Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ရှမ်းပြည်ညီညွတ်ရေး ကော်မတီ၏ လုပ်ငန်းစဉ်များ ခေတ္တရပ်နားရန် RCSS တောင်းဆို
--------------
ရှမ်းနိုင်ငံရေးပါတီ၊ လက်နက်ကိုင်များနှင့် ရှမ်း လူမှုအဖွဲ့အစည်းများ စုစည်း၍ ဖွဲ့စည်းထားသည့် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU ၏ လုပ်ငန်းစဉ်များ ခေတ္တရပ်နားထားရန် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) က ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်တွင် ထုတ်ပြန်သည်။

CSSU အနေဖြင့် ၂၀၁၈ မှ ၂၀၂၀ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့အကြား တိုက်ပွဲများကို တားဆီးနိုင်ခဲ့ခြင်း မရှိသည့်အပြင် ၂၀၂၀- ၂၀၂၂ အထိ တိုက်ပွဲများ ကျယ်ပြန့်လာခြင်းကြောင့် ပြည်သူများ ဒုက္ခရောက်ရခြင်း၊ ရှမ်းပြည်အတွက် ရှင်းလင်းပြတ်သားသည့် နိုင်ငံရေး ရည်မှန်းချက်များ ချမှတ်နိုင်မှု မရှိခြင်း စသည့် အချက်များ အပါအဝင် အချက် ငါးချက်ကြောင့် လုပ်ငန်းဆောင်ရွက်မှုနှင့် ရည်မှန်းချက်များ အားနည်းခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က CSSU အတွင်းရေးမှူးအဖွဲ့ထံသို့ အဖွဲ့တွင်း ပေးပို့သည့်စာ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ခြင်းကြောင့် ယခုကဲ့သို့ တရားဝင် ကြေညာချက် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

"ဖြစ်စဉ်ကတော့ ကျွန်တော်တို့ အနေနဲ့ CSSU အတွင်းရေးမှူး အဖွဲ့ကို CSSU လုပ်ငန်းစဉ်တွေ ခေတ္တရပ်နားထားဖို့ အဖွဲ့တွင်းစာ ပို့တယ်ခင်ဗျ။ အဲ့ဒီစာက မီဒီယာတွေဆီ လူမှုကွန်ရက်တွေဆီ ပျံ့သွားတယ်၊ အဲ့တာက မဖြစ်သင့်ဘူးလေ။ အဲ့ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ဒီစာကို ထုတ်ပြန်လိုက်ရတာပါ" ဟု ပြောသည်။

RCSS အနေဖြင့် CSSU မှ နုတ်ထွက်ခြင်း မဟုတ်သကဲ့သို့ CSSU သည် ရှမ်းပြည်တွင်း နိုင်ငံရေး အင်အားစုများ စုစည်းရမည့် Platform အနေဖြင့် ဆက်လက်ရှိရမည်ကို လက်ခံကြောင်း သို့သော် အဖွဲ့အစည်း အတွင်း ဆက်လက်သွားရမည့် ပုံစံ၊ စည်းကမ်းများ ပြန်လည်ညှိနှိုင်းရမည် ဖြစ်ကြောင်း ပြောသည်။

၂၀၂၂ ဖေဖော်ဝါရီလ ၇ ရက်တွင် CSSU က ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်း မူဝါဒ ကြေညာစာတမ်း ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေညာစာတမ်း အတွက် အတွင်းရေးမှူးအဖွဲ့ အတွင်း အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် RCSS က ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

#RCSS
#ရှမ်းနိုင်ငံရေးပါတီ
#CSSU
#MizzimaTV
👍6