟာ (၁) KNLA၊ PDF ၊ TPDF၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ၊ ပအိုဝ်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD ၊ Ygn Eagle Force ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးလေးလုံး ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

" စခန်းတွင်းက အဆောက်အအုံတချို့နဲ့ ဆက်သွယ်ရေးမြောင်းတွေနားကို ကျရောက်ပေါက်ကွဲတယ်လို့သိရပါတယ်ခင်ဗျ" ဟု TPDF တာဝန်ခံက မဇ္ဈိမကိုပြောသည်။

ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်မှုတွင် မဲပလီစစ်ကောင်စီစခန်းအတွင်းရှိ အဆောက်အအုံအချို့နှင့် ဆက်သွယ်ရေးမြောင်းများအနီးသို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်မှ အပျက်အစီး၊ အထိအခိုက်၊ သေဆုံးမှုများအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ထိုစခန်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းရှိကြောင်း သိရသည်။
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၈ )လက်အောက်ခံ မဲပလီစစ်ကောင်စီစခန်းသည် စစ်ကောင်စီအတွက် စစ်ရေးအရ အရေးပါသော တပ်စခန်းတစ်ခုဖြစ်သည်။

သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်အားစု (TPDF) အနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ စစ်ကောင်စီတပ်စခန်းများအား ယခုထက်ပို၍ တိုက်ခိုက်သွားရန် အစီအစဉ်ရှိကြောင်း TPDF တာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့၊ ညနေပိုင်းကလည်း ဘီးလင်းမြို့နယ်၊ တောင်စွန်းရဲစခန်းအား PDF ၊ TPDF၊ KRF၊ PPDF-KD၊ ဘီးလင်း ပ.က.ဖ၊ ကျိုက်ထို ပ.က.ဖ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး လေးလုံးကြဲချတိုက်ခိုက်ခဲ့ပြီး ရဲစခန်းအတွင်းရှိ ရဲတစ်ဦးသေဆုံး၍ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#မဲပလီစခန်း
# KNU တပ်မဟာ (၁) နယ်မြေ
#ဒရုန်းဖြင့် တိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤13👍3😁2👏1
​​မင်းတပ်တွင် မုန်တိုင်းရှိန်ကြောင့် မိုးပြင်းထန်ရွာနေချိန် စစ်ကောင်စီက ဗုံးကြဲသွား
====================

ကိုခင်မောင်
(မဇ္ဈိမ) ။ ။ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်း မိုးပြင်းထန်စွာရွာသွန်းနေချိန် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သွားသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမာန်ထံက သိရသည်။

ယမန်နေ့ မတ်လ ၁၂ ည၈နာရီအချိန်ခန့် မိုးသည်းသည်းမဲမဲရွာနေစဉ် မင်းတပ်မြို့နယ် ကျေးရွာများပေါ်သို့ ဂျက်ဖိုက်တာတစ်စီးသည် သုံးကြိမ်ပျံဝဲလာပြီးနောက် ဗုံးကြဲသံကြားခဲ့ရသည်ဟု ၎င်းက ဆိုသည်။
“မနေ့ညကပဲ လေယာဉ်ဝဲလာပြီးမှ တောတိုက်တစ်နေရာမှာ ဗုံးကြဲသွားတယ်။ လေယာဉ်ဝဲပြီး ဗုံးကြဲတဲ့အသံကိုတော့ အားလုံးကြားလိုက်တယ်။ ဗုံးကျရောက်ပေါက်ကွဲတဲ့နေရာတော့ ကျတော်တို့လည်း သေချာမသိရသေးဘူးခင်ဗျ။ စုံစမ်းနေဆဲပါ” ဟု ဆလိုင်းယောမာန်က မဇ္ဈိမသို့ပြောသည်။

ထိုတိုက်ခိုက်မှုကြောင့် မင်းတပ် မြို့နယ်တွင် ထိခိုက်ပျက်စီးမှု အခြေနေကို အသေးစိတ် မသိရသေးကြောင်း ၎င်းကဆိုသည်။
“ အော်မုန်တိုင်းရှိတယ်။ မိုးသဲသဲမဲမဲရွာနေတယ် ဆိုပြီး လေယာဉ် မကြောက်ရတော့ဘူးထင်တာ၊ Jet fighter တစ်စီးက ဗုံးလာကြဲသေးတယ်။ ပျက်ပါစေကွာ”ဟု မင်းတပ်မြို့နယ်ထဲတွင် ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသော ဒေါက်တာအေးငြိမ်းသူ (ခေါ်) အငြိမ်းက ၎င်း၏ လူမှုကွန်ရက်အကောင့်တွင် ရေးသားထားသည်။

မင်းတပ်မြို့နယ်သတင်းများကို ရေးသားဖော်ပြနေသော မင်းတပ်ဒေသခံ ကိုHKL MINDAT ကလည်း ယမန်နေ့ညက ဂျက်ဖိုက်တာလာသဖြင့် ခက်ခက်ခဲခဲ ရွံ့အိုင်ကြား ပြေးပုန်းရကြောင်း၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ ၊ ကိုယ်ဝန်သည်မိခင်များအတွက် အလွန်စိုးရိမ်ရကြောင်း ၎င်းရဲ့ လူမှုကွန်ရက်တွင် ရေးတင်ထားသည်။

မင်းတပ်မြို့နယ်အတွင်းရှိ ဒေသခံများအနေဖြင့် မိုခါမုန်တိုင်း (Mocha Cyclone) သတင်းကို ကြိုတင်နားစွင့်ပြီး အကာအကွယ်ပေးနိုင်သော နေရာများတွင် နေထိုင်ကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)နှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့( မင်းတပ်)တို့က ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#စစ်ကောင်စီက ဗုံးကြဲ
# မင်းတပ်မြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢11🤬9👍5🔥2👏1
“နှစ်နှစ်သား PDF နှင့် တော်လှန်ရေး ရှေ့ခရီး” |ချစ်သောအညာမြေ Episode-15
====================

၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဟာ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့မှာ နှစ်နှစ်သက်တမ်း ပြည့်ခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ PDF အနေနဲ့ အဓိက ရင်ဆိုင်နေရတဲ့ အခက်အခဲက ဘာပါလဲ၊ တော်လှန်ရေးအပေါ် အားလျော့လာသူ၊ အားပျော့လာသူ၊ အားလျှော့လာသူတွေအတွက် PDF တွေက ဘယ်လိုသတင်းစကား ပါးထားပါသလဲ၊ တော်လှန်ရေး အမြန်ဆုံးအောင်မြင်ဖို့ အခုချိန်မှာ အလုပ်ဆောင်သင့်ဆုံးက ဘာတွေများပါလဲ စတာတွေကို အခုဆွေးနွေးခန်းမှာ ကြည့်ရှု နားဆင်ကြရပါမယ်။

ဇီးရိုးပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံရဲ့ခေါင်းဆောင် ဗိုလ်ဇီးရိုး၊ အမျိုးသားသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ယင်းမာပင်ခရိုင် တပ်ရင်း ၉ ရဲ့ ဆေးမှူး မအီကြာကွေး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃ တို့ပါဝင်တဲ့ ကျောက်လုံးကြီး တပ်မဟာ (KLG PDF) ရဲ့ ပြောခွင့်ရ ရဲဘော် AT တို့နဲ့ ကိုကျော်ကျော်သိန်းက မေးမြန်း ဆွေးနွေးထားပါတယ်။

https://youtu.be/JZtOKj0hTtQ

#ချစ်သောအညာမြေ
#စကားဝိုင်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍17❤2🔥1😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၃ မေ ၂၀၂၃) 
================

မိုခါမုန်တိုင်းသည် စစ်​ဘေး​ရှောင် အများစုရှိ​နေ​သည့် စစ်ကိုင်း၊ မကွေး နှင့် ချင်းပြည်နယ်များတွင် ဝင်ရောက်တိုက်ခိုက်နိုင်သည့်အတွက် မုန်တိုင်းအန္တရာယ်သာမက စစ်ကြောင်းထိုး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီတပ်၏ အန္တရာယ်ကို ပါရင်ဆိုင်နေရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢16👍6❤2🔥1😁1
ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်
================

မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မေ လ ၁၃ ရက်နေ့ ညနေပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

"ငါတို့ပြည်သူတွေ နာကြည်းစိတ်နဲ့ ရှင်သန်နေရမယ် တစ်သံတည်းညီ တစ်ချီတည်းရုန်း"စာသားပါ ဘန်နာ(ဗီနိုင်း) အားကိုင်စွဲကာ ကြံခင်းမြို့ပေါ် တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြော သည်။

စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှု သည် အဆိုပါသပိတ်
ကော်မတီ၏ (၈၀)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

#ဆန္ဒပြ
#Mizzima
❤16😁3👍2
​​Breaking News ဆိုင်ကလုန်းမိုခါး ဘေးအန္တရာယ်ရှိသဖြင့် ချင်းပြည်နယ်တွင် ကြိုတင်ပြင်ဆင်မှုများလုပ်ရန် ဝါရင့် သုတေသီ သတိပေး
=================
မဇ္ဈိမ

ဆိုင်ကလုန်းမုန်တိုင်းသည် ကုန်းတွင်းပိုင်းဝင်ရောက်သောအခါ အရှိန်လျော့ကျမည်ဖြစ်သော်လည်း ချင်းပြည်နယ်တွင် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန်လိုအပ်သည်ဟု ဝါရင့်သုတေသနပညာရှင်တစ်ဦးက စနေ့နေ့ညတွင် သတိပေးလိုက်သည်။

ဆိုင်ကလုန်းမိုခါသည် မြန်မာစံတော်ချိန် စနေနေ့ည ၉ နာရီခွဲမှသည် နောက် ၃၆ နာရီအတွင်း ချင်းပြည်နယ်အတွင်းသို့ လျော့ကျသောအရှိန်ဖြင့် ဆက်လက်ဝင်ရောက်သွားမည်ဖြစ်သည်။ သို့သော် ချင်းပြည်နယ်ထဲရောက်ချိန်တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၉၃ မိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်းထားကာ ချင်းပြည်နယ်အတွင်း ကြိုတင်ပြင်ဆင်မှုများလိုအပ်သည်ဟု ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ သုတေသီ ဆိုနီယာ လီယိုနတ်က သတိပေးသည်။

သူက မိုခါသည် မြန်မာစံတော်ချိန် စနေနေ့ည ၉ နာရီခွဲမှသည် လာမည့် ၂၄ နာရီအတွင်း မြန်မာ့ကမ်းရိုးတန်းအတွင်းသို့ဝင်ရောက်မည်ဖြစ်ကာ မုန်တိုင်းကျရောက်ချိန်တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ ၁၃၀ မိုင်မှ ၁၄၉ မိုင်နှုန်းခန့် ဖြစ်သည်ဟု ဟောကိန်းထုတ်ထားသည်။ 

ထို့အပြင်မုန်တိုင်း မိုခါသည် ခန့်မှန်းအချင်း မိုင် ၁၅၅ မိုင်ခန့် ရှိမည်ဖြစ်ပြီး မြန်မာ့ကမ်းရိုးတန်းနှင့် ကုန်းတွင်းပိုင်နေရာ အများအပြား( အကျယ်အပြန့်) သို့ သက်ရောက်မည်ဟုလည်းဆိုသည်။ 
 
ဆိုနီယာ လီယိုနတ်က ဆိုင်ကလုန်းမိုခါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကိုလည်း မဇ္ဈိမသို့ပေးပို့ရာ အောက်ပါအတိုင်းဖြစ်သည်။
 
မုန်တိုင်းအစပျိုးလာချိန်တွင်

- ကမ်းရိုးတန်းတွင် နေထိုင်သူဖြစ်ပါက မုန်တိုင်းဒီရေဒဏ်ကို ခံရနိုင်သောကြောင့် ကုန်းမြင့်ဘက်သို့ ရွှေ့ပြောင်းရန် လိုပါသည်။
- မိမိနှင့်အတူ မိသားစုကိုပါ ခေါ်ပြီး ခိုင်ခန့်သော အဆောက်အအုံ သို့မဟုတ် ဘာသာရေး အဆောက်အအုံများထဲတွင် ဝင်ရောက် ခိုလှုံပါ။ 
- ခိုင်ခန့်သော အဆောက်အအုံသို့ မပြောင်းရွှေ့နိုင်ပါက မိမိအိမ်နေရာကို အသင့်ဖြစ်အောင် ပြင်ဆင်ပါ။
- အိမ်ပြင်ဘက်တွင် လေနှင့်အတူ လွင့်ပါနိုင်သော ပစ္စည်းများကို ရှင်းလင်းထားပါ။ အိမ်ပြင်တွင်ထားသော ပရိဘောဂများကို ပြောင်းရွှေ့ထားပါ။ လွင့်ပါ ထိခိုက်စေနိုင်မည့် ပစ္စည်းများကို အမိုးအကာအောက်သို့ ပြောင်းရွှေ့ပါ။
- ရေပုံးများ၊ ထည့်စရာများတွင် ရေဖြည့်ထားပြီး မုန်တိုင်းပြီးချိန်တွင် သောက်စရာရေ ရှိနေအောင် ပြင်ဆင်ထားပါ။ 
- ဆန်နှင့် စားနပ်ရိက္ခာအခြောက်အခြမ်းများကို မုန်တိုင်းကာလနှင့် မုန်တိုင်းအလွန်တွင် စားစရာရှိနေအောင် ပြင်ဆင်ထားပါ။ 
- အိမ်ပြတင်းပေါက်သည် ကဲလား သို့မဟုတ် တရုတ်ကတ်များဖြစ်နေလျှင် သေချာစွာ ပိတ်ထားပါ။ အကယ်၍ မှန်ပြတင်းဖြစ်လျှင် ခိုင်မာသော တိပ်ဖြင့် ကြက်ခြေခတ်ပုံများပြုပြီး ကျပ်ကျပ်ပိတ်ထားပါ။ (မှန်ကွဲထွက်လျှင် မှန်ကွဲစများ မစင်လာအောင် ဖြစ်သည်။)
- အိမ်တံခါးများနှင့် ပြတင်းပေါက်များကို ပိတ်ထားပါ။
- စောင်များ၊ ခေါင်းအုံးများနှင့် မွေ့ရာများကို သွေ့ခြောက်သောနေရာတွင် စုထားပါ။ 
- 

မုန်တိုင်းစပြီ ဆိုလျှင် 
- အကယ်၍ မုန်တိုင်းစတင်ချိန်တွင် ခိုင်မာသော အဆောက်အအုံ နေရာသို့ မပြောင်းရွှေ့နိုင်ခဲ့သူ ဖြစ်ပါက မိမိနေရာတွင်ပင် ပြင်ဆင်ပါ။
- လျှပ်စစ်မီးများ၊ ဂက်စ်အိုးများ၊ ရေပိုက်များနှင့် အခြား အိမ်သုံးပစ္စည်းများကို ပလပ်ဖြုတ်ထားပါ။
- အိမ်၏ အလုံခြုံဆုံးနေရာတွင် မိသားစုကို ထားပါ။ ထိုနေရာသည် ပြတင်းနှင့် ဝေးပါစေ။
- ရေဒီယိုကို အချိန်နှင့် တစ်ပြေးညီ နားထောင်ပါ။
- အဆောက်အအုံကို လေက ဖျက်ဆီးလာပြီဆိုလျှင် ခိုင်ခန့်သော စားပွဲ၊ ခုံတန်းလျား သို့မဟုတ် မွေ့ရာများအောက်တွင် အကာအကွယ် ယူပါ။ အဝတ်များ၊ စောင်များဖြင့် ကိုယ်ကို ဖုံးထားပါ။ နေရာမရွေ့နိုင်သော အိမ်၏ အစိတ်အပိုင်းတစ်ခုခုကို မြဲမြဲ ကိုင်ထားပါ။ 
- မုန်တိုင်းမျက်လုံးထဲသို့ ကျရောက်နေစဉ်အတွင်း စိတ်ကို ငြိမ်ငြိမ်ထားပါ။ လေသည် နောက်မိနစ်နှစ်ဆယ်ခန့် ရပ်တန့်သွားပါလိမ့်မည်။ အိမ်ထဲတွင်သာ နေပါ။ နောက်ဆက်တွဲ လာပါလိမ့်မည်။ 
- မုန်တိုင်းမျက်လုံး ကျော်သွားပြီဆိုလျှင် လေပြင်းနှင့်အတူ မိုးများ ပြန်ရွာပါလိမ့်မည်။ မုန်တိုင်းမျက်လုံးသို့ ရောက်ချိန်အထိမှာ မုန်တိုင်း၏ ပထမတစ်ဝက်မျှသာ ရှိသေးသည်။ နောက်ထပ်လေနှင့် မိုးများ ရောပြီး လာပါလိမ့်ဦးမည်။
👍22❤3🔥1
​​ULA/AA အနေဖြင့် မုန်တိုင်းဝင်ရောက်မည့် ဒေသမှ ပြည်သူ ၁၀၁,၉၉၉ ဦးအား ရွှေ့ပြောင်းပြီးဖြစ်ကြောင်း ဦးခိုင်သုခပြော
==============

ဂျူချန်း

(မဇ္ဈိမ)။ ။ ရခိုင်မျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) အနေဖြင့် "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံရနိုင်သည့် မြေနိမ့်ပိုင်း၊​ပင်လယ်ကမ်းနားနှင့် နီးသည့် ပြည်သူများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းထားခဲ့ရာ လက်ရှိတွင် ဒေသခံပြည်သူ ၁၀၁,၉၉၉ ဦးအား ဘေးလွတ်ရာသို့ ပြောင်းရွေ့ထားပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောရေးဆိုခွင့်ရှိ သူ ဦးခိုင်သုခ မဇ္ဈိမကိုပြောသည်။

“အခုနောက်ဆုံး ကျနော်တို့ဆီကို Update ရောက်လာတဲ့အခါကျတော့ ရခိုင်ပြည်အနှံ့မှာ ကျနော်တို့ ပြောင်းရွှေ့ထားတဲ့ လူဦးရေက ၁၀၁,၉၉၉ ယောက် ရှိနေပြီ။ အခု ကျနော်စကားပြောနေတဲ့အချိန်အထိ ပြောင်းရွှေ့ပြီးတဲ့ လူဦးရေက ၁၀၁,၉၉၉ ယောက် ရှိနေပြီ” ဟု ဦးခိုင်သုခက ပြောသည်။

"မိုခါ" ဆိုင်ကလုန်းမုန်တိုင်း အသိပေးချက်အား ULA/AA မှ မေလ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး မေလ ၁၀ ရက်နေ့တွင် မုန်တိုင်းဝင်ရောက်နိုင်သည့် ဒေသများမှ သက်ကြီးရွယ်အို၊ အမျိုးသမီးများ၊ ကလေးငယ်များနှင့် မသန်စွမ်းများကို ဦးစားပေးကာ ဒေသခံပြည်သူများအား ပြောင်းရွှေ့ကယ်ဆယ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ရွှေ့ပြောင်းမှုတွေကို ကျနော်တို့ မေလ ၁၀ ရက်နေ့ကတည်းက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုလို့ရှိရင် ဒီနေ့ဆိုလို့ရှိရင်အထိတော့ လေးရက်ရှိပြီပေါ့နော်။ ၁၀၊ ၁၁၊ ၁၂၊ ၁၃ လေးရက်ဆက်တိုက် ကျနော်တို့ ပြောင်းရွှေ့မှုတွေလုပ်နေပါတယ်။ အထူးသဖြင့်တော့ မြေပုံ၊ မင်းပြား၊​ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော အဲ့ဒီက ဒေသခံ ပြည်သူတွေကို ကျနော်တို့ ဦးစားပေးပြီးတော့မှ ကျနော်တို့ ပြောင်းရွှေ့နေတာဖြစ်ပါတယ်” ဟု ဦးခိုင်သုခ က မဇ္ဈိမ၏ ဆိုင်ကလုန်း"မိုခါ"အရေးပေါ်တုံ့ပြန်ခြင်း တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြောသည်။

ထို့အပြင် ပြောင်းရွှေ့ခြင်းမရှိဘဲ ကျန်ရှိနေသည့် ပြည်သူများအတွက်လည်း လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိရာ မုန်တိုင်းရှောင်ပြည်သူများအတွက် စားသောက်ရေး၊ နေထိုင်ရေး အဆင်ပြေစေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် "မိုခါ"မုန်တိုင်း အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီဖွဲ့စည်းကာ စနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“မုန်တိုင်းရှောင်ပြည်သူတွေရဲ့ စားရေးသောက်ရေး၊ တည်းခိုနေထိုင်စရာတွေကို ကျနော်တို့ဘက်ကနေပြီးတော့မှ စီစဉ်ပေးနေတာရှိတယ်။ အဓိကကတော့ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့မှ ကျနော်တို့ဘက်က ကူညီလုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ အဲ့ဒီမှာ မိုခါမုန်တိုင်း အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီဖွဲ့စည်းပြီးတော့မှ အဆက်ဆက် စနစ်တကျ ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

"မိုခါ"ဆိုင်ကလုန်းမုန်တိုင်းသည် မနက်ဖြန် မေလ ၁၄ ရက်နေ့ နေ့ခင်းပိုင်းခန့်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့အနီးသို့ တစ်နာရီ ၁၁၂ မိုင်နှုန်းခန့်ဖြင့် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်မှ ဖော်ပြထားသည်။

ကမ္ဘာ့သဘာဝဘေးဆိုင်ရာသတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစနစ် (Global Disaster Alert and Coordination SYSTEM-GDACS) မှလည်း မြန်မာနိုင်ငံမှ လူဦးရေစုစုပေါင်း ၅.၄ သန်းမုန်တိုင်းဒဏ် ခံရနိုင်ခြေရှိရာ ထိုအထဲတွင် ရခိုင်ပြည်နယ်မှ လူဦးရေ ၉၃၀,၀၀၀ ခန့်သည် အန္တရာယ်ရှိသည့် လေပြင်းတိုက်ခတ်မှုကို ခံရနိုင်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မိုခါ
#ဆိုင်ကလုန်း
#မုန်တိုင်း 
#အသိပေးချက်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤7😁2🥰1👌1