Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မုန်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး ထိခိုက်မှုများ
===================

YT
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ ကျေးရွာများအတွင်း နှစ်ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်တွင် ခြောက်ဦးသေဆုံး၍ ၂၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့နှင့် ၂၈ ရက်နေ့ နှစ်ရက်ဆက်တိုက် မုန်းမြို့၊ သမန်းကျင်းကျေးရွာ၊ ကညင်ကျကျေးရွာနှင့် ကြက်တက်ညောင်ပင်သာကျေးရွာ တဝိုက်တွင် စစ်ကောင်စီတပ်သားများနှင့် KNU တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်တွင် ခြောက်ဦးသေဆုံး၍ ၂၀ နီးပါးထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး တပ်မဟာ (၃) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်တွင် တဦးကျဆုံး၍ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

" ၂၉ ရက်နေ့ကဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ခြောက်ယောက်လောက်ကျတယ်၊ ၂၀ နီးပါး ထိခိုက်ဒဏ်ရာရတယ်၊ PDF နှစ်ယောက် ဒဏ်ရာ ရတယ်။ ၃၀ ရက်နေ့၊ မနက် နယ်မြေရှင်းလင်းရေး လုပ်ဖို့သွားတဲ့ PDF ထဲက အရာရှိတယောက် ကျသွားတယ်။ ကြားမိသလောက်က အလောင်းတွေနားမှာ စစ်တပ်ဘက်က ကင်းပုန်းဝပ်ပြီး ပစ်လိုက်တာလို့ သိရတယ်" ဟု မြေပြင်သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း အထိနာခဲ့သော စစ်ကောင်စီတပ်သားများသည် တိုက်ပွဲဖြစ်ပွားရာ သမန်းကျင်းကျေးရွာ၊ ကြက်တက်ညောင်ပင်သာကျေးရွာ၊ ကညင်ကျကျေးရွာအား ဩဂုတ်လ ၂၉ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ပြီး ကျေးရွာများအတွင်းရှိ ဒေသခံနေအိမ်များကိုပါ မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

လေကြောင်းတိုက်ခိုက်ခံရမှုနှင့် မီးရှို့ခံရမှုကြောင့် ကြက်တက်ညောင်ပင်ကျေးရွာ၊ သမန်းကျင်းကျေးရွာနှင့် ကညင်ကျကျေးရွာတို့မှ ဒေသခံနေအိမ် ၂၀ လုံးထက်မနည်း ပျက်စီးဆုံးရှုံးရကြောင်း သိရသည်။

" သမန်းကျင်းနဲ့ ကညင်ကျကို မီးရှို့သွားတာ၊ အဲ့ဒီရွာနှစ်ရွာက ဆက်နေတာ၊ နဂိုကတည်းကလည်းလူသိပ်မနေကြတော့ ရွာပျက်လိုဖြစ်နေတာ။ ဒါပေမယ့် အဲ့ရွာတွေထဲမှာ ပူးပေါင်းအဖွဲ့တွေအမြဲရှိတယ်။ အဲ့ရွာတွေဘက်ကပဲ အုတ်ဖြတ်တံတားမှာစောင့်နေတဲ့ စစ်သားတွေ ရဲတွေကို အလစ်အငိုက် စနိုက်ပါနဲ့ဆော်နေတာ" ဟု ဒေသတွင်းသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါကျေးရွာများ၌ တိုက်ပွဲများ ရပ်တန့်သွားပြီဖြစ်သော်လည်း ကျောက်ကြီးမြို့နယ်၊ သစ်ချဆိပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က ဂျက်ဖိုက်တာနှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး လက်ရှိအချိန်အထိလည်း စစ်ကောင်စီတပ်​၏ လေယာဉ်များ ဝဲလျက်ရှိနေကြောင်း သိရသည်။

" ဒီနေ့မနက်လည်း ကျွန်တော်တို့ မုန်းနဲ့ ကျောက်ကြီးသွားတဲ့လမ်းဘေးကရွာ သစ်ချဆိပ်ဆိုတဲ့ရွာမှာ တိုက်ပွဲ ဖြစ်နေတယ်။ ဂျက်ဖိုက်တာ နှစ်စီးလည်း လာပစ်တယ်။ ဟယ်လီကော်ပတာလည်း ငါးကြိမ်၊ ခြောက်ကြိမ်လောက်ရှိပြီ ပျံဝဲနေတာ" ဟု မြေပြင်သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ယနေ့ သစ်ချဆိပ်တွင် ဖြစ်ပွားနေဆဲ တိုက်ပွဲအခြေအနေအား မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#သစ်ချဆိပ်
#မုန်းမြို့နယ်တိုက်ပွဲ
#ကျောက်ကြီးမြို့နယ်
#KNLA
#PDF

ဓါတ်ပုံ- စစ်တပ်​၏ လေကြောင်းတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီိးခံရမှုကြောင့် ပျက်စီးသွားသော သမန်းကျင်းကျေးရွာနှင့် ကညင်ကျရွာမှ ဒေသခံနေအိမ်အချို့ (ဓါတ်ပုံ- CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁3😢1
​​အုတ်ဖြတ်တံတားအနီး တိုက်ပွဲပြင်းထန်လျက်ရှိ စစ်ကောင်စီတပ်အထိနာဟုဆို
======================

ရွှေနွယ်
(မဇ္ဈိမ) ။ ။ပဲခူးတိုင်းအရှေ့ခြမ်းရှိ ကျောက်ကြီးမြို့နယ် အုတ်ဖြတ်တံတားအနီးတွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား ဩဂုတ်လ ၂၉ ရက်နေ့မှ စတင်ကာ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ဩဂုတ်လ ၂၉ ရက်နေ့မှ စတင်ဖြစ်ပွားနေသော တိုက်ပွဲသည် ယနေ့ စက်တင်ဘာ ၁ ရက်နေ့အထိ တင်းမာနေဆဲဖြစ်ကာ စစ်ဆိုင်ထားဆဲအခြေအနေဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အထိနာကာ သေဆုံးမှုများစွာရှိကြောင်းနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုများလည်းရှိကြောင်း အမှတ် (၂) စစ်ဒေသခွဲ ဒုတိယစစ်ဒေသခွဲမှုး ရဲဘော်တင်ဦးမှ မဇ္ဈိမကို အတည်ပြုပြောသည်။

"လက်ရှိအနေအထားက စစ်ဆိုင်ထားဆဲဖြစ်တယ်။ အချို့အချက်အလက်တွေကို စစ်ရေးအရ ပြောလို့မရသေးဘူး။ စစ်ကောင်စီဘက်က ကျဆုံးမှုများပါတယ်" ဟု ရဲဘော်တင်ဦးမှပြောသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှုလည်း ဆက်တိုက်ရှိနေကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားလျက်ရှိရာ နေရာသည် အုတ်ဖြတ်တံတား၏ အရှေ့ခြမ်း ကျောက်ကြီးမြို့နယ်အပိုင် ကျေးရွာများဘက်၌ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ကနဦးသိရှိရသည်။

အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ CDM ဗိုလ်ကြီးဖြစ်သူ ရဲဘော်ဆဲဗင်း ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၅၀ ဦးခန့် ထိခိုက်ကျဆုံးမှုရှိနိုင်သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ မဇ္ဈိမမှ ကနဦးသိရှိထားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးကာ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထို့ပြင် ပဲခူးတိုင်းအရှေ့ခြမ်းတွင် ထန်းတပင်မြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့အတွင်း၌လည်း ပြင်းထန်တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း အမှတ် (၂) စစ်ဒေသခွဲ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော် စောဒိုရှင်းမှ ပြောသည်။

“၂၉ ရက်နေ့က စပြီး ဒီမြို့တွေမှာ ဆက်တိုက်ဖြစ်နေတယ်။ စစ်ကောင်စီဘက်က လေယာဉ်သုံးတိုက်ခိုက်မှုတွေရှိတယ်။ စစ်ကောင်စီဘက်က အကျအဆုံးများတယ်။ ကျွန်တော်တို့ အရေအတွက်ကို စိစစ်နေတယ်” ဟု ရဲဘော် စောဒိုရှင်းမှပြောသည်။
အထူးကွန်မန်ဒိုတပ်ရင်း(တောင်ပိုင်းတိုင်း)၏ ယနေ့ စက်တင်ဘာလ ၁ ရက် ထုတ်ပြန်ချက်အရ ထန်းတပင်မြို့နယ် မြို့ဆိုးရွာရှိ စစ်တောင်းမြစ်ကူးတံတား စစ်ကောင်စီကင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးကြောင်း သိရသည်။

အဆိုပါ ဒေသများသည် စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်နှင့် နီးကပ်စွာတည်ရှိနေသည့် ဒေသများဖြစ်သည့်အတွက် စစ်ကောင်စီတပ်ဘက်မှ မြေပြင်မှရော လေကြောင်းမှပါ အပြင်းအထန်ခုခံလျက်ရှိကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်များ၏ ပြောဆိုချက်အရသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#KNLA
#PDF
#လေကြောင်း

ဓာတ်ပုံ - အထူးကွန်မန်ဒိုတပ်ရင်း- တောင်ပိုင်းတိုင်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19👏3🔥2
​​KNU တပ်မဟာ (၅)တွင် သြဂုတ်လအတွင်းတိုက်ပွဲများ၌ စစ်ကောင်စီဗိုလ်ကြီးအပါ ၈၈ ဦးသေဆုံး၊၅၇ ဦးဒဏ်ရာရ
===================

002
(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)၊ ဖာပွန်ခရိုင်(မူတြော်ခရိုင်)တွင် ဩဂုတ်လအတွင်း တိုက်ပွဲ ၁၄၃ ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီဗိုလ်ကြီးတဦးအပါအဝင် ၈၈ ဦးသေဆုံးပြီး ၅၇ ဦးဒဏ်ရာရခဲ့သည်ဟု သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်အကြား တိုက်ပွဲများနှင့် ပတ်သက်၍ KNU မူတြော်ခရိုင်က ယမန်နေ့ စက်တင်ဘာလ ၃ရက်တွင် အထက်ပါအတိုင်း ထုတ်ပြန်ခြင်းဖြစ်သည်။

ဩဂုတ်လ တလတာ(ဩဂုတ် ၁ရက်မှ ၃၁ရက်)အတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များခဲ့သလို စစ်ကောင်စီရုံး အဆောက်အအုံ ခုနစ်လုံးနှင့် စစ်သုံးကားတစီးကိုလည်း ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNLA ဘက်တွင်လည်း စစ်သည်ငါးဦး အသက်ဆုံးရှူံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။တိုက်ပွဲများအတွင်း ကျေးရွာများနှင့် တောင်ယာလုပ်ငန်းခွင်များသို့ စစ်ကောင်စီက လက်နက်ကြီးကျည် စုစုပေါင်း ၉၆ လုံး ပစ်ခတ်ခဲ့ကြောင်း၊သြဂုတ် ၁၈ ရက်က တိုက်ပွဲတွင် စစ်ကောင်စီက တိုက်လေယာဉ်နှစ်စင်းဖြင့် ဗုံးလေးလုံးကို ဘောကျို့လယ်ရွာနှင့် ပိုဂါရွာအကြား ကြဲချခဲ့သည်ဟု KNU မူတြော်ခရိုင်ကထုတ်ပြန်သည်။

လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားတဦး သေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင်လကလည်း KNUတပ်မဟာ (၅)နယ်မြေ မူတြော်ခရိုင်အတွင်း တိုက်ပွဲ၁၈၉ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၉ဦးသေဆုံးကာ ၈၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU မူတြော်ခရိုင်က ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် KNUတပ်မဟာ (၅)နယ်မြေ မူတြော်ခရိုင်အတွင်း နှစ်လတာတိုက်ပွဲများတွင် စစ်‌ကောင်စီဘက်က ၁၉၇ဦးအထိ သေဆုံးခဲ့သည်ဟု သိရသည်။

လက်ရှိ စက်တင်ဘာလဆန်းတွင်လည်း KNUတပ်မဟာ (၅) နယ်မြေ၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

စာတည်း - အေးချမ်း

#mizzima
#KNUတပ်မဟာ (၅)၊
#KNLA
#စစ်ကောင်စီ၊BGFပူးပေါင်းတပ်

KNU တပ်မဟာ(၅) နယ်မြေအတွင်း စစ်ကောင်စီလက်နက်ကြီး ထိမှန်၍ အရပ်သားတဦး ထိခိုက်ဒဏ်ရာရခဲဲ့စဉ် (ပုံဟောင်း)
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤3👏1🍌1
​​ရဲတပ်ဖွဲ့မှူးရုံး တိုက်ခိုက်ခံရမှု အချက်အလက်ပေါက်ကြားခြင်းအပေါ် ဝန်ထမ်းများ စစ်ဆေးခံနေရ
===========================

YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့ပေါ် ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ဖြစ်စဉ်ကြေးနန်းအပါအဝင် ဓာတ်ပုံ၊ အသံဖိုင်များ ပေါက်ကြားမှုအပေါ် ရဲနှင့် ထွေအုပ် ဝန်ထမ်းများ စစ်ဆေးခံနေရကြောင်း မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

" စစ်ဆေးခံနေရတယ်ဆိုတာ ဟုတ်တယ်။ အသံဖိုင်တွေရော ဓာတ်ပုံတွေရော ပေါက်သွားတာကိုး။ အရင်ဆုံး အကုန်လုံးကို ခေါ်စစ်တာ၊ ပထမဆုံး ရိုးရိုးစစ်တယ်။ စစ်ပြီးမှ သူတို့ မသင်္ကာတဲ့သူကိုတော့ ထပ်စစ်တာပေါ့" ဟု မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့၊ ည ၇ နာရီအချိန်က တပ်မဟာ (၆) KNLA၊ ကော်ဘရာစစ်ကြောင်း၊ Federal Wings ၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ယာယီတပ်ရင်းမှူး ဗိုလ်မှူးအောင်ကျော်မင်း၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်တို့အပါအဝင် ငါးဦးသေဆုံး၍ ပြင်းထန်ဒဏ်ရာရ ငါးဦး၊ သာမန်ဒဏ်ရာရ ခြောက်ဦး စုစုပေါင်း ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဗုံးကြဲတိုက်ခိုက်ခံရမှု​၏ ဖြစ်စဉ်အသေးစိတ်နှင့် ထိခိုက်ဒဏ်ရာရသူစာရင်းပါဝင်သည့် ကြေးနန်း ဖိုင်နှစ်ရွက်၊ ဖြစ်စဉ်အား ဖုန်းဖြင့် အစီရင်ခံနေသည့် အသံဖိုင်၊ ဒဏ်ရာရသူများ၊ သေဆုံးသူများ​၏ ဓာတ်ပုံများ၊ ဆေးရုံတွင် ပြေးလွှားနေကြပုံများ စသည်တို့သည် ဖြစ်စဉ်ဖြစ်ပွားပြီး နှစ်နာရီအတွင်း ဖေ့ဘုတ်၊ တယ်လီဂရမ် စသည့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အချက်အလက်များ ပျံ့နှံ့မှုနှင့် ပတ်သက်၍ စက်တင်ဘာလ ၄ ရက်နေ့မှစတင်ကာ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်ရဲစခန်းမှ ရဲများအားလုံးနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများအား စစ်ကောင်စီတပ်က စစ်ဆေးနေခြင်းဖြစ်သည်။

ဦးစွာအားဖြင့် ဝန်ထမ်းများနှင့် ရဲများ​၏ လက်ကိုင်ဖုန်းများအား စစ်ဆေးခြင်းဖြစ်ပြီး လက်နက်ပြ၍ ခြိမ်းခြောက်ခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများပါ ပြုလုပ်ကြောင်း၊ ထိုသို့ စစ်ဆေးမှုအတွင်း ၎င်းတို့ မသင်္ကာသူများအား စစ်ကြောရေးသို့ ပို့ဆောင်၍ ဆက်လက်စစ်ဆေးနေကြောင်း မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံက သိရသည်။

" စစ်ကြောရေးအထိ ရောက်တာပေါ့။ သူတို့ ဆဲဆိုပြီးတော့ စစ်တယ်။ ရိုက်တော့မရိုက်ဘူးပေါ့ ၊ ဆဲဆိုခြိမ်းခြောက်ပြီးတော့ သေနတ်တွေပါ ထုတ်ပြီးတော့ ခြိမ်းခြောက်ပြီး စစ်တယ်။ ဖုန်းတွေကို အဓိကစစ်တာပေါ့။ ဖုန်းထဲမှာ တွေ့ရှိတဲ့ပေါ်မူတည်ပြီးတော့ စစ်ကြောရေးပို့တယ်ပေါ့။ စစ်ပြီးရင်တော့ ရာထူးချမယ်၊ နယ်ပြောင်းတာတို့ ဘာတို့ပေါ့" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
စစ်ဆေးမှုအရ တွေ့ရှိချက်ပေါ်မူတည်၍ ရာထူးချခြင်း၊ တာဝန်ကျရာနယ် ပြောင်းရွှေ့ခြင်းတို့ ပြုလုပ်လာနိုင်ကြောင်း သိရသည်။

မြဝတီခရိုင်ရုံးတိုက်ခိုက်ခံရမှုဖြစ်စဉ် အချက်အလက် ပေါက်ကြားမှုများအတွက် ရဲနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား စစ်ဆေးနေသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ မြဝတီမြို့နယ် ရဲတပ်ဖွဲ့မှူးအား မဇ္ဈိမမှ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးချေ။

ရဲနှင့် ထွေအုပ်ဝန်ထမ်း မည်မျှ အစစ်အဆေးခံနေရသည်ကို မဇ္ဈိမမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးချေ။
ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ မေးမြန်းချက်အရ မြဝတီ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒရုန်းဖြင့် ဗုံးကြဲခံရမှုအတွင်း ပြင်းထန်ဒဏ်ရာဖြင့် မဲဆောက်မြိို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည့် ခရိုင်ရဲတပ်ဖွဲ့မှူးအပါအဝင် ငါးဦးအနက် လေးဦး ထပ်မံသေဆုံးသွားကြောင်း၊ ဖြစ်စဉ်တခုလုံးအတွင်း သေဆုံးသူ ကိုးဦးရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မြဝတီမြို့နယ်
#ရဲစခန်းမှူး
#KNLA
#PDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍29😁5❤4
​​တပ်မဟာ(၅)ဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၅ ခုအား KNLA ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်
=================

YT
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ ခေးပူကျေးရွာအုပ်စုအတွင်းရှိ စစ်ကောင်စီတပ် စခန်းငါးခုအား တပ်မဟာ(၅) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KNU မူတြော်သတင်းစဉ်က စက်တင်ဘာလ ၉ ရက်နေ့တွင် သတင်းထုတ် ပြန်ထားသည်။

“လက်ရှိ တပ်မဟာ (၅) နယ်မြေမှာ စစ်ကောင်စီတပ်ရဲ့စစ်ရေးလှုပ်ရှားမှုဟာ လေယာဥ်ပျံကလွဲပြီး မြေပြင် တပ်ချည်းပဲဆိုရင် လှုပ်ရှားမှုအနည်းအကျဥ်းလောက်ပဲ လုပ်လို့ရတယ်။ နယ်မြေစိုးမိုးမှုအပိုင်းမှာလည်း သူတို့စခန်းရှိတဲ့နေရာလောက်ပဲ စိုးမိုးလို့ရတော့တယ်”ဟု KNU တပ်မဟာ(၅)မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က မဇ္ဈိမကိုပြောသည်။

အင်အား ၅၀ ကျော်ဖြင့်အထိုင်ချနေသည့် ခေးပူစစ်ကောင်စီစခန်းအား စက်တင်ဘာလ ၆ ရက်နေ့ နံနက် ပိုင်းတွင် တပ်မဟာ(၅) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ Special Force (အထူး တပ်ဖွဲ့)နှင့် PDF ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ခေးပူစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအများအပြားသေဆုံးပြီး၊ တပ်မဟာ(၅) KNLA ပူး ပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ဒဏ်ရာရသူရှိကြောင်း၊ စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး၊ လက်နက် ငယ်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း KNU- မူတြော်သတင်းစဉ်က ဖော်ပြထားသည်။

ထို့ပြင် စက်တင်ဘာလ ၇ ရက်နေ့တွင် ခေးပူကျေးရွာအုပ်စုအတွင်းရှိ တူဖိုးထာစခန်း၊ ဝါဘောထာစခန်း၊ ကွဲခူစခန်းနှင့် လယ်ထောစခန်း စသည့်စစ်ကောင်စီစခန်းလေးခုအား တပ်မဟာ(၅) KNLA ပူးပေါင်းတပ်ဖွဲ့ က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

စခန်းလေးခုအား ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ရှစ်ဦးသေဆုံး၍ ရှစ်ဦး ထိခိုက်ဒဏ် ရာရခဲ့ကြောင်း မူတြော်သတင်းစဉ်က ဖော်ပြထားသည်။

ခေးပူစစ်ကောင်စီစခန်းအပါအဝင် စခန်းငါးခု တိုက်ခိုက်ခံရပြီးနောက် စက်တင်ဘာလ ၆ ရက်နေ့မှ ၈ ရက် နေ့အထိ သုံးရက်တိုင် စစ်ကောင်စီတပ်သည် ခေးပူကျေးရွာအုပ်စုအတွင်းသို့ ဗုံးသီးများ၊ စက်သေနတ် အကြီးစားများဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း မူတြော်သတင်းစဉ်က ဖော်ပြထားသည်။

“စစ်ကောင်စီတပ်တွေရဲ့ အရပ်သားပစ်မှတ်အပေါ် တိုက်ခိုက်လာမှုဟာ တဖြည်းဖြည်း ပိုပိုပြီး ဆိုးဝါးလာ နေပါတယ်။ အရပ်သားပြည်သူလူထုနေထိုင်လို့မရအောင် တိုက်ပွဲဖြစ်တဲ့အခါတိုင်းမှာ ကျေးရွာတွေနဲ့ လုပ် ကိုင်စားသောက်တဲ့ လုပ်ငန်းခွင်တွေဆီ လက်နက်ကြီးနဲ့အမြဲပစ်တယ်။ တိုက်လေယာဥ်နဲ့လည်း တိုက်ပွဲ ဖြစ်တိုင်း လာရောက်ပစ်ခတ်ဗုံးကြဲတဲ့အပြင် တိုက်ပွဲမဖြစ်လည်းပဲ လက်နက်ကြီးနဲ့ လှမ်းပစ်ပြီး လေယာဥ် နဲ့လာရောက်ပစ်ခတ်ဗုံးကြဲတယ်" ဟု ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ဆက်လက်ပြောဆိုသည်။

လေကြောင်းတိုက်ခိုက်မှုများအတွင်း ခေးပူကျေးရွာအုပ်စုအတွင်းနေထိုင်သည့် အသက် ၄၅ နှစ်အရွယ် အမျိုးသားတဦး ဒဏ်ရာရကာ နေအိမ် ၁၁ လုံး၊ ဘာသာရေးအဆောက်အအုံတလုံး၊ စာသင်ကျောင်း တကျောင်းနှင့် ဆိတ်နှစ်ကောင် ဗုံးသီး ထိမှန်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#ကရင်ပြည်နယ်
#တပ်မဟာ(၅)နယ်မြေ
#KNLA
#စစ်ကောင်စီစခန်း

ပုံအညွှန်း- တိုက်ပွဲဝင် KNLA ရဲဘော်များအား တွေ့ရစဉ် (ဓါတ်ပုံ- KNU (ပုံဟောင်း))

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17👏3❤1👎1🔥1
​​သစ်ချဆိပ်စခန်းအား စစ်ကောင်စီ ပြန်လည်သိမ်းယူနိုင်ခြင်းမရှိသေး
==================

YT
(မဇ္ဈိမ)။ ။KNLA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ သစ်ချဆိပ်စခန်းအား နှစ်ပတ်ကြာသည်အထိ စစ်ကောင်စီက ပြန်လည်သိမ်းယူနိုင်ခြင်းမရှိသေးဘဲ အဝေးမှလက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း သတင်းရရှိသည်။

သစ်ချဆိပ်စခန်းအား ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့တွင် တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး ကွန်မန်ဒိုပြောင်း နှစ်လက်၊ စက်လတ်တလက် နှင့်လက်နက်ငယ် စုစုပေါင်း ၁၉ လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU နှင့်ပဲခူးစစ်ဒေသခွဲကထုတ်ပြန်ထားသည်။ပူးပေါင်းတပ်ဖွဲ့ဘက်မှ Spring Warrior's Column ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် စခန်းအား ပြန်လည်ရယူရန် သစ်ချဆိပ်ကျေးရွာအနီးတဝိုက်ရှိ တိုင်ပင်ရွာ၊ မျက်ရဲကျေးရွာ (ကရင်မျက်ရဲကျေးရွာ၊ ဗမာမျက်ရဲကျေးရွာ)၊ လယ်ပတ်ကျေးရွာများသို့ စစ်ကြောင်းထိုးနေသည်ဟု မြေပြင်ရဲဘော်တဦးက မဇ္ဈိမကိုပြောသည်။ အဆိုပါကျေးရွာများတွင် စက်တင်ဘာ လ ၃ ရက်နေ့မှ စက်တင်ဘာလ ၇ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ (၃) ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။စက်တင်ဘာ ၇ ရက်တွင် သစ်ချဆိပ်ကျေးရွာအရှေ့ဘက်မှ တိုင်ပင်ရွာတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်း သေဆုံးခဲ့သည်ဟုKNLA သတင်းရင်းမြစ်က ပြောသည်။

တိုင်ပင်ရွာတိုက်ပွဲတွင် အကျအဆုံးများပြီးနောက် စစ်ကောင်စီတပ်​က လေကြောင်းနှင့်လက်နက်ကြီးအသုံးပြုကာ သာလွန်စစ်အင်အားဖြင့် စစ်ကြောင်းထိုးလာ၍ ပူးပေါင်းတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရသည်ဟုသိရသည်။ ထို့နေ့တွင် စစ်ကောင်စီတပ်က သစ်ချဆိပ်စခန်းအတွင်းဝင်၍ အရေးကြီးစာရွက်စာတမ်းများ ယူဆောင်ကာ ပြန်လည်ထွက်ခွာသွားသည်ဟုKNLA သတင်းရင်းမြစ်က ပြောသည်။

" သစ်ချဆိပ်ကျေးရွာအတွင်းက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး စခန်းအတွင်းက အရေးကြီးစာရွက်စာတမ်းတွေကို ယူဆောင်သွားတယ်။ ပြီးတော့ စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားခဲ့ပါတယ်။ သစ်ချဆိပ်မှာတော့ သူ့တို့တပ်ပြန်မဆွဲပါဘူး" ဟု ၎င်းကပြောသည်။
လက်ရှိအချိန်တွင် အဆိုပါ သစ်ချဆိပ်စစ်ကောင်စီစခန်း၌ တပ်မဟာ (၃) KNLA ပူးပေါင်းတပ်ဖွဲ့က တပ်စွဲထားသည်။ စစ်ကောင်စီတပ်သည် အဝေးမှ ၁၂၀ မမ၊ ၈၁ မမ ကဲ့သို့သော လက်နက်ကြီးများဖြင့် ကျေးရွာများဘက်သို့ ပစ်ခတ်နေသည်ဟု သိရသည်။သစ်ချဆိပ်စခန်းသည် KNUတပ်မဟာ (၃)နယ်မြေအတွင်းတည်ရှိသည်။

စာတည်း - အေးချမ်း

#mizzima
#KNU
#သစ်ချဆိပ်စခန်း
#KNLA နှင့်ပူးပေါင်းတပ်
ပုံအညွှန်း- သစ်ချဆိပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပူးပေါင်းတပ်ဖွဲ့များက ထုတ်ပြန်ခဲ့သည့် မှတ်တမ်းဓါတ်ပုံ ( ဓါတ်ပုံ- Bago Region PDF)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥1😁1
ရေတလျောက် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်
=================

YT 
(မဇ္ဈိမ) ။     ။ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ရေတလျောက် စစ်ကောင်စီစခန်းအား တပ်မဟာ (၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း တောင်ပိုင်းတိုင်း J.O.C (Joint Operations Command) အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးက ထုတ်ပြန်သည်။ 

"ဒီစခန်းက စစ်ကောင်စီ အတွက်ကတော့ အရေးပါတဲ့ စခန်းဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ လှုပ်ရှားစစ်ကြောင်းတွေအတွက် ခဲယမ်းနဲ့ရိက္ခာ အရန်တွေ ထားသလို ဒဏ်ရာရလူနာတွေ ရှိရင်လည ဒီမှာတထောက်နားပြီးမှ အနောက်ကို ဆက်ပို့ရတာကြောင့်ဖြစ်တယ်။ နောက်တခုက နယ်စပ်နဲ့နီးတော့ ကျနော်တို့ကို ပိတ်ဆို့ထားချင်တဲ့အနေနဲ့ တည်ရှိနေတာဖြစ်ပါတယ်" ဟု တောင်ပိုင်းတိုင်း J.O.C အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၁၄ ရက် နံနက် ၇နာရီ ၅၅ မိနစ်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ရေတလျောက်စခန်းအား တပ်မဟာ (၆) KNLA တပ်ရင်း (၁၈) ပူးပေါင်းတပ်ဖွဲ့များက စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၂၅ မိနစ်အကြာ နံနက် ၈ နာရီ ၂၀ မိနစ်တွင် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ 

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် ကိုးဦးသေဆုံးပြီး ထွက်ပြေးလွတ်မြောက်သွားသူများလည်းရှိကာ တပ်မဟာ (၆) KNLA တော်လှန်ရေး ပူးပေါင်းတပ်ဖွဲဘက်တွင်လည်း ရဲဘော်တဦး ကျဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း MA အမျိုးအစား သေနတ် ခြောက်လက်၊ RPG တလက်၊ ၆၀မမ ပြောင်းတိုနှစ်လက်၊ ပစ္စတိုနှစ်လက်၊ ငါးကြင်းမြီး စက်လက်တလက်နှင့် RPG-7 ကျည် ၇၀လုံး၊ ၈၁ မမ ကျည် ၄၀ လုံး၊ ၆၀ မမ ကျည် ၁၁၀ လုံး၊ ၇၉ မမ ကျည် ၄၀ လုံး၊ တိုက်မိုင်း ၂၀ လုံး၊ နင်းမိုင်း ၂၃ လုံး၊ ရှေ့ထွက်မိုင်းသုံးလုံး၊ ဆက်သွယ်ရေးစက်ကြီးတလုံး၊ လက်ပစ်ဗုံး ၂၀ လုံး၊ ၅.၅၆ ကျည် ၂၈၀၀ တောင့်၊ ၇.၆၂ ကျည် ၈၀၀ တောင့်နှင့် Compass နှစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

လက်ရှိတွင် သိမ်းပိုက်ပြီးသော ရေတလျောက်စစ်ကောင်စီစခန်းတွင် တပ်မဟာ (၆) KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တပ်ထိုင်မှု မပြုလုပ်ထားသော်လည်း စစ်ကောင်စီအနေဖြင့် ပြန်လည်ရယူရန် မလွယ်ကူကြောင်း ဆိုသည်။ 

"ကျနော်တို့ရဲ့မူအရ တိုက်ခိုက်သိမ်းပိုက်ရရှိတဲ့စခန်းတွေမှာ ပြန်ထိုင်ရိုးထုံးစံ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနယ်မြေက ကျနော်တို့နယ်မြေဖြစ်တယ်။ နေရာတိုင်းက ကျနော်တို့ နေရာ ကျနော်တို့စခန်းပဲ။ စခန်းက ကျနော်တို့မှ မနေတာ စစ်ကောင်စီအနေနဲ့ လာပြန်ထိုင်ချင်ရင်လည်း လာလို့ရတာပေါ့။ ဒါပေမဲ့စခန်းကို ပြန်ရောက်ဖို့ ဘယ်လောက်ကြိုးစားရမလဲကတော့ မပြောတတ်ဘူးပေါ့" ဟု တောင်ပိုင်းတိုင်း J.O.C အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

တပ်မဟာ (၆) KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ စစ်ကောင်စီစခန်းများအား စီးနင်းတိုက်ခိုက်ခြင်း၊ ပြောက်ကျားပစ်ခတ်ခြင်းတို့အပြင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ကြားဖြတ်တိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#KNU
#KNLA
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

ပုံအညွှန်း-သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ(ဓါတ်ပုံ- တောင်ပိုင်းတိုင်း J.O.C (Joint Operations Command) အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံး)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍36❤3👏3🔥2
ရေတလျောက် စခန်းသိမ်းတိုက်ပွဲတွင် ပါဝင်သည့် SOG တပ်ဖွဲ့ ဗီဒီယိုဖိုင် ထုတ်ပြန်
===============

YT 

(မဇ္ဈိမ)။   ။ ထိုင်း- မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ရေတလျောက်စစ်ကောင်စီတပ်စခန်းအား တပ်မဟာ (၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဗီဒီယိုဖိုင်အား တိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် Special Operations Group (SOG) တပ်ဖွဲ့က ထုတ်ပြန်လာသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၇နာရီ ၅၅ မိနစ်အချိန်တွင် စစ်ကောင်စီတပ်​၏ ရေတလျောက်စခန်းအား တပ်မဟာ (၆) KNLA တပ်ရင်း (၁၈) ပူးပေါင်းတပ်ဖွဲ့များက စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၂၅ မိနစ်အကြာ နံနက် ၈ နာရီ ၂၀ မိနစ်တွင် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့သည်။

ရေတလျောက် စခန်းသိမ်းတိုက်ပွဲအား တပ်မဟာ (၆) KNLA တပ်ရင်း (၁၈) ၊ Special Operation Group(SOG)တပ်ဖွဲ့ ၊ ဧရာဝတီအင်အားစုတပ်စု ၊ Dawna Phoenix Drone Team နှင့် Tiger Dragon Revolution Force ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။

SOG မှ ထုတ်ပြန်လာသည့် စခန်းသိမ်းတိုက်ပွဲ ဗီဒီယိုဖိုင်သည် လေးမိနစ်နှင့် ၄၆ စက္ကန့်ကြာမြင့်ပြီး ရေတလျောက်စခန်း​၏ မြေပြင်အနေအထား၊ တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ်သား သေဆုံးမှုတို့ကို အရှင်းအလင်း ရိုက်ကူးထားကြောင်း တွေ့ရသည်။ 

ရေတလျောက်စခန်းသည် စစ်ကောင်စီအတွက် အရေးပါသည့် စခန်းတခုဖြစ်ကြောင်း တောင်ပိုင်းတိုင်း J.O.C အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတဦးက စက်တင်ဘာလ ၁၅ ရက်နေ့က မဇ္ဈိမကိုပြောသည်။ 

" ဒီစခန်းက စကစ အတွက်က​တော့ အ​ရေးပါတဲ့ စခန်းဖြစ်တယ်၊ ဘာ​ကြောင့်လဲဆို​တော့ လှုပ်ရှားစစ်​ကြောင်း​တွေအတွက် ခဲယမ်းနဲ့ရိက္ခာ အရံ​တွေ ထားသလို ဒဏ်ရာရလူနာ​တွေ ရှိရင်လည်း ဒီမှာ တထောက်နားပြီးမှ အ​နောက်ကို ဆက်ပို့ရတာ​ကြောင့်ဖြစ်တယ် ။ နောက်တခုက နယ်စပ်နဲ့နီး​တော့ ကျ​နော်တို့ကို ပိတ်ဆို့ထားချင်တဲ့အ​နေနဲ့ တည်ရှိ​နေတာဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်တွင် ကိုးဦးသေဆုံး၍ ထွက်ပြေးလွတ်မြောက်သွားသူများလည်းရှိကာ တပ်မဟာ (၆) KNLA တော်လှန်ရေး ပူးပေါင်းတပ်ဖွဲဘက်တွင်လည်း ရဲဘော်တဦး ကျဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ပိုင်ဆိုင်သည့် MA အမျိုးအစား သေနတ် စုစုပေါင်း ခြောက်လက်၊ RPG တလက်၊ ၆၀မမ ပြောင်းတိုနှစ်လက်၊ ပစ္စတိုနှစ်လက်၊ ငါးကြင်းမြီးစက်လတ် တလက်နှင့် RPG-7 ကျည် ၇၀လုံး၊ ၈၁ မမ ကျည် ၄၀ လုံး၊ ၆၀ မမ ကျည် ၁၁၀ လုံး၊ ၇၉ မမ ကျည် ၄၀ လုံး၊ တိုက်မိုင်း ၂၀ လုံး၊ နင်းမိုင်း ၂၃ လုံး၊ ရှေ့ထွက်မိုင်း သုံးလုံး၊ ဆက်သွယ်ရေးစက်ကြီး တလုံး၊ လက်ပစ်ဗုံး ၂၀ လုံး၊ ၅.၅၆ ကျည် ၂,၈၀၀ တောင့်၊ ၇.၆၂ ကျည် ၈၀၀ တောင့်နှင့် Compass နှစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

https://youtu.be/-M64JXD8vuI?si=pfBalWLgcuedS_eW

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#KNLA
#ရေတလျောက် 
#စခန်းသိမ်းတိုက်ပွဲ
#ကော့ကရိတ်မြို့နယ်
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21😁2👏1
​​ထိုင်း-မြန်မာနယ်စပ် ထီးကပလယ်ဗျူဟာစခန်းကုန်း တိုက်ခိုက်ခံရပြီး တပ်မ(၄၄) တပ်ခွဲမှူး သေဆုံး
=================

သွင်ထူးဈာန်

ကော်သူးလေ(မဇ္ဈိမ)။   ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကရင်အမျိူးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ် ထီးကပလယ် ဗျူဟာစခန်းကုန်းကို ကရင်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာလ ၂၀ရက်နေ့မှ စတင်ကာ တိုက်ခိုက်နေကြောင်း KNDOထံမှ သိရသည်။

 ဗျူဟာစခန်းကုန်းကို တိုက်ခိုက်ရာတွင် စနိုက်ပါပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 "စနိုက်ပါနဲ့ ပစ်တာ ခလရ(၃၂)တပ်ခွဲမှူး သေတယ်၊ စခန်းက မရသေးဘူး၊ သူတို့ကို အမှည့်ခြွေခြွေနေတယ်၊ ဒရုန်းနဲ့လည်း တိုက်တယ်" ဟု KNDOတပ်ရင်း(၈)မှ အရာရှိတဦးက မဇ္ဈိမကိုပြောသည်။ 

ထီးကပလယ်ဗျူဟာစခန်းကုန်းသည် တပ်မ(၄၄)လက်အောက်ခံ ခလရ(၃၂)၊ ခမရ(၅၅၆)တပ်ရင်း အခြေစိုက်စခန်းဖြစ်ပြီး KNDO တပ်ရင်း(၈)၊ KNLA (၁၀၃)တပ်ရင်း၊ KTLAနှင့် Federal wings drone ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်နေခြင်းဖြစ်သည်။ 

အဆိုပါ ဗျူဟာစခန်းကုန်းကို ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင်လည်း ကရင်ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အထိအခိုက်အကျဆုံးများခဲ့သည့် တိုက်ပွဲဖြစ်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

photo- ပုံအဟောင်း

#mizzima
#KNLA
#KNDO
#KNU
#ထီးကပလယ်ဗျူဟာစခန်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14👏2😁1
စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်တန်းကို တပ်မဟာ(၁) KNLA ပူးပေါင်းအဖွဲ့မိုင်းဆွဲတိုက်ခိုက်
=====================

YT (မဇ္ဈိမ)။ ။ ရန်ကုန်- မော်လမြိုင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်တန်းကို တပ်မဟာ(၁) KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်လိုက်ကြောင်း Hawk Revolutionary Squad (HRS)က ယနေ့ စက်တင်ဘာလ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့၏ ကားကိုးစီးပါ ယာဉ်တန်းကို စက်တင်ဘာလ ၂၁ ရက်ညနေ ၄ နာရီအချိန်က သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

"စစ်ကားအစီးတိုင်းမှာတော့ စစ်သားအင်အား ၂၅ နဲ့ ၃၀ ကြား ပါတယ်။ ဖောကားအမျိုးအစားတွေနဲ့ စစ်ကားတွေနဲ့ လာတာဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့က မိုင်းနှစ်လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်တာ ဖြစ်ပါတယ်" ဟု HRS တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

အဆိုပါ တိုက်ခိုက်မှုအား တပ်မဟာ (၁) KNLA တပ်ရင်း (၂) တပ်ခွဲ (၃)နှင့် HRS ပါဝင်သော ပူးပေါင်းစစ်ကြောင်းက ပြုလုပ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ကားတစီး ပက်လက်လန်အနေအထား ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှု အ‌ခြေအနေကို အတည်ပြုနေဆဲဖြစ်သည်ဟု ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခြင်းကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွါးခဲ့သည်ဟု ဖော်ပြထားသည်။

“မိုင်းဆွဲပြီးတဲ့အချိန်မှာ သူတို့ကျန်တဲ့ ရှစ်စီးက အင်အားတွေစုပြီး Battle(အပြန်အလှန်)ပစ်ကြတဲ့အခါကျတော့ ဒီထိခိုက်ကျဆုံးကို သတင်းမယူနိုင်ခဲ့ဘူး။ အပြန်အလှန်ပစ်ခတ်မှုမှာတော့ ကိုယ့်ဘက်က အထိအခိုက်မရှိဘူး" ဟု HRS တာဝန်ခံက ဆက်ပြောသည်။

ဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးသည့် စစ်ကောင်စီတပ်သားများနှင့် ပျက်စီးသွားသည့် ဖောကားတစီးကို သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ စစ်ကောင်စီတပ်ရင်းရှိရာဘက်သို့ ယူဆောင်သွားသည်ဟု ဆိုသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်အပြီးတွင် တိုက်ပွဲဖြစ်ပွားရာနေရာ အနီးအနားရှိ စစ်ကောင်စီ၏ အမြောက်တပ်ရှိရာဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိသော်လည်း ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

https://youtube.com/shorts/EjzqCG95vqI?si=uo6YSqzU_CTP_uRu

#KNLA
#စစ်ကောင်စီတပ်
#မိုင်းဆွဲတိုက်ခိုက်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍15🔥1🥱1